Showing posts with label လူထုစိန်ဝင်း. Show all posts
Showing posts with label လူထုစိန်ဝင်း. Show all posts

ချိုးကူသံလေးကြားရဖို့

နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ
ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။

ဘယ်သူအာဏာပိုင်လဲ (လူထုစိန်ဝင်း)

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော် တွင်တွင် ကျယ် ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။

တစ်ချက်လွှတ်အမိန့်
တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကိုချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ် ချုပ်တဲ့အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံး သင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရ၀န်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲ သင့်ကြ တယ်။

ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ခက်တာမှန်ပေမယ့် နေ့စဉ်တဖွ ဖွပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင်ဆိုတဲ့စကားဟာ ကိုလိုနီခေတ်မှာ အတော်လေးသုံးစွဲကြတယ်။ အထူးအာဏာရ ရာဇ၀တ်တရား သူကြီးတို့ အထူးအာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့်သုံးကြတယ်။ မြို့အုပ်မင်းရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရွေးပြီး သမာဓိမြို့ဝန်မင်းတို့၊ အထူးအာဏာရသမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။

ဘွဲ့ဖြူလက်နက်အန္တရာယ်


အကျင့်ပျက်ခြစားမှု ပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်း မပြုဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ က နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ်ဖတ်ရှု နေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အာဏာ ရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီး လေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီးကလည်း ကြောက်စရာ ကောင်းလောက် အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ ချောက်ကြီးဖြစ်တယ်။

နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်


လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာ ရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။

စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ
သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့်  တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။

ယဉ်ကျေးမှုနဲ့ ရိုကျိုးမှု

ား ပြည်သူက မိဘလား       အမြဲလာနေကျ လူငယ်ဂျာနယ်သမား တစ်ယောက်က မိန်းကလေးငယ် နှစ်ယောက်ကို ခေါ်ပြီး ရောက် လာတယ်။ သူတို့တိုက်က သတင်းထောက်မလေး တွေ ဖြစ်ကြောင်း မိတ်ဆက်ပေးပြီးတော့ “ဆရာ့ဆီကို လာချင်နေတာ ကြာပြီ၊ မလာရဲလို့ ဆိုတာနဲ့ ခေါ်ခဲ့တာ” လို့ ပြောပါတယ်။


မလာရဲလို့

မနေ့ကလည်း ရင်းနှီးတဲ့ ကဗျာဆရာ တစ်ယောက်က သူ့မိတ်ဆွေ ကဗျာဆရာကို ခေါ်လာပြီး မိတ်ဆက် ပေးတယ်။ သူကလည်း “တွေ့ချင်တာကြာပြီ၊ မလာရဲလို့” ဆိုတဲ့စကားပဲ ပြောတယ်။ နှစ်ရက်ဆက်တိုက် ဒီစကားကြားရတော့ ဒီအကြောင်း ရေးမှ ဖြစ်တော့မှာပဲလို့ အောက်မေ့လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူချင်း မတွေ့ဖူးသေးတဲ့ စာပေနယ်က စာရေးဆရာ၊ ကဗျာဆရာလေးတွေ ရောက်လာတဲ့ အခါပဲဖြစ်ဖြစ်၊ ဂျာနယ်သမား လေးတွေ ရောက်လာတဲ့ အခါ ဖြစ်ဖြစ် “တွေ့ချင်နေတာကြာပြီ၊ ဒီနားလည်း အမြဲလိုလို ရောက်တယ်။ မလာရဲလို့ တက်မလာခဲ့တာ” ဆိုတဲ့စကား အတော်များများက ပြောကြတယ်။ တစ်ခေါက် ရောက်ပြီး သွားတော့လည်း အမြဲလိုလို သူတို့ ရောက်ဖြစ်နေကြတယ်။ ပြောချင်တဲ့ စကားတွေ ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာ၊ သဘောမတူတာတွေလည်း ရဲရဲတင်းတင်း ပြောကြတာပဲ။ လူငယ် တွေက ဟန်မဆောင်ဘူး၊ ပွင့်လင်းတယ်။ မျက်နှာလိုအားရ မလုပ်ဘူး။ ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ပြောတယ်။ နှစ်သက်စရာ ကောင်းတယ်။

ပြည်သူ့ဘက်က ရပ်မှ ပြည်သူ့ခေတ်ကို ရောက်မှာပါ

ား ပြည်သူက မိဘလား
ကျင့်ဝတ်ပိုင်း ဆိုင်ရာများကို ဦးစားပေး ရေးလွန်းတာနဲ့ ပတ်သတ်ပြီး စောဒက တက်သူတချို့ တွေ့ဖူးတယ်။ ခေတ်တွေ ပြောင်းတာနဲ့ အတူ ကျင့်ဝတ် စံနှုန်းတွေလည်း လိုက်ပါ ပြောင်းလဲမှ ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်တော့မှာ ပေါ့လို့ ပြောသူလည်း ရှိတယ်။

တရားဟော ဆရာလိုပဲ

နေရာတိုင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ စာရိတ္တ စံနှုန်းနဲ့ လိုက်တိုင်း နေလို့တော့ ဘယ်ဖြစ်မှာလဲလို့ ပြောသူရှိသလို၊ လူတိုင်းကို ဂျာနယ်ကျော် ဦးချစ်မောင် စိတ်ထားမျိုး ထားဖို့ချည်း ပြောနေရင် စာနယ်ဇင်း အလုပ် လုပ်မည့် သူတောင် ရှိမှာ မဟုတ်တော့ဘူး လို့ ပြောသူလည်း ရှိတယ်။ ပညာတတ် အမေရိကန် တစ်ယောက်ကတော့ “ခင်ဗျားက တရားဟောဆရာ တစ်ယောက်လို သီလဖြူစင်ဖို့ချည်း ဟောနေတဲ့သူ တစ်ယောက် (Moralist) ဖြစ်နေပြီ” လို့ ကောက်ချက် ချသွားဖူးတယ်။ သူကိုယ်တိုင်က အမေရိကန်တက္ကသိုလ် တစ်ခုမှာ သတင်းစာပညာ သင်ကြားပို့ချတဲ့ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။

လူ့နှုန်းစံတွေ ထိန်းဖို့

ဒီခေတ်ကြီးမှာက ဘယ်နယ်ပယ်ကို ကြည့်လိုက်ကြည့်လိုက် ကျင့်ဝတ် ဖောက်ဖျက် ကျူးလွန်မှုတွေ အလွန်အမင်း ဆိုးဝါးချင်တိုင်း ဆိုးဝါးနေတာကို မြင်တွေ့ နေရတဲ့အတွက် လူအဖြစ် သတ်မှတ်ချက် နှုန်းစံတွေကို ထိန်းနိုင် သလောက် ထိန်းကြစေဖို့ ရည်ရွယ်ပြီး ရေးနေရတာ ဖြစ်တယ်။ မိတ်ဆွေ အမေရိကန် ကျောင်းဆရာ ပြောသလို “သီလသမား” တော့ မဟုတ်ပါဘူး။ သမ္မတရေဂင်ကို စာသင်ကျောင်းတွေမှာ ဓမ္မကျမ်းစာတွေ ပြန်လည်သင်ကြားဖို့ ဆော်သြခဲ့တာကြောင့် လူတွေက Moralist သီလသမားလို့ ကင်ပွန်းတပ် ခဲ့ကြတယ်။ ဘာမှမဆိုင်ပါဘူး။ ရေဂင်ဟာ ကွန်ဂရက် လွှတ်တော်ကို လိမ်ခဲ့၊ အမေရိကန်ပြည်သူ တွေကို ညာခဲ့တဲ့ “အီရန်ဂိတ်” အရှုပ်တော်ပုံကြောင့် ရာထူးက ဖြုတ်ချခံရလုဆဲ ဖြစ်ခဲ့တဲ့ လူလိမ်ကြီး တစ်ယောက် ဖြစ်ပါတယ်။ လေးစားစရာ ဘာတစ်ခုမှ မရှိပါဘူး။

နိုင်ငံရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး


ဂျာနယ်တွေမှာ လုပ်နေကြတဲ့ လူငယ်လေးတွေနဲ့ လုံမငယ်လေးတွေ နေ့စဉ်လိုလို ရောက်လာလေ့ ရှိပါတယ်။ တချို့က စကားစမြည် ပြောချင်လို့၊ တချို့က မေးချင် မြန်းချင်လို့၊ တချို့ကျတော့ သူတို့ သတင်းအတွက် အင်တာဗျူးချင်လို့ စတဲ့ အကြောင်းမျိုးစုံ ဖြစ်တယ်။ မနေ့ကတော့ အင်တာနက်က သတင်းတွေ ဘာသာပြန်ရတဲ့ ကလေးမလေး နှစ်ယောက်နဲ့ လူငယ် လေးယောက် ရောက်လာပြီး သတင်းစာသုံး ဗန်းစကားတချို့နဲ့ ဝေါဟာရ တချို့မေးကြပါတယ်။

သီးသန့်သုံး ဗန်းစကားတွေ
စက်ရုံတွေထဲမှာ အလုပ်သမားတွေသာသိတဲ့ ဗန်းစကားတွေ ရှိသလို သဘင်သမား၊ ရုပ်ရှင်သမား တွေသာ သိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ အလားတူပဲ ဆရာဝန်နဲ့ သူနာပြု ဆရာမတွေသာသိတဲ့ ဆေးရုံးသုံး ဗန်းစကား တွေလည်း ရှိပါတယ်။ စာနယ်ဇင်း လောကမှာလည်း သူတို့သာသိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ ဒီလို သီးသန့် နယ်ပယ်သုံး ဗန်းစကားမျိုး တွေကို Jargon ‘ဂျားဂန်း’လို့ ခေါ်ပါတယ်။ နိုင်ငံရေး လောကမှာလည်း အဲဒီလို ဗန်းစကားမျိုးတွေ အများကြီး ရှိနေပါတယ်။ ဒီလိုစကားလုံး ဝေါဟာရတွေက အဘိဓာန် ဖွင့်ကြည့်ရုံနဲ့ သိနိုင်တာ မဟုတ်ဘူး။ စာဖတ်ရည် တော်တော်ကို ၀နေမှ သိနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ လာမေးကြတဲ့ လူငယ်လေးတွေက အသက်နှစ်ဆယ် သာသာလောက်သာ ရှိကြသေးတာ ဆိုတော့ စာနယ်ဇင်း လုပ်သက် နုသေးသလို စာဖတ်သက်လည်း တော်တော် နုကြသေးပုံ ရပါတယ်။ ‘နိုင်ငံတော် အတွင်းရေးမှူး’ ဆိုတဲ့ အသုံး တွေ့လိုက်ရတော့ ကိုယ်တိုင်တောင် အူကြောင်ကြောင် ဖြစ်သွားခဲ့ဖူးပါတယ်။ သတင်းဆုံးအောင် သေသေချာချာ ဆက်ဖတ် လိုက်တော့မှ အမေရိကန်တွေ သုံးတဲ့ ‘Secretary of state’ ဆိုတာကို ဘာသာပြန် ထားတာမှန်း သိလိုက်ရတယ်။ အဲဒီစာလုံးကို ‘နိုင်ငံခြားရေး ၀န်ကြီး’ လို့ ဘာသာပြန်ရမယ် ဆိုတာကို ဘာသာပြန်သူက သိပုံမရပါဘူး။

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ


အပူဒဏ်ကြောင့် နေမကောင်းဖြစ်လို့ နှစ်လလုံးလုံး စာမရေးနိုင်ခဲ့ဘူး။ မိုးဦးလေး ကျလာတာကြောင့် နေသာထိုင်သာ ရှိလာတဲ့အတွက် စာရေးစားပွဲမှာ ပြန်ထိုင်လိုက်တယ်။ ခေါင်းထဲမှာ တေးမှတ်ထားတဲ့ အကြောင်းအရာတစ်ခုက ချက်ချင်း ပြန်ပေါ်လာတယ်။

ကျောချမ်းအောင်ကြောက်
စပြီး အိပ်ရာထဲမလဲခင် ရက်ပိုင်း အလိုမှာ နိုင်ငံခြားသား တစ်ယောက်နဲ့ စကားစမြည် ပြောခဲ့ရတဲ့ အကြောင်းပါ။ နိုင်ငံခြားသားက ကမ္ဘာတစ်ခုလုံး ဖြန့်ကြက် လှုပ်ရှားနေတဲ့ အင်ဂျီအို အဖွဲ့ကြီး တစ်ခုအတွက် အလုပ်လုပ်နေသူ ဖြစ်တယ်။တော်တော်ကြီးတဲ့ ရာထူးတာဝန်တစ်ခု ထမ်းဆောင်နေသူပါ။

ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နျူကလီးယား အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လှည့်လည် စည်းရုံးလှုံ့ဆော်နေတာ ဖြစ်တယ်။ အဏုမြူဗုံးဒဏ်ကို ကျောချမ်းအောင် ကြောက်တာချင်း တူကြတဲ့အတွက် စကားပြောရတာ ကောင်းပါတယ်။ လုပ်နည်းလုပ်ဟန်နဲ့ ပတ်သက်ပြီး ဖြစ်စေချင်တဲ့ အကြံအစည်လေး တစ်ခုကို စကားစပ်မိလို့ ပြောပြလိုက်တော့ သူက တော်တော် စိတ်ဝင်စားသွားတယ်။ အသေးစိတ် ရှင်းပြပါဦးလို့ တောင်းဆိုလို့ ရှင်းပြလိုက်ရသေးတယ်။

စပွန်ဆာဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာပဲ

နေမကောင်း ဖြစ်နေတာကို လာမေးရင်းနဲ့ ဂျာနယ်သမား လူငယ် တစ်ယောက်က နိုင်ငံရေးပါတီတွေနဲ့ လူတွေအကြောင်း သိချင်တာလေးတွေကို နေကောင်းတဲ့အခါ လာမေးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဘယ်သူတွေရဲ့ နောက်ကြောင်းက ဘယ်လိုမှန်း မသိတော့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ပါလို့ အကြောင်းပြတယ်။ 

ပွဲစားတွေလား
စကားပြောတာ ဖြစ်ဖြစ် ထမင်းဝါးတာ ဖြစ်ဖြစ် အင်နာဂျီ သုံးရတယ်။ လူကောင်းတွေလို ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် အလျံပယ် ရှိနေတာ မဟုတ်တော့ အင်နာဂျီသုံးပြီး တစ်ခုခု လုပ်လိုက်တာနဲ့ အောက်စီဂျင် ကုန်သွားတယ်။ ချက်ချင်း ဟောဟဲ ဟောဟဲ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မလှုပ်ရှားမိအောင် သတိထားနေရတယ်။ ရောက်ကတည်းက သူပြောတာကိုသာ နားထောင်နေခဲ့ပေမယ့် နောက်ဆုံး ပြောလိုက်တဲ့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ ဆိုတဲ့ သူ့စကားကို ကြားလိုက်ရတော့ မနေနိုင်တော့ဘူး။ ချက်ချင်း တုံ့ပြန်ပြောလိုက်မိတယ်။ တင်ပေးရအောင် ဂျာနယ်သမားတွေက ပွဲစားတွေလားလို့ မေးလိုက်တယ်။

ဆက်ဆံရေးဗျူဟာ
ဒီခေတ် စာနယ်ဇင်းတွေထဲမှာ 'တင်ပေးတယ်' ဆိုတဲ့ စကား သိပ်အသုံးများတယ်။ ''သမီးတို့ ဒီလို ဖြစ်လာတာ စာနယ်ဇင်းတွေက တင်ပေးလို့ပါ'' ''စာနယ်ဇင်းဆိုတာ အနုပညာသမားတွေ အတွက် ပေါင်းကူးတံတားပါ'' ''စာနယ်ဇင်းတွေက မြှောက်စားလို့ ဒီနေရာ ရောက်လာတာပါ'' ရုပ်ရှင် မင်းသမီး၊ မင်းသား၊ အဆိုတော်၊ မော်ဒယ်လ် စတဲ့ ဖျော်ဖြေရေးနယ်က လူတွေက လူထုဆက်ဆံ ရေး ဗျူဟာ အနေနဲ့ ပြောတဲ့စကားတွေကို အဟုတ်မှတ်ပြီး မီဒီယာသမားတွေ ကိုယ်တိုင်က ဂုဏ်ယူနေကြတယ်။ ငါတင်ပေးလိုက်တာပေါ့ ဆိုပြီး လူထူထူရှိရင် ကြွားတတ်တယ်။ တကယ်တော့ ဒီစကားတစ်ခွန်းက သတင်းမီဒီယာသမားကို ပီအာသမား လိုလို၊ ကြော်ငြာသမား လိုလို၊ အေးဂျင့် လိုလို အဆင့်မျိုးရောက်အောင် ဆွဲချပစ်လိုက်တယ် ဆိုတာကိုတော့ မသိရှာကြဘူး။

ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂၀၁၀ ပြည့်နှစ်မှာ သန်း ၆၀ နီးပါး ရှိနေပြီလို့ သိရတယ်။ ၁၉၆၀ ခုနှစ်ဆီလောက်က လူဦးရေ သန်း ၂၀ ကျော် ရှိရာကနေ နှစ်ပေါင်း ၅၀ အတွင်းမှာ သန်း ၄၀ တိုးတက်လာတဲ့ သဘောဖြစ်တယ်။ 

သမိုင်းမှာ အများဆုံးပဲ 

စီးပွားရေးသမား မဟုတ်လို့ ငါးရှဥ့် ဘယ်လောက်ပို့တယ်၊ ကဏန်း ဘယ်လောက် ရောင်းရတယ် ဆိုတဲ့ အကြောင်းတွေ ရေးမလို့ မဟုတ်ပါဘူး။ စာနယ်ဇင်းသမား တစ်ယောက်ဖြစ်လို့ စာနယ်ဇင်းတွေ အကြောင်း စဉ်းစားမိတာပါ။ ဒီနေ့ ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်းစုံ ၁၅၀ ၀န်းကျင် ရှိသလို၊ မဂ္ဂဇင်း “သဗ္ဗနံ” ပေါင်းစုံလည်း ၁၅၀ ၀န်းကျင် ရှိတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ ဒါလောက် များပြားတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း မထွက်ဖူးလေတော့ အရေအတွက် အနေနဲ့တော့ အားရစရာ အလွန်ကောင်းတယ်။ ၀မ်းသာစရာ ဖြစ်တယ်။ ဒါပေမယ့် အရည်အသွေးအနေနဲ့ ပြောရရင်တော့ ၀မ်းသာလောက်တဲ့ အနေအထားထိ မရောက်သေးဘူးလို့ ပြောရလိမ့်မယ် ထင်ပါတယ်။

လောကရဲ့ အမှန်ဆုံး ဓမ္မတရား

လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်း သာယာတဲ့ တိုင်းပြည်နိုင်ငံတစ်ခု ဖြစ်ဖို့ ဘာအရေးကြီး ဆုံးလဲဆိုတဲ့ မေးခွန်းကို အခုတလော အမေး များကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး သဘောအကြိုက်ညီဆုံး အဖြေက တော့ အစိုးရကောင်း တစ်ခုရှိဖို့ပဲဆိုတာ ဖြစ်တယ်။

ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
အစိုးရကောင်း ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆို ချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်းဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရ ကောင်းဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။

ဒီလို ကွဲပြားခြားနားတာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုးတစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံ အရ ပြောရမယ် ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။

ဒီမိုကရေစီလမ်းကြောင်းက သွေဖည်အောင် မလုပ်ပါနဲ့

(လူထုစိန်ဝင်း)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံတကာ အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေတဲ့ အနောက်နိုင်ငံသူ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ တစ်ခါမှ မတွေ့ဖူးသူပါ။ မိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆက်လမ်းညွှန်မှုနဲ့ ရောက်လာတာ ဖြစ်ပါတယ်။

လက်မ၀င်ဘူး
သူက လိင်ခွဲခြားမှု (gender discrimination) နဲ့ ပတ်သက်တဲ့ သုတေသန လုပ်နေသူပါ။ မေးမြန်းဆွေးနွေးချင်တာတွေ မေးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကြောင့် စကားပြောဖြစ်ကြပါတယ်။ သူကိုယ်တိုင်က အလေးအနက် လေ့လာထားလို့ စကားပြောရတာ လက်မ၀င်ဘူး။ အဆင်ပြေတယ်။ ဘယ်လောက်ထိ လေ့လာထားသလဲဆိုရင် မဟာယနနဲ့ ဟိနာယန ဗုဒ္ဓဘာသာဂိုဏ်းတွေအကြောင်း ကောင်းကောင်းသိထားတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သူက အတော်ကြီး လေးစားတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေလို အမျိုးသမီးတွေကို ဒုတိယတန်းစား လူသားများအဖြစ် သဘောမထားဘဲ အိမ်ထောင်စုရဲ့ စီမံခန့်ခွဲသူ ငွေကိုင်အဖြစ် နေရာပေးတာကို သူက ချီးကျူးတယ်။

ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ

ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီကြပုံများကို ကြားရပြီး ၀မ်းမြောက်ဂုဏ်ယူမိတဲ့အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ မလေးရှားပြန် လူငယ်တစ်ယောက်ရေးတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံအကြောင်းတွေ တွေးပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

သွေးမနီးပါဘဲနဲ့ သွေးစည်းကြ
အဲဒီအကြောင်းနှစ်ခုက ဆက်စပ်ပြီး သွေးစည်းမှုနဲ့ သွေးနီးမှု အကြောင်းတွေကို ဆက်တွေးဖြစ်သွားတယ်။ လူမျိုးချင်းတူလို့ ဘာသာအယူဝါဒချင်းတူလို့ သွေးစည်းကြတာမျိုး ရှိသလို၊ လူမျိုးတွေ၊ ဘာသာတွေ မတူပေမယ့်လည်း အတွေးအခေါ် အယူအဆချင်း တူညီလို့ သွေးမနီးပါဘဲနဲ့ သွေးစည်း ကြတာမျိုးတွေလည်း တွေ့ရတတ်တယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ်နဲ့လူမျိုးချင်း ဘာသာချင်း တူပါလျက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ သွေးစည်းလို့ မရနိုင် တာမျိုး ရှိသလို၊ လူမျိုးဘာသာ လုံးဝ ကွဲပြားခြားနားနေပါလျက်နဲ့ ဆွေလိုမျိုးလို ရင်းနှီးချစ်ခင်ကြတာမျိုးလည်း ရှိတတ်တယ်။ အကြောင်းရင်းကို သုံးသပ်ကြည့်တော့ အတွေးအခေါ်၊ အယူအဆချင်း ထပ်တူနီးပါး တူညီကြတဲ့အတွက် ဖြစ်တယ်လို့ ကောက်ချက်ချမိတယ်။ အသွေးအရောင် တူညီတဲ့ ငှက်တွေချင်း အုပ်စုဖွဲ့နေကြတယ်။ (Birds of the Same Feather flock together)ဆိုတဲ့ စကားလိုပေါ့။

အစာတု၊ ဆေးတုများရဲ့ အန္တရာယ်

ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ၀မ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ကြိတ်ပေးတယ်ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ၀ယ်သောက်မြဲ ဖြစ်တယ်။

ဘာမှုန့်တွေ ရောမှန်းမသိ
ရှေးနှစ်ပေါင်းများစွာ ကတည်းက ၀ယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေ တာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း ဇီဇာကြောင်တတ်တာကြောင့် ရှေးခေတ်ကတည်းက ကော် ဖီစေ့ကို ချက်ချင်းကြိတ်ပေးတဲ့ မေမြို့ (ပြင်ဦးလွင်)က ဘီတီဘရားသား ကော်ဖီမှုန့်ကိုသာ သုံးခဲ့တယ်။ ပြည်သူ့ဆိုင်ခေတ် ရောက်သွားတော့လည်း ကိုယ်တိုင်ကြိတ်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တွေ့အောင်ရှာပြီး ၀ယ်သုံးခဲ့တယ်။

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်

လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင် ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲ ထည့်သွင်း မထားဘူးလားလို့ မေးစရာ ရှိတယ်။ ဘယ်နိုင်ငံမှာ မဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ် အခါမလပ် စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင် ပြတဲ့ တာဝန်ကို ထမ်းဆောင်နေရတဲ့အတွက် ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။

“တံခါးပိတ် လွှတ်တော်”

ယနေ့ လွှတ်တော်နှင့် မီဒီယာ

(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာလူထုစိန်ဝင်း အား မေးမြန်းခဲ့စဉ်က ဆရာဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက်မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေစီစစ်ရေးမှ ဖြုတ်ထားခဲ့သော စာပိုဒ်များဖြစ်ပါသည်။) 
ငြိမ်းဆက်လင်း (မြစ်မခ)
 
ဆရာတို့ တုန်းကတော့ ၀န်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာ သတင်းထောက် တွေက လွတ်လွတ်လပ်လပ် သတင်းဝင်ယူခွင့် ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ်၊ လာတတ်တဲ့ လွှတ်တော် အမတ်တွေကိုရော အစိုးရအဖွဲ့က ၀န်ကြီး ၀န်ငယ်လေးတွေကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်ပြီးတော့ ရေးချင်တာတွေ ရေးလို့ရတယ်။ ဒီလို ဆင်ဆာမရှိတဲ့အတွက် တစ်ကယ့် လွှတ်တော်ထဲမှာ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေ တစ်ဦးနဲ့တစ်ဦး ခနဲ့ကြတာတွေ ပုပ်ခတ်ကြတာတွေက အစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာ ဖတ်ကြရတယ်၊ အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီး သတင်းယူရတာကိုက ပျော်စရာ သိပ်ကောင်းတာ။ အမတ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကလိကြတယ် တစ်ယောက်နဲ့ တစ်ယောက် ခနိုခနဲ့တွေ ပြောကြတယ် တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ်ဆိုတာ လူကြီးလူကောင်းတွေ စကားများနေကြတာပေါ့၊ ရန်ဖြစ်နေကြတာမျိုးပေါ့၊ ရန်ဖြစ်တယ် ဆိုတာကလည်း ဟိုလိုမျိုး ဆဲရေးတိုင်းထွာတာတို့ ဘာတို့ မဟုတ်ဘူး ကြံကြံဖန်ဖန် စကားလုံးတွေ သုံးကြတာမျိုးပေါ့၊ လူကြီးလူကောင်း ရန်ဖြစ်နည်းပေါ့၊ အဲ့လိုဟာတွေက အင်မတန် ပျော်စရာကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့လူတွေက အင်မတန် ပျော်စရာကောင်းတယ်။

ရွှေကလောင် (SKL) ဘွဲ့ပေးချင်တယ်

''ပြည်သူတွေ တာဝန်ကျေဖို့ လိုတယ်'' နိုင်ငံရေးသမားတွေ ဟောတာ ပြောတာ နားထောင်ရတဲ့ အခါ ဖြစ်စေ၊ ခေတ်ပေါ် ဒီမိုကရေစီ မဟာပညာကျော်တွေ ရေးတဲ့ စာတို စာရှည်တွေကို ဖတ်ရတဲ့အခါ ဖြစ်စေ၊ ပြည်သူတွေ တာဝန်ကျေပါ။ ကိုယ့်တာဝန် ကိုယ်သိပါဆိုတဲ့ စကားတွေကို ထပ်ခါ ထပ်ခါ ကြားရတယ်။

လူငယ်တွေအတွက် မရှိမဖြစ် အရာနှစ်မျိုး

လူငယ်တွေ ရောက်လာ စကားပြောကြတဲ့ အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ဘာတွေကြိုးစားရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်
တစ်ဆက်တည်းပဲ လူငယ်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို 'ကက်ကက်လန်'ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ 'ပလဲနံပသင့်'တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။