ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များက မွတ်ဆလင် ကြမ်းဖက်အဖွဲ့အစည်းတခုမှ အဓမ္မ ပြန်ပေးဆွဲကာ အသေခံဗုံးခွဲ ကိရိယာအဖြစ် အဓမ္မအသုံးချခံခဲ့ရသည့် ၈ နှစ်သမီးအရွယ် သုံးတန်းကျောင်းသူကလေး တဦးအား သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ထုတ်တင်ပြခဲ့သည်။ ၎င်း ၈ နှစ်အရွယ် သမီးငယ်လေး ကိုယ်တိုင်က ၎င်းအား တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည့် ရဲစခန်း အရာရှိများထံ လာရောက် လက်နက်ချ ဖော်ထုတ် ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်း အဖြစ်အပျက်မှာ ပါကစ္စတန်နိုင်ငံ၏ အမြဲတမ်းထကြွ သောင်းကျန်းနေသော ပွရှ်တွန်းခါဝါ (Pukhtoonkhwa) (ယခင် နောက်မြောက် နယ်ခြားဒေသ) အောက်ပိုင်းဒီးယား ဒေသတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ခိုင်ဘာ (Khyber) တောင်ကြားလမ်း တည်ရှိရာ ဒေသဖြစ်သည်။ ၈ နှစ်သမီးအရွယ်လေးက သတင်းစာသမား များအား ဖော်ထုတ်ဝန်ခံရာ၌ သူ့အမည်မှာ ဆူဟာနာ (Suhana) ဖြစ်ကြောင်း သုံးတန်းတွင် ပညာသင်ကြား နေသည့် ကျောင်းသူတဦးဖြစ်ကြောင်းနှင့် ၎င်းအား ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တဦးတို့က မေ့ဆေးဆွတ်ထားသည့် လက်ကိုင်ပုဝါနှင့် မျက်နှာကို စည်းနှောင်ကာ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်ဟု ပြောပြခဲ့သည်။ သူပြန်လည် သတိရလာချိန်၌ ၎င်းအား ပြန်ပေးဆွဲခဲ့သူများက ခြိမ်းခြောက်ကာ ဗုံးများ တပ်ဆင်ထားသည့် ခါးပတ်အား အဓမ္မတပ်ဆင်ကာ သတ်မှတ်ထားသည့် ရဲစစ်ဆေးရေး ဂိတ်တခုအား တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။
Showing posts with label အာရပ်သတင်း. Show all posts
Showing posts with label အာရပ်သတင်း. Show all posts
လိုအပ်လျှင် ထပ်မံတိုက်ခိုက်ဦးမည်ဟု အမေရိကန်သမ္မတပြော
ဘင်လာဒင်ကို နိုင်ငံပိုင်နက်အတွင်း ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်သွားသည့် ပါကစ္စတန်၏ အချုပ်အခြာ အာဏာ ကို ထိပါးကျူးကျော်သည့် အမေရိကန်လုပ်ရပ်ကြောင့် ဒေါသထွက်နေသည့် ပါကစ္စတန်အား ထပ်မံစိတ်ဆိုးစေမည့် သဘောထားကို အမေရိကန်သမ္မတက ထပ်မံ ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ အိုဘားမားက လိုအပ်လျှင် ပါကစ္စတန်နယ် မြေထဲတွင် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားများကို တွေ့ရှိရပါက အိုစမာဘင်လာဒင်ကို တိုက် ခိုက်မှုမျိုး ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
၎င်းက သူ့အနေနှင့် ပါကစ္စတန်၏ အချုပ်အခြာအာဏာကို လေးစားသော်လည်း ပါကစ္စတန်အနေဖြင့် အမေရိကန်၏ လုံခြုံရေးကို အဓိကထားရန်နှင့် သိသာရှင်းလင်းမှုရှိသည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ် ကြောင်း ပြောကြား လိုက်သည်။ ဤပြောကြားချက်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ပါကစ္စတန်အမျိုးသားလွှတ်တော် ဆုံးဖြတ်ချက်တွင် ပြင်းထန်သည့် စကားလုံးများဖြင့် အမေရိကန်၏ လုပ်ရပ်ကို ဝေဘန်ခဲ့ပြီး ဘင်လာဒင်ကို ဖမ်းဆီးမှုမျိုး ပါစ္စတန်နယ်မြေတွင် နောက်ထပ်ပြုလုပ်ခြင်း မပြုရန် သတိပေးချက် ထွက်ပေါ်လာပြီးနောက် ဤကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယီမင်သမ္မတ၏ အာဏာစွန့်လွှတ်ရေး လက်မှတ်ထိုးပွဲ ပြန်ပေးဆွဲမှုကြောင့် ကြန့်ကြာ
တလအတွင်း အာဏာစွန့်လွှတ်ရန် အတိုက်အခံများနှင့် သဘောတူညီချက် ရရှိခဲ့သည့် ယီမင်သမ္မတ အလီ အဗ္ဗဒူလာဆာလားဘက်မှ လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် မနေ့က တနင်္ဂနွေနေ့ အစီအစဉ် သည် သမ္မတအား သစ္စာခံသည့် သေနတ်သမားတစုက သံတမန်များအား ပြန်ပေးဆွဲ အရေးဆိုမှု ကြောင့် ယခုတိုင် လက်မှတ်ရေး ထိုးနိုင်းခြင်း မရှိသေးကြောင်း သိရသည်။ အတိုက်အခံများဘက်မှ စနေနေ့က စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။ သေနတ်သမား တစုက လက်မှတ်ရေးထိုးပွဲတွင် သက်သေအဖြစ် တက်ရောက် ရန် အာရပ် ပြည်ထောင်စုသမ္မတနိုင်ငံ သံရုံးအတွင်း၌ စောင့်ဆိုင်းနေ သည့် အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် ပင်လယ်ကွေ့ ၄ နိုင်ငံမှ သံအမတ်ကြီးများအပါအဝင် သံတမန်အမြောက်အများကို ဖမ်းဆီးထိန်း သိမ်းထားသည်။ “ကျနော်တို့ဟာ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီရဲ့ အဆိုပြုချက်ကို လက်ခံပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အတွင်းရေးမှူးချုပ်တို့ရဲ့ အာမခံချက်ကို ယုံကြည် သဘောတူပြီး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်” ဟု လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ခဲ့သည့် အတိုက် အခံ ခေါင်းဆောင်တဦးက ပြောကြားခဲ့သည်။
လူထုတောင်းဆိုချက် အာဏာစွန့်ရေး ယီမင်သမ္မတ လက်ခံပြီ
လူထုအုံကြွ ဆန့်ကျင်မှုများ ဒေသတွင်း မဟာမိတ်နိုင်ငံများ၏ ဖိအားပေးမှုများကြောင့် ၃၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ယီမင်သမ္မတ အလီအဗ္ဗဒူလာဆာလားသည် ရက်ပေါင်း ၃၀ အတွင်း အာဏာ စွန့်လွှတ်ရန် သဘော တူညီလိုက်ပြီဖြစ်သည်။ ယီမင်သမ္မတနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် ၆ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်သည့် စေ့စပ်ဖြန်ဖြေရေး ကောက်မတီတို့အကြား ရရှိခဲ့သည့် အာဏာစွန့်လွှတ်ရေး သဘောတူညီချက်ကို မနေ့က စနေ့နေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သည်။ သို့သော်လည်း သမ္မတ ဆာလားက ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ၏ အဆိုပြုချက်နှင့် ၎င်းနောက်ဆက်တွဲ သဘောတူညီချက်ကို အာဏာသိမ်းမှုအဖြစ် ရှုံ့ချသရော် လိုက်ပြီး ထိလွယ်ရှလွယ်ရှိသည့် ယီမင်နိုင်ငံသို့ အယ်လ်ကိုင်းဒါးအကြမ်းဖက်များ စိုးမိုးချုပ်ကိုင်သွား လိမ့်မည်ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပနိုင်ငံများကို သတိပေးလိုက်သည်။
သဘောတူညီချက်နှင့် စပ်လျဉ်းပြီး သဘောထားအမျိုးမျိုးဖြင့် တုံ့ပြန်ခဲ့ကြသည်။ အတော်များများက ပြီးခဲ့သည့် ချိန်ပိုင်းက ၂ ကြိမ်တိုင်တိုင် အာဏာစွန့်လွှတ်ရန် ကတိပေးခဲ့ပြီး နောက်ဆုံးအချိန်တွင် ၂ ကြိမ်လုံး ဖောက်ဖျက်ခဲ့သည့် သမ္မတ၏ သဘောထားကို ယုံကြည်မှု မရှိကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ သတိပေးစဉ် အတွင်း ချိန်ယူ အသုံးချပြီး အာဏာတည်မြဲရေးအတွက် အားထုတ်ကြံစည်ခဲ့သည်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီမှ စေ့စပ်ဖြန်ဖြေရေး အဖွဲ့ဝင်များ၏ ဖြောင်းဖျမှုကြောင့် ဤတကြိမ်၌ သမ္မတနှင့် အတိုက်အခံ ညွန့်ပေါင်းတို့ အကြား အမှန်တကယ် လက်မှတ်ထိုးနိုင်မည်ဟု ယုံကြည်ကြသည်။
အာရပ်လူထု လှုပ်ရှားမှုများကို အိုစမာဘင်လာဒင် ထောက်ခံ
လက်ရှိ အာရပ်နိုင်များတွင် ဖြစ်ပွားနေသည့် လူထုလှုပ်ရှားမှုများအား ကွယ်လွန်သူ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင်က ဂုဏ်ပြုမွမ်းလိုက်ပြီး ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားသည့် အသံသွင်း တိတ်ခွေတခု ပေါ်ထွက်လာသည်။ ၎င်းတိတ်ခွေသည် အသတ်မခံရမီ အချိန်ပိုင်း အနည်းငယ်အတွင်း၌ ပြုလုပ်ခဲ့ဟန် ရှိပြီး အာရပ်ဘာသာဖြင့် ပြောဆိုထားသည်ကို SITE သတင်းအုပ်စုတခုက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို အေပီသတင်းဌာနတွင် ဖော်ပြထားသည်။ သဝဏ်လွှာတွင် ဘင်လာဒင်က ဤလူထု လှုပ်ရှားမှုကြီးသည် အာရပ် ကမ္ဘာတခုလုံးသို့ ကူးစက်ပျံ့ပွားသွားမည်ဖြစ်ကြောင်း ဟောကိန်းထုတ်ထားသည်။ (၁၂) မီနစ်စာ ၎င်းသဝဏ်လွှာတွင် ဘင်လာဒင်က “ အလ္လာအရှင်မြတ်ရဲ့ အလိုတော်အရ ဒီပြောင်းလဲရေး လေလှိုင်းက မူဆလင်ကမ္ဘာ တခုလုံးကို ရိုက်ခတ်လွှတ်မိုးသွားမည်” ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ ၎င်းက ဆက်လက်ပြီး အာရပ်ကမ္ဘာရှိ အုပ်ချုပ်သူ လူတန်းစားများသည် အလ္လာအရှင်မြတ်၏ အလိုတော်နှင့် ဆန့်ကျင်၍ ကိုယ့်ကိုယ်ကို ကိုးကွယ်ခံ ရုပ်တုများသဖွယ် ဖန်တီးကြပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက် သတင်းမီဒီယာ များကို ကြိုးကိုင် ဆောင်ရွက်နေသူများအဖြစ် စွပ်စွဲထားသည်။
အာဏာရှင်ကဒါဖီ မိသားစုဝင်တချို့ ထွက်ပြေးပြီ
လူထုအုံကြွ ဆန့်ကျင်ခံနေရသည့် လစ်ဗျားအာဏာရှင် ကဒါဖီ၏ ဇနီးနှင့် သမီးအပါအဝင် မိသားစုအချို့ တူးနီးရှားနိုင်ငံသို့ ဖြတ်ကျော် ထွက်ပြေးသွား ပြီဖြစ်ကြောင်း သတင်း ထွက်ပေါ်လာသည်။ ကဒါဖီ၏ ဇနီးဖြစ်သူ စဖီယာနှင့် သမီးဖြစ်သူ အီရှာတို့ အခြားမိသားစုဝင် အချို့နှင့်အတူ ဗုဒ္ဓဟူးနေ့က တူနီးရှားနိုင် ဂျာဗာမြို့တွင် ရောက်ရှိ ခိုလှုံနေကြောင်း သိရသည်။ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ကဒါဖီဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ စတင် ဖြစ်ပေါ်စဉ်ကပင် သမီးဖြစ်သူ အီရှာသည် ဖခင်ကဒါဖီအား ထောက်ခံသည့် လူထုပွဲများတွင် မကြာခဏ ဟောပြော စည်းရုံးနေခဲ့သူ တဦးဖြစ်သည်။ အလုပ်အကိုင်အားဖြင့် ရှေ့နေအဖြစ် ဆောင်းရွက်ပြီး အီရတ် အာဏာရှင်ဟောင်း ဆက်ဒန်ဟူစိန်အား လိုက်ပါဆောင်ရွက်သည့် ရှေ့နေအဖွဲ့၏ အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
သတင်းကိုးကား- ဂါးဒီးယန်း
Subscribe to:
Posts (Atom)
