Showing posts with label ဗိုလ်ချုပ်အောင်ဆန်း. Show all posts
Showing posts with label ဗိုလ်ချုပ်အောင်ဆန်း. Show all posts

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာ ပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့် အား လျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေဖော် ပြလိုက်ရခြင်းဖြစ်ကြောင်း။။ (ဗိုလ်ဥတ္တမကျော်)
 
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်း ကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ ယနေ့ ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲဘော်တို့ အသီးသီး မှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
 
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတနိုင်ငံ လုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
 
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ် မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
 
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံနှင့်အမျိုးကို မ တင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်းကလို တခြားနိုင်ငံ တခြား အမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့ အ မျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ်ရ ဘူး။