Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

အမေ့ခေါ်သံ


 
 
အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ ၊
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။

အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။

တစ်ခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။

အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။

ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။

ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။

မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့
အကြောင်း…။

ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။

ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။

တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။

တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ၀ိသမ။

တချို့က အရည၀ါသီ
တချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ။

မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များ အကြောင်း။

ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေ အကြောင်း။

အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်"
"ဘုန်းမောင့် တစ်ယောက်တည်းရယ်"
"… တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ
သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။

အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။

ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။

မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။

ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက်
လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။

ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။

ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။

ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။

သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။

အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။

ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။

သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။

အမေ့စာ
"သား၊ အမြန်လာ" တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြုံကမ်းရတယ်။

အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော်
တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။

သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။

"မလာဖြစ်နိုင်ဘု၊ ၀ါခေတ်တစ်ခါကုန်တော့" လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။

နေပြည်တော်ခေတ် ကာချင်းသစ် (Maung Swan Yi)


တရုတ်လာသည် – ယိုင်ယိုင်လော – ယိုင်ယိုင် ယိုင်ယိုင်။
မြားမိုးရွာသည် – ဖြိုင်ဖြိုင်လော – ဖြိုင်ဖြိုင် ဖြိုင်ဖြိုင်။
ဟုတ်တည်း – သည်ရင်း၊ သည်ရင်း။
ဟုတ်တည်း – ရှင်ချင်း၊ ရှင်ချင်း။
                             (မြင်စိုင်းခေတ်၊ ကာချင်းမှ)
သီချင်းအစ ကာချင်းက
ကာချင်းအစ မြင်စိုင်းက
မြင်စိုင်းအစ တိုက်ပွဲက
ကျုးကျော်အစ တရုတ်က။
ပန်းချီအစ နံရံက
နံရံအစ ပုဂံက
ကျုးကျော်အစ မွန်ဂိုက
မွန်ဂိုစစ်သည် ကျုးကျော်ပြီ
ပုဂံပန်းချီ သက်သေတည်
နက်ဝါညိုနီ ဆေးပန်းချီ။
မွန်ဂိုလာသည့် တရုတ်ပြည်
ဒိသာပါမောက် ရောက်ဖူးသည်။
လေးမြား မြှောက်ချီ တပ်ကြီညီ
ကျုးကျော်လာသည် ဒို့မြန်ပြည်။
တရုတ်ပြေးမင်း ပုဂံမင်း
တရုတ်လိုက်လို့ ပြေးတဲ့မင်း
ပုဂံပျောက်ဆုံး ရှုံးတဲ့မင်း
မင်းသက်ဖြတ်တာ တရုတ်မင်း။
တရုတ်လာသည် – ယိုင်ယိုင်လော။
ဗမာပြေးသည် – ဝေေ၀းလော။
ရွှေကိုယူသည် – အပြိုင်အဆိုင်။
ငွေကို ယူသည် – အပိုင်အနိုင်။
စိန်ကိုယူသည် – “အကြိုင်” “အပိုင်”
ကျွန်းကို ယူသည် အခိုင်အမြိုင်။
လုံမကို ယူသည် အချိုင် အပြိုင်။
ဧရာမြစ်မင်း – ကွင်းလော့ ရှင်းလော့
လက်ပံတောင်းတောင် – ရှောင်လော့ ရှားလော့
‘မောင်ပိုင်’ စီးတာ – မစီးစေရ
‘မယ်ပိုင်’ လှီးတာ – မလှီးစေရ
လည်မျိုနင်းကာ – မနင်းစေရ
ဧရာမြစ်ရေ – မနောက်စေရ၊ ကာကွယ်ကြ။
သံလွင်မြစ်ရေ – မတန့်စေရ၊ ကာကွယ်ကြ။
ကျွန်းပျို ကျွန်းငုတ် မနှုတ်စေရ၊ ကာကွယ်ကြ။
တရုတ်ပြေးမင်း နှစ်မင်း မဖြစ်အောင်
နောင်လာ နောက်သား၊ ဗမာသားတွေ
“လား” နှင့် ပြေးခုန်၊ ဒဂုန်ကို ဆုတ်
ရေသမုဒ်မှာ -
တရုတ်ပြေးမင်း၊ နောက်တမင်း ဟု
ပြေးမင်းတမျိုး၊ မော်ကွန်းထိုးလို့
သောက်ကျိုး မနည်းကြစေသတည်း။     
မောင်စွမ်းရည်၊ ၁၂၊ ၁၂၊ ၁၂၊ နယူးယောက်

ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ

လူတွေကဂယောက်ဂယက်
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။
သိကြားနဲ့ အသူရာ
ဘောက်ကျကာစစ်ခင်း
ယောက္ခမနဲ့ သားမက် ချင်းဆိုတော့
ပျင်းယင်တိုက် ပျော်ယင်တိုက်
ပမ်းတော့နားနေ သူရာနဲ့ဖြေ
နတ်ကျောမွဲတွေသေတာကတော့ ကမ္မသကာပဲလေ။
ခုလဲလေ တန်ဆောင်တိုင်ညမှာ
သံဃာကိုမီးလောင်ဗုံး ပူဇော်ခဲ့သူတွေက
မနောမြေမှာ အမြောက်သံ သေနတ်သံတွေနဲ့
သွေးညှီနံ့လူးလို့ ခရစ္စမတ်ပွဲတော်ကိုဆင်နွဲနေတဲ့
ရွှေမြေကလည်း နတ်ဒေဝါတို့ပွဲလိုပါ့
စစ်မင်း စစ်ကဲတို့ နှစ်ဖက်ညီ

ငြိမ်းရေးတေးသံကို သံပြိုင်ကျူးယင်း
မဲဆောက်ကလူ ရန်ကုန်ရောက်
ရန်ကုန်ကလူ မဲဆောက်ရောက်
ရွှေလမ်းငွေလမ်းတွေဖောက်နေလိုက်ကြတာ
နတ်ပြည်ခွေးလမ်းပေါက်သလိုပါဘဲလား။
လူတွေကဂယောက်ဂယက်
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။

ရဲဘော်ကျော်သန်း

ကျားဆိုးနှင့် ဗျိုးဆရာ

ကျားငြိုးအောင် လင့်မထိုးနဲ့- တဲ့
ဆိုရိုး ရှေးစကားနဲ့
တရားပြတဲ့ ဆရာရေ…။

ကျားဆိုးတွေ
ဓားမိုး မွှေလွန်းလို့
မနေသာ မထိုင်သာ
လင့်စင်မှာ တက်စောင့်
မြားတတောင့် အသင့်ပြင်ပြီး
ပတ်ဝန်းကျင် ဘယ်ညာရှု
ပြုမိတယ် အဆွေ။

တို့ရွာမှာ အန္တရာယ်ပေး
ပြေးရလွှားရ ပုန်းရရှောင်ရ
စိတ်ချချ မအိပ်ရဘူး
ညည နွားတွေကွဲတော့
ကျားဆွဲဖို့ ချောင်းလျက်နေ
လူသေနွားသေ များချေပကော။

ကြာရင် ဒို့ရွာပျက်ချေရဲ့
လက်နက်တွေစု လူတွေစု
မောင်းထုပြီး နှိုးဆော်
ရှေ့တခေါ် မျှော်ရပြန်
နောက်တလံ ပြန်ကြည့်
သတိ ကိုယ်မကွာ
ရွာကို ညီစေဖို့အကျိုး
ဗျိုးဟစ် ဆော်သြ။

ကျား ငစဉ်းလဲကြောင့်
အများ ဆင်းရဲမှာမို့
နွားသင်း မကွဲအောင်
အားခဲလို့ ဟော။      ။

(ဆရာအောင်သင်း သို့)
တင်မိုး
၁၉၊ မေ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့ နံနက်ခင်း

ဂျုလိုင်သို့မဟုတ် စက်တင်ဘာအမှတ်တရ

အမှောင်အမည်း ပြောင်းပြောင်းလဲလိုက်တဲ့ 
အာဏာရှင်
ပြည်သူမှာတော့ ဟောဟဲဟောဟဲနဲ့
ငရုတ်ပင်တောင် ရေမလောင်းနိုင်တဲ့
ငါတို့တိုင်းပြည် ရွှေဂတ်စစ်ကတော့
တရုတ်ပြည်
ကိုရီးယားပြည် နှစ်ခြမ်းခွဲတာ
ဘယ်သူလဲဟဲ့
ငါတို့တိုင်းပြည် ငါတို့လူမျိုး
တောင်မြန်မာ မြောက်မြန်မာ
နှစ်ခြမ်းခွဲအောင်လုပ်တာ ဘယ်သူထင်လဲ
ငါ့အထင် ငါ့အတွေး ငါ့အမြင်
သန်းရွှေအစ သမ္မတအဆုံး
မယားအကြွေး သားအကြွေးနှင့်
စပ်လိုမကုန် တရုတ်မြုံကြီး ဖြစ်နေပြီဟေ့
ရွှေထီးရွှေနန်း ရွှေမြန်မာနန်းကြီး
ပြောက်လူနည်းဝယ် နှစ်ပေါင်းသုံးဆယ်
တရုတ်နန်းစံ ကျွန်မြန်မာဖြစ်
အောင်ဆန်းလုပ်သမျှ တရုတ်အပ်ခဲ့
အာဏာရှင်အုပ်စုကို အချိန်မရွေးနဲ့
လုံ့လဝိရီယ အားစိုက်ကြ၍
မောင်းထုတ်ရမည် ငါတို့တာဝန်
ကမ္ဘာမကြေဘူး အော်နေလည်းမထူး
နှစ်ပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီကွယ်
လာဟေ့ လာဟေ့ ငါတို့လူငယ်
ဝိရိယစိုက်ထုတ် အာဏာရှင်အုပ်စု
စစ်ခုံရုံးတင်ရမည် ငါတို့တာဝန် ကြေရမည်။


ရွှေဝါရောင်အရှင်နန္ဒာစရိယ
ဂျုလိုင် (၁၉) ၂၀၁၂။

အောင်လံကိုင် ဘယ်သူလဲ

အောင်လံကိုင် ဘယ်သူလဲ
တင်မိုး

ရန်သူရဲ့ သေနတ်ပြောင်းဝက
တစက်စက် ကျတဲ့ သွေး
ငါတို့တတွေရဲ့ သွေး
ဘယ်တော့မှ မတိတ်တဲ့ သွေး
အရေးတော်ပုံ သွေး။


သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ၊
မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။


အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
ရန်သူများ
သစ္စာဖောက်များ
ကိုယ်ကျိုးရှာသမားများ
သတင်းပေးများ
မတရားဖြိုလှဲလို့ မပြိုကွဲနိုင်ပါ။

နှလုံးသားထဲက ကျောက်တိုက်
ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
အောင်လံကိုင်သူ အစစ်အမှန်ဟာ
ပြည်သူတွေဖြစ်ရမှာ မုချပါ။     ။

တင်မိုး
၉၊ မတ်၊ ၁၉၉၉
အင်္ဂါနေ့နံနက်ခင်း

မာန်

ဒေါင်းနွယ်ဆွေ

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …

အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။


ဒေါင်းနွယ်ဆွေ

တိုင်းပြည် (မာရု၊ ပန်းစကား)


(၁)

အရှေ့တောင်အာရှရဲ့
အညိုရောင် ညနေခင်းမှာပေါ့...
ဧရာဝတီဟာ
သူ့ ဣဒြေ္ဒကို ပြသရင်း
အသံမဲ့ စီးဆင်းလို့...
အဲသလို
အမှောင်ရောင်တွေထဲ
မြို့ပျက်ကြီး ပုဂံဟာလည်း
သင်္ခါရ အခင်းအကျင်းတွေကို ပြသလို့...
တိုင်းပြည်ဟာ
တမိုးချူပ်ဖို့ ပြင်ဆင်ပြီ။

တိုင်းပြည်ဟာ...
ဒီညနေညိုညိုမှာ
သူ့ဆံပင်အိုတွေကို ဖားလျားချ
သူ့ခန္ဓာကိုယ်ပေါ်က
ခေတ်ဆိုးတွေ ရေးထိုးသွားတဲ့
ဆေးမင်ကြောင်အမာရွတ်တွေကို ပွတ်သပ်ရင်း
သူဆိုနေကျ အလွမ်းသီချင်းကို
ဘယ်သူမှ မကြားအောင် ဆိုလိုက်တယ်...။

တိုင်းပြည်ဟာ...
သူ့ချွေးခံအိင်္ကျီဟောင်းကြီးထဲ
ဝမ်းနည်းဖွယ်ရနံ့တွေနဲ့
တွန့်တွန့်ကျေ ရာဇဝင်တွေကို
လူမြင်မခံရဲတာမို့
သက်ပြင်းတွေချလို့
နေ့တဓူဝ...။

သိစေ

မြန်မာနိုင်ငံသားများ

အကြံမမှား ၊ ရန်မပွားချင်
အမှန်တရားက ငါတို့လက်တွင် ...
မှန်မော်ကြွား ၊ ရန်စော်ကားလျှင်
တရားလက်တွင် ဓါးနှင့်ယှဉ်မည် ...

ငါတို့သည်
တရားလည်းဆောင်
ဓါးလည်း ပြောင်၏ ...

ငါတို့သည်
တရားလည်းမွေး
ဓါးလည်း သွေး၏ ...

တရားတစ်ဖက် ဓါးတစ်လက်နှင့်
မှားကွက်ဖွေရှာ သင် ငါတို့အား
မတန်တရာ ရန်မစွာနှင့် ...

တရားလည်းသိ ဓါးလည်းရှိသည့်
ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏ ...

မြန်မာနိုင်ငံသားများ
၈ - ၆ - ၂၀၁၂။

ဖယောင်းတိုင် ဒီမိုကရေစီ၊ စားအုန်းဆီ ဒီမိုကရေစီ

ဟုတ်ပါရဲ့ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။

(ကဗျာဆရာ ရွက်သစ်ရဲ့ “ကျမတို့မှာ ခေါင်းဆောင်မရှိဘူး၊ ရှင်တို့မှာ ခေါင်းမရှိဘူး” ကဗျာမှ …)

မှောင်မိုက်တဲ့ လှိုင်သာယာရဲ့ ညဘက်တွေ။ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးတွေအောက်က လူမသိသူမသိ နာကျင်ခဲ့ရတဲ့ ဘဝတွေ …။ အဲသလိုညတွေမှာ ညဥ့်နက်သန်းခေါင်အထိ အိမ်ပြန်မလာနိုင်ကြသေးတဲ့ မိဘတွေကို ကလေးငယ်တွေက အိပ်ငိုက်ရင်း စောင့်ဆိုင်းကြရတယ်။ ညဥ့်နက်ပေမယ့် မအိပ်နိုင်ကြသေးဘူး။ မနက်ဖြန်မနက် ကျောင်းစောစောတက်ဖို့ မပူပန်နိုင်အားဘူး။ အမေ ပြန်လာမှ ထမင်းချက်ရမှာ …၊ အဖေပြန်လာမှ ထမင်းစားရမှာမို့ သူတို့ မအိပ်နိုင်ကြသေးဘူး။ သူတို့ ဗိုက်ထဲမှာ ဘယ်လောက် ဆာလောင်နေသလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ လျှပ်စစ်မီးမရှိဘဲ အမှောင်ထဲမှာ နေရတာ စိတ်ညစ်ညူးပြီး အားငယ်စရာကောင်းတယ်။ ဒါကို လူတော်တော်များများ သိကြတယ်။ ဗိုက်သိပ်ဆာပြီး စားစရာမရှိတာဟာ အဲဒီအမှောင်ထက် အများကြီး ပိုပြီး စိတ်ညစ်ညူးပြီး အားငယ်စေတတ်တယ် ဆိုတာကိုတော့ ကြုံဖူးသူ၊ သိဖူးသူ သိပ်ရှိချင်မှရှိမယ်။ စဉ်းစားကြည့်ပါ။ အဲဒီ ဗိုက်ဆာဆာနဲ့ ငိုက်နေတဲ့ကလေးတွေဟာ ခင်ဗျားတို့ သားသမီးဆိုရင် ခင်ဗျားတို့ရင်မှာ ဘယ်လိုခံစားကြရမလဲ။ ခုတော့ ဘယ်နိုင်ငံရေးသမားမှ သူတို့ကို ဂရုမစိုက်ကြဘူး။ သူတို့ဘဝကို မလေ့လာကြဘူး။ ဒါ့ကြောင့်လည်း ဒီမိသားစုထဲက ကလေးမလေးတွေက စက်ရုံတွမှာ လစာတိုးရေး ဆန္ဒပြတော့ နာနာကျင်ကျင် အော်ကြတယ်။ “ကျမတို့မှာ ခေါင်းဆောင်မရှိဘူး” တဲ့။

အောင်ပွဲသို့

အောင်ပွဲသို့
တင်မိုး
ခြေတစ်လှမ်းက
စခဲ့ရတဲ့ ဘဝခရီးပါ။


ပန်းတိုင်ရောက်မှ
နောက်လှည့် ကြည့်ချင် ကြည့်ပါ။


တရွေ့ရွေ့နဲ့
နေ့တွေ နေ့တွေ မြောက်များစွာ။


ဒီလိုနဲ့ပဲ၊ အောင်ပွဲဆိုတာ
ကိုယ့်လက်ထဲ ရောက်လို့လာ။


ကြံဖန်တွေးရင် 
အဝေးကြီး အဝေးကြီး
မနီးနိုင်တဲ့ခရီးလို့ ထင်ဦးမှာ။


ခြေလှမ်းအစ၊ မတွေဝေတမ်းပ
ရွှေလမ်းငွေလမ်း မုချပါ။


အခက်အခဲ ရှိစမြဲမို့
ဇွဲရှိသူရဲ့ဆုဟာ၊ အောင်ပွဲသာ။    ။


တင်မိုး
၂၅၊ ဖေဖော်ဝါရီ၊ ၁၉၉၉
ကြာသပတေးနေ့ နံနက်ခင်း

သေနက အမတ်

ထန်းပင်ထက်၌
ကျီးငှက်ချီသွား၊ ပတ္တမြား။


ရေကန်ရိပ်၌
ဖိတ်ဖိတ်လက်လက်
ကျောက်မျက်ပတ္တမြား
ယူလိုငြား၍
ကန်အားတူးဖော်၊ ကန်တော်ပျက်စီး
ကန်ကြီးကြေမွ၊ ပတ္တမြားမရ။


အမတ်သေနက၊ ဉာဏ်တိမ်စွဟု
ရှုတ်ချကဲ့ရဲ့၊ သရော်ခဲ့လည်း
တကယ့်ဘဝ၊ တကယ့်လောက၌
မင်းလဲ သေနက၊ ငါလဲ သေနက
အပြစ်ပုံချ၊ လွယ်သည်ပ။
ဉာဏ်တိမ်ပုံချင်း တူအမျှ။     ။


တင်မိုး
၁၄၊ အောက်တိုဘာ၊ ၁၉၉၉
ကြာသပတေးနေ့ ည။

အမှန်သာ အောင်ပွဲ

အများအကျိုး၊ ဆောင်သည်ပိုးခိုက်
လူဆိုးလူမိုက်၊ ဒုစရိုက်တို့
ရိုက်ပုတ်ငြင်းဆန်၊ အကျောက်အကန်
သည်ခံ... သည်းခံ၊ သည်းညည်းခံ။


အမှန်တရား၊ မထွန်းကားအောင်
တားလိုက်ဆီးလိုက်၊ စွမ်းကုန်မိုက်ကြ
မိုက်သူမရဲ၊ ဗုန်းဗုန်းလဲလိမ့်
ရဲသူအောင်ပွဲ၊ လက်မှာမြဲလိမ့်
ဇွဲသန်ရဲမာန်၊ မလဲနိုင်တဲ့ တို့အောင်လံ။


လူ့သမိုင်းသည်၊ ခရီးရှည်၏
ရေရှည်တွေးရှု၊ စိတ်ရှည်မှုနှင့်
လူထုကောင်းအောင်၊ ဉာဏ်အရောင်ကို
တန်ဆောင်ဆီမီး၊ ထွန်းညှိပြီးနောက်
ခရီးမပျက်၊ ဆက်ချီတက်မှ
လက်နက်မမှန်၊ ပက်လက်လန်
အမှန်သည်သာ အောင်ပွဲခံ။         ။


တင်မိုး
၂၄၊ နိုဝင်ဘာ၊ ၁၉၉၉
အင်္ဂါနံနက်ခင်း

နေဝင်စ ချိုးမရယ်ကူ


နေ၀င်စ
ချိုးမရယ်ကူ
တောသူမလေး အဝေး။

စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော။

ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော။

နွားကျောင်းသားငယ်
ကျော့ကွင်းရယ်တယ်
ဘယ်…ဘယ်ကို…ဘယ်ကိုရယ်မိ
ခြေကိုမိလို့။
ဘယ်…ဘယ်ကို…ဘယ်ကိုရယ်နှက်
လည်ပင်းအထက်
ခေါင်းကိုနှက်လို့။
ဘယ်…ဘယ်ကို…ဘယ်ကို ရယ်ခွဲ
ရင်ကိုခွဲလို့။

ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်
အကျွန်မမြင်ဝံ့ပါပြီကလား။
ရွှေချိုးဖိုရယ်လေ
မယ့်လင်သား။

ရေးသူမသိပါ။
အစ်မ သံစဉ်ဖြူဖြူမှ ကျေးဇူးပြုသည်။

ဟင်းလင်းပွင့် တောအုပ်

ကမ္ဘာသစ်ကိုမှီဖို့မသေချာဘူး
ကမ္ဘာဟောင်းမှာရှင်ဖို့မသေချာဘူး

ဟစ်တလာသေသွားတာသေချာတယ်

ကားလ်မာခ်ပြောခဲ့တာသေချာတယ်
ဗုဒ္ဓဟောခဲ့တာလည်းသေချာတယ်
သေချာတယ်ဆိုတာမသေချာဘူးဆိုတာသေချာတယ်

အလတ်ဆတ်ဆုံးလေကိုရှူရိုက်ဖို့

အခက်ခဲဆုံးတောင်ကုန်းကိုတက်ခဲ့တယ်

အခန့်ငြားဆုံးစီးဆင်းဖို့

အကြမ်းတမ်းဆုံးမြစ်မှာဆန်ခဲ့တယ်

ဒီလိုနဲ့

သခင်စိုးနဲ့မောင်ချောနွယ်ကိုလည်း
စိန်ခေါ်ရဲခဲ့ပြီ

ဒီလိုနဲ့

မြာပွေတဲ့မာယာကော့စကီးကိုလည်း
စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီ

ဒီလိုနဲ့

အိမ်ထောင်ဆက်များတဲ့
မော်စီတုန်းကိုလည်း
အကြည်ညိုပျက်ခဲ့ပြီ

ဒီလိုနဲ့

ကိုဗဟိန်းပြတင်းဝမှာသာတဲ့
လရောင်ကိုလည်းခံစားတတ်ခဲ့ပြီ

ပန်းပွင့်တွေနဲ့စကားပြောရင်း

ငှက်အော်သံတွေမှာအဓိပ္ပါယ်ရှာရင်း
နေပူထဲမီးပွိုင့်မိနေတဲ့လမ်းမှာ
ဖိနပ်ပေါက်ကိုစီးရင်း
အခမ်းနားဆုံးခရီးကိုဆက်ခဲ့တယ်

မြန်မာပြည်ကိုပခုံးနဲ့ထမ်းတင်မယ်ဆိုရင်

သမ္မတဦးသိန်းစိန်ကိုလည်းထောက်ခံမယ်

ချစ်သူကိုပျော်တော်ဆက်နိုင်ရင်

ဗေလုဝကိုလဲကျေးဇူးတင်တယ်

ဒီလိုနဲ့

ဟိုချီမင်းနဲ့ဦးဝင်းတင်တို့ရဲ့အထီးကျန်ရဲရဲတောက်
စိတ်ဓါတ်ကိုလေးစားရင်း

အကြမ်းတမ်းဆုံးနေ့တွေကို

အခမ်းနားဆုံးဖြတ်သန်းရင်း

ရှင်ဖို့အတွက်သေခဲ့ပြီ..။…။


ငြိမ်းချမ်းအောင်

(ဧပြီ ၁၈၊ ၂၀၁၂)

လွတ်မြောက်ရာလမ်းမှ ကူးယူဖော်ပြသည်။

“သခင်ခေတ်သို့တမ်းချင်း” (လေးချိုး)


ရှေးပဝေသဏီ တွေးကာမှန်းရင်ဖြင့်
ဘေးဘီဘင်တွေ တခေတ်ဆန်းကာပ
ဇာတိမာန် တလျှံလျှံတိုးပေသမို့
မြန်မာတွေ သခင်မျိုးရယ်လို့
ဟိုးလေးရယ်တဲ့ တကြော်ကြော်။

(သြော်) ဘုရားပဲစူးရစေ့
ကြားဖူးပေဟိုယခင်က
မြန်ပြည်တခွင် သာစေကြောင်းတွေနဲ့
အာရှကိုခါးစောင်းတင်လို့
ဥဒေါင်းသံ အာကာယံဖုံးကာလွှမ်းလေတော့
ဘုန်းသမ္ဘာတွေနဲ့ ပြုံးကာပျော်။

ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေမယ့်
ဇာတိမာန် ဂုဏ်အင်္ဂါ မတိုးခဲ့နိုင်ဘု
မျောက်သရမ်းကို ပလ္လင်အပ်မိလေတော့
ရှိသမျှတွေ တက်တက်ပြောင်ငဲ့ပြင်
ကမ္ဘာမှာ လှောင်စရာသတ္တ၀ါတမျိုးရယ်လို့
မြန်မာတွေ အဖြစ်ဆိုးနဲ့တိုးပါကွဲ့
ကျွန်မျိုးရိုးလို့ နာမည်ကျော်
(အိုကွယ်) အတော်မိုက်လေတဲ့ အစိုးရမင်း။

မလျော်ကန် အကြံမိုက်တွေနဲ့
လမ်းလွဲကို လိုက်အုံးမဟဲ့လို့
မြန်ပျိုနှမတွေကို အိမ်ဖော်ဘ၀မှန်းကာပ
ကြိုက်ဈေးကိုညှိကြပြန်ပေါ့
ဒို့မြန်မာသခင်မျိုးရယ်လို့
ရင်တွင်းမှာ အခါခါဟစ်သော်လည်း
ကျွန်တွင်းမှာ နစ်သထက်နစ်လေတော့
(အဘိုးမှိုင်းရယ်) ရာဇ၀င်ရိုင်းလိုက်လေခြင်း။

မောင်ပါလ
၂၅.၄.၂၀၁၂

သီတင်းကျွတ်လဖွဲ့

သီတင်းကျွတ်လဖွဲ့
ဘိုးသူတော်ဦးမင်း

ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်။

ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။
သက္ကစ္စ ဂါရဝနှင့်၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

(ဘိုးသူတော်ဦးမင်း)

အမေ့သား


 
အမေ့သား
သစ္စာဖောက်လူကောင်း

သားဆိုးကို မိုက်ရိုင်းအောင်
တိုင်းပြည်သမိုင်းက လုပ်ပေးခဲ့တယ်။
ရိုင်းနေတဲ့စိတ်ကို ယဉ်ကျေးအောင်
ဗုဒ္ဓတရားတော်က ဆုံးမခဲ့တယ်။
ယဉ်ကျေးနေတဲ့စိတ် နူးညံ့အောင်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
အသိပညာတွေကို လေ့လာခဲ့ရတယ်။
ဒါကြောင့် အမေ့သား လူဆိုးဟာ
တိုင်းပြည်အတွက် မဟုတ်ရင်တောင်
မိသားစုအတွက်
ကျောက်ကောင်းတစေ့ အုတ်ကောင်းတချပ်
ဖြစ်ရမယ်။ ဖြစ်နေရမယ်။ ဖြစ်ခဲ့ပါပြီ အမေရယ်။

သစ္စာဖောက်လူကောင်း

စာရေးသူသည် အသက် ၈ နှစ်အရွယ်တွင် တပ်မတော် တပ်သားသစ်သင်တန်း ဆင်းခဲ့ပြီး နမခ (အနောက် မြောက်တိုင်း စစ်ဌာနချုပ်) တွင် ၆ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ထဲရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၅ ခန့် တာဝန်ထမ်းခဲ့သည်။ နောက်ဆုံး ထမ်းဆောင်ခဲ့သည့် ဒေသ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရဲစခန်းမှ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခုံလှုံခဲ့သည်။

အာဇာနည်များလွန်သောနေ့

အာဇာနည်များလွန်သောနေ့
 


ကြာပါသော်လည်း
စဉ်မြဲသတိ
အောက်မေ့ရသည် 
ဇာနည်များတို့ ကျသောနေ့...။

မျက်ရည်သွန်ဖြိုး
ဘဝင်ညှိုးလျှက်
ရင်ဘတ်စည်တီး
ငိုညဉ်းကြသည်
ခေါင်းဆောင်ကြီးများ မရှိသောနေ့။

အကျင့်ပျက်ပြား
သိခေါင်းပါးလျှက်
လူမွဲနင်းပြား
ဆင်းရဲများကာ
ရှက်ကင်းကွာ၍
ခိုးကာ၊ လုယက်
တို့ပြည်ပျက်သည်
အာဇာနည်များ လွန်သောနေ့။