(၁)
အရှေ့တောင်အာရှရဲ့
အညိုရောင် ညနေခင်းမှာပေါ့...
ဧရာဝတီဟာ
သူ့ ဣဒြေ္ဒကို ပြသရင်း
အသံမဲ့ စီးဆင်းလို့...
အဲသလို
အမှောင်ရောင်တွေထဲ
မြို့ပျက်ကြီး ပုဂံဟာလည်း
သင်္ခါရ အခင်းအကျင်းတွေကို ပြသလို့...
တိုင်းပြည်ဟာ
တမိုးချူပ်ဖို့ ပြင်ဆင်ပြီ။
တိုင်းပြည်ဟာ...
ဒီညနေညိုညိုမှာ
သူ့ဆံပင်အိုတွေကို ဖားလျားချ
သူ့ခန္ဓာကိုယ်ပေါ်က
ခေတ်ဆိုးတွေ ရေးထိုးသွားတဲ့
ဆေးမင်ကြောင်အမာရွတ်တွေကို ပွတ်သပ်ရင်း
သူဆိုနေကျ အလွမ်းသီချင်းကို
ဘယ်သူမှ မကြားအောင် ဆိုလိုက်တယ်...။
တိုင်းပြည်ဟာ...
သူ့ချွေးခံအိင်္ကျီဟောင်းကြီးထဲ
ဝမ်းနည်းဖွယ်ရနံ့တွေနဲ့
တွန့်တွန့်ကျေ ရာဇဝင်တွေကို
လူမြင်မခံရဲတာမို့
သက်ပြင်းတွေချလို့
နေ့တဓူဝ...။
တိုင်းပြည်ဟာ...
ဘဝတလျှောက်လုံး
ခပ်ညံ့ညံ့အစိုးရတွေနဲ့သာ
အလိုမတူပဲ ပေါင်းဖက်ခဲ့ရသမို့
ခပ်ညံ့ညံ့တိုင်းပြည်လို့
အခေါ်ခံရတာကို
ရှက်ပေမယ့်လည်း
သူ့ခမျာ
မရှက်နိုင်တော့ဘူးတဲ့...။
တိုင်းပြည်ဟာ...
အာရှမှာကျားတွေ
တကောင်ပြီးတကောင်
ပေါက်ဖွားကြီးမားလာခဲ့ပေမယ့်
သု့မှာက...
ခွေးအဆင့်သာသာ ရှိတာမို့
တပါးတိုင်းသားတို့
သူ့မြေပေါ် အလည်လာတဲ့အခါ
မျက်နှာကိုဝှက်ပြီး
အိပ်ချင်ယောင် ဆောင်ရသတဲ့...။
တိုင်းပြည်ဟာ...
လကမ္ဘာပေါ်ကို
ခဏခဏတက်တဲ့ တိုင်းပြည်လို့
မထင်ပေါ်ချင်ပေမယ့်
ပြဿနာတွေ
ခဏခဏတက်တဲ့ တိုင်းပြည်လို့
ကျော်စောမှာတော့
ရှက်လှသတဲ့...။
တိုင်းပြည်ဟာ...
ဖွားကာစ ကတည်းက
မွေးရာပါ အလှတွေနဲ့
ပြီးပြည့်စုံပါရက်ကနဲ့
ဒီလူတွေ လုပ်ကာမှ
နဂိုရှိသော်လည်း
နဂိုင်းမထွက်ရရှာလို့
ဝဋ်နာကံနာလို့ပဲ
မှတ်ယူထားပါသတဲ့...။
တိုင်းပြည်ဟာ...
အကျဉ်းစခန်းတွေထဲ
အစိုးရလုပ်မယ့်သူတွေကို
ထောင်ချပြီး...
ထောင်ကျရမယ့်သူတွေက
အစိုးရလုပ်နေကြတာကိုလည်း
နည်းနည်းမှ မကျေနပ်ဘူးတဲ့...။
တိုင်းပြည်ဟာ...
မြန်မြန်သေရမယ့် သူတွေက
ကြာကြာနေရပြီး...
ကြာကြာနေရမယ့် သူတွေက
မြန်မြန်သေနေကြတာလည်း
နားမလည်နိုင်ဘူးတဲ့...။
တိုင်းပြည်ဟာ...
သူ့ရင်ဘက် လက်ပွေ့အိတ်ထဲက
အတွင်းကြေကြေနေတဲ့
ကလေးတွေရဲ့ အနာဂတ်ကို
လူတွေ့တိုင်း ထုတ်ထုတ်ပြ
ဒီလူတွေ ကိုယ်၌က
တဘဝလုံး ကြေမွနေတော့ကာ
သူ့ခမျာ ငိုရသတဲ့...။
ဒီလိုနဲ့...
တိုင်းပြည်ဟာ
အခုတလော
ရင်တမောမောနဲ့
အဝေးပျံ ခွပ်ဒေါင်းတို့ရဲ့
သပြေခင်းလေး
ပျိုးထားသတဲ့...။
ဒီလိုနဲ့...
တိုင်းပြည်ဟာ
အိုမင်းလွန်းလှပေါ့...။
(၂)
မြန်မာပြည်မှာက
ငှက်ဖျားပေါတယ်...။
ခွေးလေခွေးလွင့်
သူတောင်းစားနဲ့
ဆင်းရဲသားပေါတယ်...။
ခြင်
ယင်ကောင်
ဖာ
သူခိုးနဲ့
အလှူခံလည်းပေါတယ်...။
ဘုန်းကြီး
စစ်သား
ဘိန်းသမားနဲ့
ကပ်ဖားယပ်ဖား
အချောင်သမားလည်းပေါ...
အရည်အချင်း မရှိပဲ
ခေါင်းဆောင်လုပ်ချင်သူလည်းပေါ...။
မရယ်ရတဲ့ လူပြက်တွေနဲ့
အသုံးမကျတဲ့
အကယ်ဒမီတွေလည်းပေါ...
ခါတော်မှီ
ကော်ပီသီချင်းတွေနဲ့
ထောက်လှမ်းရေးတွေလည်း ပေါတယ်ပေါ့...။
ဒီမိုကရေစီသမားတွေလည်း ပေါသလို
ကြံ့ဖွတ်တွေလည်းပေါ...
ဗိုလ်ချူပ်ကြီးတွေပေါသလို
ထောင်သားတွေလည်း ပေါတယ်ပေါ့...။
ဆေးအတု
ဆီအတု
ရွေးကောက်ပွဲအတု
အမဲခြောက်အတုနဲ့
နိုင်ငံရေးသမား အတုတွေလည်းပေါ...။
ဥပဒေအတု
အစိုးရအတု
ပညာတတ်အတုနဲ့
ရဲရဲတောက် အတုတွေလည်းပေါ...။
တကယ်တော့
မြန်မာပြည်ဆိုတာ...
လူ့အခွင့်အရေး
ရှားပါးလွန်းတာကလွဲလို့
ကျန်တာတွေ အကုန်ပေါတဲ့
အရပ်ဆိုပါတော့...။
(၃)
ဆင်းရဲခြင်းသမုဒ္ဒရာရဲ့ ကြမ်းပြင်
ရာဇဝင်မတွင်တဲ့ သဘောင်္ပျက်တွေထဲ
သံချေးတက် ယဉ်ကျေးမှုများနဲ့ သောင်တင်
ငုပ်လျှိုးနေသူများရဲ့ ဘဝဟာ
အသံမမြည်တဲ့ အိပ်မက်တွေနဲ့
ပုပ်ပွ...။
ဖြစ်ရပုံက...
ဒီနိုင်ငံငယ်လေးထဲ
ကုသလို့ မရတဲ့
နိုင်ငံရေးရောဂါတွေက ထူပြော
ခေတ်အဆက်ဆက်
ခပ်ချာချာ ဒဏ္ဋာရီတွေနဲ့ရင်ခုန်
လူညံ့တွေသာ စုပြုံလာခဲ့တယ်...။
ဒီအရပ်မှာပေါ့...
အုပ်ချူပ်သူဆိုတာက
ဖိနှိပ်သူလို့ အဓိပ္ပါယ်ရသတဲ့...
ဖိနှိပ်သူဆိုတာကို
ရက်စက်သူလို့တော့ ဘာသာမပြန်လိုက်ကြနဲ့
သူတို့ဟာ
မွေးရာပါ ယုတ်မာသူများသာ ဖြစ်ကြလေတယ်...။
လူယုတ်မာတွေလေ...
တဗိုလ်ကျ တဗိုလ်တက်နဲ့
တိုင်းပြည်ကို နှိပ်စက်လာ
ပညာမဲ့သူတို့ ပွားများ
ဆင်းရဲခြင်းတို့ ကြွယ်ဝခမ်းနား
အဓမ္မတရား ထွန်းကားရာ
အန္တရာယ်တို့ ကြွထရာ
အမှားသာလျှင် အမှန်ဖြစ်ရာ
ကံကြမ္မာတို့ မြုံအရာ
ဒီအရပ်ဟာလေ...
စုတ်ပြက်သတ်ခဲ့ပေါ့...။
ဒီလိုနဲ့...
အမှည့်လွန်နေတဲ့ ခေတ်တွေဟာ
ဆောင်းဦးပေါက်ရာသီလို
ဒိှု့ဆီကို အရောက်နောက်ကျခဲ့
ဒီလိုနဲ့...
ဒုက္ခဆိုတဲ့ မာကျောကျောအမွေးတွေနဲ့
တော်လှန်ရေးကို ထုဆစ်ခဲ့
ရံဖန်ရံခါ...။ ။
မာရု
(ပန်းစကား)
No comments:
Post a Comment