ထိုင်နေတဲ့ လူစုကတော့  ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား) ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့...ဆရာ ဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်....။
ဆရာဗန်းမော်တင်အောင်ကို 'ဦးလေး ဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး'လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာ ဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်....။
လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကားဆက်တိုက် ပြောနေသူက ကျွန်တော်....။
ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်....။ ဒါပေမယ့် တူတယောက်က ဦးလေး တယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး၊ အသည်းအမည်း ကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။