၁၉၇၅ ခုနှစ်၊ အပေါင်းလောင်း မြစ်ကမ်းဘေး

               ထိုင်နေတဲ့ လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား) ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့...ဆရာ ဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်....။

            ဆရာဗန်းမော်တင်အောင်ကို 'ဦးလေး ဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး'လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာ ဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်....။

            လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကားဆက်တိုက် ပြောနေသူက ကျွန်တော်....။

            ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်....။ ဒါပေမယ့် တူတယောက်က ဦးလေး တယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး၊ အသည်းအမည်း ကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။

           ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းက ထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ ‘မြစ်ဧရာ ပေါ်ဝယ်’နဲ့ ပတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက ‘ဓနရှင် လောက’ စာအုပ်ရေးသူနဲ့ ပတ်သက်လို့ ကောက်ချက်တခု ချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်း အချက်အလက် တခုကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့ နွယ်ပြီး ‘မြစ်ဧရာပေါ်ဝယ်’ကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ အချက်အလက်ကတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက် အလက်တချို့အပေါ် အခြေခံပြီး ဦးလေး ဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြလိုက်တဲ့ ကောက်ချက်ကတော့ (အခုပြန်တွေးရင်) ကြောက်စရာ ကောင်းလောက် အောင် ပြင်းထန်နေခဲ့တယ်။ ကျွန်တော့် စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာ ဖြစ်ခဲ့ရင် တစ်ဖက်သား အပိုင်းပိုင်း ပြတ်သွားလောက်အောင် စူးရှနေခဲ့တယ်။ ကြားဇတ်ဆောင် သဘောတရား...ဓနရှင် ပေါက်စကျောရိုးမဲ့မူ... လစ်ဘရယ်ဒီမိုကရက်... ပန်းခင်းကို မြင်းစီးပြီးကြည့်....။ အို... အဲဒီအချိန်က အရင့်သီးတကာ့ အရင့်သီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တစ်လုံးပြီး တစ်လုံး ပစ်ပေါက်...။

          ဦးလေး ဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော်စကားလုံးတွေ ရင့်သီး သထက်ရင့်သီး လာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပီးကိုင်းကျလာတယ်။ နောက် ပခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့...သိမ့်ခနဲ့...။ ဟော- ဦးလေးငိုနေပြီ။ မျက်လုံးမျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။

         ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချဉ်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်းတွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီ ဆိုတာ ကျွန်တော် သိတာပေါ့။ ဒါပေမယ့် ကျွန်တော်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်း လုံးတွေ တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညှိုး ငေါက်ငေါက် ထိုးပြီး ဦးလေးကို ပြောလိုက်တယ်။

              “ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး” လို့။ ဦးလေးရဲ့ ခါးဟာ ဆတ်ခနဲ မတ်လာတယ်။ ပြီးတော့ ကျွန်တော်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့ မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့ အလင်းရောင်တစ်ခုနဲ့ ရွှန်းတောက်နေရဲ့....။

         ဦးလေးကသူ့ အံကပ်ကို ချွတ်လိုက်တယ်။ ကျွန်တော်တို့ကို ပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကို ပင့်ပြီး အရိုးပြိုင်းပြိုင်းကျနေတဲ့ သူလက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။----- ပြတယ်--ပြတယ်--ပြတယ်။ ပြီးတော့မှ သွားတွေ ကြိုးကြဲက လေထွက်နေပေမယ့် အင်မတန် ပီပြင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ (ဒေါသအသံတော့ လုံးဝမပါဘူး။ ဒါပေမယ့် အင်မတန် လေးနက်သလောက် ဆွေးမြေ့တဲ့အသံ နဲ့...။)

                “ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက် လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ၊ ကျွန်တော် စွန့်လွတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျွန်တော် ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ်ခဲ့ရတဲ့ ဒီဘ၀ အစိတ်အပိုင်း တွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား”တဲ့။

           တခြားသူတွေအားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစားစွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်း မြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့်ဘေးက လူတွေရဲ့ ပင့်သက်ချသံကို ကျွန်တော်ကြားနေရတယ်။

          ကျွန်တော် ဆက်မပြောတော့ပါဘူး။ ဒါပေမဲ့ အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြော လိုက်တယ်။ ‘ကျွန်တော်အမှန်ကို ပြောတာဘဲလေ’လို့။

           ၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတစ်ခုအတွင်းမှာ...။
          ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့် တကိုယ်လုံး ချွေးတွေရွှဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတစ်ချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တစ်ခုခုပြို လဲကျသံ။ နောက်- အနောက်ဘက် လေဟုန် ပြင်းပြင်း တိုက်ခတ်စ ပြုနေတာကိုလဲ အသံအရရော---

          ကျွန်တော် ရုတ်တရက် ထထိုင်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။
              “ဦးလေး.... ဦးလေး ဦးတင်အောင်”လို့။

         ပေါင်းလောင်း မြစ်ကမ်းတနေရာမှာ ကျွန်တော် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည်ရုပ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော် ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန် တချို့တလေအပေါ် အခြေခံပြီး ကောက်ချက် အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ ကျွန်တော်ကို ခွင့်လွတ်ပါ။

        အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်ရွယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော့်ကို ဦးလေးတို့ဝိုင်းပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်း တည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်း ပေးခဲ့ကြတယ်။ နေရာတကာမှာလဲ ‘အဲဒီတုန်းက ကျွန်တော်တို့ထဲမှာတော့ သူက အငယ်ဆုံးလေ’ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။

    စကားတတ်စ ကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ ‘ဟဲ.... ဒီလူကလေး ဆဲတောင် ဆဲတတ်နေပြီဟဲ့’ လို့ ချစ်စိတ်ကို အရင်းခံပြီး ခွင့်လွှတ်ခဲ့တဲ့ လူကြီးမိဘတွေလို အတူ နေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော်သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်း ယူပြီး လူပုံလယ်မှာ ဦးလေးကို ကျွန်တော်စော်ကားမိခဲ့ပြီ။ အကျင့် စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင်သန့် ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက်ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က... ကျွန်တော်လို ကောင်က လက်ညိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။

        ကျွန်တော် ကျွန်တော်ယုံကြည်ရာ မှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ် လိုက်မိတယ်။
            “ဥိးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်” လို့။

       ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင် တော့ဘူး ဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော်မသိခဲ့ဘူး။
                                                                                                                                          ဇော်ဝင်းကို
ဆက်လက်ဖော်ပြပါမည်......
 ဗန်းမော်တင်အောင်
တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ  
ဗန်းမော်တင်အောင် ကွယ်လွန်တဲ့အနှစ် (၂၀) ပြည့် အလေးအမြတ်ပြု ထုတ်ဝေလိုက်သော စာအုပ်တွင်းမှ ရိုက်နှိပ်ထားပါသည်။

1 comment:

Unknown said...

တတ်သစ်စလူငယ်တွေ အတွက် နမူနာတစ်ခုပါပဲ။