၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့် မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င် ရောက် ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအ ပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာ တာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဖြန့်ချိ လှုံ့ဆော်ခွင့်တွေ ပိုမိုရရှိလာတာ စသဖြင့် အ ပြောင်းအလဲတွေ အများအပြားဖြစ်လာပါတယ်။ ထို့အတူမှာပဲ ပြည်တွင်းစစ်တွေ တိုင်း ရင်းသား ဒေသများမှာ ဆက်လက်ဖြစ်ပွားခြင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းများ ဖြစ်ပွားခြင်း၊ အလုပ်သမား၊ လယ်သမားများ ရဲ့ စားဝတ်နေရေး လှုပ်ရှားလုပ်ကိုင်ခွင့်များ အငြင်းပွားခြင်း၊ မြေယာနဲ့ လုပ်ပိုင် ခွင့်ပြသနာများ ဖြစ်ပွားခြင်း စတာတွေကို ရင်ဆိုင်ကြုံ တွေ့ နေရပါတယ်။ အစိုးရနဲ့ အပေါင်းအပါများ၊ လုပ်ငန်းရှင်များ၊ အချို့သော အတိုက်အခံပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက အခုလက်ရှိအချိန်မှာ အတိုက်အခံလုပ်နေကြမယ့်အစား တိုင်းပြည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ အချိန်ဖြစ်ကြောင်း လက်တွဲလုပ်ကြမှ ဖြစ်ကြောင်း ပြောကြားကြ၊ ဟောပြောကြ၊ စည်းရုံးရေး ထွက်ကြ စတာတွေ လုပ်နေတာနဲ့ ပတ် သက်ပြီး ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်း က အတိုက်အခံလုပ်စရာ မလိုတော့ဘူးတဲ့လား ဆိုတာ ဖြစ်ပါတယ်။
ပထမမေးခွန်းကတော့ အခုပြောနေတဲ့ အပြောင်းအလဲဆိုတာ ဘာတွေ ပြောင်းလဲသွားတာလို့ ပြောမလဲ။
ကျနော်ပြောရရင်တော့ အခုသူများတွေပြောနေတာတနဲ့ တူမှာ မဟုတ်ဘူး။ ခုချိန်မှာဖြစ်နေတဲ့ အပြောင်းအလဲဆိုတာတွေက ဟန်ပြ လုပ်နေတာပဲ။ စစ်လက္ခဏာတွေ ဘာမှ ပြောင်းတာ မရှိဘူး။ စစ်တပ်ကြီး ရှေ့မှာ စစ်တပ်အသိုင်းအသိုင်းတွေ ရှိတယ်။ လွှတ်တော် ကြီး ရှိတယ်။ အခု အာဏာရထားတဲ့သူတွေကလည်း စစ်အာဏာရှင်ဟောင်းတွေပဲ။ ပြီးတော့ သူတို့ပတ်ဝန်းကျင်မှာ ခရိုနီတွေ၊ စစ် အာဏာရှင် ကျောထောက်နောက်ခံနဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို သိမ်းထားတဲ့ သူတွေချည်းပဲ။ သိမ်းတဲ့နေရာမှာလည်း ကာ လပေါက်ဈေးထက် မတန်တဆ လျော့ပြီး သူတို့လက်ထဲ ထိုးအပ်ထားတာချည်းပဲ။