စာဆိုငွေတာရီ
သန်းဝင်းလှိုင်
မတ် ၂၇၊ ၂၀၁၁
မြန်မာကဗျာဆရာကြီး ဒဂုန်တာရာက “ကဗျာဆိုတာ ရင်ခုန်သံကို ဖေါ်ညွန်းသည့်အရာ” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးသည်။ မှန်ပေသည်။ ကဗျာဆိုသည်မှာ ရင်ခုန်သံကို ဖေါ်ညွှန်းသည့် အနုပညာ ပစ္စည်းတခုပါ။ ကောင်းပြီ။ ကဗျာဆိုသည်မှာ ရင်ခုန်သံကို ဖေါ်ညွန်းသည့် အရာဆိုလျှင် အဆိုပါ ရင်ခုန်သံဆိုသည်မှာ မည်သူ၏ ရင်ခုန်သံလဲ။ ကဗျာဆရာ ဖြတ်သန်း ကြီးပြင်းရသည့် ခေတ်၊ တနည်း ကဗျာဆရာ၏ ခေတ်ပြိုင်လူထု၏ ရင်ခုန်သံ လူထုခံစားချက်ကို ဆိုလိုသည့် သဘောပင်ဖြစ်သည်။
လူထု၏ ခံစားချက်၊ လူထု၏ ရင်ခုန်သံကို ကိုယ်စားပြု ရေးဖွဲ့ထားသော ငွေတာရီ၏ “ကြွေပွင့် ကောက်စဉ်က” ဟု ခေါင်းစဉ်ပေးထားသော ကဗျာလေးကို ဖတ်ရှုခံစားကြည့်ကြပါစို့။ အဆိုပါကဗျာကို လွန်ခဲ့သော ၅၁ နှစ် ၁၉၆၈ ပြည့်နှစ်က ထုတ်ဝေခဲ့သော “ငွေတာရီကဗျာ ၁၀၀ ” စာအုပ်ထဲ၌ ထည့်သွင်းထားသော ကဗျာဖြစ်သည်။
ကြွေပွင့်ကောက်စဉ်က
လေအဝှေ့မှာလ
နေသွေ့ကာအညှာလိမ်တဲ့
ပါမှိန်မှိန်ပွင့်လွှာဟောင်းငယ်တို့
ရင့်ညောင်းကာ ဘ၀ကူးသည်ထင့်
မူးဝေအောင်ချာချာလည်၍
သည်မြေဆီရွှေရည်ပွင့်ငယ်လို့
ကြွေလွင့်၍နေစဉ်ဝယ်
အပင်အောက်တယောက်သည်စာဆိုဖြင့်
ရွှင်မချိမြေ့မချမ်းနိုင်ဘု
ကြွေပန်းလွှာမြေမှာစီတော့
သီကရီကောက်ယူနှမ်းမိငဲ့
ဪ… အလွမ်းသည်လိုထွေတော့
ပွင့်ဝါကြွေသူလေသိမှာလှ
အကြွေစောသူငယ်
နှမြောတွယ်တာတာဖြင့်
ဘယ်အခါဘယ်မှာဆုံးနိုင်လိမ့်
နှလုံးဘ၀င်ဆူပေါ့
မရွှင်သူနှုတ်ခြွေလွှတ်ပါလို့
အတွတ်တွတ်ဆိုကာရယ်
ဖြေဖွယ်ဖြင့်ရှိလိမ့်လား
သည်အခိုက်မှာကို
ပင်ထက်ငွေရောင်စိုတဲ့
ဖူးငုံပျိုထိုတသင်းတွေက
လေညင်းမှာ တကြိုင်ကြိုင်နဲ့
ဘယ်ယိုင်ညာယိုင်ငဲ့ရာမှ
“နောင်ရဲ့မငိုပါနှင့်
ကြည်ညိုကာနောင်မြတ်နိုးတာဖြင့်
ဝေဖြိုးအောင်ရေစင်ဖြာပါ့
ကြွေပွင့်မတွယ်တာနဲ့
ဖူးညာသာထူးစွာပွင့်အောင်လို့
ပင်ဗွေကိုစဉ်အခြေမြှင့်ပါ” တဲ့
ကူချင့်အောင်သူကပြောလေတော့
ပင့်လေမှာပွင့်ကြွေနဲ့မျှောရာက
ဖူးဆီကိုဦးလည်လို့စောမိရဲ့
လှသောပင်ယံဗွေက
ငုံတံတွေရွှေရည်လျှမ်းမှာဖြင့်
စာဆိုမောင်မျှော်ယောင်မှန်းလို့ရယ်
လွမ်းခဲ့မိတကား။
စာဆို ငွေတာရီက သူ့ကဗျာတွင် အတန်ငယ်မြင့်သည့် ပန်းပင်ထက်မှ ပန်းကလေး တပွင့် ချာလည်ချာလည်နှင့် ကြွေကျသွားပုံ၊ ညှိုးငယ်စွာသောလူယောက် ပန်းပွင့်ကလေးကို နှမြောတသကာ ယုယုယယ ကောက်ယူနေပုံနှင့် အပင်ထက်ရှိ ဖူးငုံကလေးများကို မော့ကြည့်နေပုံ၊ ပန်းငုံက လေးများကသူ့ကို-
“ငိုမနေပါနဲ့၊ ပန်းပွင့်ကို ခင်မင်မြတ်နိုးရင် အပင်ကိုရေလောင်းပါ၊ ကြွေလေတဲ့ အပွင့်ကို တွယ်တာ မနေပါနဲ့တော့။ အပင်မှာ ကျန်တဲ့ အဖူးကလေးတွေ ကားကားစွင့်စွင့် ပွင့်လန်းလာအောင် အပင်ကိုသာ မြေတောင်မြှောက်ပေးပါ”ဟု ပြောနေဟန် စာဆို၏ ခံစားချက်ကို ထင်ဟပ်ဖွဲ့ဆိုထားပေ သည်။
ငွေတာရီသည် ဤကဗျာကလေးကို အဘယ်အခါက ရေးစပ်သီကုံးခဲ့လေသနည်း။ သူ ကိုယ်တိုင် ပန်းပွင့်ကြွေကလေးများကို ကောက်ရင်း ဤကဗျာကို စပ်ခဲ့ခြင်း ဖြစ်လေသလား။ အမှန် စင်စစ် ပြောရလျှင် ထိုစဉ်အခါက ငွေတာရီမှာ မြန်မာစာပေ ပန်းဥယျာဉ်ထဲတွင် ရှန်သန်ကြီးထွားဆဲ အသက်(၃၃) နှစ်အရွယ် ၁၉၅၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အကြွေစောခဲ့ရလေသည်။
စာဆို ငွေတာရီသည် ပန်းကလေး ငွေတာရီကို “အကြွေစောသူငဲ့” ဟုတသဖွဲ့ဆိုခြင်း ဖြစ်လေသလား။ ငွေတာရီက ငွေတာရီကို အကြွေစောသူငဲ့ဟု တသခဲ့သလား။ ကဗျာ ဆုံးသွားသော်လည်း ကျွန်ုပ်၏ အတွေးများမှာ မဆုံးနိုင်အောင် ချာချာလည်နေလေသည်။
ယင်းကဗျာကိုလေးကို ရေးဖွဲ့ခဲ့သော ငွေတာရီ၏ အမည်အရင်းမှာ ဒေါ်ခင်ရီဖြစ်သည်။ ၁၉၂၅ ခုနှစ် ဖောဖေါ်ဝါရီလ (၁၆) ရက်နေ့၌ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဗြိတိသျှ ဘားမားဦးညွန့်၊ ဒေါ်ချစ်တင်တို့ဖြစ်သည်။ ငွေတာရီအသက် ၁၈ နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက် (၃၂) အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။
ငွေတာရီသည် ရန်ကုန်မြို့ မြို့မမိန်းကလေး အထက်တန်းကျောင်း (ယခုဒဂုံ အ ထ က- ၃) ၌ ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ် အသက် (၁၄) နှစ်အ ရွယ် (၉) တန်း အရောက်တွင် ကျန်းမာရေး မကောင်းသဖြင့် ကျောင်းထွက်လိုက်ရသည်။ ဂျပန်ခေတ်နှင့် စစ်ပြီးခေတ်တွင် ရှေးဟောင်း မြန်မာစာပေကို ဗိုလ်မူးဘသောင်း (မောင်သုတ) ထံမှ သင်ယူသည်။ ထို့နောက် အင်္ဂလိပ်စာကို ဆရာမကြီးမစ္စက်မန်ရိုးထံမှ သင်ယူသည်။
ငွေတာရီသည် ၁၉၅၂ ခုနှစ်အသက် ၂၇ နှစ်အရွယ်တွင် ဦးဝင်းမောင် (မင်းယုဝေ) နှင့် အိမ်ထောင်ပြုခဲ့သည်။ မင်းယုဝေနှင့် အိမ်ထောင်ပြုသည်ကို အကြောင်းပြု၍ ငွေတာရီက “လှည်း ယဉ်ကလေးစီးကာလည်” ကဗျာနှင့် “တောသူရွာဝင်” ကဗျာတို့ကို ဖွဲ့ဆိုခဲ့သည်။
ငွေတာရီသည် မြန်မာနိုင်ငံ အရပ်ရပ်သို့သာမက နိုင်ငံခြား တိုင်းပြည်များသို့ပါ ခရီးလှည့် လည် သွားခဲ့သည်။ ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွားခဲ့၏။ ၁၉၅၆ ခုနှစ်တွင် ခင်ပွန်းသည် မင်း ယုဝေပညာဆည်းပူးရာ လန်ဒန်တက္ကသိုလ် အင်္ဂလန်ပြည်သို့ လိုက်ပါသွားခဲ့သည်။ ငွေတာရီသည် မင်းယုဝေနှင့်အတူ အင်္ဂလန်ပြည်အတွင်း လက်လှမ်းမီရာ အရပ်များသို့ အချိန်ရလျှင် ရသလိုခရီး ဆန့်ခဲ့သည်။ ထို့ပြင် နယ်သာလန်၊ ဘယ်ဂျီယမ်၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်စသည် နိုင်ငံများ သို့လည်း သွားရောက် လည်ပတ်ခဲ့သည်။
မြန်မာပြည်သို့ သဘောင်္ဖြင့် အပြန်တွင် အီဂျစ်၊ သီဟို၌ (သီရိလကာင်္) နိုင်ငံများသို့ ခေတ္တ ၀င်ရောက် လည်ပတ်ခဲ့သေးသည်။
ထို့နောက် ၁၉၅၈ ခုနှစ်မတ်လ ၁၉ ရက်နေ့တွင် ရုတ်တရက် အမျိုးသမီးရောဂါ ဖြစ်ပွားကာ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက် (၃၃) နှစ်မျှသာ ရှိသေးသည်။ တဦးတည်းသော သမီးကလေး ခင်နီဝင်း (ယခု ကျိုင်းထုံတက္ကသိုလ် မြန်မာစာတွဲဖက်ပါမောက္ခ) ကျန်ရစ်ခဲ့သည်။
ငွေတာရီသည် ကဗျာကို ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည်။ အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်းမှစ၍ ကဗျာကို စတင်ဖွဲ့ဆိုသည်။ ၁၉၄၁ ခုနှစ်တွင် ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့၏ ကဗျာများကို သေချာစွာ လေ့လာ၍ စနစ်တကျ ဖွဲ့ဆိုနိုင်ခဲ့သည်။ ကဗျာပုဒ်ရေ (၈၀၀) ကျော်ရေး ဖွဲ့နိုင်ခဲ့ပြီး ပုဒ်ရေ (၄၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
ငွေတာရီသည် စာပေဗိမာန်ဆုကို နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။ အီစွတ်ပုံပြင်ကိုလည်း မင်းယုဝေနှင့် တွဲဖက်၍ ဘာသာပြန်ဆို ထုတ်ဝေရာ၊ ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန်ဆု ရရှိ ခဲ့သည်။ ငွေတာရီ ကွယ်လွန်ပြီးနောက် မင်းယုဝေ ရွေးချယ်ထုတ်ဝေခဲ့ရာ ၁၉၆၀ ပြည့်နှစ်အတွက် စာပေ ဗိမာန် (ကဗျာ) ဆုကို ရရှိခဲ့သည်။
ငွေတာရီသည် သူ့စာများ၊ ကဗျာများကို စာနယ်ဇင်း အမျိုးမျိုးတို့၌ ရေးသား ဖေါ်ပြခဲ့သည်။ ငွေတာရီ ရေးသားထုတ်လုံးချင်းစာအုပ်များမှာ (၁) “မင်ဆေးရည်ပဲမှုန်သလားနှင့် ကဗျာရှင် ၀တ္ထုတိုများ” (၁၉၄၄)၊ (၂) “မာလာမြိုင်ကဗျာများ” (၁၉၄၇)၊ (၃) “ရတနာကဗျာများ” (မင်းယုဝေနှင့် တွဲ၍ ၁၉၅၄)၊ (၅) “ကဗျာ ၁၀၀” (၁၉၆၀)၊ (၆) “ဆုနှင့် အခြားဝတ္ထုတိုများ” (၁၉၆၅) တို့ ဖြစ်သည်။
ငွေတာရီကဗျာပေါင်းချုပ်ကို ၁၉၆၈ ခုနှစ်တွင် စုစည်း ထုတ်ဝေခဲ့သည်။ ခင်ပွန်းဖြစ်သူ မင်းယုဝေက ကွယ်လွန်သူ ငွေတာရီအထိမ်းအမှတ်အဖြစ် “ငွေတာရီ” မဂ္ဂဇင်းကိုတည်ထောင်၍ ၁၉၆၀ ပြည်နှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ အထိ ပုဂ္ဂလိကပိုင်အဖြစ် ထုတ်ဝေ၍ ၁၉၆၁ ခု နိုဝင်ဘာလမှစ၍ မြ၀တီပုံနှိပ်တိုက်ပိုင် အဖြစ်သို့ပြောင်း ပေးခဲ့ရာ ယနေ့တိုင် လစဉ် ထုတ်ဝေနေဆဲ ဖြစ်သည်။
မိုးမခမှ ကူးယူပါသည်။
No comments:
Post a Comment