ရေငတ်ပန်း
နူးညံ့တဲ့ မိဘရင်ခွင်ပျောက်တော့
မျက်ခင်းတွေက ငါ့ရဲ့မွေ့ရာ
ကမူသစ်တုံးတွေက ငါ့ရဲ့ခေါင်းအုံးပေါ့
ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်…။
အိမ်မက်တွေ အကျဉ်းချခံရတော့
မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်
ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်
မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်…။
နှလုံးသားတွေ အခိုးခံရပြန်တော့
မိုးတွေရွာလည်း ငါမသိဘူး
နေတွေပူလည်း ငါမသိဘူး
နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး
အိမ်ဆိုတာတောင် မရှိခဲ့တဲ့ ငါ့မှာ
သူငယ်ချင်းဆိုတာလည်း မရှိ
ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္ထိ
ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေ ဖြစ်ခဲ့ရတယ်…။
ကလေးတယောက်ရဲ့ အိမ်မက်
ဘောင်တွေနဲ့ လှောင်ပိတ်
ရင်စွဲတွေကို အတင်းမေ့ထားခဲ့ရတယ်
လိုချင်တက်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့
အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင်
ငါ့ရဲ့ကမ္ဘာထင်မိတယ်…။
လေပြောအသုတ်မှာ ရေချိုတပေါက် မခခဲ့ရတဲ့
ရေငတ်ပန်းပေမယ့်
မြေကြီးမနမ်း ကောင်းကောင်ဖက်လှမ်းတဲ့
ဇာနည်သွေးမို့
မနွမ်းမခြောက် ဆူးမကြောက်ပဲ
ဆူးနွယ်ပန်းလို
ကောင်းကင်ကိုတက် ကြယ်တွေနဲ့အလှပြိုင်လို့
ရဲရဲသာပွင့်နေသေးတယ်...။
No comments:
Post a Comment