နိုင်ငံပိုင် သတင်းဌာနများနှင့် ဂျာနယ်များ၏ ရေးသား ဖော်ပြချက်အရ ထားဝယ်ဒေသတွင် အရှေ့တောင်အာရှ၌ အကြီးမားဆုံး စီမံကိန်းတခုဖြစ်သော ရေနက်ဆိပ်ကမ်း စီမံကိန်းကို စတင်တော့မည် ဖြစ်သည်။ ထားဝယ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိတော့မည် ဖြစ်သည်။ ထားဝယ်ဒေသနေ ပြည်သူများအနေဖြင့် အရှိန်အဟုန်ဖြင့် ပြောင်းလဲမည့် အခြေအနေများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေပါသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မည့် နေရာသည် ထားဝယ်ဒေသအတွင်း ရှေးယဉ်ကျေးမှုများ တည်ရှိရာ ဖြစ်ပါသည်။ နဘုလယ်ဒေသဟု ခေါ်ပါသည်။ ထားဝယ်စကား (ဒေသိ ယစကား) နှင့်ပတ်သက်၍ အထူးပြု လေ့လာရာဒေသ ဖြစ်သည်။ ထားဝယ်ဒေသဟု အများသုံးနေသော ဒေသသည် ယခုထားဝယ်ခရိုင် ဖြစ်ပါသည်။ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းနှင့် ကလိန်အောင်မြို့နယ်ခွဲ၊ မေတ္တာမြို့နယ်ခွဲတို့ ပါဝင်ပါသည်။
မြန်မာနိုင်ငံသည် ရှေးယဉ်ကျေးမှုများ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပါသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဒေသအလိုက် ရှေးယဉ်ကျေးမှုများ ရှိပါသည်။ နိုင်ငံသမိုင်း တည်ဆောက်ရာတွင် ဒေသ သမိုင်းများသည် အရေးကြီးပါသည်။ သက်ဆိုင်ရာ ပညာရှင်များနှင့် တာဝန်သိ ဒေသခံပြည်သူများကလည်း ရှေးယဉ်ကျေးမှုများကို ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့် ရှောက်လျက်ရှိပါသည်။
ထားဝယ်ဒေသ အတွင်းမှာလည်း ရှေးယဉ်ကျေးမှုအထောက်အထားများ တည်ရှိသည်။ သမိုင်း မတင်မီခေတ် (အကြိုသမိုင်းကာလ) ကျောက်ခေတ် သစ်ဓလေ့သုံး ကျောက်လက်နက်များ တွေ့ရှိရသလို ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခတ် သမိုင်း အထောက်အထားများကိုလည်း တွေ့ရှိရသည်။
ပျူလူမျိုးများသည် ဘီစီ နှစ်ရာစုမှ အေဒီ ကိုးရာစုအထိ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အခြေချ နေထိုင်ခဲ့ပြီး ယဉ်ကျေးမှုမြင့်မားသော လူမျိုးများဖြစ်သည်။ ယခုအခါ ပျူခေတ်ကို ပထမမြန်မာနိုင်ငံတော်အဖြစ် ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်နေပြီ ဖြစ်ပါသည်။ ပျူဓလေ့များကို တူးဖော်လေ့လာ သုတေသနပြုချက် များအရ သီးခြားဓလေ့ ဖြစ်ကြောင်း သိရသည်။
ပျူယဉ်ကျေးမှုနှင့် သက်ဆိုင်သော သမိုင်း အထောက်အထားအချို့ကို ထားဝယ်ဒေသအတွင်း တွေ့ရသည်။
(၁) မြို့ရိုးဝိုင်းခြင်း
ရှေးမြို့တော်အများစုတွင် ရန်သူကို ကာကွယ်ရန် မြို့တံတိုင်း တည်ဆောက်ခဲ့ကြသည်။ ထိုသို့ တည်ဆောက်ရာတွင် အ၀ိုင်းပုံ၊ လေးထောင့်ပုံ စသည်ဖြင့် ပုံစံ အမျိုးမျိုးရှိသည်။ ရှေးအကျဆုံး မြို့ဟောင်းများတွင် မြို့ရိုးအ၀ိုင်းပုံများ တွေ့ရသည်။ (ဥပမာ- သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊ ကျိုက္ကသာ)။ မြို့ရိုးတည်ဆောက်ပုံ စနစ်အရ အ၀ိုင်းသဏ္ဌာန်ရှိသော မြို့များသည် ရိုးရိုးသာမန် စတုဂံပုံသဏ္ဌာန်ရှိသော မြို့များထက် ယေဘုယျအားဖြင့် ပို၍သက်တမ်းစောသည်။ ရှေး ဟောင်း သုသေတနဌာန၏ မှတ်ချက်အရ သာဂရမြို့ဟောင်း၏ မြို့ရိုးသုံးထပ်တွင် အပြင်ဘက်ဆုံး မြို့ရိုးသည် ရှေးအကျဆုံး ဖြစ်၍ ပထမထောင်စုနှစ်အတွင်း တည်ဆောက်ခဲ့သည်ဟုဆိုသည်။ သာဂရမြို့ဟောင်းသည် လောင်းလုံးမြို့နယ်အတွင်းရှိ မြို့ဟောင်းရွာတွင် တည်ရှိသည်။
(၂) အရိုးအိုးဓလေ့
အရိုးအိုးဓလေ့ကို ပျူမြို့တော်များနှင့် ပျူတို့နေ ထိုင်ရာဒေသများတွင် တွေ့ရ သည်။ သာဂရမြို့ဟောင်း၏ တောင်ဘက်ရှိ ပျူသင်္ချိုင်းဟု ဒေသခံများ ခေါ်သောနေရာတွင် ရှေးအခါကပင် အရိုးအိုးများ ရရှိခဲ့သည်။ ယခုအချိန်တိုင် လယ်ထွန်ရင်း၊ မြေတူးရင်း အရိုးအိုးများ ရတတ်သည်။ အရိုးအိုးများကို သာဂရမြို့ဟောင်း ပတ်ဝန်းကျင်နှင့် မင်းရပ်ရွာတို့၌ တွေ့ရှိရသည်။
(၃) လက်ရေးစင်းပါအုတ်ချပ်
ရှေးမြို့ဟောင်းကြီးများတွင် တံတိုင်းနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အုတ်ချပ်ကြီးများကို အသုံးပြုခဲ့ကြသည်။ အများအားဖြင့် ၁၈_ ၉_ ၃ လက်မရှိ အုတ်ချပ်ကြီးများကို တွေ့ရသည်။ သာဂရမြို့ဟောင်းတွင် အုတ်ချပ်ကြီးများဖြင့် တည်ဆောက်ထားသော အဆောက်အဦ တခုရှိသည်။ ရှေးဟောင်းသုတေသနဌာနမှ စမ်းသပ် တူးဖော်ခဲ့သည်။ သာဂရမြို့ဟောင်းရှိ အုတ်ချပ်ကြီးများတွင် ရုပ်ပုံပါသော အုတ်ချပ်များ၊ စာပါသော အုတ်ချပ်များနှင့် လက်ရေးစင်းပါသော အုတ်ချပ်ကြီးများတွေ့ ရသည်။
(၄) ဒင်္ဂါး
ယခုလက်ရှိ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်မှ ဒင်္ဂါးငယ်များ ရှိခဲ့သည်။ သီရိဝစ္ဆတစ်ဖက်၊ ဘဒ္ဒပီဌ တဖက်ပါသည်။ ရွှေသို့မဟုတ် ငွေတခုခုဖြင့် ပြုလုပ်ထားသည်။ ဒင်္ဂါးငယ်များသည် အချင်း တစင်တီမီတာခန့်သာ ရှိသည်။ ထိုယုံကြည်မှု သင်္ကေတပါသော ဒင်္ဂါးများကို ပျူမြို့ကြီးများနှင့် အရှေ့တောင် အာရှဒေသအချို့တွင်လည်း တွေ့ရသည်ဟု ဆိုသည်။
(၅) အုတ်ခွက်ဘုရား
ထားဝယ်ဒေသအတွင်း အုတ်ခွက်ဘုရား အများစုကို ရှင်မုတ္တီးကျေးရွာမှ ရရှိသည်။ ထိုအုတ် ခွက်ဘုရားများတွင် ကျန်စစ်သားမင်း လက်ထက်မှ ထားဝယ်မြို့စားများ၏ ဆုတောင်းစာများ ပါသဖြင့် သမိုင်းတန်ဖိုးကြီးလှသည်။ အုတ်ခွက်များကို လေ့လာရာမှ ပျူခေတ်လက်ရာ အုတ်ခွက်တခုကို တွေ့ရှိရ သည်။ သရေခေတ္တရာမြို့ဟောင်းမှ ရရှိသော အုတ်ခွက် ဘုရားနှင့် လက်ရာတူသည်။ မှန်နန်း မဟာရာဇ၀င်တော်ကြီး ပထမတွဲ တပ္ဗဒီပပျူအပိုဒ်တွင် ရတနာပူရ သုနာပရန္တပြည်ကြီးသည် ကလာဗုမင်းလက်ထက်တွင် ပြည်ပျက်သည်။ လူတို့သည် သုံးစုသုံးမျိုး ကွဲလေကုန်သည်။ ရခိုင်ဓည၀တီ သို့တစု၊ တနင်္သာရီသို့တစု၊ ထားဝယ်သို့တစုကွဲ၍ ကြမ္မာသုံးမျိုး ဖြစ်ကုန်သည်ဟု ဖော်ပြသည်။
ဇမ္ဗူကွန်ချာကျမ်းတွင်လည်း ပျူတို့၏ အစကား ဟံသာနာဂရ- ဟန်လင်းဟုဆိုသည်။ ဟန်လင်းမြို့တည်ပုံ၊ အုပ်စိုးသောမင်းများ တရားပျက်ပုံ၊ ဟန်လင်း ပြည်ကြီးပျက်ပုံကို ရေးသားထားသည်။ ထိုဟန်လင်း ပြည်ပျက်သောအခါ သုံးစု သုံးမျိုးကွဲကြောင်း ဆိုသည်။ ဟန်လင်းမှ လူတို့သည် ဓည၀တီသို့ တစု၊ တနင်္သာရီ သို့တစု၊ ထားဝယ်ပြည်သို့လည်းတစု ကွဲကြ၍ မြမ္မာသုံးမျိုး ဖြစ်ကုန်သည်ဟု ဆိုသည်။
ရှေးမြန်မာသမိုင်း မှတ်တမ်းအချို့မှာလည်း ပျူတို့ကောင်းစားစဉ်အခါက ပျူ ၁၂ ပြည်ထောင်ရှိသည်ဟု ဆိုသည်။ ထို ၁၂ ပြည်ထောင်တွင် တနင်္သာရီပျူ (မြို့တော်ထားဝယ်) ဟု ဖော်ပြထားသည်။ သမိုင်းလေ့ လာသူတဦး၏ အဆိုအရ ကမ်းရိုးတန်းနေ ပျူလူမျိုးများရှိကြောင်းလည်း ဆိုသည်။
ထားဝယ်ဒေသအတွင်း ၁၉၉၉- ၂၀၀၀ ခုနှစ်များတွင် ရှေးဟောင်းသုတေသနဌာနမှ ရက်အနည်းငယ်ကြာ သာဂရမြို့ဟောင်းအား စမ်းသပ်တူး ဖော်လေ့လာခဲ့သည်။ ပညာရှင်များ ရှားပါးသည့်အပြင် စနစ် တကျတူးဖော်လေ့လာမှုများ မပြုလုပ်ရသေးပါ။ နောင်အချိန်တွင် အထက်ဖော်ပြခဲ့သော ပျူယဉ်ကျေးမှု အထောက်အထားများသာမက အခြားယဉ်ကျေးမှု အထောက်အထားများလည်း တွေ့ရှိနိုင်မည်ဟု ယုံကြည်လျက်ရှိပါသည်
ဘုန်းလူလှ ရေးသားသည်။
The Yangon Times
No comments:
Post a Comment