အတိတ်ကို ပြန်လည် အောက်မေ့သည့်စိတ်ကို အိမ်လွမ်းစိတ်၊ အိမ်လွမ်းဝေဒနာ၊ အိမ်လွမ်းစိတ္တဇဟု ခေါ်ကြသည်။ ကိုယ့်ဇာတိကိုပဲ ဖြစ်ဖြစ်၊ ချစ်ဦးသူကိုပဲဖြစ်ဖြစ်၊ ပထမဆုံးသော ချိုမြိန်သော အနမ်းကိုပဲဖြစ်ဖြစ် ပြန်လည်တသ လွမ်းဆွတ်ခြင်းသည် အိမ်လွမ်းစိတ္တဇ ဖြစ်သည်။
အိမ်လွမ်းစိတ်၊ အိမ်လွမ်းဝေဒနာ၊ အိမ်လွမ်းစိတ္တဇသည် ကဗျာနှင့် သမိုင်းကို မွေးဖွားပေးလိုက်သည်ဟု ဆိုနိုင်သည်။
ကဗျာဆရာ ဂျွန်ကိစ်က ဒရူးဝစ် မျိုးနွယ်တို့ အင်္ဂလန်သို့ ရောက်လာကြပုံ၊ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုးမြေတို့ကို မြင်၍ ကသို့ ကဗျာဖွဲ့သည်။
တိတ်ဆိတ်တဲ့ လွင်ပြင်ကို ဖြတ်ပြီး
ဖြည်းညင်းစွာ လျှောက်လာရခြင်းမှာ
နှစ်သက်စွဲလမ်းဖွယ်ရာ တစ်ခုရှိရဲ့
သည်နေရာဟာ ပြည်ချစ်စစ်ပွဲ ဆင်နွှဲတဲ့နေရာ
သည်နေရာဟာ ဘုန်းကျက်သရေ ဖြိုးဝေခဲ့ရာ
သည်နေရာဟာ ပျော်ရွှင်စရာနေရာ
သည်နေရာဟာ ရှေးဟောင်း ဒရူးဝစ်လူမျိုးတွေ အခြေချရာ
သည်နေရာဟာ ဖက်ယားပင် စိမ်းစိမ်းတွေ လွှမ်းခြုံရာ။
၁၆၈၉ ခုနှစ်က အင်္ဂလန်ပြည် ရီလိကာရန်ကစ်အရပ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲ၌ ဒန်ဒီတောင်ပေါ်သားတို့ အောင်ပွဲခံခဲ့ရာ စစ်မြေပြင် ကို မြင်သည့်အခါတွင် ကဗျာစာဆို ဝါစ်သဝပ်က ၁၈၀၃ ခုနှစ်တွင် အောက်ပါအတိုင်း ထိုအောင်ပွဲကို ပဲ့တင်ထပ်ခဲ့သည်။
အဲသည့်နေ့က တိုက်မိန့်ရတဲ့
တပ်သားဒန်ဒီ၊ တစ်နာရီလောက် ဖြစ်လိုက်ချင်ရဲ့
တို့ဘိုးဘွားများ မြင်လိုက်ရတဲ့ အောင်ပွဲမျိုးကို မြင်လိုက်ချင်ရဲ့။
ဂုဏ် အသရေမဲ့တဲ့သင်္ချိုင်းကို
ခြောက်သွေ့၍ တံလှပ်တို့ ထနေသော သဲကန္တာရကြီးထဲတွင် လဲကျနေသည့် ရှေးဟောင်းရုပ်ထုကြီး တစ်ခုကို မြင်သည့်အခါ ကဗျာ ဆရာ ရှယ်လီက သူ့စိတ်ကူးဖြင့် ထိုကျောက်ရုပ်ပေါ်တွင် ကမ္ပည်းထိုးကြည့်သည်။
'ငါအမည်သည် သြဇာမန္ဒိယတ်စ်
ဘုရင်တကာတို့၏ ဘုရင်
ငါအောင်မြင်မှုကို ကြည့်ကြကုန်၊ စိတ်ပျက်ကြကုန်'
ဘေးပတ်လည်တွှု ကျောက်ရုပ်ပျက်ကြီး
ဘေးပတ်လည်မှာ
အစအဆုံးမရှိတဲ့၊ ဟာလာဟင်းလင်းဖြစ်တဲ့
အထီးကျန်ဖြစ်တဲ့၊ ညီညာတဲ့ သဲပြင်ကြီးဟာ
မျှော်မဆုံးနိုင်အောင် တည်ရှိနေတယ်…။
ပုဂံ သရပါ တံခါးသို့ ရောက်ခဲ့သည့် ကဗျာဆရာဇော်ဂျီက သစ္စာရှိသော ကျန်စစ်သား၏ စကား သရပါတံခါး တဝိုက်တွင် ပဲ့တင်ထပ် နေသံကို ကြားယောင်သည်။
ကျန်စစ်သားမင်း၊ မြင်းမှဆင်း၍
နှင်းဆက်ထီးဖြူ၊ ခံယူမည်ထား
လက်ကာတား၏
မတ်များသခင်၊ ငါ့အရှင်သည်
အကယ်ပင် ရှိ မရှိ
အတပ်သိအောင်၊ ငါ့လှည့်စုံစမ်း
ကြိုးပမ်းဦးမည်၊ ရှာဦးမည်တည့်
ရှိသည် သိလျှင်၊ ငါ့အရှင်ကို
နန်းတင်ရမည်၊ ဦးညွှတ်မည်ဟု
ဤသို့ မိန့်ကြား၊ ကျန်စစ်သား၏
စကားသစ္စာ၊ သရပါ၌
ညင်သာပဲ့တင်၊ ခတ်ခဲ့ထင်၏
ညီခင်စိတ်မှာ၊ ကြားခဲ့ပါသည်
လွမ်းစရာပ၊ တံခါးဝ။
အစ်ကိုသတိရ၊ လွမ်းကြည့်က။ ။
ကဗျာဆရာ အဂ္ဂါအလန်းပိုးက မိန်းမချောတစ်ယောက်၏ မျက်နှာကို မြင်သည့်အခါတွင် လွမ်းတသော စိတ်ဖြင့်
ခေါမတိုင်းသည် ဂုဏ်ကျက်သရေ
ရောမတိုင်းသည် ဘုန်းလက်ရုံးဟု စပ်ခဲ့သည်။
သို့ဖြင့် ကဗျာဆရာများစွာတို့သည် အတိတ်ကို လှမ်းမျှော်ကြည့်ကာ အိမ်လွမ်းဝေဒနာ၊ အိမ်လွမ်းစိတ္တဇဖြင့် ကဗျာရေးကြသည်။
အိမ်လွမ်းစိတ်၊ အိမ်လွမ်းဝေဒနာသည် ကဗျာကို သာမက သမိုင်းကိုလည်း ရေးအောင် လှုံ့ဆော်ပေးသည်ဟု ဆိုနိုင်သည်။ 'စိတ်ကူး ယဉ်မှု ကူးစက်လွယ်ခြင်း မရှိသူ' ဟု သူ့ကိုယ်သူ ပြောလေ့ရှိသည့် ၁၈ ရာစုနှစ် အင်္ဂလိပ်သမိုင်းဆရာကြီး ဂစ်ဗွန်သည်ပင်လျှင် ရော မမြို့ကြီးကို ပထမဆုံးအကြိမ် ရောက်စဉ်က ရောမမြို့ပျက်ကြီးကို ကြည့်၍ အိမ်လွမ်းစိတ္တဇ ဖြစ်ခဲ့ဖူးသည်။
'အိပ်မပျော်သော ညတစ်ညကို လွန်မြောက်ခဲ့ပြီးနောက် ကျွန်ုသည် နှေးကွေးလေးကန်သော ခြေလှမ်းများဖြင့် ရောမမြို့ပျက်ကြီး ထဲက ပြည်သူ့ဟစ်တိုင် ကွက်လပ်ကြီးတွင် လျှောက်သွားနေမိခဲ့သည်။ ရောမဧကရာဇ်များ ဖြစ်ခဲ့ကြသည့် ရိုမျူးလတ်စ် ရပ်ခဲ့သည့် နေရာ၊ တူလီမိန့်ခွန်း မြွတ်ကြားခဲ့သည့်နေရာ၊ ဆီဇာ လဲကျခဲ့သည့်နေရာတို့သည် ကျွန်ုပ်၏ မျက်စိထဲတွင် တရေးရေးပေါ်လာကြ ကုန်သည်။ သို့ဖြင့် ကျွန်ုပ်သည် ယစ်မူးသော နေ့ပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည်။ သို့မဟုတ် ခံစားခဲ့ရသည်။ ထို့နောက်မှသာလျှင် ကျွန်ုပ်သည် တည်ငြိမ်သော၊ အသေးစိတ်သော လေ့လာစုံစမ်းမှုများကို ပြုလုပ်နိုင်တော့သည်' ဟု သူ၏ နာမည်ကျော် 'ရောမ လက်နက်' နိုင်ငံတော်ကြီး ပြိုကွဲကျဆုံးခြင်း' သမိုင်းကျမ်းကြီးရေးရန် စိတ်ကူးရခဲ့ပုံကို ရေးခဲ့သည်။
ပျောက်ကွယ် တိမ်မြုပ်သွားသော ယဉ်ကျေးမှုကြီးများကို မြင်လိုက်ရခြင်းသည် ကဗျာနှင့် သမိုင်း၊ ပန်းနု စိတ်ကူးအိမ်မက်နှင့် အိမ် လွမ်းစိတ္တဇကိုသာ မွေးဖွားပေးသည်မဟုတ်။ လက်တွေ့ကျကျ စဉ်းစားရမည့် အတွေးများကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။
အတိတ်က ယဉ်ကျေးမှုများ၊ အတိတ်သမိုင်းများ၊ အတိတ်အဖြစ်အပျက်များသည် မျက်မှောက်ခေတ်တွင် မည်သည့် သင်ခန်းစာများ ကို ပေးနိုင်သနည်း။
ဥပမာအားဖြင့် လွန်ခဲ့သည့် လေးငါးနှစ်က အမေရိကန် ယေးတက္ကသိုလ်မှ သမိုင်းပါမေက္ခ ပေါလ်ကင်နဒီက အရေးကြီးသည့် ကျမ်း တစ်စောင်ကို ထုတ်ဝေလိုက်သည်။ ထိုကျမ်းကို အမေရိကန် ပေါ်လစီရေးဆွဲသူများ၊ ပညာရှင်များ ဂရုတစိုက် ဖတ်နေကြသည်ဟု အဆိုရှိသည်။ ထိုကျမ်းမှာ 'မဟာအင်အားကြီး နိုင်ငံများ၏ ပေါ်ထွန်းမှုနှင့် ကျဆုံးမှု' ဆိုသည့် ကျမ်းဖြစ်သည်။ ထိုကျမ်းကို 'သက္ကရာဇ် ၁၅၀၀ မှ သက္ကရာဇ် ၂၀၀၀ အတွင်း စီးပွားရေး ပြောင်းလဲမှုနှင့် စစ်ရေးပဋိပက္ခများ ဟူ၍လည်း ခေါင်းစဉ်ငယ် ပေးထားသည်။ နှစ်ပေါင်း ၅၀၀ အတွင်း ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သော အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားပုံများကို ဖော်ပြထားသည်။
ပါမေက္ခ ကင်နဒီက ၁၅ ရာစုမှ သည်နေ့အထိသာ ရေးခြယ်ပြထားသည်မဟုတ်။ အနာဂတ် ၂၁ ရာစုတွင် ရှိနေမည့် နိုင်ငံကြီးများ၏ အနေအထားကိုလည်း ဟောကိန်းထုတ်ထားသည်။ ၂၁ ရာစုတွင် မည်သည့် လူမျိုးများက ရှေ့တန်းသို့ ရောက်လာပြီး မည်သည့် လူမျိုးများက နောက်တန်းသို့ ကျဆင်းသွားမည်ဟု တွက်ပြထားသည်။ ဗဒင်ဆရာတို့သည်လည်း သူနည်းနှင်နှင် တွက်ခဲ့ကြသည်။
သို့ရာတွင် ပါမေက္ခ ကင်နဒီသည် ဗေဒင်ဆရာမဟုတ်။ ထင်ရှားသည့် သမိုင်းဆရာကြီးတစ်ဦးဖြစ်သည်။ သမိုင်းဆရာကြီးတစ်ဦးက ထိုသို့ တွက်ပြလိုက်သည့်အခါတွင် စဉ်းစားစရာ၊ တွေးတောစရာ၊ သတိထားစရာ ဖြစ်လာခဲ့သည်။
ကင်နဒီက သူ့ကျမ်းတွင် တင်ပြလိုက်သည့်အချက်မှာ ရိုးရိုးရှင်းရှင်းကလေးမျှသာ ဖြစ်သည်။ ယင်းမှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အတက်အကျသည် ထိုနိုင်ငံ၏ စစ်အင်အားကြီးတစ်ရပ်အဖြစ် ကြီးထွားမှုနှင့် ကျဆင်းမှုတို့နှင့် ဆက်စပ်နေကြသည် ဟူသော အဆို ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စစ်အင်အားနှင့် စီးပွားရေးအင်အားကို အကဲဖြတ်ရာတွင် သူတစ်ဦးတည်းကြည့်၍ အကဲဖြတ်ခြင်း မပြုသင့်။ အခြားသော နိုင်ငံများ၏ စစ်အင်အားနှင့် စီးပွာရေးအင်အားတို့နှင့် နှိုင်းယှဉ်၍ အကဲဖြတ်ခြင်းပြုသင့်သည်ဟု ကင်နဒီက ဆိုသည်။ 'ယနေ့ နိုင်ငံတကာစနစ်ကြီးထဲတွင် ဓနဥစ္စာနှင့် အင်အား၊ စီးပွားရေးနှင့် စစ်အင်အားတို့သည် တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ် သဘော အရသာတည်ရှိနေကြခြင်းဖြစ်သည်။…. လူ့အဖွဲ့အစည်းများအားလုံးသည် ထိုပြောင်းလဲခြင်းတရားသေဘာ၏ လက် အောက်ခံမျှသာ ဖြစ်ကြသည့်အတွက် နိုင်ငံတကာ အင်အားချိန်ခွင်လျှာသည်လည်း မည်သည့်အခါမျှ တည်ငြိမ်နိုင်လိမ့်မည် မဟုတ် ချေ' ဟု သူက ရေးခဲ့သည်။
စစ်အင်အားကို တိုးချဲ့ရန်အတွက် ဓနဥစ္စာကို အမြဲတမ်းလိုသည်။ ဓနဥစ္စာကို ထိန်းသိမ်းရန်အတွက် စစ်အင်အားကိုလည်း အမြဲ တမ်းလိုသည်။ နိုင်ငံများသည် မိမိတို့ ရန်သူများကို စိုးရိမ်ကြောင့်ကြလျက် ရှိကြပြီး ထို့သို့ စိုးရိမ်ကြောင့်ကြ နေကြရသဖြင့် ပြည် တွင်းတွင် စစ်အင်အားနှင့် ဓနဥစ္စာတို့ ညီမျှနေအောင်လည်း အမြဲတမ်း ကြိုးစားနေကြရသည်။ လုံခြုံရေးအတွက် စစ်တပ်များလို သည်။
ယင်းတို့မှာ ပေါလ်ကင်နဒီက သူ့ကျမ်းတွင် တင်ပြသွားသည့်အချက်များဖြစ်သည်။
သူက လက်ရှိ မဟာအင်အားကြီးနိုင်ငံများ၏ အနေအထားကိုလည်း ဝေဖန်တင်ပြသွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် စက် မှုတိုးတက်မှုနှုန်းထား ကျဆင်းနေသည်။
စစ်ရေးပါဝင်ပတ်သက်မှုများ များပြားလွန်းနေသည်။ ယနေ့တွင် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုများနှင့် တာဝန်များသည် အမေရိကန်နိုင်ငံက စွမ်းဆောင်နိုင်သည်ထက် များပြားကြီးလေးလွန်းနေသည်။ အမေရိကန်၏ လွမ်းမိုးကြီးစိုး မှုသည် တဖြည်းဖြည်း ကျဆင်းနေသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုက စစ်ရေးနှင့် စီးပွားရေးအရ အားနည်းလာခြင်း ကြောင့်မဟုတ်။ အခြားတိုင်းပြည်များက ပို၍ ချမ်းသာလာကာ ပို၍ အင်အား ကောင်းလာခြင်းကြောင့်ဖြစ်သည်ဟု သူကဆိုသည်။ ရှေ့လာမည့် ကာလများတွင် ကမ္ဘာ့ရေးရာများ၌ တရုတ်ပြည်၊ ဂျပန်ပြည်တို့သည် အရေးကြီးသော အခန်းမှ ပါလာကြလိမ့်မည်။ အမျိုးသားရေး ကွဲလွဲချက်များကို ကျော်လွှားနိုင်လျှင် ဥရောပဘုံဈေးနိုင်ငံများသည်လည်း အရေးကြီးသော အခန်းမှ ပါလာကြလိမ့် မည်။ ဆိုဗီယက်ယူနီယံမှာ ကြီးမားသည့် စစ်ယန္တရားနှင့် စီးပွားရေးအီနေမှုတို့ ရှိနေသည်။ ထို့ကြောင့် ဆိုဗီယက် ယူနီယံတွင် အကျပ်အတည်းတွေ၊ ညည်းသံညူသံတွေ ပေါ်ထွက်လာနိုင်သည်ဟု သူက ထောက်ပြခဲ့သည်။
ယင်းတို့မှာ သမိုင်းဆရာ ကင်နဒီ၏ ဟောကိန်းများဖြစ်သည်။
မြသန်းတင့်
သူက လက်ရှိ မဟာအင်အားကြီးနိုင်ငံများ၏ အနေအထားကိုလည်း ဝေဖန်တင်ပြသွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် စက် မှုတိုးတက်မှုနှုန်းထား ကျဆင်းနေသည်။
စစ်ရေးပါဝင်ပတ်သက်မှုများ များပြားလွန်းနေသည်။ ယနေ့တွင် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုများနှင့် တာဝန်များသည် အမေရိကန်နိုင်ငံက စွမ်းဆောင်နိုင်သည်ထက် များပြားကြီးလေးလွန်းနေသည်။ အမေရိကန်၏ လွမ်းမိုးကြီးစိုး မှုသည် တဖြည်းဖြည်း ကျဆင်းနေသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုက စစ်ရေးနှင့် စီးပွားရေးအရ အားနည်းလာခြင်း ကြောင့်မဟုတ်။ အခြားတိုင်းပြည်များက ပို၍ ချမ်းသာလာကာ ပို၍ အင်အား ကောင်းလာခြင်းကြောင့်ဖြစ်သည်ဟု သူကဆိုသည်။ ရှေ့လာမည့် ကာလများတွင် ကမ္ဘာ့ရေးရာများ၌ တရုတ်ပြည်၊ ဂျပန်ပြည်တို့သည် အရေးကြီးသော အခန်းမှ ပါလာကြလိမ့်မည်။ အမျိုးသားရေး ကွဲလွဲချက်များကို ကျော်လွှားနိုင်လျှင် ဥရောပဘုံဈေးနိုင်ငံများသည်လည်း အရေးကြီးသော အခန်းမှ ပါလာကြလိမ့် မည်။ ဆိုဗီယက်ယူနီယံမှာ ကြီးမားသည့် စစ်ယန္တရားနှင့် စီးပွားရေးအီနေမှုတို့ ရှိနေသည်။ ထို့ကြောင့် ဆိုဗီယက် ယူနီယံတွင် အကျပ်အတည်းတွေ၊ ညည်းသံညူသံတွေ ပေါ်ထွက်လာနိုင်သည်ဟု သူက ထောက်ပြခဲ့သည်။
ယင်းတို့မှာ သမိုင်းဆရာ ကင်နဒီ၏ ဟောကိန်းများဖြစ်သည်။
မြသန်းတင့်
သမိုင်းစကား ပန်းစကားစာအုပ်မှ။
No comments:
Post a Comment