လိပ်ဖြစ်သွားသော ကြမ်းပိုးတစ်ကောင် အကြောင်း


ကျွန်တော်ကတော့ ကြမ်းပိုး တစ်ကောင်ပါ။ ကားပွဲစား ကိုမော်ထွန်းတို့ အိမ်မှာ နေပါတယ်။

ကိုမော်ထွန်းတို့ တစ်အိမ်လုံးလည်း ကျွန်တော်တို့ အမျိုးတွေချည်းပါပဲ။ ဆွေစဉ်မျိုးဆက် နေလာ ခဲ့ကြတာ ဆိုတော့လေ။ ကျွန်တော့်တို့တစ်တွေက သူတို့ လင်မယား အိပ်တဲ့စောင်တွေ၊ ခြင်ထောင်တွေ၊ မွေ့ရာတွေ၊ ခေါင်းအုံးတွေမှာ နေတယ်။ ဖျာတွေကြားမှာ နေတယ်။ စားပွဲ၊ ကုလားထိုင်၊ ဆက်တီခုံ၊ အ၀တ်ဗီရိုတွေမှာ နေတယ်။ ကြမ်းကြိုကြမ်းကြား၊ ပျဉ်ကြိုပျဉ် ကြားမှာ နေတယ်။ အဆင်ပြေ ပြေသလို နေနေကြတော့ သူ့အိမ်မှာ ရှိတဲ့ ကျွန်တော့် ဆွေမျိုးဦးရေဟာ ရေတောင် မရေတွက်နိုင်တော့ဘူး။ မပေါက်သေးတဲ့ မျိုးဆက်သစ် ကြမ်းပိုးဥတွေကလည်း တန်းစီနေတာ ဆိုတော့ ကြွားတတ်ရင် ကျွန်တော်တို့က “သိပ် မျိုးအောင်တာဗျ” လို့ ကြွားလို့တောင် ရပါတယ်။

ကိုမော်ထွန်းလား။ ကိုမော်ထွန်း အကြောင်း မကြားဖူးဘူးလား။ ကိုမော်ထွန်းက ကားလောကမှာတော့ ဆရာကြီးလေ။ သူ့ကို မသိတဲ့လူ ခပ်ရှားရှားပါ။ ဟံသာဝတီ ကားဝိုင်းမှာရော၊ သတိပဌာန် ၀ိုင်းမှာရော သူက နာမည် တစ်လုံးနဲ့ နေနေတာ။ လူကြည့်တော့ဗျာ၊ အသားက  မည်းမည်း၊ အရပ်က ပုပျပ်ပျပ်နဲ့ ဥပဓိရုပ် မရှိလှပါ ဘူး။ ဒါပေမဲ့“တော်ကီ” ကတော့ ရေရေလည်လည် မြောက်တဲ့လူ။ ဘယ်ပွဲစားမှ သူ့ကို လိုက်မမီဘူး။

သူတို့ အချင်းချင်း ပြောစကားအရ ဆိုရင် ဘယ်လိုမှ ရောင်းမထွက်တဲ့ အန်းတိတ် ကားကြီးတွေကို တန်ရာတန်ကြေးနဲ့ ထွက်အောင် သူပဲ ရောင်းပေးနိုင်တယ်တဲ့။ ၀ယ်လက်ဘက်က နေရမယ ဆိုရင်လည်း တော်တော်လေး ကားကြော တင်းနေသေးတဲ့ ကားကို စုတ်ပြတ် သတ်နေအောင် အပြစ်ပြောပြီး အောက်ဈေးနဲ့ ရအောင် သူပဲ ၀ယ်ပေးနိုင်တယ် တဲ့။ တော်ကီနဲ့ ပတ်သက်ရင် သူတို့ ပွဲစား အချင်းချင်းက တောင် လက်ဖျား ခါရတဲ့ လူ ဆိုပဲ။

သူနဲ့ ပတ်သက်ပြီး သူတို့ လောကမှာ ပြောစမှတ်ဖြစ် နေတာက-
“ကိုမော်ထွန်း ဆိုတဲ့ လူကတော့ဗျာ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင်၊ လိပ်ကို ကြမ်းပိုးဖြစ်အောင် အတော် တတ်နိုင်တဲ့ လူပါပဲ”တဲ့။

ကိုမော်ထွန်းက ဒါလောက် အရည်အချင်း ရှိနေပြီဆိုတော့ ဒီလူ တော်တော်လေး ရေလျှံနေပြီလို့ ခင်ဗျား ထင်လိမ့်မယ်။ နိုး နိုး၊ မထင်နဲ့ဗျို့။ လုံးဝ မဟုတ်ဘူး။ လုံးဝရေ မလျှံဘူး။ ရေမလျှံရုံမက အများအားဖြင့် ရေခန်းနေ တတ်တယ်။ မခန်းခံနိုင်ရိုးလားဗျာ။ ရှာတာ ရှာနိုင်ပေမယ့် အသုံး အဖြုန်းက ကြီးတာကိုး။ အလောင်းအစားကလည်း ၀ါသနာ ပါတယ်ဗျ။ အသောက် အစားလေးကလည်း ၀ါသနာ ပါတယ်ဗျ။ ပိုက်ဆံကို ပိုက်ဆံ မမှတ်တာ သူ။ နှမြော တွန့်တိုစိတ် အလျှင်းမရှိ၊ စုဖို့ ဆောင်းဖို့ လုံးဝ စိတ်မကူး။ လွယ်လွယ်ရတော့ လွယ်လွယ် သုံး၊ အပေါင်းအသင်း တရုန်းရုန်းနဲ့ နေနေရတာကိုပဲ သူက ပျော်မွေ့ နေတာလေ။

သူ့မိန်းမက မပြုံးရီတဲ့။ သိပ်သဘောကောင်းတဲ့ အမျိုး သမီးပါ။ ဘယ်တော့ကြည့်ကြည့် နာမည်နဲ့ လိုက်အောင် ပြုံးရယ်နေတာပဲ။ သူ့ ယောက်ျားအပေါ်လည်း တော်တော် သည်းညည်းခံနိုင်တဲ့ မိန်းမ။ သူ့ယောက်ျားမူးပြီး ပြန် လာလည်း ဘာမှ မပြောဘူး။ မမူးဘဲ ပြန်လာလည်း ဘာမှ မပြောဘူး။ နောက်တစ်နေ့ မိုးလင်းမှ ပြန်ရောက်လာလည်း အေးဆေးပဲ။ ပိုက်ဆံ ပေးလည်း ယူလိုက်တာပဲ။ မပေးလည်း နေလိုက်တာပဲ။ ပစိပစပ်လည်း မများဘူး။  သူများ မိန်းမတွေလို မေးလား မြန်းလား၊ စစ်လား၊ ဆေးလားလည်း မရှိဘူး။ တစ်ခါ တစ်ခါ ဟိုလူက မူးမူးနဲ့ ရစ်သေးတာ။ အဲဒီလို အခါမျိုး ဆိုရင်လည်း သူက ရယ်ပဲနေ လိုက်တော့ ရစ်တဲ့လူ မောပြီး နောက်ဆုံး ပါးစပ် ပိတ်သွားရ တာချည်းပဲ။

မပြုံးရီက သဘော ကောင်းပေမယ့် အနေအထိုင် တော့ နည်းနည်း ညစ်ပတ်တယ်ဗျ။ ကိုမော်ထွန်းက မိုးလင်းမိုးချုပ် အပြင်မှာချည်းပဲ ဆိုတော့ အိမ်မှာ သူတစ်ယောက်တည်းပဲ ရှိတာ များပါတယ်။ အဲဒါ အိမ်ကို လှည်းဟယ်၊ ကျင်းဟယ်၊ ရှင်းဟယ်၊ လင်းဟယ် သိပ်မလုပ်ဘူး။ မနက်တစ်ခါ ပြက်ကယ်ပြက်ကယ်နဲ့ တံမြက်စည်းလေး လေးငါး ဆယ်ချက် ခတ်ပြီးရင် သူ့အိမ် သန့်ရှင်းရေး လုပ်တာ ပြီးသွားပြီ။ ဈေးသွားစရာရှိ သွား တယ်။ ချက်ပြုတ်စရာရှိ ချက်ပြုတ်၊ လျှော်စရာ ရှိတာလေး လျှော်ပြီးရင် သူဘာ လုပ်တယ်ထင်လဲ။ တစ်နေ ကုန် အခွေ ထိုင်ကြည့်နေတော့ တာ။ ကလေးကလည်း မရှိဘူး မဟုတ်လား။ အချိန်တွေ အများကြီး ပိုနေတာကိုး။ ဒီတော့ နေတိုးကား မကြည့်ဖူးတာ မရှိဘူး။ ပြေတီဦးကား မကြည့်ဖူးတာ မရှိဘူး။ သူထူးစံကား မကြည့်ဖူးတာ မရှိဘူး။ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဘယ်လောက် ရှည်ရှည်လာခဲ့။ ထမင်းမစား ဘဲကို ကြည့်ပြလိုက်ဦးမယ်။

သူ့လို အိမ်ရှင်မမျိုး ကြောင့်လည်း ကျွန်တော်တို့ ဆွေမျိုးတစ်တွေ သူတို့အိမ်မှာ မြဲနေတာပေါ့ဗျာ။ သူတို့ အိမ်မှာ အေးအေးချမ်းချမ်း နေနေရတာပေါ့။  အဲ... တစ်ခါတလေ တော့လည်း မုန်တိုင်းထန်တဲ့ ကာလမျိုး ကြုံဖူးပါရဲ့။ တမြန် နှစ်တုန်းကတော့ မပြုံးရီရဲ့အစ်မ မန္တလေးမှာ နေတဲ့ မအုန်းကြည်ဆိုတဲ့ အမျိုး သမီးကြီး အိမ်ရောက်လာ တယ်။ ရောက်လာတော့ ညီ အစ်မနှစ်ယောက် အိမ်ရှေ့ ဆက်တီခုံမှာ ထိုင်စကားပြော ကြတာပေါ့။ စကား ပြောလို့မှ ငါးမိနစ် မပြည့်သေးဘူး။ မအုန်းကြည်ထိုင်ရာက ထခုန် ပြီး ကုန်းအော်ပါလေရော။

“ဟဲ့- ပြုံးရီ၊ နင်တို့ ကုလားထိုင်မှာ ဘာတွေလဲ။ ကြမ်းပိုးတွေများလား။ ငါ့ကို ကိုက်တာ ဖင်တွေကို ပူနေပြီ။ ဟယ်- ဟုတ်ပါ့။ ကြည့်စမ်း၊ အောင်မယ်လေး-ဘုရား၊ ဘုရား နည်းတဲ့ ကြမ်းပိုးတွေ လား။ အို- တန်းစီနေတာ မနည်းမနော ပါလားဟဲ့”

မအုန်းကြည်က ခုန်ဆွ ခုန်ဆွ ဖြစ်နေပေမယ့် မပြုံးရီ ကတော့ ထုံးစံအတိုင်း ထိုင်ရာ မထ ရယ်ကျဲကျဲလေး လုပ်နေတယ်။ “ရယ်မနေနဲ့၊ ရယ်မနေ နဲ၊့ နင် မရှက်ဘူးလားဟင်။ ကိုယ့်အိမ်လာတဲ့ ဧည့်သည့်ကို ကိုယ် ဘယ်လောက် ညစ်ပတ်တယ် ဆိုတာ ကြေညာ နေတာလား။ နင်တို့မို့ နေနိုင် လိုက်တာဟယ်”

“ဟီး.. ဟီး.. ကျွန်မ က တမင်မွေးထားတာ မမ”
“ဘာ တမင်မွေးထား တာ”
“ဟုတ်တယ်၊ တမင် မွေးထားတာ မမရဲ့။ ကိုမော် ထွန်း မိတ်ဆွေတွေက ပွဲစား များများလေ။ သိပ်လေကြော ရှည်ကြတာ။ သူတို့ အိမ်လာရင် တော်တော်နဲ့ မထဘူး။ သူတို့ မပြန်တော့ ကျွန်မ အခွေကြည့် ပျက်တာပေါ့။ ဒါကြောင့် သူတို့တွေ မြန်မြန် ပြန်အောင် တမင် မရှင်းဘဲ ထားလိုက်တာ ဟီး ဟီး”

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ အရူးမ။ ဒါကျန်းမာရေး ထိခိုက်တယ် သိလား။ မဖြစ်ဘူး။ မဖြစ် ဘူး။ ငါကိုယ်တိုင်ပဲ ကြည့် ရှင်းရတော့မှာပဲ။ ကဲ-လုပ်၊ ရေနွေးအိုးတည်။ ပြီးရင် ဟောဟို လမ်းထိပ်ကုန်ဆုံဆိုင် က ပိုလိုကြမ်းပိုးဆေး သုံးဘူးလောက် သွားဝယ်ခဲ့”

အဲဒီနေ့ကတော့ ကျွန်တော်တို့ ကမ္ဘာပျက်တဲ့ နေ့ပါပဲ။ မအုန်းကြည် ဆိုတဲ့ မိစ္ဆာမကြီးက တစ်အိမ်လုံးကို ပိုလိုဆေးတွေဖျန်း၊ ခုံတွေ၊ ကုလားထိုင်တွေကြား ရေနွေး ပူတွေနဲ့လောင်း၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ နေပူထုတ်လှန်း၊ မွေ့ရာကို တုတ်နဲ့ တဗုန်းဗုန်းရိုက်နဲ့ ကျွန်တော်တို့ ပြေးပေါက် မှားခဲ့ရတယ်။ အဲဒီနေ့ကတော့ မအုန်းကြည် လက်ချက်နဲ့ ကျွန်တော့်ဆွေမျိုးတွေ တော်တော်များများ အသက်ဆုံးရှုံး ခဲ့ရပါတယ်ဗျာ။ ကျွန်တော်တောင် ကံသီလို့ လွတ်ခဲ့ရတာ။ ဒါပေမဲ့ဗျာ။ မအုန်းကြည် ကျွန်တော်တို့ကို မျိုး မဖြုတ်နိုင်ပါဘူး။ ကျွန်တော်တို့က ဆွေမျိုးအင်အား သိပ်တောင့်တာကိုး။

နောက်ဆုံးတော့ သူပဲ လက်လျှော့ သွားရတယ်။ ပထမ ရန်ကုန်မှာ တစ်ပတ် လောက်နေဖို့ စီစဉ် ထားရာက သုံးရက်တည်း နေပြီး မန္တလေး ပြန်လစ်ပြေးတော့ တာပါပဲ။ မပြုံးရီက သူ့အစ်မ စောစောပြန်ပြေးလို့ ကျွန်တော်တို့ကို ကျေးဇူးတွေ ဘာတွေတောင် တင်နေသေးတယ်။ အခုတော့ အေးအေးဆေးဆေး ပြန်ဖြစ်သွားပြန်ပြီ။ ကျွန်တော်တို့ ဘ၀က အဲဒီလိုဗျ။

ဝါလကင်းလွတ် သီတင်းကျွတ်ရဲ့ ညတစ်ညပေါ့ ဗျာ။ အချိန်ကတော့ ၁၁ နာရီ လောက်ရှိပါပြီ။ လူခြေတိတ် စပြုနေတဲ့အချိန်မှာ ကိုမော် ထွန်း သိုင်းကွက်နင်းပြီး အိမ်ပေါ် တက်လာတယ်။ သူ့ ဘော်ဒါပွဲစားနှစ်ယောက်က တစ်ဖက်တစ်ချက် တွဲလို့။ သူတို့ ၀င်လာတာနဲ့ ထုံးစံ အတိုင်း အနံ့ကတော့ ထောင်း ခနဲပေါ့။

“မပြုံးရီ၊ ဗျို့ မပြုံးရီ၊ ခင်ဗျား ယောက်ျားကို ပြန်လာ ပို့တာ”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
“ခင်ဗျား ယောက်ျား ဒီနေ့လည်း ကြမ်းပိုးတစ်ကောင်ကို လိပ်ဖြစ်အောင် လုပ်လိုက်ပြန်ပြီ။ ဒါကြောင့် ဒီနေ့ အိတ်ကြီး ဖောင်းပြီး ပြန်လာတာ။ ယောက်ျားကို ဂရု စိုက်လိုက်ပါဦးနော် ဟဲဟဲ”

မပြုံးရီက ပြုံးပြုံးရယ် ရယ်နဲ့ပဲ သူ့ယောက်ျားကို ကြိုဆိုပါတယ်။ ဟိုလူနှစ် ယောက်ပြန်သွားတော့-
“ထမင်းကော စားခဲ့ ပြီလား ကိုမော်ထွန်း”
“အေး..”

ကိုမော်ထွန်းက အာလေး လျှာလေးကြီးနဲ့ “အေး” လို့ပြောပြီး- “ရော့...ပိုက်ဆံအိတ်၊ အဲဒီထဲမှာ နှစ်သိန်းယူပြီး ပေါင်ထားတဲ့ မင်းဆွဲကြိုး ပြန်ရွေးလိုက်”တဲ့။

ပြောပြီးတာနဲ့ အိပ်ခန်းထဲ ယိုင်ထိုးယိုင်ထိုး ၀င်သွားပြီး ခြေမဆေး၊ လက်မဆေး အ၀တ်အစား မလဲဘဲ အိပ်ရာပေါ် ၀မ်းလျားကြီး မှောက်ပြီး ထိုးအိပ်ချလိုက်ပါလေရော။ မပြုံးရီက ပိုက်ဆံအိတ်ကို အ၀တ်ဗီရိုထဲ ပစ်ထည့်လိုက်တယ်။ နောက်တော့ ကိုမော်ထွန်းအတွက် ခြင်ထောင် ချပေးပြီး သူ ကြည့် လက်စ အခွေကို ဆက်ကြည့် နေတော့တယ်။

ကိုမော်ထွန်းက ချက်ချင်း ဆိုသလို အိပ်ပျော်သွားပြီး တခေါခေါနဲ့ ဟောက်နေလေ ရဲ့။ သူက အိပ်ပျော်သွားပေမယ့် ကျွန်တော်ကတော့ ငေါင်ကျန်ရစ်တယ်။ ခါတိုင်း ဆိုရင်တော့ အသေကြီးလို အိပ်မောကျနေတဲ့ ကိုမော်ထွန်းရဲ့ သွေးတွေကို ကျွန်တော်က စုပ်ချင်တိုင်း စုပ်ပေါ့။ အခုတော့ စုပ်ချင်စိတ်ကို မရှိဘူးဗျာ။ နားထဲမှာ ဟိုပွဲ စားနှစ်ယောက် ပြောသွားတဲ့ စကားက မထွက်ဘူး ဖြစ်နေတယ်။

“ခင်ဗျား ယောက်ျား ဒီနေ့လည်း ကြမ်းပိုးတစ် ကောင်ကို လိပ်ဖြစ်အောင် လုပ်လိုက်ပြန်ပြီ” ဆိုတဲ့ စကားလေ။ အမှန်တော့ ဒီစကားကို ကျွန်တော် အခုမှကြားဖူးတာ မဟုတ်ပါဘူး။ မကြာခဏ ကြားဖူးနေတဲ့ စကားပါ။ ကြားဖူးတာမှ အကြိမ်ပေါင်းကို မရေတွက်နိုင်တော့ဘူး။ ထူးထူးခြားခြားဗျာ၊ ဒီနေ့မှ လာပြီး ကျွန်တော့် စိတ်ထဲ လေးနက်နေတယ်။

ကိုမော်ထွန်းက ကြမ်း ပိုးတစ်ကောင်ကို လိပ်ဖြစ် အောင် လုပ်လိုက်တယ်တဲ့။ ဒါအမှန်ပဲလား။  နေပါဦး။ ကြမ်းပိုးကို လိပ်ဖြစ်အောင် တကယ်ပဲ လုပ်နိုင်တယ်လား။ လုပ်လို့ ရတယ်လား။ ဘယ်လိုများ လုပ်တာပါလိမ့်နော်။ ဒါထက် လိပ်ဆိုတာကကော ဘယ်လို သတ္တ၀ါမျိုးလဲ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဖူးပါလား။ ကြားသာ ကြားဖူးနေတာ။ လိပ်ဆိုတာကို တစ်ခါလောက် မြင်ဖူးချင် လိုက်တာဗျာ။

အဲဒီညကတော့ ကျွန်တော်ဟာ အတွေး ၀င်္ကပါမှာ ချာချာလည်ရင်း တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။ အတွေးတစ်စရရင် အဲဒီ အတွေးအိမ်မှာ ငြိတွယ်နေ တတ်တာက ကျွန်တော့် အကျင့်။ မိုးလင်းခါနီးမှ မှေးခနဲ ပျော်သွားတော့တယ်။ နောက်နေ့မနက် မိုးစင်စင် လင်းတာနဲ့ ကျွန်တော်က ကျွန်တော့် ညီအစ်ကို၊ မောင် နှမ၊ ဆွေမျိုးသားချင်းတွေ အကုန်လုံးကို လျှောက်မေး ကြည့်တယ်။ “လိပ်ဆိုတာ ဘယ်လို သတ္တ၀ါလဲ၊ တွေ့ဖူးရင် သိရင် ပြောပြစမ်းပါ” လို့။

ဘယ်သူမှ မသိကြဘူး။ ဘယ်သူမှလည်း မတွေ့ဖူး ကြဘူး။ ဘယ်သူမှမဖြေနိုင် ကြဘူး။ နောက်မှ သွားသတိရတယ်။ အိမ့်နောက်ဖေး အ၀င် အထွက် တံခါးက ဟနေတဲ့ ပျဉ်ကြားမှာ အနေများတဲ့ ကျွန်တော့်ဘကြီး နှစ်ဝမ်းကွဲ ကိုပါ။

အဲဒီဘကြီးက အသက်လည်း ကြီးပြီ။ ဗဟုသုတလည်း စုံတယ်။ အကြောင်း အရာ တော်တော် များများကိုလည်း သိတယ်။ သူက ကိုမော်ထွန်းရဲ့ ချိုင်းပြတ်ဂျာ ကင်အင်္ကျီအိတ်မှာ အကြာ ကြီးနေဖူးတော့ ကိုမော်ထွန်း သွားလေရာ တကောက်ကောက် လိုက်နေရသလို ဖြစ် နေခဲ့တာကိုး။ ကိုမော်ထွန်း ကလည်း ပြီးခဲ့တဲ့ တစ်ဆောင်းတွင်းလုံး အဲဒီ အင်္ကျီကို မချွတ်တမ်း ၀တ်ခဲ့တာလေ။

ဘကြီးက ပြောဖူးတယ်။ သူကတဲ့ ဟံသာဝတီ ကားဝိုင်းလည်း ရောက်ဖူးတယ်။ သတိပဌာန်ဝိုင်း လည်း ရောက်ဖူးတယ်။ စားသောက်ဆိုင် တော်တော် များများလည်း ရောက်ဖူးတယ်။ တည်းခိုခန်းတွေလည်း ရောက် ဖူးတယ်။ KTV တို့၊ အနှိပ်ခန်းတို့လည်း မရောက်ဖူးတဲ့ ဆိုင်မရှိသလောက်ပဲ တဲ့။

ဒီတော့ ကြမ်းပိုးမျိုးတွေ က ၀ိုင်းမေးကြတာပေါ့။ “ဘကြီး၊ ကျွန်တော်တို့ ကို အဲဒီ KTV တို့၊ အနှိပ်ခန်း တို့အကြောင်း ပြောပြပါ”ပေါ့။         ဘကြီးက မပြောပြဘူး။

“တော်စမ်းပါကွာ။ မပြောချင်ပါဘူး။ ငါဖြင့် မျက်စိရှက်၊ နားရှက်လွန်းလို့ ဘယ်လို နေရမှန်းကို မသိပါ ဘူး” ဆိုတော့ ကြမ်းပိုးမျိုး တွေက သူတို့သိချင်တာ မသိရလို့ ဘကြီးကို ကျေတောင် မကျေနပ်ကြဘူး။

ကဲ- ထားတော့။ ဘကြီးက နေရာစုံ ရောက်ဖူးတဲ့သူ ဆိုတော့ လိပ်ဆိုတဲ့ သတ္တ၀ါကိုလည်း မြင်ဖူးမှာ သေချာတယ်။ သူ့ကိုပဲ သွားမေးရင် ကောင်းမယ်ဆိုပြီး ဘကြီးရှိတဲ့ နေရာရောက်အောင် သွားရတယ်။ မေး တော့ ဘကြီးက ပြောပြပါ တယ်။ “လိပ်ဆိုတာ ပုံသဏ္ဌာန်က တို့နဲ့ ခပ်ဆင်ဆင်ပဲကွ။ အဲ-ဒါပေမဲ့ သူတို့က အကောင်ကြီးတယ်။ အလုံး အထည်ရှိတယ်။ သူတို့ကျောမှာ အခွံမာရှိတယ်။ ကိုယ်လုံးကတော့ တို့လို ခပ်ဝိုင်း ၀ိုင်းပါပဲ”တဲ့။

အကောင်ကြီးတယ် အလုံးအထည်ရှိတယ် ဆိုတာနဲ့တင် လိပ်ကို ကျွန်တော် တော်တော် သဘောကျသွားပြီ။ ကျွန်တော်က အကောင် ကြီးချင်နေတာလေ။ အကောင်ကြီးမှ အလုံး အထည်ရှိမှ လူရိုသေ၊ ရှင်ရိုသေ ဖြစ်မှာ မဟုတ်လား။ ကျွန်တော်တို့ ကြမ်းပိုး ဘ၀ကတော့ဗျာ။ အကောင် သေးတာနဲ့ပဲ အဘက်ဘက်က တစ်ပန်း ရှုံးနေတာပါ။ အကောင်သေးတဲ့ အတွက် လူမလေး၊ ခွေးမခန့်။ ဘယ် သူမှလည်း ကျွန်တော်တို့ကို အထင်မကြီးဘူး။ ဘယ်သူမှလည်း ကျွန်တော်တို့ကို တန်ဖိုး မထားဘူး။ မမြင်လိုက်နဲ့ မြင်လိုက်တာနဲ့ ကျွန်တော်တို့ကို မျိုးဖြုတ်ချင်တဲ့ သူ ချည်းပဲ။ ဒီတော့ ကျွန်တော်တို့က အကြိုအကြားမှာ မထင် မရှားနဲ့ ပုန်းလျှိုးကွယ်လျှိုး နေနေရတာပေါ့။

အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော်က ကိုယ့်ဘ၀ကိုယ် စိတ်ပျက်နေတာ ကြာပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ကြမ်း ပိုးဘ၀က အနှိမ် ခံရလွန်းလို့ ပါဗျာ။ ခင်ဗျား စဉ်းစားကြည့်လေ။ လူတွေ ပြောပြောနေတဲ့ စကားအရ ဆိုရင် ကြမ်းပိုးဆိုတာ လုံးဝ သုံးစားလို့ မရတဲ့ အလကား ကောင်ဗျ။ လူ အချင်းချင်း ထဲမှာတောင် အလုပ်မရှိ၊ အကိုင်မရှိ၊ အခြေ အနေမဲ့နေတဲ့လူကို သူတို့ ခေါ်တာက “ကြမ်းပိုး”တဲ့။ ကဲ-ပြီးတော့၊ ပေချင် တိုင်းပေ၊ တေချင်းတိုင်းတေ၊ လေချင်တိုင်း လေနေတဲ့ လူတွေကို ခေါ်တာကျတော့ “တေလေကြမ်းပိုး”တဲ့။

ရှိသေးတယ်။လူစကားမှာ တွဲတွဲ သုံးနေတဲ့ စကား အသုံးအနှုန်းတစ်လုံးက  “ကြမ်းပိုးသူခိုး”တဲ့။ ဘာလဲဗျ ကြမ်းပိုးသူခိုး။ ကြမ်းပိုးဟာ ကြမ်းပိုးပေါ့။ သူခိုးဟာ သူခိုးပေါ့။ ဘာကြမ်းပိုး သူခိုးလဲ။ ကြမ်းပိုးကို သူခိုးနဲ့ တွဲ သုံးစရာလား။ အဲဒါတွေ ကျွန်တော် မခံချင်တာ။

ဒါတင် ဘယ်ကမလဲ။ “ခွေးလှေးကြမ်းပိုး”တဲ့။ ခွေးလှေးကိုများ ကြမ်းပိုးနဲ့ တွဲသုံး ထားသေးတယ်။ သဘောက တော့ဗျာ။ လောက်လောက်လားလား မရှိဘူးပေါ့။ အရေး မပါဘူးပေါ့။ အရာ မ၀င်ဘူးပေါ့။ ဘယ်လောက် ခံပြင်းဖို့ ကောင်းလဲ။

အဲဒါတွေကြောင့် ကျွန်တော် ကြမ်းပိုး မဖြစ်ချင်တော့တာ။ ကြမ်းပိုး ဘ၀ကို မခံယူချင်တော့တာ။ ကြမ်းပိုး ဘ၀ကို စိတ်နာတာ။ အခု သိရတာက.... လိပ်ဆိုတာ ကျွန်တော်တို့နဲ့ ပုံသဏ္ဌာန်ချင်း တူတယ်။ ဒါပေမဲ့ သူက အကောင်ကြီး တယ် အလုံးအထည်ရှိတယ် ဆိုတော့ ကျွန်တော် လိပ်ဖြစ် ချင်စိတ်ပေါက်လာတယ်။

လိပ်ဖြစ်ရင် သိပ် ကောင်းမှာပဲ။
လိပ်ဖြစ်ချင်လိုက်တာ၊
လိပ်ဖြစ်ချင်လိုက်တာ၊
လိပ်ဖြစ်ချင်လိုက်တာ၊
လိပ်တစ်ကောင်ဖြစ် ချင်လိုက်တာဗျာ။

“ပညတ်သွားရာ ဓာတ်သက်ပါ” ဆိုတဲ့ စကားဟာ အလွန် မှန်တယ်ဗျာ။ နောက်ပြီး “ဆန္ဒ၀တော ကိနာံမကမ္မံနသိဇ္ဈတိ” ဆိုတဲ့ ပါဠိတော်ကလည်း မှန်တာပဲ။ “ပြင်းပြသော အလိုဆန္ဒ ရှိသူအဖို့ အဘယ်အမှု ကိစ္စ ဟူသမျှသည် မအောင်မြင် ဘဲရှိအံ့နည်း”တဲ့။

ကျွန်တော်က လိပ် သိပ်ဖြစ်ချင်တာ မဟုတ်လား။ လိပ်ဖြစ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် တစ်မနက်မှာ ကျွန်တော်ဟာ တကယ်ပဲ လိပ်တစ်ကောင် ဖြစ်လာခဲ့ပါ တယ်။ ပထမတော့ ကျွန်တော့် ကိုယ်ကျွန်တော် လိပ်ဖြစ်နေ မှန်း လုံးဝမသိဘူး။ အဲဒီ မနက် စောစောစီးစီး မပြုံးရီ အလန့်တကြား ထအော်လို့ သိလိုက်ရတာ။
“ဟယ်- လိပ်ကလေး တစ်ကောင်တော့။ ဘယ်လိုလုပ် အိပ်ရာထဲ ရောက်နေလဲ မသိဘူး”

“လိပ်”ဆိုတဲ့ အသံ ကြားတာနဲ့ ကျွန်တော်လည်း ကိုမော်ထွန်း စောင်အမြိတ် ကြားနှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မော ကျနေရာက ဖျတ်ခနဲ လန့်နိုးလာတယ်။

လိပ်၊ လိပ်၊ လိပ် ဟုတ်လား။ ဘယ်မလဲ လိပ်။ လိပ်ကို မြင်ချင်နေတာနဲ့ အတော်ပဲ။ ကျွန်တော်လည်း မျက်လုံးပြူးပြဲပြီး ဘေးဘီကို ကမန်းကတန်း ရှာကြည့်တာ ပေါ့။ ဒါပေမဲ့ အနီးအနားမှာ ဘာကောင်မှလည်း မတွေ့ဘူး။ မပြုံးရီက ကျွန်တော့်ကို ညာလက်နဲ့ ကောက်ကိုင်ပြီး သူ့ရဲ့ ဘယ်ဘက်လက်ဖ၀ါး ပေါ်တင်လိုက်တယ်။ ပြီးတော့- “လိပ်ကို အခုမှပဲ အနီးကပ် မြင်ဖူးတော့တယ်” လို့ ပြောတော့မှ လိပ်ဆို တာ ကျွန်တော့်ကို ပြောမှန်း၊ ကျွန်တော်ကိုယ်တိုင် လိပ်ဖြစ် နေမှန်း သိရတော့တယ်။ မပြုံးရီက ပါးစပ်ကြီး ဟပြီး အိပ်ပျော်နေတဲ့ သူ့ ယောက်ျားရဲ့ရင်ဘတ်ကို နှစ် ချက်၊ သုံးချက်ပုတ်နှိုးလိုက် ပြီး....
“ကိုမော်ထွန်း၊ ကိုမော်ထွန်း၊ ထကြည့်စမ်းပါဦး။ ဟောဒီမှာ လိပ်ကလေး တစ်ကောင်တော့”
ကိုမော်ထွန်းက “အင်း” လို့ အသံရှည်ဆွဲပြီး နည်းနည်းလှုပ်လာတယ်။
“မျက်လုံးလေး ဘာလေး ဖွင့်ကြည့်စမ်းပါဦး၊ ရှင်ကလည်း”
“ဘာလဲကွာ.....။ အိပ်နေတဲ့ဟာကို”
ကိုမော်ထွန်းက လုံးဝ မျက်လုံး မဖွင့်ဘူး။

“ဟောဒီလိပ် ဘယ်လို လုပ်ပြီး အိပ်ရာထဲ ရောက်နေမှန်း မသိဘူး။ ခြင်ထောင် ပတ်ပတ်လည်လည်း သေချာ ဖိထားလျက်နဲ့။ အတော်တော့ ထူးဆန်းတာပဲ ကိုမော်ထွန်း”
“မထူးဆန်းဘူး။ မထူးဆန်းဘူး။ အဲဒီကောင်က အပြင်က ၀င်လာတာလည်း မဟုတ်ဘူး။ အိပ်ရာထဲ ရှိနေတဲ့ ကြမ်းပိုး တစ်ကောင်ကို လိပ်ဖြစ်သွားအောင် ငါလုပ်လိုက်တာ”

ကိုမော်ထွန်းက အိပ်ချင် မူးတူးသံကြီးနဲ့ ဗလုံးဗထွေး ပြောရင်း ညာဘက်ကို စောင်းပြီး ပြန်အိပ်ပျော်သွား ပါတယ်။ ပြီး တခူးခူးနဲ့ ဟောက်နေလေရဲ့။ ဟင်..ဒါဆို ကျွန်တော့်ကို လိပ်ဖြစ်အောင် ကိုမော် ထွန်းက တကယ် လုပ်လိုက်တာပေါ့။ ကျွန်တော့် ကိုယ်ကို ကျွန်တော် သေချာ ငုံ့ကြည့် လိုက်တော့ ဟာ.. နည်းတဲ့ ခန္ဓာကိုယ်ကြီး မဟုတ်ဘူး။ အလုံးအထည်နဲ့ ခန့်ခန့်ကြီး ဖြစ်နေတာဗျ။
ဝေး..ဟေး..ဟေး။ ၀မ်းသာလိုက်တာ။ ၀မ်းသာ လိုက်တာ။ ကျွန်တော် လိပ် ဖြစ်ပြီ။ အောင်မယ်လေး- ကျေးဇူးပါပဲ ဆရာကိုမော် ထွန်းရေ။

Thank you so much.     Thanks a lot.

ဆရာ့ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူး။ ဒီကရှေ့ “ဆရာ” လို့ပဲ ခေါ်တော့မယ် နော်။ “ဆရာ ကိုမော်ထွန်း” လို့ပဲ ခေါ်တော့မယ်နော်။ နောက်တော့ မပြုံး... အဲ..ဆရာကတော် မပြုံးရီက ကျွန်တော့်ကို အသာလေး မပြီး ခြင်ထောင်ထဲက ထွက်လာတယ်။ ပြီးတော့ အိမ်ရှေ့ခေါ် သွားတယ်။ ကြမ်းပေါ်အသာ ချပြီး...

“လိပ်ကလေးကို ဘာ ကျွေးရ ကောင်းမလဲ။ သြော်- သိပြီ၊ သိပြီ။ လိပ်စာ ဆိုတာ ပေါက်ပေါက်ဆုပ်နဲ့ ကန်စွန်းရွက်ပဲ။ အိမ်မှာ ပေါက်ပေါက်ဆုပ်တော့ မရှိဘူး။ ကန်စွန်းရွက်ပဲ ရှိတယ်။ ဒါပဲ ကျွေးမယ်” သူတစ်ယောက်တည်း  ပါးစပ်က တတွတ်တွတ် ရွတ်၊ ပြီးတော့ မီးဖိုထဲက ကန်စွန်းရွက်တစ်စည်း သွား ယူလာပြီး ကျွန်တော့်ကို ချကျွေးပါလေရောဗျို့။
“စား..လိပ်ကလေး ရေ၊ စား..စား..” တဲ့။
ကျွန်တော်က ကန်စွန်း ရွက် စားလေ့စားထ မရှိတော့ ဘယ်စားတတ်မလဲ။ မစား ဘူးပေါ့။
“စားလေ လိပ်ကလေး ရဲ့”

ကန်စွန်းရွက်စည်းကို ကျွန်တော့် ပါးစပ်နားအထိ တိုးပေးတယ်။ ကျွန်တော်က ခေါင်းကို တစ်ဖက်လှည့် ပစ်တော့ ဆရာကတော် စိတ်မကောင်း ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဆရာ ကိုမော်ထွန်းရဲ့မိတ်ဆွေ ပွဲစား တစ်ယောက်က လေးဆင့်ချိုင့် တစ်လုံးဆွဲပြီး အိမ်ပေါ်တက် လာတယ်။
“မနိုးသေးဘူးလား  အာစရိ”
ဆရာကတော့် လက်ထဲ လေးဆင့်ချိုင့်ကို ထိုးအပ်ပြီး မေးတယ်။
“ထုံးစံ အတိုင်းပေါ့”

“ကျွန်တော့်သား အငယ်ကောင် ငါးနှစ်ပြည့်လို့ အရုဏ်ဆွမ်းကပ်တယ်လေ။ ဘုန်းကြီးငါးပါးပါ။ လူကြီး တွေတော့ မဖိတ်ဘူး။ ကလေး ပရိသတ် သက်သက်ပဲ။ အုန်းနို့ခေါက်ဆွဲ စားတယ် မဟုတ်လား။ အာစရိကိုတော့ သိပ်အများကြီး မကျွေးနဲ့နော်။ ဒီလူ သွေးတိုးရှိသလိုလို ပြောနေလို့”
“ဟုတ်ကဲ့..ဟုတ်ကဲ့”

ဆရာကတော် မပြုံးရီ မီးဖိုထဲဝင်သွားပြီး ချိုင့်လှယ် နေတုန်း အဲဒီပုဂ်္ဂိုလ်က ကျွန်တော့်ကို ငုံ့ကြည့်တယ်။
ဆရာကတော် ပြန် ထွက်လာတော့..
“ဒီလိပ် ခင်ဗျား ဘယ်က ကောက်လာတာလဲ ဒေါ်ပြုံးရီ” လို့ မေးတယ်။

“ဘယ်ကမှ ကောက်လာတာ မဟုတ်ပါဘူး ကိုဝင်း ဘိုရယ်။ အိပ်ရာထဲ အလိုလို ရောက်နေတဲ့ လိပ်ပါ။ ကျွန်မလည်း ခုမနက်မှ တွေ့တာပါ ပဲ။ စောစောကတင် အပြင် ထုတ်လာပြီး အစာ ကျွေးနေတာ။ အိမ်ရှိတဲ့ ကန်စွန်းရွက် ကျွေးတာလည်း မစားဘူး။ ဘာကျွေးရ ကောင်းမလဲ မသိ ဘူး”

“ဘာလဲ၊ ခင်ဗျားက ကြမ်းပိုးမွေးတာ အားမရလို့ လိပ်ပါ မွေးဦးမလို့လား”

“မမွေးပါဘူးရှင်။ လောလောဆယ် သူ ဆာနေမှာစိုး လို့ ရှိတာလေး ကျွေးထားတာပါ။ နေ့ခင်းဘက်အားမှ ဗိုလ်တထောင်ဘုရားက လိပ် ကန်ဖြစ်ဖြစ်၊ ရွှေတိဂုံ ဘုရား ခြေရင်းက လိပ်ကန်မှာ ဖြစ် ဖြစ် သွားပို့မှာပါ”

“နေဦး၊ နေဦး၊ ကျွန်တော် သေချာကြည့်စမ်း မယ်။ အင်း..ခင်ဗျား လိပ် က လိပ်တော့လိပ်ပဲ။ ဒါပေမဲ့ ရေလိပ် မဟုတ်ဘူး။ ကုန်း လိပ်ဗျ၊ ကန်ထဲ သွားချလို့ မရဘူး။

“ဟုတ်လား”
ဘုရားရေ၊ ကျွန်တော်က လိပ်တော့ လိပ်ပဲတဲ့။ ဒါပေမဲ့ ရေလိပ် မဟုတ်ဘူး တဲ့။ ကုန်းလိပ်တဲ့။ လိပ်မှာ တောင် ကုန်းလိပ်နဲ့ ရေလိပ်က ကွဲသေးသကိုး။ ဒီလူ ပြောတဲ့အတိုင်း ဆိုရင် ကျွန်တော် ကုန်းပေါ်မှာပဲ နေရမှာပေါ့နော်။ အင်း.. ပွဲစားစကား ဟုတ်လေလား၊ မဟုတ်လေလား မသိပါဘူးဗျာ။

“အတော်ပဲ၊ အတော်ပဲ။ ဒီနေ့ ကျွန်တော့်သားကို တိရစ္ဆာန်ရုံ ပို့ပေးရမှာ။ ဒီတော့ တိရစ္ဆာန်ရုံသွားရင်း ခင်ဗျား လိပ်ကို ယူသွားပေးမယ်။ အဲ- နေဦး။ တစ်ခုတော့ ရှိတယ်။ အပြင်က လိပ်ကို တိရစ္ဆာန်ရုံက လက်ခံပါ့ မလား မပြောတတ်ဘူး။ အို..ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ရပါတယ်။ မမြင်အောင် ယူသွားပြီး လိပ်တွေထားတဲ့ နေရာရောက်တဲ့အခါ အစောင့် တွေအလစ်မှာ အသာလေး ထားခဲ့လိုက်မယ်”

“ကျေးဇူးပါပဲရှင်။ ယူ သွားပေးစမ်းပါ။ နို့မို့ ကျွန်မ လက်ထဲသေသွားမှာ စိုးလို့ ပါ။ ဘယ်သတ္တ၀ါမဆို အပေါင်းအဖော်တွေရှိမှ အသက်ရှင်နိုင်တာ မဟုတ် လား။ ရှင်လည်း ကုသိုလ်ရ တာပေါ့။ ဇီဝိတဒါနဆိုတာ ပြုရခဲပါတယ်”ဒီလိုနဲ့ ကျွန်တော့်ဘ၀ တစ်ဆစ်ချိုး၊ ကြမ်းပိုးကနေ လိပ်ဖြစ်၊ လိပ်ဖြစ်တော့ တိရစ္ဆာန်ရုံကို ရောက်ခဲ့ရပါ တော့တယ်။

လိပ် သိပ်ဖြစ်ချင်နေတဲ့ ကျွန်တော်ဟာ အခုတော့ ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်း ကျသွားပြီလို့ ပြောရမှာပေါ့။ ရောက်ရောက်ချင်ုးန်းကတော့ ကျွန်တော် နည်းနည်း အားငယ်သလို ဖြစ်မိတယ်။ တိရစ္ဆာန်ရုံမှာ ရှိနှင့်နေတဲ့ လိပ်တွေက မျက်နှာစိမ်း ဖြစ်တဲ့ကျွန်တော့်ကို သိပ်ဟက်ဟက်ပက်ပက် မရှိခဲ့ဘူးလေ။ နောက်ပိုင်းမှ အခေါ်အပြောလေး လုပ်ပြီး နွေးနွေးထွေးထွေး ဆက်ဆံလာတာ။

ကျွန်တော်ကလည်း သူ တို့ကိုအောက်ကျခံပြီး ပေါင်းပါတယ်။ သူတို့ နေသလိုနေ၊ သူတို့ စားသလိုစား၊ သူတို့သွား သလိုသွားပေါ့။ ကျွန်တော့် အနေနဲ့ သူတို့ အမူအကျင့်နဲ့ မတူတူအောင် အတော်လေး လေ့ကျင့် ခဲ့ရတဲ့ အပိုင်းလည်း ရှိပါတယ်။ အခုတော့ သူတို့နဲ့ ကျွန်တော် တစ်သားတည်း ဖြစ်သွားပါပြီ။ လိပ် အသိုင်း အ၀ိုင်းမှာလည်း တော်တော် ၀င်ဆံ့နေပြီ ဆိုပါတော့။

တိရစ္ဆာန်ရုံ ဆိုတော့ လူစည်ကားတယ်ဗျ။ လူက ပြတ်တယ် မရှိဘူး။ လူကြီးတွေ၊ လူငယ်တွေ၊ ကလေး တွေ၊ မိသားစုတွေ၊ ချစ်သူ စုံတွဲတွေဆိုတာ လာလိုက် ကြတာ လာလိုက်ကြတာ။ ရုံးပိတ်ရက်၊ ကျောင်းပိတ် ရက်များဆိုရင် ပိုဆိုးသေး။ လူသံ သူသံတွေ ဆူညံလွန်း လို့ နေခင်းနေ့လယ်ဘက် လေး တစ်မှေးလောက် မှေး ချင်တာ မမှေးရဘူး။

တစ်နေ့တော့ဗျာ။ မှတ်မှတ်ရရ အဲဒီနေ့က တနင်္ဂနွေနေ့ဗျ။ မနက်ပိုင်း တိရစ္ဆာန်ရုံ ဖွင့်ခါစ ရှိသေးတယ်။ နီညို ရောင် တူညီဝတ်စုံ ၀တ်ထားတဲ့ ကလေး ၃၀ လောက်ဟာ  ဆရာမ သုံးဦးခြံရံပြီး ကျွန်တော်တို့ နေရာရှေ့ကို ရောက်လာကြတယ်။ ကလေးလေးတွေက  အသက် သုံးလေးနှစ် အရွယ် လောက်ပဲရှိတာဆိုတော့ ကြည့်ရတာ မူကြိုကျောင်း တစ်ကျောင်းကနဲ့ တူပါ တယ်။ ကျောင်းပြင်ပ ပတ်ဝန်းကျင် လေ့လာရေး ထွက်လာတာထင်ပါရဲ့။

ကျွန်တော်တို့ ရုံရှေ့မှာ ကျွန်တော်တို့ကို ၀ိုင်းငုံ့ကြည့် ကြပြီး ခေါင်းဆောင် ဆရာမက စမေးတယ်။
“သားတို့ သမီးတို့ရေ၊ ရှေ့က အကောင်လေးတွေက ဘာကောင်လဲ ဆိုတာ သိကြ သလား”

“သိပါတယ် ဆရာမ”

ကလေးတွေပြန်ဖြေတဲ့ အသံက စာပြီး ညီနေတာပဲ။

“သိရင်ပြောပြပါဦး၊ ဘာကောင်လဲ”

“လိပ်ပါ ဆရာမ”

“ဟုတ်ပြီ၊ လိပ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ”

“တောတပ်(စ) ပါ ဆရာမ”

“တော်တယ်ဟေ့၊ တောတပ်(စ်) ကို ဘယ်လို စာလုံးပေါင်းလဲ”

“T-O-R-T-O-I-S-E ပါ ဆရာမ”

“Good ”

ကြည့်စမ်း၊ ခုခေတ် ကလေးတွေ မဆိုးဘူး။ အင်္ဂလိပ်စာ အခြေခံ ကောင်းကြတယ်နော်။ မူကြိုကျောင်း တွေကလည်း အင်္ဂလိပ်စာကို အပြိုင်အဆိုင် သင်ပေးတယ် လို့ ကြားဖူးတယ်။ ဆရာ တပည့်တွေကလည်း အပေး အယူကို မျှလို့။

“ဟဲ့ ဟဲ့ အောင်မယ် လေး၊ ဝေယံစွမ်းထက်နိုင်၊ ဘယ်လိုဖြစ်လို့ ဒါလောက် နောက်ကျရတာလဲ။ လာလာ မြန်မြန်၊ ဒီမှာ သူများတွေဖြင့် စာမေးတာ ဖြေပြီးသွားပြီ”

ဆရာမ တစ်ယောက်နဲ့ အတူ အိပဲ့အိပဲ့နဲ့ လမ်းလျှောက်လာတဲ့ ကလေး လေး တစ်ယောက်ကို ခေါင်းဆောင် ဆရာမက အားမလို အားမရနဲ့ လှမ်းပြောတယ်။

“ဝေယံစွမ်းထက်နိုင် တစ်ယောက်ဟာလေ၊ စာရေးလည်းနှေး၊ ပုံဆွဲလည်းနှေး၊ ထမင်းစားလည်းနှေး၊ လမ်း လျှောက်လည်းနှေးနဲ့ သားကို ဆရာမက ဝေယံစွမ်းထက်နိုင် လို့ မခေါ်ချင်တော့ဘူး။ မောင်လိပ်ပုလို့ပဲ ခေါ်ချင် တော့တယ်”

ဆရာမ စကားကြောင့် ကျန်တဲ့ကလေးတွေက ၀ါးခနဲ ၀ိုင်းရယ်ကြတယ်။
“ဘာလုပ်လုပ် နှေးနေရင် လူစင်စစ်ကနေ လိပ်ဖြစ်သွားတတ်တယ်နော်”
ကလေးတွေက ထပ် ရယ်ပြန်တယ်။ ဝေယံစွမ်း ထက်နိုင် ဆိုတဲ့ ကလေးက တော့ ရှက်စနိုးလေးပြုံးလို့။
“ကဲ..သားတို့၊ သမီး တို့ထဲက လိပ်ဖြစ်ချင်တဲ့ သူရှိလား”

“မရှိပါဘူး ဆရာမ”

“မောင်လိပ်ပု၊ မလိပ်ပုလို့ အခေါ်ခံချင်ကြသလား”

“အခေါ် မခံချင်ပါဘူး ဆရာမ”

“အခေါ်မခံချင်ဘူး ဆိုရင် လိပ်လို နှေးလို့ ဖြစ်မလား”

“မဖြစ်ပါဘူး ဆရာမ”

ဒါဆို၊ လာမြန်မြန်၊ နေမပူခင် သမင်လေးတွေ ဘက်သွားကြည့်ကြရအောင်။ နှစ်ယောက်တစ်တန်း စီမယ်၊ နှစ်ယောက်တစ်တန်း စီမယ်”

ပြောပြောဆိုဆိုနဲ့ ဆရာမ လေးယောက်နဲ့ ကလေး တစ်အုပ် ကျွန်တော့်တို့ နေရာ ရှေ့က ထွက်သွားကြပါလေ ရော”အောင်မာ၊ လက်စ သတ်တော့ စောစောစီးစီး ဒီ ဆရာတပည့်တွေ ကျွန်တော် တို့ လိပ်တွေကို အသားလွတ်ကြီး လာဆော်သွားသကိုး။ လိပ်ဖြစ်ချင်တဲ့သူ ရှိလား မေးတော့ မရှိပါဘူးတဲ့။ မောင်လိပ်ပု၊ မလိပ်ပု အခေါ် မချင်ကြသလားဆိုတော့ အခေါ်မခံချင်ပါဘူးတဲ့။ ကောင်းကွာ။

တော်တော်လေးကြာ တော့ မိသားစု တစ်စု ရောက် လာပြန်တယ်။ အဖေက အသက် ၄၅ နှစ်၊ သမီးလေးက ၁၃ နှစ် လောက်၊ သားလေးက ၈ နှစ်၊ ၉ နှစ်လောက်ရှိမယ်။ ကျွန်တော်တို့ကို စိတ်ဝင်တစား လာကြည့်ကြတယ်။ သားလေးက ကျွန်တော့်ကို လက်ညှိုးထိုး ပြီး-
“ဖေဖေ၊ ဟောဟို လိပ် ကလေးက ချစ်စရာလေး နော်” တဲ့။

ကျွန်တော့် ရင်ထဲလှိုက် ခနဲ ဖြစ်သွားတယ်။ ကျွန်တော့် ဘ၀မှာ ကျွန်တော် ဟာ ချစ်စရာ ကောင်းတယ်လို့ တစ်ခါမှ အပြောမခံရဖူးဘူး။ ဒါပထမဦးဆုံးပဲ။ ကျွန်တော် တော်တော် ပျော်သွားတယ်။ ကြမ်းပိုး ဘ၀တုန်းကများ ဆိုရင် အချစ် ခံရဖို့ နေနေသာသာ၊ ကိုယ့်ကို မတွေ့လိုက်နဲ့၊ တွေ့လိုက်တာနဲ့“ဟဲ့ ဟဲ့ ကြမ်းပိုး၊ ကြမ်းပိုး၊ ဖမ်းဖမ်း၊ မိအောင် ဖမ်း” ဆိုပြီး ခြေမြန်လက်မြန် ဗျစ်ဗျစ်နဲ့ ညှစ်သတ်ချင်တဲ့ သူချည်းပဲ။ ကိုယ်က ကိုယ်ယောင် အဖျောက် ကောင်းလို့သာ လွတ်လွတ်လာတာ။ ခုတော့ ကျွန်တော်က ချစ်စ ရာလေးတဲ့။ အဟိ။

ဒါပေမဲ့ သူ့အဖေ ပြန် ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့် အပျော်လေးတွေ ချက်ချင်း လွင့်ပါး ပျောက် ကွယ်သွားရပါတယ်။
“လိပ်ကိုများ မချစ်ချင် စမ်းပါနဲ့ သားရယ်” တဲ့။

“ဘာဖြစ်လို့လဲ ဖေဖေ”

“ဟာ- ဒါလောက် နှေး ကွေးတဲ့ သတ္တ၀ါ၊ ဘာလုပ် ရမှာလဲ။ ပြီးတော့ လိပ်ဆို တာ တစ်ကိုယ်ကောင်း သမား သားရဲ့။ ကိုယ့်ဘက်ပဲ ကိုယ် ယက်တယ်။ အလကား ကောင်တွေပါ”
အဖေ့စကားကြောင့် သားမျက်နှာလေးက ခပ်တွေတွေ ဖြစ်သွားတယ်။

“သားတို့ ဖတ်စာထဲ ပါ တာကတော့ သိပ်ဝီရိယ ကောင်းတာတဲ့။ ယုန်နဲ့လိပ် အပြေးပြိုင်ကြတော့ လိပ်က ယုန်လို အပြေး မသန်ပေမယ့် ၀ီရိယကောင်းတဲ့ အတွက် အနိုင် ရသွားတယ် ဖေဖေရဲ့”

ဟုတ်တယ်။ ဒီသူငယ် ပြောတာ မှန်တယ်။ ချက်ကျ လက်ကျ ရှိတယ်။ ပိုင်တယ် ကွ။
“သားလေး ပြောတာကို မေမေလည်း ထောက်ခံတယ်။ အင်္ဂလိပ် စကားပုံတောင် ရှိသေးတယ်လေ။ Slow and Steady wins the race တဲ့”

သားကို သိပ်ချစ်တဲ့ မအေနဲ့ တူပါတယ်။ သူ့သား ဘက်က အပြတ်ရပ်တည် ပေးတယ်။
“အဲဒါ၊ ဟိုးရှေးရှေး တုန်းက အယူအဆတွေပါ အမေကြီးရယ်။ ခေတ်မရှိ တော့ပါဘူး။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုတာ လည်း ခေတ်ကုန်သွားပါပြီ။ ခေတ်အောက်သွားပါပြီ။ လူတိုင်း သွက်သွက်ကြီး ပြေး နေတဲ့ ခေတ်ကာလကြီးမှာ နှေးနေလို့ ဘယ်ဖြစ်မှာတုံး။ တစ်နေ့တစ်လံ လုပ်နေလို့ နောက်ဆုံးက ကျန်ခဲ့မှာပေါ့။ ဘိတ်ချီးပဲဖြစ်မှာပေါ့။ သူများ နဲ့ရင်ပေါင်တန်းချင်သပဆိုရင် တို့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို သူများခြေတစ် လှမ်းလှမ်းရင်၊ ကိုယ်ကလေး ငါးဆယ်လှမ်းလှမ်းဖို့ လို တယ်လေ။ အခုဆို လေးငါး ဆယ်လှမ်းတောင် မရတော့ ဘူး။ ခြေကုန်သုတ်နိုင်မှ တော်ကာ ကျမယ်ကွယ့်။ ဖြည်းဖြည်းနဲ့ မှန်မှန်ဆိုတာ အီးရော အီးရောနဲ့ အဓိပ်္ပာယ် အတူတူပဲ”

“အဲဒီတော့ ၀ီရိယ သမားရဲ့အခန်း ကဏ္ဍကကော အဖေကြီး”

“၀ီရိယလည်း လိုတာပေါ့။ သိပ်လိုတာပေါ့။ ဒါပေ မဲ့ ၀ီရိယတစ်ခုတည်းနဲ့တော့ မရနိုင်တော့ဘူး။ ၀ီရိယ လည်း လိုတယ်။ မြန်လည်း မြန်ရမယ်။ မှန်လည်းမှန်ရ မယ်။ ဦးနှောက်ကလည်း စံမီရမယ်။ အမြင်ကလည်း ကျယ်ရမယ်။ ဒါမှ နောက်မှာ ပြတ်မကျန်ခဲ့မှာ”

“လိပ်အကြောင်း ပြော နေရာက အဖေကြီးစကားက ဘယ်ကို ချော်တောငေါ့သွား ပြန်တာတုံး”
“လိပ်အကြောင်းပြော နေတာပါပဲ။ လိပ်ဆိုတာ အလွန်နှေးတဲ့ သတ္တ၀ါမို့ ချစ်စရာ မကောင်းပါဘူးလို့ သားကို ရှင်းပြနေတာလေ။ သားဖေဖေ ပြောတာ သဘော ပေါက်တယ် မဟုတ်လား”

“ဟုတ်”

“နောက်ပြီး လိပ်တွေကို သေချာကြည့်စမ်းသား။ သူတို့ လမ်းလျှောက်တာ ဘာကြောင့် နှေးနေသလဲ။ အမှန် တော့ သူတို့က သူတို့ဘက် သူတို့ယက်ပြီး လျှောက်နေလို့ ခြေလှမ်း နှေးနေတာ သားရဲ့။ သူတို့သာ သူတို့ဘက် မယက်ဘဲ ခြေကုန်ဖွင့်လျှောက် ကြည့်ပါလား။ ဘယ်နှေး လိမ့်မလဲ။ မြန်သွားမှာပေါ့။ ဟုတ်တယ် မဟုတ်လား သား”

“ဟုတ်တယ် ဖေဖေ”

“နောက်တစ်ချက် ရှိသေးတယ်။ သူတို့ကျောမှာ အဖိုးတန် အခွံမာကြီးကိုလည်း ထမ်းထားသေးတယ်လေ။ အဲဒါကြောင့် သူတို့က လေးလေးနဲ့ နှေးနှေးကြီး ဖြစ်နေ တာပေါ့”

“ဥစ္စာခြောက်တယ် ဆိုတာ အဲဒါမျိုးလား ဖေဖေ”

သမီး အပျိုပေါက်က ၀င်ပြောပြန်ရော။
အဲ... အဲဒါလည်း ဖြစ်နိုင်တာပဲ။ ဟား...ဟား... ဟား...ငါ့သမီးက တော် တော်တော် ကတ်သီးကတ် သတ် ပြောတတ်တာပဲ”

ပြီးတော့ သားအမိ၊ သားအဖတစ်တွေလေ အားမနာ လျှာမကျိုး ကျွန်တော့်ကို ရှေ့ထားပြီး တဟားဟားနဲ့ ရယ်ကြတာ အကြာကြီးပဲ။ ကျွန်တော် ဆိုတာ လည်း ရှက်လွန်းလို့ မျက်နှာ ဘယ်ထား ရမှန်းတောင် မသိ တော့ပါဘူး။ နောက်ဆုံး ဘယ်လိုမှ တောင့်မခံနိုင် တော့လို့ ကိုယ့်မျက်နှာကို ကိုယ့်အခွံထဲ ကမန်းကတန်း ၀ှက်သွင်း ပစ်လိုက်ရတော့ တယ်။

သူတို့သားအမိ၊ သား အဖတွေ ရယ်ရယ်မောမောနဲ့ မြွေရုံဘက် ထွက်သွားမှပဲ ကျွန်တော်လည်း ခေါင်းပြန် ဖော်ဝံ့တော့တယ်ဗျာ။ အဲဒီလိုနဲ့ ညနေဘက် နေလေး နည်းနည်းစောင်းစ ပြုလာတော့ ကျွန်တော်တို့နေ ရာနဲ့ မလှမ်းမကမ်း မြက်ခင်းစပ်မှာ ထိုင်ပြီး ငိုင်နေတဲ့ မိန်းမကြီး တစ်ယောက်ကို သတိ ထားလိုက်မိတယ်။ အဲဒီ မိန်းမကြီး ဘယ်အချိန်က တည်းက ရောက်နေမှန်း မသိ ပါဘူး။ အသက် ၅၀ လောက်ရှိမယ်။ ဆံပင်က လည်း ဖွာလန်ကြဲလို့။ မျက်နှာမှာလည်း သနပ်ခါး မရှိ ဘူး။ အ၀တ်အစားကလည်း နွမ်းနွမ်းဖတ်ဖတ်နဲ့။ သူ့ ကြည့်ရတာ အတော့်ကို စိတ်သောက ရောက်နေတဲ့ ပုံစံမျိုး။

အဲဒီအချိန်မှာ နည်းနည်း သားသားနားနား ၀တ်စား ထားတဲ့ အသက် ၆၀ အရွယ် မိန်းမကြီးတစ်ယောက်က ကလေးလေးတစ်ယောက်ကို လက်ဆွဲပြီး သူ့အနားကို ရောက်လာတယ်။ သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး..
“ဟဲ့- နေပါဦး။ နင် နင် ခင်ငွေ မဟုတ်လား” လို့ မေးတယ်။

နွမ်းဖတ်ဖတ်မိန်းမက ခေါင်းငုံ့နေရာက မော့ကြည့် ပြီး..

“ဟင်- အစ်မ၊ အစ်မ ကျော့”

“ခင်ငွေရယ်၊ နင့်ပုံစံ ကလည်း ဘယ်လိုဖြစ်နေတာ လဲ။ ငါ့ဖြင့် မနည်းကို ကြည့်ယူရတယ်။ နေပါဦး။ နင်က ဒီမှာ ဘာထိုင် လုပ်နေတာလဲ”

“ဘာရယ် ညာရယ် မဟုတ်ပါဘူး အစ်မရယ်။ စိတ်ညစ်လွန်းလို့ ခြေဦး တည့်ရာ လျှောက်သွားပြီး မောတာနဲ့ ခဏထိုင်နေတာပါ”

“ငါ တစ်လောက ညည်းတို့ အိမ်ဘက်ရောက် သေးတယ်။ အိမ်ပေါ်လှမ်း ကြည့်တော့ ညည်းကို မတွေ့လို့ ၀င်မနှုတ်ဆက်တာ။ အချိန်ကလည်း သိပ်မရလို့”

“ကျွန်မ အဲဒီအိမ်မှာ မနေတာ ကြာပြီ အစ်မ။ အဲဒီ အိမ်မှာ တခြားလူတွေ ရောက်နေတယ်။ ကိုစိုးမောင် မသေ ခင်က နှစ်လုံး၊ သုံးလုံး အထိုး ကောင်းလို့လေ။ အဲဒီ အိမ် သူများလက်ထဲ ထိုးအပ် လိုက်ရပါပြီကော အစ်မရဲ့”

“ဟယ် ဖြစ်မှ ဖြစ်ရလေ၊ နေပါဦး။ ကိုစိုးမောင် မသေခင်က ဆိုတော့ စိုးမောင်က သေပြီလား”

“သေတာ တစ်နှစ်တောင် ရှိသွားပြီ”

“အို- ဟုတ်လား။ ငါ လည်း မသိရပါလား ခင်ငွေရယ်။ စိတ်မကောင်းလိုက် တာဟယ်။ နင်က ဘာပြုလို့ ငါတို့ကို အကြောင်းမကြား တာတုံး”

“ဘယ်သူ့မှလည်း ပြော မနေချင်တော့တာနဲ့ အစ်မ ရယ်။ အသုဘတောင် နေ့ချင်း ချလိုက်တယ်”

“ဒါထက် ဘာဖြစ်လို့ ဆုံးတာလဲ”

“ဘာဖြစ်ရမလဲ အစ်မ ရယ်။ အရက်ပေါ့။ မိုးလင်း မိုးချုပ် ဒါလောက်သောက် နေမှတော့ မသေခံနိုင်မလား”

“ဟင်- ဒါဆို နင်တို့ သားအမိ သုံးယောက်ပဲ ကျန် တော့မှာပေါ့။ နင့် သားကြီး ကော အလုပ်လုပ်နေတယ် မဟုတ်လား။ အရင် ၀ပ်ရှော့ မှာပဲလား”

“ထောင်ကျနေတယ် အစ်မရဲ့”

“ဘုရားရေ ဘာဖြစ်လို့ ကျတာတုံး”

“လက်ဖက်ရည် ဆိုင်မှာ ရန်ဖြစ်ကြလို့လေ။ ရပ်ကွက် ထဲက လူငယ်ချင်းပါပဲ။ သူက ခွေးခြေနဲ့ ကောက်ရိုက် တာ ချက်ကောင်းထိပြီး တစ်ချက်တည်းနဲ့ ဟိုကသေ ရော။ အဲဒီအမှုနဲ့ ကျတာ အစ်မ”
“ဖြစ်မှဖြစ်ရလေဟယ်၊ ဒါဆို သမီးလေးပဲ ကျန်တော့ မှာပေါ့။ သမီးလေးကော ၁၀ တန်းအောင်သွားပြီလား”

“မအောင်ပါဘူး အစ်မ ရယ်။ မအောင်ရုံ ဘယ်ကမလဲ။ အရင်လကပဲ လင်နောက်လိုက်သွားပြီ၊ အခု ယောက္ခမ အိမ်မှာ နေနေတယ်။ အဆင် မပြေပါဘူး။ သူ့ယောက်ျားကလည်း အလုပ်မရှိ အကိုင်မရှိနဲ့”

“ဒုက္ခ၊ ဒုက္ခ၊ ဒါဆို နင်အခု ဘာလုပ်ကိုင် စားသောက်နေလဲ”

“အစကတော့ နေ့ပြန် တိုးလေးယူပြီး အလုံဆင်မင်း ဈေးမှာ ပဲတီပင်ပေါက်၊ ပဲပြားလေး ရောင်းတယ် အစ်မ။ ရောင်းမကောင်းပါ ဘူး အစ်မရယ်။ အခုတော့ အရင်းလည်းပြုတ်၊ နေ့ပြန် တိုးလည်း မဆပ်နိုင်၊ ဈေးထဲ တောင် မသွားရဲတော့ဘူး။ နောက်ပြီး သူများအိမ် အဖီလေးမှာ ငှားနေတာ ဆိုတော့ ရှေ့လဆို အိမ်လခ ပေးဖို့ တောင် ခပ်ခက်ခက်၊ ဘယ်လို လုပ်ရမှန်းကို မသိတော့ပါဘူး အစ်မရယ်”
“သြော် ခင်ငွေ၊ ခင်ငွေ နင့်အဖြစ်ကလည်း ဆိုးလိုက် တာဟယ်”

“ဆိုးချက်ကတော့ မပြောနဲ့တော့။ ခုတော့ ကျွန်မ ဘ၀ကလေ လိပ်ပက်လက် လှန်ထားတဲ့ အတိုင်းပါပဲ အစ်မရယ်။ လိပ်ပက်လက် လှန်ထားတဲ့ အတိုင်းပါပဲ”

နွမ်းဖတ်ဖတ်မိန်းမက “လိပ်ပက်လက် လှန်ထားတဲ့ အတိုင်းပဲ” ဆိုတဲ့ စကားကို ထပ်တလဲလဲ ပြောရင်း တအင့်အင့်နဲ့ ငိုချပါလေရော။

“ကဲ ကဲ ငိုမနေနဲ့တော့ ခင်ငွေ။ ရော့ လောလောဆယ် နင်သုံးဖို့ ယူထားလိုက်။ ငါလည်း များများစားစား ပါမလာလို့။ နောက်နေ့ အိမ်ဘက် လှည့်လာခဲ့ဦး ကြားလား။ ငါ သွားမယ်။ နင်လည်းပြန်တော့”

“ဟုတ် ဟုတ်ကဲ့၊ ကျေး ဇူး ကျေးဇူးပါပဲ အစ်မရယ်”

နောက်တော့ မိန်းမကြီး နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ထွက်သွားကြပါတယ်။ သူတို့ ထွက်သွားပြီးမှ ကျွန်တော်က အနားမှာ ရှိတဲ့ လိပ်တစ်ကောင်ကို မေးကြည့် ရတယ်။

“စောစောက ဟိုအဒေါ် ကြီးနှစ်ယောက် ပြောသွားတာ ခင်ဗျား ကြားလိုက်လား။ ခပ်နွမ်းနွမ်းအဒေါ်ကြီးက သူ့ ဒုက္ခတွေတန်းစီပြောပြီး သူ့ ဘ၀က လိပ်ပက်လက် လှန်ထားတဲ့ အတိုင်းပဲတဲ့ဗျ။ နေပါ ဦး။ ကျွန်တော် မသိလို့ မေး ပါရစေ။ လိပ်ပက်လက်လှန် ထားတော့ ဘာဖြစ်လဲဗျ။ ဘာ ထူးဆန်းလို့လဲ”

“ဘာတုံး၊ မင်းက ပက် လက်လန်ကြည့်ချင်လို့လား။ လုပ်လိုက်လေ။ အကြောင်း သိသွားအောင်။ ဒီမယ် ဘော် ဒါ၊ မသေမချင်း မှတ်ထား။ တို့လိပ်တွေ ပက်လက်လန် သွားရင်လေ အဲဒါ ဘ၀ဆုံးပြီ ပဲ။ ကိုယ့်ဘာသာကိုယ် ဘယ် လိုမှ ပြန်မမှောက်နိုင်တော့ဘူး။ ယက်ကန်ယက်ကန်နဲ့ ပက်လက်ကြီး ၀ဋ်ခံနေရတာ။ သေ မှပဲဝဋ်ကျွတ်တော့တယ်။ ရှင်းပြီလား”
“ဟင်- ဟုတ်လား”

ကျွန်တော် သက်ပြင်းပဲ အခါခါချနေမိတယ်။ အင်း- ဒီအတိုင်းဆိုရင် လိပ်ဘ၀လည်း မနိပ်ပါလား နော်။ မူကြိုကျောင်းက ကလေးပေါက်စနလေးတွေ ကတောင် လိပ်မဖြစ်ချင်ပါ ဘူးတဲ့။ လိပ်လို့တောင် အခေါ် မခံနိုင်ဘူး ဆိုပဲ။

ပြီးတော့ ဟိုသားအမိ၊ သားအဖတွေ ပြောဆိုသွား ကြတာလည်း ကြည့်ဦး။ လိပ်ဆိုတာ နှေးကွေးတယ် တဲ့။ တစ်ကိုယ်ကောင်းဆန် တယ်တဲ့။ ကိုယ့်ဘက်ပဲ ကိုယ် ယက်တယ်တဲ့။ ဥစ္စာခြောက် တယ်တဲ့။ စုံနေတာပဲ။ ရစရာ ကို မရှိတော့ဘူး။

ဟို -အဒေါ်ကြီးက လည်း သူ့အဖြစ်ဆိုးလွန်းတာ ကို လိပ်ပက်လက်လှန်ထား တဲ့အတိုင်းပဲလို့ ဥပမာ ပေး သွားသေးတယ်။ ဥပမာ ပေးစရာရှားလို့ဗျာ။  ကဲ- လိပ်ဘ၀ကောင်း တာ ဘာများကျန်တော့လို့လဲ။ စောစောက ထင်ထား တာက လိပ်ဖြစ်ရင် ဂုဏ်လည်း မြင့်မယ်။ သိက္ခာလည်း တက်မယ်။ လူအထင် ကြီးလည်း ခံရမယ်ပေါ့။ ခု ဘယ်ဟုတ်လို့တုံး။

ပြီး မပြောကောင်း၊ မဆိုကောင်း၊ ခြေအငြိမ်မနေ နိုင်၊ လက်အငြိမ် မနေနိုင် ခပ်ဆော့ဆော့ကောင်တစ် ကောင်က ကိုယ့်ကိုလာပြီး ပက်လက်လှန်ထားလိုက်မှ ဘုရား...ဘုရား...ကိုယ့် ဘ၀က မရှူနိုင်၊ မကယ်နိုင် နဲ့ တွေးတောင် မတွေးဝံ့စရာ ပဲ။

တော်ပြီ ၊ တော်ပြီ။ လိပ် မဖြစ်ချင်တော့ ဘူး။ ကိုယ့်ဘ၀ဟောင်း ကြမ်းပိုး ပြန်ဖြစ်တာပဲ ကောင်းတယ်။ ကြမ်းပိုးဘ၀မှာ ကိုယ့် အသိုက်အမြုံလေးနဲ့ကိုယ်၊ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ ကိုယ်၊ ကိုယ့်ဆွေမျိုးတွေနဲ့ ကိုယ်၊ အေးအေးဆေးဆေး၊ စည်းစည်းလုံးလုံး၊ သိုသို သိပ်သိပ်လေးပဲ နေချင်တော့ တယ်။ အကောင်သေးလို့ မထင်ပေါ်လည်း ရှိစေတော့။

အင်း.. ကြမ်းပိုးပြန်ဖြစ် ချင်ပြီဆိုတော့ ဆရာ ကိုမော်ထွန်းနဲ့ တွေ့ဖို့ လိုအပ်လာပြီ လေ။
ဒီတော့ ကျွန်တော့်မှာ ဆရာ ကိုမော်ထွန်းကိုပဲ နေ့ရှိသရွေ့မျှော်နေရတော့တာပေါ့။ လူသံကြားတိုင်း ဆရာကိုမော်ထွန်းများ ရောက်လာပြီလားနဲ့ လှမ်းလှမ်းကြည့်ရတာ အမော။ မျှော်ရလွန်းလို့ လည် ပင်းတောင် တစ်လက်မ လောက်ပိုရှည်လာတယ်။ ဆရာ ကိုမော်ထွန်းကလည်း တစ်ချက်လေးတောင် ပေါ်မလာဘူး။ တိရစ္ဆာန်ရုံ ဘက် တစ်ချက်လေးတောင် ခြေဦး မလှည့်ဘူး ဆိုတော့ ဘယ်အနှိပ်ခန်း စက်ကျနေ လဲမသိ။ဒါပေမဲ့ မတတ်နိုင်ဘူး။ သူလာလာ၊ မလာလာ ကိုယ်က စောင့်ရမှာပဲ။မစောင့်လို့လည်း မဖြစ်ဘူးလေ။ လိပ်ကို ကြမ်းပိုး ဖြစ်အောင်လည်း ဆရာကိုမော်ထွန်း တစ်ယောက်ပဲ တတ်နိုင်တာ မဟုတ်လား။

မနှင်းဖွေး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

No comments: