လယ်သမားကြီး ဦးထွန်းအေး ထောင်ဒဏ် ၃ လ အပြစ်ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ လယ်သမားများ၏ အသိပေး ကြေငြာချက်


၈ရက်နေ့ လယ်သမားကြီး ဦးထွန်းအေး၏ ရုံးထုတ်ဖြစ်သောကြောင့် နံနက် ၁၀ နာရီမှစ၍ ကန်ကြီးထောင့်သို့ (၁၅ မိုင် ၄ ဖာလုံ) စက်ဘီးနှင့် စီးနင်းကာ သွားကြပါသည်။ ၃ ယောက်တွဲစီ အားလုံးပေါင်း အယောက် ၂၀ ခန့် ရှိပါသည်။ ရင်ဘတ်တွင် လယ်သမား တော်လှန်ရေးခေါင်းဆောင် ဆရာစံ၏ ရင်ထိုးကို ထိုးကာ သွားကြခြင်း ဖြစ်ပါသည်။ ရုံးသို့ ရောက်သောအခါ ကိုထွန်းအေးအား ကန်ကြီးထောင့်မြို့နယ်မှ တရားသူကြီး ဒေါ်ဖြူဖြူခိုင်မှ ကိုထွန်းအေးအား ထောင်ဒါဏ် ၃ လကျခံစေရန် အမိန့် ချမှတ်ခဲ့ပါသည်။

ကိုထွန်းအေး၏ ဖြစ်စဉ်ကို ကြည့်ပါက ထောင်တရက်ကျကျ တလကျကျ ထောင်ကျတာပါဘဲ။ ငွေရှင်ရယ် အာဏာပိုင်ရယ်ကို အနိုင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိသာလှပါသည်။ လယ်သမားများ၏ အကာအကွယ်မဲ့မူ့ကို မီးမောင်း ထိုးပြလိုက်ခြင်းဖြစ်ပါသည်။ အာဏာပိုင်များ၏ အစိုးရထောက်ပံ့ကြေးသည် လယ်တစ်ဧကလျင်၂၀၀၀၀ (တချို့နေရာတွင် ၅၀၀၀) ထုတ်ပေးခြင်းသည် လယ်သမားတဦးအဖို့ လယ်တဧက၏ ကုန်ကျစားရိတ်နှင့် လုံးဝမလောက်ငှပါ။ လယ်တဧကလျင် ကုန်ကျစားရိတ်သည် ကျပ်ငွေတစ်သိန်းအထက်မှာ ကုန်ကျသောကြောင့် တခြားဓနရှင်များထံတွင် အတိုးနှုန်းကြီးမြင့်စွာဖြင့် ငွေချေးငှါးရသောကြောင့် လယ်သမားအမှုအခင်းများ ပေါ်ပေါက် လာရခြင်း ဖြစ်ပါသည်

ထိုကိစ္စများသည် ကိုထွန်းအေးတို့ တနေရာထဲတွင် ဖြစ်နေခြင်းမဟုတ်ပါ။ တနိုင်ငံလုံးတွင် ထိုကိစ္စများ ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ကိုထွန်းအေးသည် လယ်တဧကလျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ၅၀၀ ကောက်ခံခြင်းကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ထံသို့ လိပ်မူကာ အိုင်အယ်လ်အိုရုံးသို့ မိတ္တူပို့ တိုင်ကြားခြင်းနှင့်လည်း ပါတ်သက်နေပါသည်။ အကြောင်းပြချက် မရှိဘဲ ငွေကောက်ခံခြင်းကြောင့်လည်း ဖြစ်ပါသည်။

ကန်ကြီးထောင့် အုပ်စုတွင် အုပ်စု ၈၀ ရှိပါသည်။ တအုပ်စုလျင် ဧက ၂၀၀၀ ကျော်ရှိသောကြောင့် ကန်ကြီးထောင့်မြို့နယ် တအုပ်စုထဲ၌ပင် သိန်းပေါင်း ၈၀၀ လောက် အာဏာပိုင်များမှ ရရှိထားခြင်းကြောင့် ကိုထွန်းအေး ထိုကိစ္စကို ထပ်တိုင်လျင် ပြန်လည်၍ လယ်သမားများထံသို့ ပေးအပ်ရမည် စိုးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အားလုံးကို ခြုံကြည့်လျင် အာဏာပိုင်များ၏ လယ်သမားများအပေါ် လောက်ငှအောင် စိုက်ပျိုးစားရိတ် ထုတ်မပေးခြင်း၊ လယ်သမားများအား အဓမ္မငွေကောက်ခံခြင်းကြောင့်ဟု ကောက်ချက်ချနိုင်ပါသည်။ ထိုကဲ့သို့ နောက်နောင် မဖြစ်ပေါ်စေရန် လွှတ်တော်အမတ်မင်းများကလည်း လွှတ်တော်အမတ်ဆိုသည့် နံမည်ကို ဖက်တွယ် မိန်းမောမနေကြဘဲ တောင်သူ။ လယ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်သည့် ဥပဒေများ ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးတိုင်ပင်ကြပါ။ လွှတ်တော်တွင် အတည်ပြုနိုင်ရန် ကြိုးစားကြပါ ထိုကဲ့သို့ ပြုလုပ်ခြင်း မရှိပါက ကျွန်တော်တို့ လူ့အခွင့်အရေး စောင့်ကြည့်သူများ ကွန်ယက် (HRWDN) အနေဖြင့် လယ်သမားများနှင့် ပူးပေါင်းကာ တောင်သူလယ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို လွှတ်တော်တွင် ပေါ်ပေါက်စေရန် တရားသော ဥပဒေဘောင်အတွင်းမှ တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။

No comments: