မန္တလေး- စစ်ကိုင်း ကားလမ်းမဘေး ညာဘက်က “ဒေါ်စောရှင် (ပိုးထည်) သို့” လမ်းညွှန်ဆိုင်းဘုတ် အတိုင်းဝင်သွားတော့ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေအကြားမှာ ဒေါ်စောရှင် ပိုးထည်ဆိုင်ကို ခံ့ခံ့ညားညားနဲ့ တွေ့ရတယ်။ ပိုးထည်တိုက်ရဲ့ ဘေးဝဲယာမှာ ရေနံကြီးဝအောင် သုတ်ထားတဲ့ ကျွန်းအိမ်ကြီးတွေ၊ အသက် ၃၅ နှစ်ကစပြီး ပိုးထည် လုပ်ငန်းလုပ်ခဲ့တဲ့ အဘွားဒေါ်စောရှင်က ယခုအခါမှာ လုပ်ငန်းကို တူမတွေနဲ့ လွှဲထားပြီး နေ့စဉ် သံဃာအပါး ၃၀၀ ကျော်ကို ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူပြီး အေးအေးချမ်းချမ်းနေတယ်။ ကျန်းမာရေး သိပ်မကောင်းပေမဲ့ ပိုးထည်လုပ်ငန်းကို အခုလို တလေးတစားလာပြီး လေ့လာမေးမြန်းတာကို အားနာပြီး ရက်ကန်းရုံတွေကို လေ့လာခိုင်းပါတယ်။ ရက်ကန်းရုံတွေကို အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲထားပြီး အမျိုးသားက ပုဆိုး၊ အမျိုးသမီးက လုံချည် ရက်လုပ်နေတာ တွေ့ရပါတယ်။ ရက်ကန်းသမားလေးရဲ့ ရှေ့တည့်တည့် သစ်သားဘောင်ပေါ်မှာတော့ ပြေတီဦး၊ နေတိုး၊ ဖိုးချစ်စတဲ့ မင်းသားတွေရဲ့ ပိုစတာတွေ ကပ်ထားတာမြင်ရတော့ ပြုံးမိရပါတယ်။ ရက်ကန်းရုံတွေကို လေ့လာပြီး အဘွားဒေါ်စောရှင်ထံက သိလိုသမျှကို မေးမြန်းခဲ့ရပါတယ်။
အဒေါ့်ရဲ့ပိုးထည်လုပ်ငန်းအစကို သိပါရစေ။
ဒီပိုးလုပ်ငန်းကို ကျွန်မ ၃၅ နှစ်ကတည်းက သင်ခဲ့တာပါ။ အခု ကျွန်မ အသက် ၈၀ ကျော်ပါပြီ။ ဒီပညာကို ကျွန်မအဖေရဲ့ အဒေါ်ဆီက သင်ခဲ့တာပါ။ ကျွန်မအနေနဲ့ကတော့ တူမတွေလောက် သိပ်မသင်လိုက်ရဘူး။ တူမတွေက ဒီပညာကို ကျွန်မထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်ပါတယ်။ ကျွန်မကတော့ အဘွားလေး တည်ထောင်ခဲ့တဲ့ အထည်လုပ်ငန်းကိုပဲ ရောင်း၊ ၀ယ်ဦးဆောင်ရတယ်။ တူမတွေကတော့ ရက်ကန်းရုံမှာ ဦးဆောင်ရတယ်။ တူမတစ်ယောက်ကဆိုရင် ဒီဇိုင်းမြင်လိုက်တာနဲ့ ဖော်ပြနိုင်တယ်။ ရက်ကန်းရုံမှာ အလုပ်သမား ၈၀ ကျော်ရှိပြီး ယောက်ျားလေးတွေက ပုဆိုး၊ မိန်းကလေး တွေက လုံချည်ရက်ကြပါတယ်။
ယနေ့ ပိုးချိတ်ထုတ်လုပ်မှုအနေအထားကို သိပါရစေ။
ပိုးချိတ် ထုတ်လုပ်လာတာဟာ နှစ်ပေါင်း ၄၀ ကျော်လာပါပြီ။ ပထမ ပေါ်တဲ့ ချိတ်တွေက ထိပ်ခေါင်တင်ပါ။ အခု ထုတ်လုပ်မှု နည်းနေပါပြီ။ ခေတ်အလိုက် ပြောင်းလဲ လာတော့ ပြောင်းပြောင်းလာတဲ့ ချိတ်တွေအတိုင်း လိုက်လုပ်ရတယ်။ ဒါပေမဲ့ ရှေးတုန်းက လုပ်ခဲ့တဲ့ ချိတ်ပုံစံကတော့ သိပ်မပြောင်းလဲပါဘူး။
ထိပ်ခေါင် တင်၊ စံပယ်နွဲ့၊ ၀တ်လဲတော်တို့ဆိုရင် အကြီးဆုံးဒီဇိုင်းတွေပေါ့။ နောက်ဟာ တွေကတော့ အဲဒီထဲက ခွဲခွဲထုတ်ပြီး တစ်မျိုးစီလှအောင် လုပ်တာပေါ့။ သူ့ခေတ်နဲ့သူ လုပ်ရတာဆိုတော့လည်း အရင်တုန်းက လုပ်ခဲ့တဲ့ မူအတိုင်း မဖြစ်တော့ဘူး။ ကျွန်မ တို့ကတော့ အမြဲတမ်းခတ်တယ်။ တချို့ကတော့ အခုပေါ်တဲ့ဟာ အခုခတ်ကြတာပေါ့။ အရင်နဲ့ အခု ရက်လုပ်နေကြရာမှာ ပညာပိုင်း ကျွမ်းကျင်မှုက- အခုခေတ်ကလေးတွေရဲ့ ပညာနဲ့ဆိုရင် ကျဲတာပေါ့။ ရှေးတုန်းက လက်သန်း တစ်လုံးစာလောက်ကို ပြဒါးမရှိဘူး။ အဲဒီလိုပုံစံကလည်း တော်ရုံပညာရှင်တွေ မတတ်နိုင်ဘူး။ အခုခေတ် လူတွေကလည်း အဲဒီနည်းပညာတွေကို မယူကြတော့ဘူး။ အရင်တုန်းက ကျွန်မ လူတွေကို အဲဒီပညာ သင်လိုက်သေးတယ်။ အခုကျတော့ ခေတ်ပေါ်နေတဲ့ အနားဆိုလည်း ခပ်ကျဲကျဲတွေပဲ လုပ်ရတာပေါ့။ လွန်းအနေနဲ့ကလည်း ဟိုတုန်းက လွန်းတွေနဲ့ စာရင် တစ်ဝက်မက ကွာတာပေါ့။ ကျွန်မတို့ အနေနဲ့ကတော့ ရှေးအစဉ်အလာကို မဖျက်ပါဘူး။ အမြဲတမ်းလည်း ထုတ်လုပ်ထားတယ်။ ၀ယ်သူတွေလည်း အမြဲတမ်း အားပေးကြပါတယ်။ ဟိုခေတ်တုန်းက ထိပ်ခေါင်ပြင်ဆိုတာ ဖောင်တော်ဦး၊ ဆေးလိမ်၊ နှပ်ဆေးလိမ်၊ လေးဆင်းလိမ် တို့က ခပ်စိပ်စိပ်လေးတွေပေါ့။ ၀တ်လဲတော်ဆိုတာလည်း ရှိပါတယ်။ သူတို့ခေတ်မှာလည်း ချည်အသွားလိုက်ဆိုပြီး အချိန်ရှိပါတယ်။
အခုခေတ်စားလာတဲ့ အထည်တွေကရော...
အခုခေတ် လုပ်ငန်းအနေနဲ့ကတော့ ပုဆိုးတွေ၊ ထမီတွေထဲမှာ ရွှေချည်၊ ငွေချည်တွေ ထည်ကြတော့ လှလည်း လှပါတယ်။ တန်ဖိုးလည်း တော်တော်များပါတယ်။ ၀တ်လည်း ၀တ်ကြပါတယ်။ တစ်ခေတ်နဲ့တစ်ခေတ် မတူပါဘူး။ နောက် ရှေးမူမပျက် အထည်ဒီဇိုင်း တွေကိုလည်း ရွှေချည်၊ ငွေချည်လိုက်ပြီး မှာကြတယ်။
ပညာရှင်တွေ ပပျောက် မသွားအောင်ရော အဒေါ်တို့ ဘယ်လို ထိန်းသိမ်းထားရသလဲ။ ရှေးတုန်းကတော့ ဒီပညာကို သုံးနှစ် သုံးမိုး သင်ခဲ့ရတယ်။ အခုကတော့ တစ်နှစ်ခွဲ နှစ်နှစ်လောက်ကို ဆရာကောင်းရင် တတ်ကြပါတယ်။ သူတို့သွက်ရင် သွက်သလို ပါပဲ။ ကျွန်မအနေနဲ့က ဒီပညာလေး ပျောက်မသွားအောင် ကျွန်မဆီက ကလေးတွေကို စိတ်ရှည်ရှည်ထားပြီး သင်ပေးရပါတယ်။ တချို့မိဘတွေက မတတ်နိုင်ကြတော့ ကျွန်မကပဲ ကျွေးပြီး ပညာသင်ပေးရတယ်။
ခေတ်အလိုက် ပိုးချိတ်ပြောင်းလဲ ထုတ်လုပ်ပုံလေးကို သိပါရစေ။
ရှေးတုန်းက လုပ်တဲ့ ပိုးချိတ်တွေက လွန်း ၂၀၀ ဆိုရင် ၂၀၀ ပေါ့။ လွန်း ၁၀၀ ဆိုရင် ၁၀၀ ပေါ့။ အခုဟာတွေက လွန်း ၇၀၊ ၈၀ လောက်ပဲ။ အရည်အသွေး မကျပေမဲ့ အဆင်ကတော့ ကွဲသွားတာပေါ့။ အသားကတော့ ကိုယ်ကောင်းရင် ကောင်းသလို ရက်ရတာပေါ့။ တချို့ကျတော့လည်း ပျော့ပျော့လေး ကြိုက်တော့ အသားပါးပါးလေးတွေ ရက်ကြတယ်။ တကယ်တမ်းမှာတော့ အဲဒါတွေက သိပ်မခံဘူး။ ကျွန်မတို့တုန်းက အဆင့်နဲ့ဆိုရင် ပိုးက၂၄ ပင်၊ ၂၂ ပင်ပေါင်းခတ်တာ ဆိုတော့ ထူပိန်းနေတာပေါ့။ အခုခေတ်က ထူပြီး ခေါက်တောက်တောက်ကြီး မကြိုက်ကြတော့ ၁၀ ပင်ပဲ ခတ်ကြတယ်။ ကျွန်မတို့လည်း ၁၀ ပင်၊ ၁၂ ပင်နဲ့ ရိုက်ခတ်ခိုင်းပြီး လက်ခတ်ကြယ်လေးကို ထိရုံလေးတင် ခတ်ကြတယ်။ ပိုးဆီဆိုလည်း အဆီနည်းရင် အမြတ်များတယ်။ အဆီများရင် အမြတ်နည်းတာပေါ့။ ကျွန်မတို့ကတော့ အမြတ်များတာကို မလိုက်ဘူး။ ပုံမှန်လေးပဲ ရချင်ပါတယ်။ အထည်ကောင်းလည်း ဖြစ်စေချင်တယ်။
ပိုးထည်ကုန်ကြမ်း ၀ယ်ယူမှု အနေအထားကရော....
ပိုးထည်အတွက် ကုန်ကြမ်းကတော့ ပိုးကုန်သည် တရုတ်တွေ ဆီက ၀ယ်ရတယ်။ မြန်မာပြည်မှာ မေမြို့က ထွက်တဲ့ ပိုးက နည်းသေးတော့ ဒီဘက်နယ်အထိ သိပ်မရောက်သေးဘူး။ ကုန်ချော အတွက်ကတော့ အခုလာပို့တဲ့ ပိုးတွေက နံပါတ်တွေနဲ့ ဆိုတော့ ၂၀-၂၂ ဆိုတဲ့ ပိုးကို သုံးပင် လေးပင်ပေါင်းပြီး ကိုင်ရပါတယ်။ မိန်းမ၀တ်ပြောင် တွေပေါ်မှာလည်း သုံးပင်ကျစ်ကိုင်ရတယ်။ ကိုယ်လိုချင်သလောက် ပိုးကုန်ကြမ်းကို တရုတ်တွေဆီက ၀ယ်လို့ရပါတယ်။ အရင်ကတော့ ဂျပန်ကလည်း လာတယ်။ ဂျပန်က လာတဲ့ ပိုးက ကောင်းတယ်။
လက်ရှိထုတ်လုပ်တဲ့ အမျိုးအစားနဲ့ ဘယ်အရောင်ကို လူကြိုက်များလဲ သိပါရစေ။
လက်ရှိဈေးကွက်မှာ ဒီဇိုင်းစုံ ပိုးအမျိုးအစားပေါင်း ၂၀ လောက်ရှိပါတယ်။ အမျိုးသားဝတ်တွေလည်း ဒီဇိုင်းစုံရှိပါတယ်။ ကင်းတက်၊ သရက်ကင်း၊ ရခိုင်၊ သိင်္ဂီရွှေဝါစတဲ့ အမျိုးအစား ဒီဇိုင်းစုံ ထုတ်လုပ်ပါတယ်။ သိင်္ဂီရွှေဝါပိုးထည်ကို ကျွန်မတို့ လုပ်တာပါ။ အများဆုံး လူငယ် ၀တ်၊ အလှူ၊ မင်္ဂလာဆောင်တို့မှာဆိုရင် ကင်းတက်ပဲ အ၀တ်များကြတယ် သိင်္ဂီရွှေဝါ ပိုးထည်ကတော့ တော်တော်ပွဲကြီးတဲ့ သူတွေမှ ၀တ်ကြတယ်။ လူကြီးပိုင်းတွေကတော့ သရက်ကင်းတို့၊ ရခိုင်တို့ အများဆုံး ၀တ်ကြတယ်။ ပွဲထိုင်ဆိုရင်တော့ ပန်းနုရောင်၊ သခွားရောင်၊ နို့နှစ်ရောင်၊ သဇင်ရောင်၊ မိတ်ကပ်နုရောင်၊ အပြာနု၊ စိမ်းပြာနု၊ မြင်းချေးရောင်၊ ကြေးရောင်၊ ရေညှိစိမ်း၊ ချော်ဝါရောင်တို့ အ၀တ်များတယ်။ ရခိုင်ကတော့ အရောင်ရင့်တွေ များတယ်။
ပိုးဒီဇိုင်းအစိပ်ကို ရက်လုပ်မှု နည်းလာရတဲ့ အကြောင်းက...
ဒီပညာက အင်မတန်မှ လေးနက်ပါတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ လူမျိုးခြားတွေကလည်း ထောက်ခံတယ်။ နိုင်ငံခြားမှာဆိုရင်လည်း တော်တော်အဖိုးတန်တဲ့ ပညာကောင်းပဲဆိုပြီး ကလေးတွေကို ချော့ခိုင်းပါတယ်။ အခုကလေးတွေက စိပ်တယ်ဆိုရင် သိပ်မခတ်ချင်ကြဘူး။ စိပ်တော့ အသားက သိပ်မရဘူး။ အင်မတန် အခတ်မြန်တဲ့သူမှ တစ်နေကုန်ခတ်မှ နှစ်လက်မပဲရတယ်။ ကျဲတာကျတော့ ကျဲတဲ့ဈေး၊ စိပ်တာကျတော့ စိပ်တဲ့ဈေးပေးပါတယ်။ ခတ်တဲ့ သူတွေကျတော့ တစ်ကွင်းကို လက်ခတစ်သောင်းကျော်ပဲ ရတယ်။ ရောင်းဈေးကတော့ တစ်ကွင်းကို ပိုးဖိုး၊ လက်ခ၊ ကျွေးစရိတ်နဲ့ဆိုတော့ တစ်သိန်းကျော်ရောင်းပါတယ်။ ဒီဇိုင်းအစိပ်ကို လုပ်ရတဲ့ အလုပ်သမားတွေကလည်း ခဲခဲယဉ်ယဉ်းနဲ့ အချိန်ယူပြီး လုပ်ရပါတယ်။ စိပ်မှလည်း အထည်က လှတယ်။
ပိုးထည် တစ်ထည်ကို ကြိုတင်မှာရင် အချိန် ဘယ်လောက်ပေးရပါသလဲ။
ဒီနှစ်ပိုင်းမှာတော့ ပိုးထည်လုပ်ငန်းက သွက်လာပါတယ်။ ပိုးထဲမှာ ရွှေရေးထည်တာတင် မဟုတ်ဘဲ ကျောက်တွေပါ ထည်ကြပါတယ်။ ကြိုတင်အော်ဒါမှာရင်တော့ နှစ်လလောက်က ကြိုမှာကြ။ ပိုးပုဆိုး၊ လုံချည်ရက်ရင် တစ်လကျော်ကြာတယ်။ ရွှေရေးတာတို့၊ ကျောက်စီ တာတို့က ၁၅ ရက်လောက် အချိန်ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အနေနဲ့ ပြီးပြီးရောဆိုပြီး မြန်မြန်လုပ်ရင်လည်း အထည်က မကောင်းဘူး။ စနစ်တကျ ဖြစ်ရမယ်။ သပ်ရပ်ရမယ်ပေါ့။ ပိုးလုံချည် တစ်ကွင်းဆိုရင် နှစ် ၃၀ လောက်အထိ ခံပါတယ်။ ကျွန်မတို့က ပိုးပိုးချင်း ချိတ်ပြီး ခတ်ရတော့ တော်တော်လေးခိုင်ခံ့မှုရှိပါတယ်။
အဒေါ့်ပိုးထည်ရဲ့ ဈေးကွက်ဖြန့်ချိမှုအနေအထားကရော...
အစကတော့ ကျွန်မတို့ရဲ့ ဈေးကွက်အနေအထားနဲ့ ဖြန့်ချိမှုကတော့ ၀ယ်လက်တွေကို သိပ်မနိုင်ဘူး။ အထည်ကလည်း တော်တော်လေး ရက်ယူပြီးမှ ခတ်ရတာဆိုတော့ ဖောက်သည် မပေးနိုင်ဘူး။ အခု နောက်ပိုင်းမှ တန်းတွေတိုးပြီး ခတ်တော့ ရန်ကုန်၊ မန္တလေး မြို့တွေလည်း ဖောက်သည်ပေးနေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ သူတို့ လိုသလောက် မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလှူမင်္ဂလာဆောင်တို့က အော်ဒါမှာကြတော့ ပြင်ပကုန် သိပ်မပေးနိုင်ဘူး။ ကျွန်မတို့မှာ ဆိုင်ခွဲမရှိပါဘူး။ ဒီရွှေခဲရေးရွာမှာပဲ ရောင်းပါတယ်။
အဒေါ့်ရဲ့ပိုးထည်လုပ်ငန်းမှာ အမှတ်တရပြောစရာစကားလေးတစ်ခုလောက် သိပါရစေ။
ဒီရွှေခဲရေး ဆိုတဲ့နာမည်ကို ကျွန်မအမေက ပြောဖူးတယ်။ မင်းတုန်းမင်းကြီး လက်ထက်တုန်းက ကျွန်မတို့အမေ အထည်ရက်လုပ်တဲ့အခါ ပုဆိုးခါးပုံစမှာ ကြက်တူရွေး အရုပ်လေးကို ပီပီပြင်ပြင် ရက်လုပ်တယ်။ အဲဒီအရုပ်လေးကို ဘုရင်မင်းမြတ်က မြင်ပြီး နှစ်သက်တော်မူတယ်။ ရွှေခဲကြက်တူရွေးနဲ့ တူအောင် ရက်လုပ်နိုင်တယ်ဆိုပြီး ဒီရွာကို ရွှေခဲရေးရွာလို့ ဘုရင်ကိုယ်တော်တိုင် နာမည်ပေးခဲ့တာပါ။ ပြီးတော့ ကျွန်မအဘိုး လက်ထက်တုန်းက အင်္ဂလိပ်မင်း ကိုယ်တိုင်က ပိုးအကြမ်း တစ်ထည်ကို သူတို့လိုချင်တဲ့ ဒီဇိုင်းကို ပုံဖော်ခိုင်းတယ်။ အင်္ဂလိပ်မင်းက သဘောကျပြီး ဆုတော်ငွေတွေတောင် ချီးမြှင့်ခဲ့တယ်။ အဘိုး လက်ထက်ပြီးတော့ အမေ၊ အမေ့လက်ထက်ကနေ ကျွန်မလက်ထက် အထိ မျိုးရိုးစဉ်ဆက် လုပ်ခဲ့တာပါ။
အနုပညာရှင်တွေကို စပွန်ဆာပေးပြီး ကြော်ငြာခဲ့ခြင်းက အကျိုး သက်ရောက်မှုရှိပါသလား။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက မေသန်းနု၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ရန်အောင်၊ ရဲအောင် တို့ကို စပွန်ဆာပေးပြီး ကြော်ငြာခဲ့တယ်။ အဲဒီတုန်းကတော့ ပြက်္ခဒိန်ကြည့်ပြီး ကြိုက်ကြတဲ့ ခေတ်ဆိုတော့ ပြက္ခဒိန် ထုတ်တဲ့ဆီကို အထည်ပေးပြီး မင်းသား၊ မင်းသမီးတွေ ကို ၀တ်ခိုင်းပြီး ကြော်ငြာခဲ့ပါတယ်။ အများဆုံးကတော့ မေသန်းနုကပဲ လုပ်ပေးပါတယ်။ တချို့ကလည်း ပြက္ခဒိန်တွေ ၀ယ်လာပြီး သူတို့ ကြိုက်တဲ့ ဒီဇိုင်းလေးတွေ ရက်လုပ်ခိုင်းကြတော့ အဲဒီကတည်းက လုပ်ငန်းတော်တော်လေး တွင်ကျယ်လာပါတယ်။ အခုချိန်ထိ မောရိယ မန်းဆေး အလှူမှာဆိုရင် ကျွန်မဆီကပဲ အထည်တွေ မှာကြပါတယ်။ အားလုံးသော မိတ်ဆွေတွေရဲ့ အလှူတွေကလည်း ကျွန်မတို့ဆီမှာပဲ မှာကြပါတယ်။
ပိုးထည်လောကမှာ ဒေါ်စောရှင် အမည်နဲ့ ရေရှည်ရပ်တည်လာနိုင်တဲ့ အကြောင်းက...
ကျွန်မတို့ အနေနဲ့ကလည်း ကိုယ့်ပစ္စည်းကောင်းသည်ထက် ကောင်းအောင် လုပ်မယ်ဆိုတဲ့ ကျွန်မရဲ့စိတ်စေတနာက တစ်ဘ၀ထိန်းတာပဲ လို့ထင်ပါတယ်။ ပြီးပြီးရောဆိုတဲ့ စိတ်မထားပါဘူး။
အနာဂတ်ပိုးထည်လုပ်ငန်းတွေအပေါ် အဒေါ်ဖြစ်စေချင်တာက...
တင့်တောင်း တင့်တယ်ပွဲတွေမှာ ပိုးထည်လေးတွေ ၀တ်ထားတာ မြင်ရင် တအားဝမ်းသာပါတယ်။ ကျွန်မတင် မဟုတ်ပါဘူး။ တခြားသူတွေကလည်း ဒီလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်လာကြတာဆိုတော့ ၀မ်းသာကြမှာပါ။ ဒီအမရပူရမြို့မှာဆိုရင် ကျွန်မ အလုပ်သမားတွေ အများကြီးပါပဲ။ ဒီအလုပ်သမားတွေကပဲ ပြန့်ပွားပြီး တခြားဆိုင်တွေကို ရောက်သွားကြသူတွေလည်း အများကြီးပါ။ ဒီလုပ်ငန်းကြီး တိုးတက်အောင် တစ်ဆင့်ထက် တစ်ဆင့်သယ်ပြီး လုပ်သွားစေချင်ပါ တယ်။ ကိုယ့်တစ်ဦးတည်းအတွက် မဟုတ်ဘဲ အားလုံးကို ဒီပညာတတ်သွားပြီး လုပ်စေချင်ပါတယ်။ ဒီပိုးထည်လုပ်ငန်းဟာ ကမ္ဘာသိ၊ ကမ္ဘာက ထောက်ခံထားတဲ့အတွက် လက်လှမ်းမီသလောက် ရာသက်ပန် သားစဉ်မြေးဆက်ထိ လုပ်ကိုင်သွားပြီး ကြီးပွားတိုးတက်တာကို မြင်ချင်ပါတယ်။
No comments:
Post a Comment