စာဖတ်မှ ပညာရှိမည်
မောင်စိုးမောင်
မောင်စိုးမောင်
မြင်းခြံ
ခွေးနွားတိရိစ္ဆာန်များသည်၊ ၎င်းတို့ကိုယ်ပိုင် ခွေးနွားတိရိစ္ဆာန် စာပေများရှိကာ လူများ စာဖတ်သလို၊ ၎င်းတို့လည်း ခွေးသတင်းစာ နွားဂျာနယ်၊ တိရိစ္ဆာန် မဂ္ဂဇင်းစာပေ ကျမ်းဂန်များကို ဘတ်မှတ်လေ့လာကျင့်ကြံကြချေက နွားများလည်း နဖါးကြိုးအတပ်ခံကာ သေလုမြောပါး လူတို့၏ အနွံအနာကို ခံရဘို့မရှိ။ ခွေးများလည်း လူများ၏ နောက်သို့ လည်ပတ်ကလေးများနှင့် အောက်ကျနောက်ကျ လိုက်ဘို့မလို။ တိရိစ္ဆာန် စာတတ်၊ တိရိစ္ဆာန်ပညာရှိ၊ လူပါးဝသူတွေ ပေါ်ပေါက်ခါ လူတွေနှင့် ရင်ဘောင်တန်း နင်လား- ငါလား လိုက်ကြပေလိမ့်မည်။
ယခုကဲ့သို့ များစွာသော တိရိစ္ဆာန်များ လူတို့ကို ကျွန်ခံကာ လူတွေ ကျွေးမွေးထားသမျှ မဝ- တဝနှင့် စားသောက်နေကြရသည်မှာ အခြားကြောင့်မဟုတ်။ ၎င်းတို့မှာ စာပေမရှိ၊ စာဖတ်ခွင့်မရ၊ တိရိစ္ဆာန် ပညာရှိများ မရှိသောကြောင့်ဖြစ်၏။ ခွေးနွားတိရိစ္ဆာန်များသည် စာမတတ်ကြပေ။ အချို့ လူဆိုသူများလည်း စာမဖတ်ကြပေ။ စာမဖတ်သော သူများသည် ခွေးနွားတိရိစ္ဆာန်များဖြစ်၏။ ထို့ကြောင့် အချို့စာမဖတ်သော လူများလည်း သဘာဝ အသိဉာဏ်ချင်း ခွေးနွားတိရိစ္ဆာန်များနှင့် မထူးခြားလှပေ။
“စာဖတ်မှ- ပညာရှိ ဖြစ်မည်” ဟူသော စကားသည် “စာမဖတ်လျှင် ပညာရှိမဖြစ်” ဟူသည်နှင့် အတူတူပင်ဖြစ်လေသည်။ သို့ရာတွင် ထိုစကားမှာ ပြော့၍နေ၏။ အမှန်မှာ စာမဖတ်လျှင် ပညာရှိမဖြစ်ရုံမျှမက ရှိရင်းစွဲ ပညာများပင် ဆုတ်ယုတ်ရလေသည်။ အဘယ်အရာအဘယ်ဝတ္ထုပင် ဖြစ်စေကာမူ ပွားများ တိုးတက်၍နေ၏။ မပွားများ မတိုးတက်လျှင် ဆုတ်ယုတ်ရမည်မှာ ဓမ္မတာ ဖြစ်လေသည်။ အဘယ်အရာမှ တသမတ်တည်း မတိုးမဆုတ် ရပ်တည်၍ မနေနိုင်ပေ။ ဆုတ်ယုတ်သော အရာသည် အသက်မရှိသောအရာ သေသောအရာများ ဖြစ်ကြ၏။ အသက်ရှိလျှင် တိုးပွားရလေသည်။ သို့ဖြစ်သောကြောင့် ဆုတ်ယုတ်နေသောသူ မတက်ဘဲ သက်နေသူများသည် သေသူများဖြစ်ကြ၏။ ထို့ကြောင့် စာမဖတ်သူများသည် ပညာရှိ မဖြစ်ရုံမျှမက အသက်ရှိသည်ဟု ဆိုရသော်လည်း အသေကောင်ကြီးများပင် ဖြစ်ကြလေသည်။
“စာဖတ်မှ ပညာရှိဖြစ်မည်” ဟူသော စကားသည် စာဖတ်ရုံမျှနှင့် ကမ္ဘာပေါ်၌ ရှိသမျှသော ပညာတွေကို တဘက်ကမ်းခပ်တတ်မြောက်၍ သွားလိမ့်မည်ဟု ဆိုလိုသည် မဟုတ်ပေ။ ပညာရှိဆိုသည်မှာ အမှန်ကို အခါခပ်သိမ်း သိမြင်သော သူများဖြစ်၏။ အမှန်ကို အခါခပ်သိမ်း သိမြင်သော သူများမှာလည်း သာမန်လူများ မဖြစ်နိုင်။ ဘုရား ရဟန္တာများသာ ဖြစ်ကြလေသည်။ ထို့ကြောင့် တကဲ့ပညာရှိသည် ဘုရား ဟန္တာများသာ ဖြစ်ရပေမည်။ လောက၌ ပညာရှိ အခေါ်ခံနေသူများသည်ကား တခါတရံ လူအများနှင့် မတူ၊ အမှန်ကို ထူးခြားစွာ တွေးခေါ်တတ်သူများ၊ အများထက် ထူးချွန်သော ကိုယ်ပိုင်ဉာဏ်ရှိသူများသာ ဖြစ်ကြလေသည်။ ထိုကိုယ်ပိုင်ဉာဏ်များမှာလည်း မွေးကတည်းက အလိုလို ပေါ်ပေါက်လာကြသည်မဟုတ်။ စာပေပေါင်းများစွာကို ဖတ်ကာ၊ မှတ်ကာ ထိုစာပေများမှ အချက်အလက်- အကွက် ခလုပ်များနှင့် ပါရင်းစွဲစိတ်ဓါတ်- ထိတွေ့သော အခါမှ ပင်ကိုယ်ဉာဏ်ခေါ်သော အသိဉာဏ်များ ပေါ်ပေါက်လာရခြင်းဖြစ်ရာ ထိုဉာဏ်သည် စာပေဗဟုသုတကို အမှီပြုကာ ပေါ်ပေါက်လာရခြင်း ဖြစ်လေသည်။ ပင်ကိုဉာဏ်ဖြင့် ကြီးမြင့်ကြသော ရှိတ်စပီးယား၊ ဂိုးသ၊ ကယ်လဘင်၊ အယ်ဒီဆင်စသော ပုဂ္ဂိုလ်ကြီးများသည် အထူးပင် စာကို ဖတ်ခဲ့ကြသူများ ဖြစ်လေသည်။ သို့ရာတွင် ၎င်းတို့၏ ကျော်စောရင်း အကြောင်းရင်းများမှာ မတူကြပေ။ ရှိတ်စပီးယားမှာ စာပေ၌ ထူးချွန်သော ဉာဏ်ပညာကြောင့် ကျော်ခဲ့ခြင်းဖြစ်၏။ အယ်ဒီဆင်ကား လောကဓာတ်ပညာအတွက် ဖြစ်လေသည်။ သို့ဖြင်လေရာ ပညာရှိဟု ကျော်ကြားသူများသည် စာပေ- လောကဓါတ်- နက္ခတ်- တာရာ- ကမ္ဘာပေါ် ရှိသမျှသော အတတ်များ အားလုံးကို သိမ်းကြုံး၍ တတ်သိကြများမဟုတ်။ တခုခုကို ပိုင်နိုင်လောက်အောင် တတ်သိသူများသာ ဖြစ်ကြလေသည်။ သို့ဖြစ်သောကြောင့် “စာဖတ်မှ ပညာရှိဖြစ်မည်” ဟူသော စကားသည် တစုံတခုသော အတတ်ပညာကို လိုလား တတ်မြောက်လိုလျှင် စာဖတ်မှ တတ်မြောက်မည်။ ထိုပညာကို ရမည်ဟု အဓိပ္ပါယ် ယူဆရပေမည်။
၎င်းပြင်- တွေးတောရန် တချက်ရှိသည်မှာ ပညာရှိနှင့် ပညာတတ် အဓိပ္ပါယ်ချင်း တူမတူပင်ဖြစ်လေသည်။ ပညာတတ်သည် တစုံတခုသော အတတ်ကို တတ်မြောက်သူဖြစ်၍ ပညာရှိသည်ကား တစုံတရာကို ဆင်ခြင်ဉာဏ်ဖြင့် တွေးကြံကာ အမှန်ကို ဖွင့်လင်းနိုင်သူဖြစ်သည်ဟု ခွဲခြားနိုင်လေသည်။ သို့ရာတွင် ပညာရှိနိုင့် ပညာတတ် တူ- မတူက အရေးမကြီး၊ အရေးကြီးသည်မှာ ပညာတတ်လိုလျှင် ဖြစ်စေ၊ ပညာရှိလိုလျှင်ဖြစ်စေ စာဖတ်မှ ဖြစ်မြောက်နိုင်သည်ကို ပိုင်နိုင်စွာသိဘို့ပင် ဖြစ်လေသည်။
ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအတွက် အစာကို စားကြ၏။ စိတ်အတွက် စာကို ဖတ်ကြရလေသည်။ “စာဖတ်ခြင်းသည် အသိဉာဏ်ကို တိုးစေ၍၊ မှားသော အစွဲတွေကို ပျောက်စေသည်” ဟု- ဂျော့ဘရမ်းဆိုသူက ပြောလေသည်။ မှားသော အစွဲတွေ ပျောက်၍ အသိဉာဏ်တိုးတက်လာခြင်းသည် ပညာရှိဖြစ်၍ လာခြင်းပင် ဖြစ်လေသည်။ လူ၏ တသက်၌ ကိုပင်တွေ့ဖြင့် သိမှတ်စရာ အလိမ္မာ ဗဟုသတတွေကို စုံလင်စွာ အဘယ်နည်းနှင့်မျှ မရနိုင်။ မိမိအရင်တွေ့ကြုံ၍ သွားခဲ့သော လူပေါင်းများစွာတို့၏ သိမှတ်စရာစာတွေကို ဖတ်မှသာ အသိ အလိမ္မာ- ဉာဏ်ပညာ တိုးနိုင်လေသည်။ ယခုခေတ်မှာ စာများသည်။ သာ၍စုံ၏။ ကျွန်ုပ်တို့ တတ်လိုသော အတတ်များ သိလိုသော အကြောင်းအရာများကို အဘယ် အတတ်ပညာကိုပင် ဖြစ်စေကာမူ စာအုပ်ကိုဖတ်ခဲ့ရုံနှင့် တတ်သိနားလည်နိုင်သောခေတ် ဖြစ်လေသည်။ ရှေးက နှစ်ပေါင်းများစွာ လိုက်လံစုံစမ်း ကြိုးစားသင်ကြားမှ သိနိုင်သည့် အတတ်များကို ယခုအခါ ၂- နာရီလောက်နှင့် စာအုပ်ကိုဖတ်ခါ သိနိုင်ကြလေသည်။ ကြောင်းမူကား ကမ္ဘာပေါ်၌ တတ်၍ မကုန်နိုင်သော အတတ်ပညာများနှင့် သိမှတ်စရာများလည်း အားလုံးစာအုပ် စာတမ်းများတွင် လာ၍ စုပေါင်းအကြုံးဝင်ကာ နေပြီး ဖြစ်လေသည်။ သို့ရာတွင် ထိုစာများမှာ အင်္ဂလိပ်ဘာသာနှင့် အများဆုံး၍ နေလေသည်။ အင်္ဂလိပ်စာ မတတ်သူများမှာ အင်္ဂလိပ်စာမှ အနှစ်သာရတွေကို မြန်မာလို ပြန်ထားသော စာများကို အထူးဖတ်သင့်ကြလေသည်။ အကြောင်းမူကား ထိုစာများမှာ ကမ္ဘာကျော်သော စာထူးများ ဖြစ်ကြလေသည်။
ကမ္ဘာ့ရာဇဝင်ကို ပြန်၍ကြည့်က ကမ္ဘာကျော် ပညာရှိကြီးများသည် စာကိုဖတ်ကာ စာကို မှီးငြမ်းပြုပြီးလျှင် အထွဋ်အထိပ်သို့ ရောက်၍ လာကြရာ အထွဋ်အထိပ်သို့ ရောက်၍ လာသော်လည်း မှီငြမ်းကို ဖြုတ်ပစ်သူများ မဟုတ်ဘဲ စာကို စွဲမြဲစွာ ကြည့်ခဲ့ကြသူများ ဖြစ်သည်ကိုသာ တွေ့မြင်ရလေသည်။ အဘယ်ရာဇဝင်တွင်မှ စာမဖတ်သော ပညာရှိ ပုဂ္ဂိုလ်ကျော်တွေ ထွန်းကားလာခဲ့သည်ဟု မကြားဖူးပေ။ ယခုခေတ်၌လည်း ဘားနဒ်ရှောစသော ပညာရှိကြီးများသည် စာကို အမြဲကြည့်သူများသာ ဖြစ်လေသည်။ အကြောင်းမူကား စာသည် လူတိုင်းလူတိုင်းကိုသာ အသိဉာဏ် အလိမ္မာ ဗဟုသုတတွေ ပေးသည်မဟုတ် လူမျိုး၏ ယဉ်ကျေးခြင်း အဆင့်အတန်းကိုပင် ရှင်းလင်း၍ ပွင့်လင်းစာ ဖော်ပြသော စာဖြစ်လေသည်။ သို့ရာတွင် စာဖတ်တိုင်းလည်း ပညာမရှိနိုင်၊ ပညာကို ပေးနိုင်မည့် စာကောင်းပေကောင်း စာအညွန့်အဖူးများကို ဖတ်မှလည်း ပညာ အသိတွေကို ရကာ ပညာရှိ ဖြစ်နိုင်သည်ကို သတိပြုရပေမည်။
ကျွန်ုပ်တို့ မြန်မာပြည်၌ တောသူတောင်သားများမှာ စာမဖတ် အသိပညာမရှိ၊ ရိုး- အူ- အ- နကြသောကြောင့် အမတ်တွေ၏ အနှပ်ကို ခံရကာ အမတ်တွေ ပြောဟောတိုင်း တကယ်မှတ်ကြသဖြင့် တဖြည်းဖြည်း ကြပ်သည်ထက် ကြပ်၊ ငတ်သည်ထက် ငတ်ကာလာကြလေပြီ။ တောသားများ ငတ်လျှင်လည်း မြို့သားများ မချောင်လည်နိုင်။ မြန်မာပြည်၌ ယခုကဲ့သို့ အူသူ အသူ ကျောချ၍မှ ဓါးပြမှန်း မသိသူတွေ ပေါများနေသည်မှာ စာမဖတ်သောကြောင့်ဟုဆိုလျှင် မှားမည်မထင်။ စာဖတ်လျှင် လူတိုင်းကမ္ဘာကျော် ပညာရှိတွေချည့် မဖြစ်သောလည်း စာမဖတ်သူထက်မူ အသိပညာ သာရမည်မှာ မုချ။ ထိုအသိပညာများရှိသောအခါ စာမဖတ်ဘဲ မနေနိုင်တော့ စာဖတ်သောကြောင့် ပညာရှိကြ၏။ ပညာရှိသောကြောင့် စာဖတ်ကြခြင်းဖြစ်လေသည်။
စာသည် စာဖတ်သူအား အသိအလိမ္မာ ဗဟုသုတ အတတ်ပညာတွေကိုပေး၏ စာသည် ရှေးဟောင်းအဖြစ်အပျက်များ ဘာသာတရားများ အတတ်ပညာတွေကို တည်မြဲ၍ နေစေ၏။ စာသည်မှားသော အယူအစွဲအလမ်းတွေကို ပျောက်စေ၏ စာသည် စိတ်အားတက်ကြွ ပီတိသောမနဿ ဖြစ်စေ၏။ စာသည် အပျင်းပြေစေ၏။ စာသည် ရယ်မော ပျော်ရွှင်စေ၏။ ငိုယိုပူဆွေးစေ၏။ စာသည် ဖတ်သူတို့၏ စိတ်ကို မထိတထိနှင့် ကလိနိုင်သော အစွမ်းလည်းရှိ၏။ အံသွားကို ကြိတ်ကာ စိတ်အားကို တင်းစေနိုင်သော အစွမ်းသတ္တိနှင့်လည်း ပြည့်စုံကာ ကမ္ဘာကြီးကို မှောက်လှမ်းကစား၍ နေသော စာပေတည်း။
သို့ဖြစ်လေရာ “စာဖတ်မှ ပညာရှိ ဖြစ်မည်” ဟူသော စကားသည် သံပုသီးသည်ချင်၏။ မြန်မာသည် သတ္တိကောင်း၏။ ဟစ်တလာသည် အာဏာရှင်ဖြစ်၏ ဟူသော စကားများကဲ့သို့ ဖြစ်၍နေတော့သည်။
မောင်စိုးမောင်
မြင်းခြံမြို့။
2nd. November. 1940
အတွဲ ၂၊ နံပါတ် ၂၂
နဂါးနီမဂ္ဂဇင်းမှ ထုတ်နှုတ်ကူးယူဖော်ပြပါသည်။
No comments:
Post a Comment