၁၂၇၃ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသည့် ဗမာ့ဒီမိုကရေစီ အင်အားများစုများ ဗုဒ္ဓဘာသာတို့၏ ဓလေ့ရိုးရာ စဉ်လာအတိုင်း သံဃာတော် အရှင်သူမြတ် များအား ပင့်ဖိတ်ကာ ဆွမ်းကပ်လှူကြပြီး သရဏဂုံသုံးပါးနှင့် ရှစ်ပါးသီလတို့ကို ဆောက်တည် ၍ ပရိတ်တရားတော်များကို ထက်သန်စွာ နာယူကြသည်။
တိုင်းခြားပြည်ခြား ရပ်တပါးတွင် မိဝေးဘဝေး ဆွေမျိုးဝေးခံကာ ယုံကြည်ရာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲနိုင်ရန် ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ မွတ်သိပ်ခြင်း၊ နာကြည်းခြင်း၊ ခံပြင်းခြင်းစသည်ဖြင့် လောကဓံလှိုင်းတို့၏ အထုအထောင်းများကြားမှ အားယူကုန်းထ ရုန်းကြွကာ ရှေးဘိုးဘွားတို့၏ လက်ဆင့်ကမ်းခဲ့ကြသည့် မွန်မြတ်သော ဓလေ့ရိုးရာတို့ကို စဉ်လာမပျက်စေရန် ရည်သန်ခြင်းလည်း ဖြစ်ပေသည်။
သာသနာဟူသည် အဆုံးအမကို ခေါ်သည်။ မြတ်ဗုဒ္ဓသာသနာဟူသည်မှာ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတို့ကိုပင် ဆိုလိုခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာ ကျင့်ကြံနေသမျှ ကာလပတ်လုံး သာသနာမကွယ်နိုင်။ မိမိတို့၏ စိတ်အစဉ်ဝယ် မြတ်ဗုဒ္ဓ၏ အဆုံးအမတို့ ရှိနေ ခြင်း၊ ကိန်းဝပ်နေခြင်းသည် သာသနာရှိနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရဟန်းသံဃာများ ရှားပါးသည့် အရပ်ဒေသသို့ ရောက်ရှိနေကြသော်လည်း သာသနာမရှိဟူ၍ ဝမ်းနည်းနေစရာ မလိုစသည်ဖြင့် ဓမ္မကထိကဆရာတော်မှ တရားရေအေး တိုက်ကြွေးခဲ့သည်။ ထို့နောက် သုံးဆယ်တဘုံသား ဝေနေယျသတ္တဝါအပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးကြစေရန် ရေစက်ချ အမျှဝေပြီး ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်အမှုကို ပြုကြသည်။
ထိုနောက် ကြွရောက်လာကြသည့် လူပရိတ်သတ်တို့သည် ဟဒယနှလုံးရွှင်ပြုံးစွာဖြင့် စားသောက်ဖွယ်ရာတို့ကို ကျွေးမွေးဧည့်ခံပြီး ထူးမြတ်သော နှစ်ဆန်းမင်္ဂလာ အခါသမယတွင် ကောင်းမှုကုသိုလ်များကို ပြုလုပ်ခြင်းဖြင့် ပြီးသတ်ခဲ့ကြသည်။
No comments:
Post a Comment