ဖောက်ပြန်သူ အချောင်သမားအပေါင်းတို့ ဆင့်ဟိုဒင်းခွေးမျှော်သလို မျှော်နေကြတဲ့ ရွေးကောက်ပွဲ ကလိန်ခြုံ ဇာတ်ထုပ်ကြီးကို နိုင်ဝင်ဘာ (၇) ရက်မှာ လုပ်မည့်အကြောင်း ဗိုလ်သန်းရွှေက သတ်မှတ်ကြေငြာလိုက်ပါပြီ။ သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ မွေးဖွားလာမှာ မဟုတ်တာကို သိထားတဲ့ ထောင်ထဲက လူထုခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တော်ကြိုအုံကြားမကျန် လူထုကြီးတရပ်လုံးကတော့ စိတ်မဝင်စားလှပါဘူး။
သို့သော်ငြားလည်း ပြည်ပက အင်န်ဂျင်အို နောက်လိုက်ခွေး အချောင်သမားများနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းဖောက်ပြန်ရေးသမားတစုကတော့ မီးလောင်တုန်း ကူညီသလိုနဲ့ အလစ်သုတ်ဖို့ အထုပ်တပြင်ပြင် ဖြစ်နေကြပြီ။ သူတို့ခင်ဗျာလည်း ဇာတ်လိုက် မင်းသမီး၊ မင်းသားမပါတဲ့ အချောက်တိုက် လုပ်ဇာတ်ကြီးမှာ ဝင်ကကြရပေမဲ့ အကယ်ဒမီတောင် မမှန်းနိုင်တဲ့ အဖြည့်ခံသက်သက်ပါ။ ကရမည့်အခန်းကလည်း လူကြမ်းအသားပေး ဇာတ်မှာ သိန်းစိန်အမှုးရှိတဲ့ ကြံ့ဖွတ်လူကြမ်း ပါးရိုက်တာ ခံလိုက်၊ အရက်ခွက်ကလေး ငှဲ့ပေးလိုက်နဲ့ လူကြမ်းတပည့် နောက်လိုက်အခန်းကပဲဖြစ်တယ်။
နိုင်ငံတကာကို ဝင်ဆံ့နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ လုပ်တဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနဲ့ ကြည့်ရင် (၉၀) ခု ရွေးကောက်ပွဲလောက်တောင် အဆင့်အတန်းမရှိတာ တွေ့နိုင်ပါတယ်။ လူထုကဏ္ဍ ပြိုင်ဘက်ပါတီတွေရဲ့ ကဏ္ဍဆိုတာ မရှိသလောက်ပါပဲ။ (၉၀) ခုရွေးကောက်ပွဲကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးစကာလမှာ လုပ်ခဲ့ရတာဆိုတော့ လူထုကို ချွေးသိပ်ရတာနဲ့ လူထုရဲ့ အခန်းကဏ္ဍ၊ ပြိုင်ဘက်ပါတီတွေရဲ့ အခန်းကဏ္ဍက အထိုက်အလျှောက်ရှိသေးတယ်။ ရွေးကောက်ပြီးကာလ မျှော်မှန်းချက်ကလည်း အလွန်ကွာတယ်။ အဲဒီချိန်က ဗိုလ်စောမောင်က ရွေးကောက်ပြီးရင် စစ်တပ်က စစ်တန်းလျားပြန်မယ်လို့ ကတိပေးထားတယ်။ ဒီရွေးကောက်ပွဲမှာတော့ ပွဲပြီးရင် စစ်တပ်က သမတရာထူးအပါအဝင် လွှတ်တော်နဲ့ အရပ်ဖက်နေရာတွေကို ဗြောင် တရားဝင်သိမ်းပိုက်နေရာယူမှာဖြစ်တယ်။
အသေအချာလေ့လာ သုံးသပ်ကြည့်ရင် ဒီရွေးကောက်ပွဲဆိုတာဟာ အတုအယောင်တခုအဖြစ်သာမက မိစ္ဆာသန်းရွှေ စစ်အုပ်စုရဲ့ သူရဲဘောကြောင်မှုကိုလည်း ပြနေပြန်တယ်။ (၉၀) ခုရွေးကောက်ပွဲမှာ ခံလိုက်ရတဲ့ လူထုဆုံးမမှုကို စစ်ဗိုလ်ချုပ်တွေ အခုထိသွေးလန့်နေတုန်းဆိုတာ ထင်ရှားတယ်။ အဲဒီအချိန်က စစ်အုပ်စုဟာ ဒီမိုကရေစီပါတီတွေ ရာနဲ့ချီ ကွဲနေတာကြောင့် သူတို့ရုပ်သေးပါတီ တစည နိုင်လိမ့်မယ်လို့ သေချာပေါက် တွက်ခဲ့ကြတယ်။ ဒါပေမဲ့ လူထုက ဒါမျိုးတွေ နောကြေနေပြီ။ အတ္တကလွဲလို့ ဘာမှမရှိတဲ့ နအဖ နလပိန်းတုံးတွေထက် အကင်းပါးတယ်။ ကြုံရာပါတီမှာ ဝင်လုပ်တယ်။ ရောကြနှောကြ စည်းဝေးကြတယ်။ မဲပေးတော့ ဒေါ်စုတပါတီတည်း စုပြုံဖြစ်ကုန်ရော။ စစ်အုပ်စုလည်း မျက်ဖြူဆိုက် ပက်လက်လန်ပြီး ဗြောင်လိမ်ဗြောင်စားနဲ့ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်မဖော်ရဲပဲ ရူးချင်ယောင်ဆောင်လိုက်ရတယ်။ အခုတော့ သူတို့ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ အဲဒီရွေးကောက်ပွဲ ရလာဒ်ကို ခြေဖျက်ဖို့ ရွေးကောက်ပွဲအသစ်ဆိုတဲ့ လုပ်ဇာတ်ကို ထုတ်လာရပြန်တယ်။
အနှစ် (၂၀) ကျော်ကြာမှ ပြန်လုပ်တဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်းတော့ အရင်ဟာထက်ပိုပြီး တိုးတက်အဆင့်အတန်းမြင့်သင့်တယ်။ သူတို့ကိုယ်တိုင်ကလည်း တိုင်းပြည်ကြီး ဘယ်ခေတ်နဲ့မှမတူပဲ အေးချမ်းသာယာနေတယ်လို့ ပြောနေတာပဲ။ ဒီအနှစ် (၂၀)ကျော် ကာလအတွင်းမှာ စစ်အုပ်စု အတိုက်အခံမှန်သမျှ တောတွင်းလက်နက်ကိုင်ကအစ မြို့ပေါ်ရဟန်းသံဃာမကျန် ပိုက်စိပ်တိုက်ပြီး အနုနည်းအကြမ်းနည်းမျိုးစုံနဲ့ ချေမှုန်းခဲ့တယ်။ တောတွင်းလက်နက်ကိုင်တွေကို သပ်လျှိုဖြိုခွဲနည်း လက်နက်ကိုင် စေ့စပ်နည်းတွေနဲ့ ထိန်းချုပ်သလို ပြည်တွင်းပြည်ပက အချောင်သမားတွေကိုလည်း အခွင့်အရေးပေး စည်းရုံးနည်းတွေနဲ့ တပည့်လုပ်ထားနိုင်ခဲ့တယ်။ အဲဒီလို စည်းရုံးမရတဲ့ သူတွေကိုတော့ သတ်တာ၊ ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ တောတွင်းပြည်ပ မောင်းထုတ်တာ၊ ဆွေးမျိုးမိသားစုတွေရဲ့ စီးပွားရေးတွေကို ဖျက်ဆီးတာစတဲ့ အကြမ်းနည်းအမျိုးစုံနဲ့ ခြေမှုန်းထားတယ်။ အဓိက ပါတီ အင်န်အယ်လ်ဒီဆိုတာ ထုခြေထားလိုက်တာ မွမွကိုကြေလို့။
ပြည်တွင်းပြည်ပက အချောင်သမားလုပ်စားတွေနဲ့ မီဒီယာတွေကလည်း အပေးအယူမျှမျှနဲ့ ဗောင်းတော်ညိမ့် စိတ်တော်သိ တတ်သမျှ မှတ်သမျှနဲ့ ရွေးကောက်ပွဲအတွက် တောခြောက်ညာသံ ပေးနေကြတယ်။ တမျိုးသားလုံးကို ကျွန်ဇာတ်သွင်းထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို မတို့ရဲ မထိရဲကြရှာဘူး။ စစ်ကျွန်ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲကိုပဲ ဟိုဟာတရားတယ်၊ ဒီဟာမတရားဘူးလို့ ယောင်ပြဝေဘန်ရေးပဲ လုပ်ကြတော့တယ်။ တချို့ဖောက်ပြန်ရေးသမားတွေကတော့ သူများထက်ထူးကဲပြီး ဒီရွေးကောက်ပွဲဟာ ပကတိအရှိတရား အမှန်တရားဖြစ်တယ်။ အခွင့်အရေးဖြစ်တယ်လို့ ပြောင်ပြောင် ဖားယား လိမ်လည်ကြတယ်။
တရားဝင်စစ်အာရှင်စနစ် ထူထောင်ဖို့ (ဝါ) ရွေးကောက်ပွဲအတွက် မျက်နှာသာပေးတဲ့ အခြေအနေ အခွင့်အလမ်းတွေက ပြည်တွင်းပြည်ပမှာ ပြည့်နေတာပဲ။ မိစ္ဆာသန်းရွှေအနေနဲ့ ဗိုလ်စောမောင်တဝက် သတ္တိရှိရင်တောင် ဒီအခွင့်အလမ်းတွေကို ယူပြီး အမျိုးသားခေါင်းဆောင် ရာထူမှန်းနိုင်သေးတယ်။ ဘုန်းတော်ဘွဲ့ချီးမြောက်ကြမည့် ပြည်တွင်းပြည်ပက ဘွဲ့ဒီဂရီ တသီတတန်းနဲ့ လူတတ်တွေကလည်း မနဲမနော။ ဒါပေမဲ့ ဗိုလ်သန်းရွှေကတော့ ကလိမ်ကကျစ်ဉာဏ်များသလောက် ကြောက်တတ်လိုက်တာကလည်း ချီးကိုချမ်းလို့။ ကိုယ့်ကိုယ်ကိုယ် အာဏာကုလားထိုင်နဲ့ သံမှိုစွဲထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့တင် မလုံလောက်လို့ ရွေးကောက်ပွဲ နည်းဥပဒေဆိုတာတွေနဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ချုပ်နှောင်ကန့်သတ်ထားလိုက်သေးတယ်။ ပါတီစည်းရုံးရေးအတွက် လွတ်လွတ်လပ်လပ် တရားမဟောရ၊ စီတန်းလမ်းမလျှောက်ရ၊ စာအုပ်စာတမ်းမထုတ်ရ ပြီးတော့ ဟိုလူဒီလူမပါရ အကန့်အသတ်တွေ များမှများ။ နင်မဟုတ်ရင် နင့်အဖေ နင့်အဖိုးဆိုတဲ့ ဝံပုလွေအပြစ်ရှာတဲ့ နည်းဥဒေတွေကလည်း ပြည့်လို့။ ဒီကြားကပဲ တခြားပါတီတွေ မတတ်နိုင်တဲ့ ကိုယ်စားလှယ်အလောင်းတွေအတွက် ရွေးကောက်ပွဲ အပေါင်ကြေး ( Deposit ) ကို တယောက်ငါးသိန်း သတ်မှတ်ထားပြန်သေးတယ်။ ရှုံးရှုံးနိုင်နိုင် ပြန်မအန်းဘူးတဲ့။ အရပ်ရပ်နေပြည်တော် ကြားလို့မှ မတော်တဲ့ ဘယ်နိုင်ငံ ဘယ်ရွေးကောက်ပွဲမှာမှ မရှိဖူးတဲ့ နည်းဥဒေဆိုတာတွေကလည်း အများကြီး။ ဒီလောက်များတဲ့ငွေကို တိုင်းပြည်ဘဏ္ဍာကို စိတ်တိုင်းကျ ခိုးဆိုးလုယက်ထားတဲ့ ကြံ့ဖွတ်ပါတီနဲ့ ဟန်ညောင်ရွှေတို့ နေဝင်းမောင်တို့လို အင်န်ဂျီအို နောက်လိုက်ခွေးတွေရဲ့ အထောက်အပံ့ရှိတဲ့သူမှသာ တတ်နိုင်တယ်။ ရွေးကောက်ဖို့ အမတ် (၃၃၀) ရှိတဲ့ လွှတ်တော်နေရာတွေအတွက် ကြံ့ဖွတ်ပါတီကလွဲရင် နေရာငါးဆယ်အထိ ဝင်ပြိုင်နိုင်တဲ့ ပါတီတောင်မရှိဘူး။ ဘာပဲပြောပြော အမတ်ဆိုတဲ့ တံဆိပ်နဲ့ လွှတ်တော်မှာ ပေးတာယူ ကြွေးတာစားပြီး လက်ညှိုးထောင် ခေါင်းညိတ်နဲ့ ပြာတာသာသာ ရာထူးကို ဒီလောက်ဈေးကြီးပေးပြီး ဝယ်ချင်ကြ ကံစမ်းချင်ကြတဲ့ သူတွေကလည်း အံ့သြစရာ ရှိနေသေးတာပဲ။
ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသင်္ကာစရာကောင်းလောက်အောင် တိတ်ဆိတ်နေတာကတော့ တပ်ပေါင်းစုကြီးတွေနဲ့ (၉၀) ခု ရွေးကောက်ပွဲ ရလာဒ်ကို အခြေခံပါတယ်ဆိုတဲ့ အင်န်စီဂျီယူဘီနဲ့ အင်န်ပီယူတို့ပါပဲ။ သူတို့လည်း အင်န်ဂျီအို နောက်လိုက်ခွေးတွေလို အနှစ် (၂၀) ခိုးဆိုးလုယက်ထားတဲ့ အထုပ်ကလေးတွေပြင် အထဲဝင်ဘို့ ပြင်နေကြသလား စဉ်းစားစရာပါ။ အင်န်စီဂျီယူဘီရဲ့ ကုလသမဂ္ဂ စင်္ကြံလျှောက်ကြီးတို့လည်း အသံကိုတိတ်လို့။ အနှစ် (၂၀) လုံး အစိုးရ အစိုးရလို့ အော်နေသူတွေ အခုတော့ အင်န်ဂျီအိုတွေ အလိုကျ အစိုးမရတဲ့ အခွင့်အရေးတွေနောက် ငွေထုပ်တွေနောက် လိုက်ကြဘို့ ပြင်နေတာနဲ့ မအားမလပ် ဖြစ်နေကြရှာတယ်ထင်တယ်။
တကယ်တော့ စစ်အုပ်စုရဲ့ လမ်းပြမြေပုံ နောက်ဆုံးအဆင့် ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်သလို ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ လမ်းဆုံးလည်းမဟုတ်ပါဘူး။ စစ်အုပ်စုမှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာနဲ့ ဒီရွေးကောက်ပွဲကို လုပ်ပေးရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမား ကျောင်းသား ထောင်ပေါင်းများစွာကို အကျဉ်ချထားရတယ်။ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေနဲ့လည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကလည်း အများကြီး။ ပြည်တွင်းစီးပွားရေး ချွတ်ခြုံကျမှု ပြဿနာနဲ့ ဒီစီးပွားရေး အကြပ်အတည်းကြောင့် အိမ်နီချင်းနဲ့ နိုင်ငံတကာရောက်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ပြန်လည် နေရာချထားရေး အလုပ်အကိုင် ဖန်တီးပေးရေး ပြဿနာတွေ တသီတတန်းကြီးရှိနေတုန်းပဲ။
နောက်ပြဿနာက သူတို့စစ်အုပ်စုထဲ အတွင်းပြဿနာဖြစ်တယ်။ ဖွဲ့စည်းပုံအရ သမတက နိုင်ငံအကြီးအကဲဆိုပေမဲ့ အာဏာမှာတော့ တပ်ကိုကိုင်တဲ့ စစ်ဦးစီးချုပ်က အခရာဖြစ်တယ်။ ဒီတော့ ဗိုလ်သန်းရွှေ ဘာဆက်လုပ်မလဲ။ တပ်ကိုဆက်ကိုင်မလား၊ သမတသွားလုပ်မလား။ သမတသွားလုပ်ရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ရမလဲ။ တပ်ကိုဆက်ကိုင်ရင် ဘယ်သူ့ကို သမတခန့်ရမလဲ။ ဖြစ်လာမည့် သမတနဲ့ စစ်ဦးစီးချုပ်တို့ မပြေလည်ရင် ညှိုနှိုင်းမရရင် ဘာတွေဖြစ်လာမလဲ ဆိုတဲ့ “ သို့လော သို့လော” ပြဿနာတွေက အများကြီးပါ။ ဒီတော့ ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်တာ အသေအချာဖြစ်တယ်။ သူတို့အတွက် ပိုဆိုးနိုင်တာက ကိုယ်ဖော်တဲ့ဆေးနဲ့ ကိုယ်ဒုက္ခရောက်တဲ့ကိန်းပါပဲ။ သူတို့အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်တဲ့ အဓိကအကြောင်းဖြစ်တဲ့ စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ မကွဲခဲ့တဲ့ စည်းရုံးမှုကို အထက်မှာ ပြောခဲ့သလို ဒီဖွဲ့စည်းပုံက ကွဲစေနိုင်တဲ့ အချက်ပါပဲ။
ပြီးတော့ ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ ဗိုလ်သန်းရွှေထက် နိုင်ငံရေးအရ ဆုပ်ဆုပ်ကိုင်ကိုင်ရှိတဲ့ ဗိုလ်နေဝင်းတောင် ဒီ့ထက်ကောင်းတဲ့ အခွင့်အခါတွေကို မှီပြီး (၇၄) ဖွဲ့စည်းပုံကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘူး။ (၇၄) ဖွဲ့စည်းပုံ အတည်ပြုပြီး လပိုင်းအတွင်းမှာပဲ အလုပ်သမား အရေးတော်ပုံတွေ၊ ကျောင်းသားအရေးတော်ပုံတွေ၊ ဦးသန့်အရေးတော်ပုံတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ နောက်ဆုံး ရှစ်လေးလုံးအရေးတော်ပုံနဲ့ တပါတီအာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး တံဆိပ်ကပ်ထားတဲ့ အခုစစ်အာဏာရှင်စနစ်ဟာလည်း မလွဲမသွေ ပျက်သုဉ်းရမှာဖြစ်တယ်။ အထက်မှာ တင်ပြခဲ့သလို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေမဲ့ အချက်အလက်အခြေအနေတွေက ရှိနေပြီးဖြစ်တယ်။ နိုင်ငံတကာ အခြေအနေကလည်း (၆၂- ၇၄) တုန်းကလို စစ်အာဏာရှင်တွေ အနေချောင်နိုင်တဲ့ အခြေအနေမဟုတ်သလို ဗမာလူထုရဲ့ နိုင်ငံရေး နိုးကြားမှု၊ သို့မဟုတ် စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်ကလည်း ပိုပြီး မြင့်မားနေတယ်။ စစ်အာဏာရှင် တည်မြဲဖို့အတွက် ဘယ်လိုအချက်အလက် အင်အားစုကမှ လက်မခံနိုင်ဘူး။ ဒီမိုကရေစီခေါင်းဆောင် တဖြစ်လဲ စစ်အာဏာရှင် အလိုတော်ရိတွေကလဲ ကျားနိုင်မပေးနိုင်ဘူး။
ပြီးခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလ ရေစုန်မျှောခဲ့ရတာဟာ အဲဒီလို ခြံစည်းရိုး ခွထိုင်နေတဲ့ ရေပေါ်ဆီ အချောင်သမားတွေနဲ့ သူ့လူ ကိုယ့်ဘက်သားတွေက လူထုအရေးတော်ပုံရဲ့ ဦးဆောင်မှုကို အုပ်စီးထားတာကြောင့်ဖြစ်တယ်။ ဒီအင်အားစုတွေဟာ စစ်အုပ်စုဘက် ပြန်ရောက်သွားရင်လဲ ရေသာခို ကိုယ်ကျိုးရှာကြရင်းနဲ့ စစ်အုပ်စုအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်လက်ရှိနေပြီး အရေးတော်ပုံကို တန်ပြန်အကျိုးပြုနေဦးမှာဖြစ်တယ်။
ဒါကြောင့် ရွေးကောက်ပွဲဆိုတဲ့ ဒီအလှည့်အပြောင်းဟာ ပြည်သူ့အရေးတော်ပုံအတွက် ကောင်းတဲ့ အလားလာတွေ ဖြစ်ပေါ်စေမည့် လမ်းခွဲမှုတွေ ဖြစ်ပေါ်လာစေမှာဖြစ်တယ်။ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုအသစ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းလည်းဖြစ်တယ်။ ကိုယ်တွက်ချန် တွေဝေတဲ့ခေါင်းဆောင်မှုက လူထုလှုပ်ရှားမှုတွေကို မြုံသွားစေတတ်တယ်။ တရုတ်ပြည်တော်လှန်ရေးမှာ ရဲဘော်မော်စီတုံးတို့က အတွေးအခေါ် လက်ဝေခံ ဝမ်ချိန်ဝေးတို့ လီလီစန်းတို့လို တွေဝေတဲ့ ခေါင်းဆောင်းမှုကို ဖယ်ရှားပစ်ပြီးမှသာ အောင်ပွဲကို တက်လှန်းနိုင်ခဲ့တယ်။ ဒီနေ့ ဗမာလူထု တိုက်ပွဲရဲ့ လိုအပ်ချက်ဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှု တော်လှန်ရဲရင့်တဲ့ ခေါင်းဆောင်မှုပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီအလှည့်အပြောင်းဟာ ရန်သူစစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်သလို ဒီမိုကရေစီအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ လမ်းခွဲမှုတွေဟာလည်း ဝမ်းနည်းစရာမဟုတ်ပါဘူး။ ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်တာတွေ ဆောင်ရွက်ရင်း ရွေးကောက်ပွဲလွန်ကာလ အခြေအနေသစ်နဲ့ လျှော်ညီမယ့် တိုက်ပွဲပုံစံသစ်တွေကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ စုဖွဲ့မှု ပုံစံအသစ်တွေကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူထုဘဝတွေ မပြည့်စုံသရွေ့ လူထုဆန္ဒ ဒီမိုကရေစီမရသရွေ့ လူထုတိုက်ပွဲတွေ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိသူများအတွက်တော့ ဒီရွေးကောက်ပွဲဆိုတဲ့ အလှည့်အပြောင်းဟာ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုသစ်ကို တည်ဆောက်ပြီး လူထုအောင်ပွဲကို ရယူရန် အခွင့်အလမ်းသာဖြစ်ပါတယ်။
“ပြည်သူသာအမိ ပြည်သူသာအဖ။”
ရဲဘော်ကျော်သန်း
16. 8. 2010
No comments:
Post a Comment