“ဘ၀ဆိုတာ ပပက ဆိုင်မှာ ပစ္စည်း ၀ယ်ရသလိုပဲ။ လိုချင်တာနဲ့ မလိုချင်တာ တွဲပြီးရတယ်” စာရေး ဆရာမကြီး ဒေါ်ခင်မျိုးချစ်က အထက်ပါ အတိုင်း ပြောခဲ့ဖူးပါသည်။ ၁၉၇၀ ၀န်းကျင်က “ပပက” ဆိုသည်မှာ “ပြည်သူ့ ပစ္စည်း ကော်ပိုရေးရှင်း” ဟု အမည်ရပြီး ပစ္စည်းများကို ခွဲတမ်းနှင့် အတွဲလိုက် ရောင်းခဲ့၏။ ဈေးကွက်ဖွင့် စနစ် မရှိသေးသဖြင့် ထိုဆိုင်များကိုသာ အားကိုးခဲ့ ရ၏။ ဆိုင်များက အရောင်းထိုင်း ပစ္စည်းများ ကျန်နေမည် စိုးသဖြင့် လိုချင်သော လူကြိုက်များ ပစ္စည်းများကို လူကြိုက်နည်း ပစ္စည်းများနှင့် တွဲခြင်း ဖြစ်သည်။ ဥပမာ နို့ဆီ၊ အထည်ပိတ်စနှင့် ဆေးလိပ်လိုမျိုး။ ဆရာမကြီးက လူ့ဘ၀ ဆိုသည်မှာ ကိုယ့်ဆန္ဒ၊ ကိုယ်လိုအင်တွေချည်း မရနိုင်။ ကိုယ် မလိုချင်ပါပဲ လျက်နှင့် ကိုယ်မဖြစ်ချင် ပါပဲနှင့်လည်း ထိုမလိုချင် မဖြစ်ချင်သည် များကို မလွဲမသွေ ကြုံရလိမ့်မည်ဟု ဥပမာ အလင်္ကာနှင့် ပြောခဲ့ခြင်း ဖြစ်ပါသည်။
ဆရာမကြီးကား အတွေ့အကြုံ စုံခဲ့ပြီ။ ရှင်ကြီးဝမ်းထဲလည်း ၀င်ခဲ့ပြီးပြီ။ ရှင်ငယ်ဝမ်းထဲလည်း ၀င်ခဲ့ပြီးပြီ။ ထိုအချိန်က ကျွန်မတို့ကား ရင်တချီချီနှင့် မာန်တ၀င့်ဝင့်နှင့် လုပ်လျှင် ဖြစ်ရမည်ဟု ကြွေးကြော်နေကြဆဲ။ မဖြစ်လေတိုင်း ဒေါသနှင့် သောကတို့ အုံကြွကာ မုန်တိုင်း ကြမ်းစမြဲ။ ထိုအခါမျိုးတွင် အထက်ပါ အတိုင်း ဆရာမကြီးက ဆုံးမ ဖျောင်းဖျ ခြင်းတည်း။ သို့သော် ကျွန်မတို့ကား ငြိမ်သက်၍ မသွားကြ။ ရွှေပြည်အေး တရား မကြားနိုင်ဟု ခါထုတ်ခဲ့ကြ လေသည်။ ငယ်ငယ်တုန်းက ဆိုလျှင် “ဘ၀ဆိုတာ” ဟု ပြောရတိုင်း ခပ်ရွှင်ရွှင်၊ ခပ်သောသော အနက် ဖွင့်ခဲ့ဖူးသည်။ “ဥဿာလှိုင်ထိပ်ထား” ဟု လူသိများသော သူငယ်ချင်း ထားထားသည် အဆောင် ၀ရန်တာမှ နေ၍ လ၀န်းကြီး သာနေသည်ကို ငေးကြည့်ရင်း “သြော် ဘ၀...ဘ၀ တကယ်တော့ ဘ၀ဆိုတာ ဘနဲ့ဝ ပေါင်း ထားတာပဲ”ဟု ပြောလိုက်ရာ ဟက်ဟက်ပက်ပက် ရယ်မော လိုက်ကြသည်။ ငယ်သူတို့ ဘ၀ကား အရာရာသည် ပျော်ရွှင် ရယ်မောဖွယ်ပေပဲ။
အဆိုတော် ကိုမင်းနောင်၏ “ဘ၀ ဟူသည် ရယူခြင်း မဟုတ်၊ ပေးဆပ်နေရ ခြင်းဖြစ်သည်” ဆိုသော သီချင်း ပေါ်လာ၏။ ကျွန်မတို့သည် ရုံးမှာ ကုတ်ခြစ်၍ ရုန်းကန်နေကြ၏။ လဆန်းမှ လလယ် အသွယ်သွယ်သော ဈေးဖိုးများကို ရေတွက်နေကြ၏။ “ပြတ်တုန်းလပ်တုန်း ၂၃” ထုံးကို နှလုံးမူကြ၏။ ၂၅ ရက်ဆိုလျှင် ချေးငွေရသည်။ ၃၀ ရက်နေ့ လခ ထုတ်တော့ ဆပ်ရ၏။ ထိုအခါ သြော် ဘ၀ဟူသည် ရယူခြင်းမဟုတ်၊ ကြွေးဆပ် နေရခြင်း ဖြစ်သည်”ဟု တေးဆို လျက် ရယ်ပစ်ခဲ့ကြ လေသည်။ချစ်သူမျက်နှာ မော့ကြည့် နေရသည့် အချိန်များဆို ဘာကိုမှ စိုးရိမ် ကြောင့်ကြမှု မရှိခဲ့။ ချစ်သူနဲ့သာ ဆိုရင် စကြ၀ဠာ အပြင်ဘက် ထွက်ရမလား ဆိုသည့် သီချင်းကို မရိုးတမ်း ဆိုခဲ့လေသည်ပေါ့။ တူနှစ်ကိုယ် တဲအိုပျက်တော့ မဟုတ်။ တဲအိမ်သစ်ကလေးမှာ နေဖူးသည်။ ၀ါးကြမ်းပြင်ပေါ်မှာ အတူလှိမ့် အိပ်ရင်း ၀ါးစိမ်းနံ့လေးက မွှေးလိုက်တာနော်ဟု အမှတ်ထင်ထင် ပြောခဲ့မိသေးသည်။ မိုးတွင်းမှာ ဓနိတွေ မိုးယိုတော့ ကိုယ်က ခေါင်မိုး အပေါက်ကို ဂျာနယ် စာရွက်တွေနှင့် လိုက်၍ ဖာသည်။ ခေါင်တိုင်တန်းပေါ်သို့ ဘောင်းဘီရှည်နှင့် လွှားခနဲ တက်သွားသော မိန်းမကို သူက အောက်က မော့ကြည့်ရင်း အေးဟုတ်ပြီ၊ ဟိုဘက်မှာ တစ်ပေါက်ဆိုတော့ ဘယ်လောက် ရယ်စရာ ကောင်းသလဲနော်။ ကိုယ်က သူ့ကိုယ်ပေါ် တမင် ခုန်ချလိုက်ရာ နှစ်ယောက်သား ၀ါးကြမ်းပြင်ပေါ် လဲကျတော့ ရယ်လိုက်ကြတာလေ။
မိုးတွင်းကြီးမှာပင် နှစ်ယောက်သား စားပွဲ ၀ိုင်းလေးနှင့် ထမင်းလက်ဆုံ စားနေကြစဉ် လေပြင်းက ဝှေ့လိုက်တော့ အနောက်ဘက်က ထရံတစ်ချပ်လုံး ၀ုန်းဆို လွင့်ကျသွားပါ လေရော။ နှစ်ဦးသား ချိန်ကိုက်ထားသကဲ့သို့ ထလိုက်ကြပြီး အောက်ဆင်း၊ ၀ါးထရံကို ပြန်ထောင်၊ ၀ါးလုံးရှည် တစ်ခုနဲ့ထိန်း။ လုပ်ပါဟဆိုသော အခါ လုပ်နေတယ် လေတဲ့။ လေကတိုက်၊ မိုးကရွှဲ၊ တဟဲဟဲနှင့် ရယ်မောရင်း ထရံပြန်ကာမိ တော့မှ ပြန်တက် လက်ဆေးပြီး ထမင်း ၀ိုင်းပြန်ထိုင်ကြသည်။ ဘာမှ စိတ်ညစ်တယ် မရှိခဲ့။
ကိုယ်က လက်ထဲပိုက်ဆံ နည်းလျှင် ဈေးမ၀ယ်တတ်။ ထိုရက်ဆိုလျှင် သူက ဈေးသွားပေးသည်။ ငွေ ၁ ကျပ်နဲ့ ဘာရမှာတုံး။ ရသားပဲ။ ငါးခူ တစ်ကောင်ပါလာ၏။ ငါးခူ ငါးဆုပ်ဟင်း ချက်ကျွေးမယ်ဟု သူဆိုသည်။ ငါးခူ လေးကို အသားလွှာ၊ ဆန်လက်တစ် ဆုပ်လောက်ကိုလှော်ထောင်း၊ ငါးခူနဲ့ ရောပြီးထောင်း။ ဆီပြန်ချက် ပေးသည်မှာ ကောင်းမှကောင်း။ ရှမ်းနံနံပင်ခတ် လို့လေ။ ဘယ်မှာ ဆင်းရဲလို့လဲ။
နှစ်ယောက်အတူ အလုပ်နဲ့ လျှောက်သွားရင်းလည်း ပိုက်ဆံပြတ် ဖူးပါသည်။ စိတ်မညစ်ပါ။ ဘတ်စ် ကားပေါ် ခပ်တည်တည်တက်သည်။ သူကတော့မျက်နှာပျက်တတ်၏။ ကိုယ် ကစပ်ဖြီးဖြီးနှင့် စပယ်ယာကို မျက်နှာချို သွေးပါသည်။ မမတို့ ပိုက်ဆံ ကုန်သွား လို့လို့ တိုးတိုး ပြောလိုက်၏။ စပယ်ယာက မောင်းချပါ့မလား။ ကိုယ်တွေ၏ ဥပဓိရုပ်နှင့် ဆိုတော့ နားလည်စွာ ပြုံးရယ်ရင်း ကြိုက်သလောက် စီးပါဗျာ ဟုဆိုသည်။ ကားဂိတ်က အိမ်အပြန် သူ့ဘယ်ဘက် လက်မောင်းကို ကိုယ့် လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင် ခိုစီးရင်း ခုန်ဆွ ခုန်ဆွနဲ့ ဖြစ်ခဲ့ဖူးသည်။ ဘ၀ဆိုတာ ငွေရှိမှ ပျော်ရမှာ မဟုတ်ပါဘူး။ အချစ် ရှိနေရင် အရာရာ ပြည့်စုံတာပါပဲဟု ထင်ခဲ့ဖူးခြင်းသည် အသက် ၃၀ မကျော်ခင်က ဖြစ်ပါ သည်။
ကျွန်မသည် လှေငယ်လေးတစ် စင်းထဲမှာ ရောက်နေလေသည်။ လှေ ထဲမှာ ဘာမျှ မရှိပါ။ လှော်တက် မရှိ၊ ရိက္ခာ မရှိ။ ကောင်းကင်ကို မော့ကြည့် သောအခါ တလိပ်လိပ်တက်လာသော မိုးရိပ်တို့ကို မြင်ရ၏။ အနောက်ဘက် ဆီတွင် နီရဲနေသည်။ လေနီကြမ်း ဆင်တော့မည် ထင်ရဲ့။ တက်မရှိရင် လက် နှင့် လှော်ရမှာပေါ့ဟု စိတ်ကူးလိုက် သောအခါ လှေပတ်ပတ်လည် ရေပြင် ကျယ်မှာ ငါး၊ လိပ်၊ ငါးမန်းများ လူး လွန့်နေကြသည်ကိုမြင်ရ၏။ ရေထဲ လက်ချ၍ မဖြစ်နိုင်။
ခေတ္တမျှ ငိုင်နေပြီး စဉ်းစားသည်။အလောင်းတော် မဟာဇနက မင်းနှင့် စာသော် မိမိက တော်သေးသည်ဟု ယူဆမိ၏။ မိမိသည် ရေထဲရောက် မနေချေ။ ရေကူးရန်မလိုချေ။ လော လောဆယ်တော့ ခြောက်ခြောက်သွေ့သွေ့နှင့် အသက်မှန်မှန် ရှူ၍ ရနေသေး သည်။
ဟော အနောက်ဘက်က လေပြင်း တိုက်လာလေပြီ။
လှေသည်လူးစပြုလာ၏။ ကိုယ်ကို ဘယ်ညာယိမ်းပြီး ထိန်းနေရသည်။ လေပြင်းကပို၍သည်းလာသည်။ မိုး မှောင်ကျလာသည်။ မိုးစက်တွေပါကျ လာကြပြီ။ ကျွန်မသည် လှေနံနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ရင်း မျက်စိကိုမှိတ်ထားရ၏။ အသက် ကို ၀၀ရှူသွင်းစဉ် ငါမသေသေးဘူး ဟု အားတင်းရ၏။ စိတ်ထဲမှာလည်း သရဏဂုံ သုံးပါးကို မရပ်မနား ရွတ် နေမိပါသည်။
အိပ်ရာမှနိုးသောအခါ...
လူသည်မောလျလျဖြစ်နေသည်။
တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေလေသည်။
အိပ်မက်က ဆိုးလှချည်လား။
တကယ်တော့ အပြင်ဘ၀မှာ လည်း သည်အတိုင်းပါပဲ။ ကျွန်မသည် လှေကလေး တစ်စင်းနှင့် တက်မပါ၊ ရွက်မပါ၊ ရိက္ခာဗလာနှင့် လွင့်မျောနေ ခဲ့သည်။ ဘယ်ခရီးဟု မမှန်းဆတတ်။ ဘယ်ဆိပ်ကမ်းဟု မတမ်းတတတ်။ ဘယ်အဖော်ဟုလည်း မရည်မှန်းတတ် တော့ပြီ။
လောလောဆယ် ကျွန်မအတွက် အရေးအကြီးဆုံး ကိစ္စသည် အသက်ရှူ နိုင်ရေးသာ ဖြစ်သည်။ အသက်မှန်မှန်ရှူ နေရသည်ကို သတိထားပြီး ငါမသေ သေးဟု သဘောပေါက်နေ၏။ အသက် ရှင်နေသော လူသည် ဘာကိုမဆို မျှော် လင့်နိုင်သည်ပဲ။ အသက် မှန်မှန်ရှူရင်း အတိတ်ကိုလည်းကောင်း၊ အနာဂတ်ကို လည်းကောင်း တွေးကြည့်သည်။ ဘာကိုမျှ တွေး၍မရ။ ရင်ထဲမှာ လှိုင်းထလာသည်။ လှိုင်းခေါင်းဖြူတို့က နဂါး အမောက်နှယ် မာန်ဖီ၍ လာကြသည်။ မိမိကို ၀ါးမျိုအံ့ဟု ရက်စက်စွာ ကြုံးဝါး နေကြသည်။ မျက်စိမှိတ်ပြီး အသက် ကိုသာ ကြိုးစားရှူရပြန်၏။
အမောပြေစပြုသော အခါ ဘေးဘီ ကို ကြည့်ချင်လာပြန်သည်။ ငါ့ အနားမှာ ဘယ်သူရှိလဲ။ ငါ ဘာလုပ်စရာ ရှိသလဲ။ အို ငါ့အနားမှာ ဘယ်သူမျှမရှိ ချေတကား။ တကယ်တော့ အန္တရာယ်တောထဲ ရောက်ပြီဆိုလျှင် ဘယ်သစ္စာရှင်ကမျှ အသက်ပေးပြီး လာမကယ်ကြပေ။ အား စိတ်နာဖို့ မကောင်းပေဘူးလား။
ငါ ဘာလုပ်စရာရှိသလဲ။ လုပ်စရာ တွေကတော့ အများကြီးပဲလေ။ ရေးလက်စ စာမူတွေ တစ်ထပ်ကြီးပဲ။ ရေး ပြီးသားတွေရော၊ ရေးဖို့ စီစဉ်ထားတာ တွေရော၊ စာအုပ် ဖြစ်ပြီးတာတွေရော၊ ကွန်ပျူတာ စီပြီး စာအုပ် ချုပ်ထားတာ တွေရော။ ပြီးတော့ ရေးရန်ဆိုသည့် စာကပ်ထားသော ဖိုင်တွဲတွေ။
ရေးဖို့ အကြောင်းအရာတွေကလည်း မကုန်နိုင်။
လူငယ်များ ပြုပြင်ရေးတဲ့။ လူငယ် အတွေးအခေါ် တိုးတက် ရေးတဲ့။
လူမှုသိပ္ပံနှင့် ခေတ်မီ တိုးတက်သော ကမ္ဘာတဲ့။
သဘာဝ ပတ်ဝန်းကျင် နှင့် လူ့အဖွဲ့ အစည်းတဲ့။
ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲ သောနိုင်ငံများအရေးတဲ့။
ပဋိပက္ခအကြား လှုပ်ရှားခြင်းတဲ့။
အင်္ဂလိပ်ဘာသာဖြင့် မိမိကိုယ် တိုင်ရေး ရုပ်ပုံလွာတဲ့။
“သြော် အားနာလိုက်တာ တစ်ချိန်က ချစ်သူရယ်။ ရှင့်အတွက်တော့ ကျွန်မ အချိန် မပေးနိုင်တော့ဘူးနော်။ ပေးဆပ် ခဲ့ပြီးတဲ့ အချိန်တွေ၊ အင်အားတွေဟာ ကျွန်မကို တက်ကလေး တစ်ချောင်းတောင် ၀ယ်မပေးခဲ့ဘူး။
ရှိပါစေလေ။ ပျော်စရာတွေ ဖန်တီး ပေးခဲ့တဲ့ ရှင့်ကို ကျေးဇူးတင်ရမှာပါ။ လူတစ်ယောက်က “အချစ်ကို မခံစားဖူးဘူး”ဆိုရင် ဘ၀ဟာ ဘယ်ပြည့်စုံမလဲ နော်။ သို့ပေမယ့် အလုပ်တွေ လုပ်ရဦး မယ်ကွယ်”
ဟိုး ဝေးဝေးမှာ ပျပျလေး မြင်နေရတာ ဘာပါလိမ့်။
တိမ်တောင် တိမ်လိပ်တွေလား၊ ကမ်းရိပ် သောင်ခြေလေလား။
သြော် သဲ့သဲ့လေး တေးသံလည်း ကြားနေရသည်။
ရှင်တို့ တေးသွားက ဘာ အကြောင်းလဲကွယ်။
“ယိုယီးလေ ယီးလေးလေး”တဲ့။ ဒါက ရေလားဖြစ်သည်။ လှေတော်သံ ဖြစ်၏။ ခမ်းနားလိုက်ပေစွ။ ချစ်သူကို တမ်းတလွမ်းဆွတ်နေသံ မဟုတ်။ ပတ် ၀န်းကျင်ကို မကျေမနပ်နှင့် ရန်လိုနေသံ မဟုတ်။ အားငယ် နွမ်းလျနေသံ မဟုတ်။ ငါးဖမ်း တံငါလှေတွေဆီက ပိုက်ကွန်ဆွဲရင်း အားပေးသည့်အသံ၊ မျှော်လင့်သံ။ ကောင်းလေစွ။
ဒါမျိုးတွေ ကြားချင်ပါသည်။ ညည်းညူ တမ်းတနေလို့ ဘာထူးမှာတဲ့လဲ။ အားပျော့ ညှိုးလျော်နေလို့ဘာ ဖြစ်လာမှာလဲ။ ကိုယ့်ဘ၀ရပ်တည်ရေး အတွက် တကယ်လုပ်သင့်တဲ့အလုပ် ကိုပဲအားစိုက်ခွန်စိုက်ရပေမယ်ပေါ့ဟု စဉ်းစားသည်။ မဟာဇနကမင်းသား တောင် အားမလျှော့ဘဲ ခုနစ်ရက် လုံးလုံး သမုဒ္ဒရာပြင်မှာ ကူးခတ်နေခဲ့လို့ မေခလာ ကယ်တင်တာခံရတာ မဟုတ်လား။ ညှိုးလျော်အားပျက်သူတို့ ငါး မန်းစာ ဖြစ်ခဲ့ပြီးပြီ မဟုတ်လားဟု တွေး မိသည်။
ကျွန်မက တေးသံကို နားစွင့်ပြန် သည်။
လေညင်းထဲမှာပါလာတာ ဘာ တေးသွားပါလိမ့်။
လူတို့၏ တေးသံကား မဟုတ်။ ငှက်ကလေးတွေ အသံပါ။
ဒါဆို သေချာပြီ။ ကျွန်းမြေ တစ်ခုခုနှင့် နီးနေပြီပေါ့။ ဒါနဲ့ သူတို့က ဘာငှက် ကလေးတွေပါလိမ့်။ ပင်လယ်ထဲ ဆိုတော့ ပင်လယ်ပျံလွှားတွေလား။ ဇီဝစိုး တွေလား၊ ပင်လယ်စင်ရော်တွေလား။
ပင်လယ်စင်ရော်ဆိုသော အတွေးတွင် ယောနသံ စင်ရော်ကို သတိရသွား သည် Jonathan Livingston Seagull ပေါ့။ ရေးသူစာရေးဆရာကRichard Bach တဲ့ အမေရိကန် လူမျိုးပါ။ အမှန်တော့ သူက စာရေးဆရာလည်း မဟုတ်ပါ။ Pilot လေယာဉ်မောင်း သမားဖြစ်သည်။ လေယာဉ် အတတ်ပညာကို စာအုပ်များ ရေးခဲ့ရာ စုစုပေါင်း သုံးအုပ်ဖြစ်ခဲ့၏။ ယခုဆို ဂန္ထ၀င်တွေ ဖြစ်နေလေပြီ။ လေတပ်မတော်တွင် အရာရှိ အဖြစ် အမှုထမ်းခဲ့သည်။ ယောန သံစင်ရော် ကို ရေးသော အခါမှာတော့ သန်းချီ၍ ပိုက်ဆံရသဖြင့် သူဌေးကြီး ဖြစ်သွားခဲ့၏။ ကိုယ်ပိုင် လေယာဉ်ပျံကြီး တစ်စင်းကို မောင်းကာ ခရီး ဆက်နေ သည်ဆိုပဲ။
ဘယ်လောက်များ အားကျဖွယ် ကောင်းပါသလဲ။
ကိုယ်တွေ စာရေးစားလာတာ ရွှေရတု ရောက်တော့မည်။ ကိုယ်ပိုင် လေယာဉ်ပျံ အသာထား၊ ကိုယ်ပိုင် “မိုဘိုင်းလ်” လေးတောင် မ၀ယ်နိုင်။ ကွာသည်ပေါ့လေ။ သူရေးသော ယောနသံ ကိုလည်း ကြည့်ပါဦး။ စာတစ်အုပ်လုံးကို မပြော။ စာလုံးတစ်လုံးသည် မြန်မာကျပ်ငွေ ငါးထောင် တန်နေပြီတဲ့။ ဘာဖြစ်လို့များ ဒါလောက်အောင်မြင်ရတာပါလိမ့်။ သိပ်ထူး ထူးဆန်းဆန်းတော့ မဟုတ်ပါ။Pilot ကိုယ်တိုင်ပြောပြချက် အရ “လူတိုင်း လူတိုင်းသည် မည်ကဲ့သို့သော အလုပ်မျိုးကို မိမိ လုပ်လိုကြောင်း၊ ကိုယ်တိုင်တွေ့ အောင် စိစစ်ရှာဖွေပြီးသော်၊ ထိုအလုပ်ကို သေသေကျေကျေ ဇွဲနပဲဖြင့် လုပ်အပ်သည်” ဟူ၍ဖြစ်ပါသည်။
ပန်းချီ ပညာရှင်တစ်ဦးက ဤပုံဝတ္ထုသည် ပင်လယ် စင်ရော်များ အကြောင်း မဟုတ်၊ ပန်းချီပညာရှင် တစ်ဦးအဖို့ မိမိ၏ ပန်းချီပညာမှုအထာကို ကိုယ်တိုင်တွေ့ အောင်ရှာဖွေဖို့ အကြောင်းသာ ဖြစ်သည်ဟုဆိုသည်။ ကုန်စည်ထုတ်လုပ်သူ တစ်ဦးကမူ ဤပုံဝတ္ထုသည် ကြီးမြင့် တိုးပွားရန် အာသာ ဆန္ဒပြင်းပြမှု၊ အောင်မြင်မှု၊ ခေါင်းဆောင်မှု၊ စွန့်စားမှု၊ တီထွင်မှု၊ အကောင်းဆုံး ဖြစ်အောင် လုပ်လေ့လုပ်ထရှိမှု၊ သစ္စာရှိမှု၊ မျှဝေ ခံစားစံစားမှု၊ ပညာ သင်ကြားမှုနှင့် သင်ယူမှုအများအတွက် ကြောင့်ကြစိုက်မှု၊ မေတ္တာပွားမှု စသည်တို့ကို အားပေးအား မြှောက်ပြုသော ပုံဝတ္ထုဟုဆိုသည်။
ဝေဖန်ရေးဆရာ တစ်ဦးကလည်း “ကိုယ်မှန်နေသည်ဟု သိလျှင် တစ်ရွေးသားမျှ လျှော့မပေးတတ်သော လူစားမျိုး၊ အလုပ်တစ်ခုခုကို လုပ်ပြီဆိုလျှင် ကိုယ့်အတွက် ဘယ်လိုအကျိုးမျှ မရှိစေကာမူ အကောင်းဆုံး ဖြစ်အောင် လုပ်တတ်သော လူစားမျိုး၊ ဘ၀ဟူသည် အသက်မွေးဝမ်းကျောင်းခြင်း အလုပ်သာ မဟုတ်ဘဲ ပြီးပြည့်စုံအောင် နေခြင်းဖြစ်ရမည်ဟု သက်ဝင်ယုံကြည် နေထိုင်သည့် လူစားမျိုးတို့သည် ဤပုံဝတ္ထု ၏ အဓိကဇာတ်ဆောင် ယောနသံစင်ရော် နှင့် သဘောချင်း တိုက်ဆိုင်နေကြမည်” ဟုဆိုပါသည်။
Richard Bach၏ အင်္ဂလိပ်လို ရေးထားသော စာအုပ်ကို မြန်မာဘာသာသို့ ပြန်ဆို ထုတ်ဝေ ဖြန့်ချိပေးသူကား ဘသန်း(ဓမ္မိက)တည်း။ ထိုဘာသာပြန်သူ ဆရာ ကလည်း “ပြန်ဆိုသူ အဖို့မူ၊ လူသတ္တ၀ါတို့ အတွက် မျှော်လင့်ချက်သည် လူသတ္တ၀ါ၌သာ ရှိ၏။ အဆုံးအမပေါ်တွင် မေတ္တာ ပွားများခြင်း ဟူသော ကောင်းမြတ် ချိုမြိန် သည့် သဘောကို ထပ်လောင်း ထားသည်ကို တွေ့ရသဖြင့် စာကျဉ်းသော်လည်း အနက်ကျယ်ပြော ဘိသည်တကားဟု တအံ့တသြ တွေ့ရ၍ အလွန်ပင် စိတ်ကြည်နူး ခြင်းဖြစ်မိသည်”ဟု ရေးသားခဲ့သည်။
ကျွန်မသည် မသေသေး။
လွင့်မျောနေဆဲဖြစ်သည်။
မိမိအသက်ကို မိမိ စောင့်ရှောက်နိုင်ဆဲဖြစ်သည်။
ယောနသံစင်ရော်သည်၊ ကိုယ်ကျိုးမငဲ့ဘဲ အသက်ကိုပင် မမှုဘဲ လောက၌ ဘာအလုပ်သင့်ဆုံးနည်း ဟူသော မေးခွန်း၏ အဖြေကို ပေးသွားခဲ့လေပြီ။
ကျွန်မသည် လောကအတွက်၊
ထို့နောက် လူသားများအတွက်၊
ထို့ပြင် မိမိကိုယ်တိုင်အတွက်၊
ယောနသံစင်ရော် ပျံသန်းသော လမ်းအတိုင်း၊ ပျံသန်းရန် ရှိသည်မှ တစ်ပါး အခြား အကျိုးရှိသော အလုပ် ဘာကို လုပ်ရပါဦး မည်နည်း။
ဘ၀၏ အရသာကား ထိုအလုပ်ပင် မဟုတ်ပါလား။
ရွှေကူမေနှင်း
ရွှေအမြုတေမှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment