သင်္ကြန်ပြီးသွားပေမယ့် အပူရှိန် က မကျသေးဘူး။ အပူသက်သာလို သက်သာလို သက်သာငြား ကန်တော်ကြီးကို ထွက်လာတယ်။ အဲ့ဒီမှာ နှစ်ဆန်းတရက်နေ့က လွှတ်ထားတဲ့ ဘေးမဲ့နွား တကောင်ကိုတွေ့တော့ လက်ထဲမှာပါလာတဲ့ ပလာတာကိုကျွေးတယ်။ နွားက ပလာတာကို မြုံရင်း မျက်လုံးဝှေ့ကြည့်တယ်။ ‘မင်း နဲ့ငါ ရန်သူမဟုတ်ဘူးနော်’ ဆိုပြီး သတိပေးလိုက်တယ်။ ၀တ်ထားတဲ့ အင်္ကျီကိုလည်း ငုံကြည့်မိတယ်။ အနီရောင်ဝတ်ထားတာမဟုတ်လို့ နွားဝှေ့မှာတော့မဟုတ်ဘူး။ ကျွဲ၊နွားတွေရဲ့ သဘာဝစိတ်က အနီရောင်မြင်ရင် ဝှေ့တက်ကြတယ်။ ပလာတာစားရင်း နွားရွက်ခပ်နေတဲ့ နွားကို ကြားအောင် ‘ဟေ့နွား မင်းသိပြီးပြီလား၊ ခုတလော အင်တာနက်ပေါ်မှာ ကွန်ပစ်တာ ဆိုလား၊ ကွန်မြူနစ်ဝါဒဆိုလား အဲ့ဒါက ရန်- ငါစည်းကို လှူံ့ဆော်တယ်တဲ့’ နွားက အမြီးလှုပ်ပြတယ်။
‘ဒို့ပြည်သူတွေရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော် ပုံကြီးကိုလည်း ကွန်မြူနစ်တွေ ဆန္ဒပြ နေတယ်ဆိုပြီး တပ်မ ၂၂၊ ၃၃၊ ၄၄၊ ၅၅၊ ၇၇ တပ်အစုံပါပဲ ရန်ကုန်မှာ လှံစွပ်နဲ့ထိုး၊ ဘရင်းကယ်ရီယာတွေနဲ့ ပစ်ခဲ့တယ်။ ဗိုလ်ခင်ညွန့်ကလည်း စာအုပ်အနီထုတ်ကာ ကွန်မြူနစ် တွေ အာဏာသိမ်းရန် ကြံစည်တယ်ဆိုပြီး ဖြီးဖြန်းပြောသေးတယ်။’ နွားကိုကြည့်တော့ ပလာတာနဲ့ ဇိမ်တွေ့နေတုန်း။ နားရွက်ကလည်း တခပ်ခပ်နဲ့။
‘ဟေ့နွား- မင်းပဲစဉ်းစားကြည့်ကွာ စစ်အာဏာရှင်စံနစ်နဲ့ အဖိနှိပ်ခံပြည်သူတွေကြားမှာ ရန်-ငါစည်း မရှိအောင် ဘယ်လိုနည်းနဲ့ လုပ်မလဲ။ ကျောင်းသားဆိုလည်း ရန်သူလိုသတ်မှတ်၊ ရဟန်းသံဃာကိုလည်း ခေါင်းရိုက်ခွဲနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တောင် ကံသီလို့ လုပ်ကြံမှုက လွတ်ခဲ့ရတယ် မဟုတ်လား ။’ နွားကတော့ အမြီးလှုပ် နားရွက် ခပ်နေတုန်းမို့ ပလာတာကို ထပ်ကျွေးလိုက်တယ်။
‘ဒီမယ်နွား- ပြည်သူကို ရန်သူလို ဆက်ဆံနေတဲ့ အာဏာရှင်ကို ရန်- ငါစည်းမဲ့ ဆက်ဆံနေရင်၊ငါတို့ လုပ်နေတဲ့ ဒီမိုကရေစီရေးဆိုတာလည်း အပေါစားဆန်တဲ့ ပြည့်တန်ဆာ အဆင့်ထက်ပိုဆိုးသွားမယ်။ လက်နတ်ကိုင် တော်လှန်ရေးမှာလည်း ရန်- ငါစည်း စိတ်နဲ့သာ တိုက်ပွဲဝင်နိုင်တယ်။ စစ်အခြေခံကိုယ်တိုင်က ရန်သူကို ကိုယ်မသတ်နိုင်ရင်၊ ကိုယ်ကို ရန်သူ ကသတ်သွားမှာ မဟုတ်လား။ ရန်- ငါစည်းရဲ့ စိတ်ဓါတ်က ရပ်တည်ချက်၊ ခံယူချက်ပဲ။ အဓိက သတိပြုရမှာက ရန်- ငါစည်းက အစွန်းမရောက်သွားဖို့နဲ့ အာဃာတ မဖုံးလွှမ်းသွားရေးဖြစ် တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ခေတ်ကလည်း သူမနာ၊ ကိုယ်မနာ သင်ပုန်းချေရေး မူနဲ့စစ်အာဏာရှင်တွေကို ဆက်ဆံခဲ့တာပဲ။ ယနေ့အထိ ပြည်သူမှာသာ ညှင်းပမ်းမှု၊ ထောင်၊ ကျည်ဆံတွေနဲ့ ကြုံနေရတုန်းပဲ မဟုတ်လား။’
‘ဟေ့နွား- မင်းကိုလည်လှီးမယ့် အမဲဈေးက ကုလားကို ရန်- ငါစည်းမရှိပဲနဲ့ အပြုသဘော ဆောင်နေမလား။’ ဘွတ်အဲဆိုပြီး နွားကဂျိုကြည့် ကြည့်ကာမှုန်ကုပ်ကုပ်နဲ့ ထွက်သွားပြီ။ အချိန် ကိုကြည့်လိုက်တော့ နေစောင်းပြီ။ သြော် နွားရိုင်းသွင်းချိန် တောင်ရောက် နေပြီပဲ။ ။
ဧရာ (၁၈၊၄၊၂၀၁၁)
ဆရာမောင်ထင်ရေးခဲ့တဲ့ နွားနဲ့ သပိတ်ကို ပြန်လည်ခံစားရေးဖွဲ့ ပါတယ်။
No comments:
Post a Comment