လွတ်လပ်ရေးသက်တမ်း နှစ်ပေါင်း ၆၀ ကျော်ပေပြီ။ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ် စစ်အင် အားဖြင့် တိုက်ခိုက်ပြီး နိုင်ငံတစ်ပိုင်းကို ဖဲ့ယူပြီးနောက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် တိုက်ခိုက်ပြီးလျှင် တစ်ပြည်လုံးကို သိမ်း ပိုက်ယူငင်သွားသည်။
၁၉၄၈ ခုနှစ်ကျမှ မြန်မာပြည်ချစ် အင်အားစုတို့၏ စစ်ရေး နိုင်ငံရေး ကြိုးပမ်းမှုများကြောင့် အင်္ဂလိပ်နယ်ချဲ့တို့ မြန်မာနိုင်ငံကို လက် လွှတ်ရပြီး ပြည့်စုံသော လွတ်လပ်ရေးကို ရရှိခဲ့သည်။ ၆၂ နှစ်ကြာမှ ရခဲ့သည့် လွတ်လပ်ရေး၊ တစ်ပိုင်းပြီးတစ်ပိုင်း မျိုသည်ကို ၁၂၂ နှစ်တိုင် ခံရပြီးမှ ရရှိသော လွတ်လပ်ရေး။
ဤမျှ တန်ဖိုးကြီးလှသော လွတ်လပ်ရေး အကြောင်းကို စဉ်းစားနေသည့် အခိုက်ဝယ်...
အိမ်ရှေ့သို့ ရောက်လာသော ထီလက်မှတ်ရောင်း လှည်းပေါ်မှ မိမိ၏ရင်၌ ကြားရသည့်အခါတိုင်း ဆိမ့်၍ သိမ့်သိမ့်တုန်ရသော တေး သံ ပေါ်ထွက်လာသည်။
ဤသီချင်းကို ပြည်ခွင်တစ်ဝန်း ပျံ့နှံ့ခေတ်စားပြီး ယနေ့ထက်တိုင် မရိုးနိုင်အောင် ကြိုးစားသွားသော “နဂါးနီ” စာအုပ်အသင်းနှင့် ထို အသင်းကို တည်ထောင်ခဲ့သူ “နဂါးနီ ဦးထွန်းအေး” ကို ပြေး၍ အမှတ်ရသည်။
သစ်တောဝန်ထောက်၏ သားဖြစ်သူ မောင်ထွန်းအေး၊ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီးတွင် (မြန်မာနိုင်ငံအစိုးရ၏ ၀န်ကြီးချုပ် ဖြစ်ခဲ့သူ) ဖဆပလ ဦးဗဆွေတို့နှင့်အတူ ထားဝယ်မြို့၌ ကျောင်းသားသပိတ်ကို ခေါင်းဆောင်ခဲ့သူ မောင်ထွန်းအေး။
သူနှင့် (မြန်မာနိုင်ငံအစိုးရ၏ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ) ဦးနုတို့နှင့်အတူ ၁၉၃၇ ခုနှစ်တွင် နဂါးနီစာအုပ်အသင်းကို တည်ထောင်ခဲ့သည်။
“မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကို ပြောမည်ဆိုလျှင် နဂါးနီ စာအုပ်အသင်း၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ ရ ကောင်းမည်မဟုတ်ပါ။ ထိုအချိန်က မြန်မာလူမျိုးတို့၏ ဘ၀မှာ သူ့ကျွန်ဘ၀သို့ ရောက်ရှိနေခဲ့ရာ အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓါတ်တို့ အခြေခံရှိပြီးဖြစ်သည်။ ထိုအခြေခံ စိတ်ဓါတ်တို့ကို နိုးကြားလာစေရန်နှင့် ခေတ်မီတိုးတက်သော နိုင်ငံရေး အတွေးအမြင်များ ရရှိလာစေရန်အတွက် နဂါးနီစာအုပ်အသင်းက ဆောင်ရွက်ခဲ့သည်။ ထိုစဉ်ကာလက ကမ္ဘာတွင် လွှမ်းမိုး တွင်ကျယ်စပြုလာသည့် လက်ဝဲစာပေများကို ဘာသာပြန်ဆို၍ လူထုလက်ထဲသို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။
နဂါးနီစာအုပ် အသင်းသည် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုတွင် “အုတ်တစ်ချပ် သဲတစ်ပွင့်” အဖြစ် အထောက်အကူပြုခဲ့ သည်မှာ ငြင်းမရသော အကြောင်းအချက်ဖြစ်ပေသည်။”
ဒီလှိုင်း မဂ္ဂဇင်း၏ အမှာစကား၊ ၁၉၉၁ ခုနှစ် ၊ အယ်ဒီတာ စိုးမြင့်လတ်
လွန်ခဲ့သော ၁၈ နှစ်က ဒီလှိုင်း မဂ္ဂဇင်းက အထက်ပါအတိုင်း မြန်မာနိုင်ငံ ပြည်သူလူထုနှင့် နဂါးနီ ကို မိတ်ဆက်ပေးခဲ့သည်။
နဂါးနီ ဦးထွန်းအေး (၁၉၁၇ - ၂၀၀၁) သည် စာရေးဆရာကြီး ဦးသိန်းဖေမြင့်ရေးသော တက်ဘုန်းကြီး ဝတ္ထုနှင့် ထိုဝတ္ထုအတွက် ဦးနုက ရေးသော အမှာစာကိစ္စကြောင့် သံဃာထု မကျေနပ်မှုကြီး ဖြစ်ပေါ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ရောက်သွားသည်။ အိန္ဒိယတွင် M.A နှင့် B.L ဘွဲ့ရအောင် တက္ကသိုလ်ကျောင်း၌ ပညာသင်ယူနေသူ ကိုသိန်းဖေမြင့်နှင့် ပေါင်းမိသွားသည်။ ကွန်မြူနစ်ဝါဒအကြောင်း ဆွေးနွေးပွဲများသို့ တက်ရောက် နားထောင်ရပြီးနောက် ရုရှ စာရေးဆရာကြီးများရဲ့ ဝတ္ထုကြီးတွေဖတ်၊ ဆိုရှယ်လစ်ဝါဒရဲ့ အနှစ်သာ ရကို တွေ့မြင်လာ၊ ဆက်လက်ပြီး အင်္ဂလန်နိုင်ငံ လက်ဝဲစာအုပ်အသင်းက ထုတ်တဲ့ ဆိုရှယ်လစ်ဝါဒအကြောင်း စာအုပ်တွေ၊ တော် လှန်ရေးစာပေတွေ၊ နိုင်ငံများစွာရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဆိုင်ရာ စာအုပ်တွေနှင့် ရင်းနှီးလာသည်။ ထိုအခါ မြန်မာနိုင်ငံသို့ပြန်ပြီး ယင်းစာအုပ်များထဲမှ သင့်တော်ရာကို မြန်မာဘာသာသို့ ပြန်ဆိုပြီး စာအုပ်များ ထုတ်ဝေဖြန့်ချိလိုသောစိတ် ပေါ်ပေါက်လာသည်။ ဦးနုနှင့် တိုင်ပင်သောအခါ သူက စိတ်ထက်သန်စွာ သဘောတူသည်။
ဤတွင် ထိုအကြံအစည်ကို အကောင်အထည်ဖော်နိုင်ရန် နှစ်ယောက်သား ကြိုးစားကြတော့သည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့် အခါ ဆရာကြီး ဒီးဒုတ်ဦးဘချိုနှင့် တိုင်ပင်ရာ သူက သဘောကျ၍ “မင်းကလဲ စနေသား၊ မောင်နုကလဲ စနေသား (စနေဆိုတော့ နဂါးပေါ့) ထုတ်ဝေမယ့် စာအုပ်တွေကလည်း လက်ဝဲစာပေ (အနီ) ဆိုတော့ မင်းတို့ စာအုပ်အသင်းကို နဂါးနီ စာအုပ်အသင်းလို့ အမည်ပေးပြီး အလုပ်လုပ်ကြပေတော့” ဟု ဆရာကြီးက မင်္ဂလာဘိသိက် သွန်းလောင်းပေးသည်။
ဤတွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားချိန်အထိ နဂါးနီ စာအုပ်အသင်းအနေဖြင့် စာအုပ်ပေါင်း ၇၁ အုပ်နှင့် နဂါးနီ ဦးထွန်းအေး ၏ ပုဂ္ဂလိက ထုတ်ဝေရေးအနေဖြင့် စာအုပ်ပေါင်း ၃၀ ထွက်ပေါ်လာခဲ့လေသည်။ စာရင်း အစုံမရသေး။
နဂါးနီ ဦးထွန်းအေးသည် ခရစ် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ကွယ်လွန်သည်။ မကွယ်လွန်မီ ၁၀ နှစ်က ဒီလှိုင်း မဂ္ဂဇင်း၏ အယ်ဒီတာ စိုးမြင့်လတ်နှင့် တွေ့ဆုံခန်းတွင် “နဂါးနီ” ၏ သမိုင်း အသေးစိတ်ကို ပြောပြသွားသည်။ အကြောင်းသင့်လျှင် ထိုတွေ့ဆုံခန်းကို ဆက်လက်ဖော်ပြပါမည်။ ကွယ်လွန်ခါနီး ဆေးရုံပေါ်၌ သူ နောက်ဆုံးပြောပြသွားသော စကားရပ်မှာ ....
နဂါးနီသီချင်း
(တေးရေး - ရွှေတိုင်ညွန့် ၊ ၁၉၀၉ - ၁၉၄၅ ဖေဖော်ဝါရီ ၂၆)
ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါသည်။ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ၊ ဒို့အမျိုးသားတိုင်းပြည်၊ မွဲတဲ့သူ လှူဒါန်း နိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏ မတဲ့ကိန်းဆိုက်ပြီ။
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်။ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်။ ဒို့နဂါးနီ သိဒ္ဓိတန်းခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ၊ အကျိုးထူးပေးတော့မယ်တဲ့ ခေတ်သစ်ထူထောင်မည်၊ ဧချမ်းသာယာစည် နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက် စေမည်။
နေရေးနဲ့ စားသောက်ရေးပါ မနှေးအောင်ပင် ချောင်လည်ရမည်။ လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်မည် ဒို့နဂါးနီ၊ ဘာသာ ရောင် သာသနာရောင် ထွန်းလင်းပြောင်မည်၊ ကောင်းစားမယ် ဒို့မြန်ပြည် ရွှေမိုးရွာမည်။
သိဒ္ဓိအဖုံဖုံ နေ့စဉ်ညစဉ် ဖိုလ်မထိုးပဲ အကျိုးထူးပေးတော့မည်။ မြန်မာပြည် နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးကိုပျံနိုင်မည်။ မွဲတဲ့လူ တွေ ငွေမရှားအောင်လို့ ဆောင်ရွက်ကာမှန်း ထွက်ရပ်လမ်းပြမည်။
နဂါးနီ ဦးထွန်းအေး ဆေးရုံပေါ်တွင် မကွယ်လွန်မီ နောက်ဆုံးပြောခဲ့သည့်စကား
“ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့တတွေဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အသက်စွန့်လုပ်ကိုင်ခဲ့ကြတယ်။ ဒီလိုပါပဲ။ ဒီနေ့ ခေတ် မျိုးဆက်သစ်လူငယ်တွေဟာလည်း တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် လုပ်နေကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
ညိုမိုး၊ ရနံ့သစ် မဂ္ဂဇင်း ၊ အမှတ် ၅ ၊ ၂၀၀၉ မေလ။
* * * * * * * * * * * * * * *
ဤဆောင်းပါးကို ရနံ့သစ်မဂ္ဂဇင်း လက်ရွေးစင်ဆောင်းပါးများ၊ ခေတ်ပြတိုက်စာပေ၊ ပထမအကြိမ်၊ ၂၀၁၀ ဇူလိုင်လ၊ စာမျက်နှာ ၂၃ - ၂၆ မှ တိုက်ရိုက်ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံကိုလည်း စာမျက်နှာ ၂၅ မှ ကူးယူထားပါသည်။ စီးပွားရေးအလို့ငှါ ဖော်ပြခြင်း မဟုတ်ပါသဖြင့် ခွင့်ပြုပါရန် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။
http://www.mingalarpar.org/2011/09/blog-post_25.html
http://www.mingalarpar.org/2011/09/blog-post_25.html
No comments:
Post a Comment