အနှစ် တရာက အောက်ပြည် အောက်သား စာနယ်ဇင်းသမား

မန္တလေး ကျနော်တို့ အပြထဲတွင် တခေတ်တည်း ပေါ်ခဲ့သော ထင်ရှားသူ လေးယောက်မှာ ၁၉၆၉ တွင် ဇာတ်ဆရာ ရွှေမန်းတင်မောင်မှ စ၍ ၁၃ နှစ်စီခြားပြီး ဆုံးပါးဖူးရာ နောက်ဆုံး ကွယ်လွန်သူမှာ ကျနော့် အဘွား (၂၀၀၈ ခု) ဖြစ်ပါသည်။ 

၁၉၈၂ တွင် အဘိုး ဆုံးစဉ်က ကျနော် မှတ်မိသမျှမှာ ဧည့်ခန်း ထောင့်တွင် ပုံထားသော လွမ်းသူ့ ပန်းခွေများနှင့် လူတရုံးရုံးပင် ဖြစ်သည်။ အပေါ်ထပ် ဝရံတာ အလံတိုင်မှနေပြီး အိမ်ရှေ့က ထွက်သွားသော အသုဘကားတန်း ရှည်ကြီးကို ဆွေမျိုး တယောက်ယောက် လက်ပေါ်မှ နေ၍ ငေးကြည့် ခဲ့မိသည်သာ အဘိုးနှင့် ပတ်သက် ပြီး မှတ်မိသမျှ အပိုင်းအစ ဖြစ်ပါ၏။ ထို့နောက် အဘွား မဆုံးခင်က ကားနှင့် တနေရာသွားရင်း ဆေးရုံဘေးက ဖြတ်သွား ရာတွင် “ဒါ မင်းအဘိုး ဆုံးတဲ့ အဆောင်”ဟု ခွဲစိတ်ရုံ (၂)ကို ပြဖူးသဖြင့် နေရာအတိ အကျ အမေ့ကို မေးကြည့် ခဲ့ပါသည်။ ထိုခွဲစိတ်ရုံနှင့် သံဃာ့ဆေးရုံ အပေါ်ထပ် ကူးသည့် ဆောင်ကူး တံတားထိပ် ထောင့်ချိုးက အဘိုးဆုံးသည့် ခုတင်နေရာမှာပင် နောက်ဆုံးနှစ် ဆေးကျောင်းသား အဖြစ် ကျနော် စာသင်ဖူး လူနာကေ့စ် ယူခဲ့ဖူးပါသည်။

သူနှင့် ပတ်သက်သမျှ မိသားစုတွင် အဓိက ပြောပြလေ့ ရှိသူများမှာ အဘွားနှင့် အမေဖြစ်ပါ၏။ အဘွားတွင် သူ့စံပြ လင်ကို ပမာပြကာ မြေးတွေ လိမ္မာရေးခြား ရှိစေဖို့ ဗျူဟာစုံ ရှိပါသည်။ “မင်းတို့ အဘိုးက အရက်တို့ ဆေးလိပ်တို့ ဆို တာ အနံ့တောင်ခံတာ မှုတ်ဘူး၊ ဖဲရိုက်တာ လောင်းကစားတာ များကို အချိန်ဖြုန်းတဲ့ အလုပ်ဆိုပြီး အင်မတန် စက်ဆုပ် တာ ကလား၊ မင်းတို့ စာရေးရင် စာကြွားတွေ၊ အသိမ် အဖျင်း၊ တက်ထောင် မောင်းနင်းတွေ မရေးလေနဲ့၊ မင်းတို့ အဘိုးဟာ အနေအထိုင် အရေးအပြော အင်မတန် ရည်မွန် ပြေပြစ်တာ” စသဖြင့် သက်ထက်ဆုံး သွန်သင်ပေးခဲ့ပါ သည်။

ဒေါက်တာတန်ဂွမ်လျောင်ကို အဖော်စပ်ပြီး အဘိုး အင်းလျား ဟောလ်ပါလာတွင် သူ့ကို စတွေ့စဉ်က အဘိုး လက် ချောင်းလေးတွေကို သူ့လက်နှင့်ယှဉ်ကာ ရှက်မိပုံ၊ နောက်အိမ်ထောင်ကျမှ ထိုလက်ကလေးတွေက ခြင်ထောင်ကြိုးပင် မချည်တတ်သဖြင့် သူပဲ အလုပ်ရှုပ်ရပုံ၊ အဘိုးကို ဖမ်းထားစဉ်က ဦးကျော်ငြိမ်းနှင့် မည်သို့ အချီအချပြောရပုံ စသည့် ရှေးဖြစ်ဟောင်းတို့ကို မီးပျက်သော နွေညများတွင် ဝရံတာပေါ်က ကွပ်ပျစ်ကြီးပေါ် ၌ မြေးတွေကို ယပ်တောင် တဖျပ် ဖျပ်ခတ်ပေးရင်း ပြောပြသံများကို ကြားယောင်ဆဲ ဖြစ်ပါသည်။
သူရေးသည့်စာ အတော်များများတွင် ဦးလှသာရှိရင် ဘယ်လိုပြောမှာဆိုသည်က ပါတတ်စမြဲ။ အမေကလည်း မင်းတို့ အဘိုးက သူများတကာကို အင်မတန် ကူတတ်သနားတတ်တာကအစ ဘုရားတရားကြည်ညိုပုံ၊ မြေးတွေကို သံယော ဇဉ် ကြီးလှ၍ ဆုံးခါနီးတွင် ကလေးတွေကို ဆေးရုံခေါ်မသွားပုံများကို ပြောပြရင်း ဖေဖေ သာရှိရင် ငါ့သားစာရေးတာ အင်မတန် ဝမ်းသာအားပေးမှာဟု ဆိုတတ်ပါ၏။ 
နောက် ရန်ကုန်ရောက်သည့်အခါ သွင်ရုံအနီးတဝိုက်၊ ၃၇လမ်းထဲ စသဖြင့် အဘိုး လူပျိုဘဝက သခင်ဇင်၊ သခင်အုန်း မြင့်တို့နှင့် ကြီးပွားရေးမဂ္ဂဇင်းထုတ်ခဲ့သည့် တိုက်ခန်းတွေကို မှန်းကြည့်မိပါသည်။ ထို့နောက် စင်္ကာပူ၊ ဂျကာတာ စ သဖြင့် သူရောက်ခဲ့ရာနေရာတွေ ရောက်လေတိုင်း သူ့ကို အမှတ်ရနေမိသည်။
တိုက်တိုက်ဆိုင် ဘောရောဗုဒ္ဓေါဘုရားကြီး ရောက်သောနေ့က သူဆုံးတာ ၂၄နှစ်ပြည့်သည့်နေ့ဖြစ်ရကား သူဓာတ်ပုံ ရိုက်ခဲ့သည့် စေတီထောင့်မှာပင် အမှတ်တရ ဓာတ်ပုံရိုက်ကာ အဘွားကိုပြခဲ့ပါသည်။
လန်ဒန်တွင်လည်း သူတို့ သတင်းစာမစ်ရှင်နဲ့လာစဉ်က တည်းရာ ဟိုက်ပတ်ပန်းခြံဘေးက ဒေါ်ချက်စတာ ဟိုတယ် နားဖြတ်တိုင်း သူ့ကို အောက်မေ့မိသည်ချည်း ဖြစ်သည်။
Facebook တွင် ရုရှား၊ဂျပန်က မိတ်ဆွေများ ရင်ပြင်နီ၊ ကမာကူရားရုပ်ပွားတော်ကြီးစသည့် သူရောက်ခဲ့ရာ အထင်ကရ နေရာများတွင် ရိုက်သည့် အယ်လ်ဘမ်များကိုတွေ့တိုင်း သွားကြည့်ချင်စိတ်က ထိန်းမရပါပေ။
(၂)
စင်စစ် ကျနော်တို့ ငယ်စဉ်က အဘိုးပုံပြင်တွေနှင့် ကြီးခဲ့ရသည်မဟုတ်ပါ။ ၁၉၈၄ မီးကြီးတွင် စာအုပ်ဂိုဒေါင် ပါသွား သဖြင့် စာအုပ်ဗီရိုထဲက တိုက်ထုတ်စာအုပ်တွေမှာ ကလေးတွေအတွက် မဟုတ်ပေ။ နယ်တွင် ကောမစ် ကာတွန်းများ ဖတ်ရင်း သမိုင်း၊ ဗုဒ္ဓဝင်၊ ဝတ္ထု စသဖြင့် စာအုပ်ကြီးတွေကို မမီ့တမီ ဆွဲဖတ်ရင်း စာပါး ဝခဲ့ရပါသည်။ ဆယ်ကျော်သက် မန္တလေး ပြန်နေမှ စာအုပ်ဟောင်းတွေ ယူဖတ်ရင်း ဆုံးလေပြီဖြစ်သော အဘိုးကို ပြန်တွေ့ရသည်။

နောက် ဆယ်တန်း အပြီး
၃ နှစ်လောက် ယောင်တောင်တောင် ဖြစ်နေချိန်တွင် ပုံနှိပ်စက် ထပ်ခိုးပေါ်မှ လူထု သတင်းစာ ဟောင်းတွေ စုချုပ်ထား သည့် စာအုပ် မည်းမည်းကြီး တွေကို ပြန်လှန် မိချိန်တွင် သူ့လက်ရာ သူ့စိတ်ကူး သူ့အသံတွေကို ပိုသိလာရ ပါသည်။ သူသည်  လက်ဝဲသတင်းစာဆရာ ဆိုသော်ငြား သတင်းစာကို နိုင်ငံရေး ပိုစတာ သာသာ တဖက်စောင်းနင်း မထုတ်ဝေ ခဲ့ပါ။ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ပြည်သူ့ ဘဝကို တိုးတက် စေမည့် အရေး ဟူသမျှ ကို ကျွမ်းကျင်သည့် ကလောင်ရှင်များ စုံလင် စွာနှင့် တင်ဆက် ခဲ့သည်။
နိုင်ငံရေးပါမှ သတင်း မှတ်သည့် အစွန်းနှင့် နိုင်ငံရေး ကင်းသည်ဟု အထင်ခံလို၍ (တနည်း ဉာဏ်အမြော် အမြင် မရှိ ၍) ကြံဖန်ပြီး ကြားနေ ပြခြင်း အစွန်း နှစ်ဘက်လုံးကို ကြဉ်ပြီး ပြည်သူအများ ကောင်းကျိုး ချမ်းသာ ရစရာ တိုင်းပြည် တွင် စစ်မက် ကင်းရှင်းပြီး ဘယ်နိုင်ငံ ဘယ်အုပ်စု ကိုမှ မျှော်မနေ ရသည့် ကြောက်မနေ ရမည့် လွတ်လပ်ရေး စစ်စစ် ကို ခံစားနိုင်စရာ နိုင်ငံရေး အနေအထား တရပ် ပေါ်ထွက် လာရေးကိုသာ တောက်လျှောက် နှိုးဆော် လာခဲ့သည်။
ထိုသို့ စေတနာ မှန်ခဲ့သော်ငြား အထက် ဗမာပြည်တွင် ကွန်မြူနစ် အားကောင်းတာ လူထုကြောင့်ဟု ဖဆပလ ထိပ် သီးများက ယူဆခဲ့၍ မိုင်းခွဲ ဖျက်ဆီးကာ အသက် ရန်ရှာခြင်း၊ ချိတ်ပိတ် အာမခံ တောင်းခြင်း၊ အကြိမ်ကြိမ် ဖမ်းဆီးခြင်း တို့ဖြင့် ဖြိုခွဲခဲ့လေရာ ဖဆပလသာ သူ့ကိုယ်တွင်း ပယောဂ ဂိုဏ်းဂဏ စိတ်ဖြင့် ဟက်တက်ကွဲပြီး စစ်အုပ်စု ဝါးမျိုမှုကို ခံခဲ့ရကာ မည်မည်ရရ အမွေအနှစ် ပြစရာမကျန်ဘဲ ပျောက်ကွယ် ခဲ့လေသည်။
လူထုသတင်းစာဟု လှုပ်ရှားမနေတော့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက်အောက်တွင် တိတ် ဆိတ်နေရသော လူထုဘက်က အစဉ်ရပ်တည်သည့် နိုင်ငံသားများ၏ ကြီးပွားတိုးတက်ရေးကိုသာ လိုလားသော သတင်းနှင့် စာပေအတတ်ကို လူထုစာအုပ်များမှတဆင့် မီဒီယာစုံမှတဆင့် လိုက်စား အသုံးချကာ ပြည်ကောင်းအောင် ဆောင်ကာကျိုးလိုသည့် မျိုးဆက်အသစ် ဂျာနယ်လစ်များနှင့် ပညာတတ် ပညာမဲ့ လူငယ်များမှာ တခေတ်ပြီး တခေတ် ပေါ်ထွက်လာဆဲပါတည်း။

သတင်းသမားအမည်ခံတချို့က သတင်းစာဆရာနှင့် စာရေးဆရာ နယ်ပယ်ချင်း မရောစပ်နိုင်ဟု ကြောင်းကျိုးမဲ့ ပြော ဆိုသည်ကို နားနှင့်ဆက်ဆက် ကြားခဲ့ဖူးပါသည်။ ရသမရေးတတ်ရင် စာရေးဆရာမဟုတ်ဆိုသော သုံးသပ်ချက်မျိုး လည်း ကမ္ဘာကျော်မြန်မာမ တယောက်ထံက ထွက်ခဲ့ဖူးသည်ဖြစ်ရာ ဤသို့ အလေဏတော ပြောဆိုသူများက ယခု ခေတ် မြန်မာပြည်ကို သတင်းနှင့် စာပေဘက်က ခေါင်းဆောင်နေ သည် ဆိုလျှင် တိုင်းပြည်တွင် ကြီးစိုးနေသော ဆင် ခြင်တုံတရားကင်းမဲ့သည့် တယူသန် တွေးခေါ်သည့်အလေ့များ၏ လက်သည်အဖြစ် ထိုပုဂ္ဂိုလ်များကို စာရင်းသွင်း လောက်ပါသည်။

အဘိုးအတွက်ကား မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ၊ စာအုပ်ဆိုသည်များမှာ သူရေးလိုပြန့်ပွားလိုသည်တို့ကို သယ်ဆောင် သည့် ယာဉ်သာဖြစ်၏။ ဆောင်းပါး၊ ပေးစာ၊ ဝတ္ထု၊ ခေါင်းကြီး၊ သတင်းစာကော်လံ၊ ပုံပြင်၊ သမိုင်းကျမ်း၊ ပြန်ပြောင်း ပြောချက်ကို မှတ်တမ်းတင်ခြင်း ၊ သတင်းဖြတ်စ စုစည်းမှု၊ ဟောပြောချက် စသည်ဖြင့် ရေးသားမှုပုံသဏ္ဍာန် မျိုးမည် အတော်များပြီး ရေးသမျှလိုလိုလည်း အောင်မြင်သည်ကို တွေ့ရသည်။ ပြေပြစ်နူးညံ့ပြီး ဟာသအရွှန်းညှပ်တတ်သော၊ ထက်သန်သော စေတနာနှင့် အများအကျိုး နှိုးဆော်မှုကို ခံစားနိုင်သော အရေးအသားပါပေ။ ထိုထက် အဘိုးသည် သတင်းစာနှင့် အချိန်ကုန်သွား၍ ဘာစာမှ ကောင်းကောင်းကန်းကန်း ချန်မထားနိုင်ခဲ့ဆိုသော သတင်းသမားမျိုး မဟုတ်ဘဲ သတင်းစာမိတ်ကို အခြေပြုပီး ရိုးရာပုံပြင်စုဆောင်းခြင်း၊ လူမှုစီးပွားသမိုင်းနှင့် ပြဿနာဇာစ်မြစ် ဖွေရှာ လေ့ လာ ရေးသားခြင်း (Investigative Reporting) (ဥပမာ ဘိန်းဖြူသမား အမှားကမ္ဘာ၊ စားစရာဆန်) လုပ်ခဲ့သူဖြစ်သည်။

ချောင်ထဲတွင် အမှိုက်ဖြစ်နေသည့် စာနယ်ဇင်းအဟောင်းများ၏ အဖိုးတန်ပုံကို သိသောကြောင့် သတင်းစာ များပြော တဲ့ စစ်အတွင်းဗမာပြည်လို ရည်ညွှန်းစာအုပ်ကောင်း၊ သူ့စာတွေကပြောတဲ့ သိပ္ပံမောင်ဝ ကဲ့သို့ စာပေညွန့်ပေါင်းကျမ်း ပေမီဒေါက်မီမျိုးတွေ ထွက်ပေါ်လာခဲ့သည်။ ခုခေတ် မြန်မာမီဒီယာတွင် အကြိုက်တွေ့ နေကြသည့် စကက်ခ်ျခေါ် အည တရ ရုပ်ပုံလွှာမျိုးကို ဟိုနှစ်ငါးဆယ်ကျော်က အဘိုး၏ ထောင်နှင့်လူသား တွင် ဖတ်ရှုနိုင်သည်။
(၃)
အဘိုးတို့ခေတ် ဒို့ဗမာမျိုးဆက်များသည် သူ့ကျွန်ဘဝမှ လွတ်ရေး၊ ကိုယ့်တိုင်းပြည်ထဲတွင် အောက်ကျလှသည့် တိုင်း ရင်းသားတို့၏ စီးပွားရေးအခြေကို မြှင့်တင်ရေးဆိုသည့် နိုင်ငံရေးအမြင်ကို စာသင်ကျောင်းနှင့် သတင်းစာ၊ လူငယ် လှုပ်ရှားမှုများတွင် ရရှိခဲ့ကြသည်က များပါသည်။

သတင်းစာတွေကြောင့် လွတ်လပ်ရေးရတာဟု ထွန်းနေ့စဉ်ဦးထွန်းဖေဆိုဖူးသကဲ့သို့ လူငယ်များကြီးပွားရေး အသင်း ကြောင့် ကြီးပွားရေးဦးလှ၊ မောင်ထင်၊ ဦးတင့်ဆွေ စသည့် တိုင်းပြည်ပြုပုဂ္ဂိုလ်များ ပေါ်လာခဲ့သည် မဟုတ်ပါလား။ သို့ အတွက် လက်ရှိဖိနှိပ်မှုများအောက်မှာပင် ရသည့်နေရာတွင် လူငယ်တို့စုစည်းမှု၊ ပညာ သုတဖလှယ်မှုများ တိုးပွားရင့် ကျက်လာအောင် လူကြီးလုပ်နေသူများက ချီးမြှောက်ထိုက်ပါသည်။

ထိုထက် ထက်သန်မှန်ကန်သော နိုင်ငံရေးခံယူချက်၊ ယထာဘူတကျကျ တွေးခေါ်တတ်သော အလေ့အထ၊ လူရေးလူ စ ရင့်ကျက်ပြည့်ဝမှု စသည့် လူတော်လူမြတ်တို့၏ အမူအကျင့်တို့ကို ခံယူကျင့်သုံးတတ်သည့် မြန်မာလူငယ်များ ပေါ်ထွက်လာစေရန် မီဒီယာဆိုသော ဌာနများက အထူးအားစိုက်သင့်ပါသည်။

“လူတလုံး သူတလုံး”ဆိုသည့်စကားမှာ အဘိုးလက်သုံးဖြစ်ပါသည်။ သူ့ဘဝနှောင်းပိုင်းကာလတွင် မြန်မာနိုင်ငံ၏ မတည်ငြိမ် ဆုတ်ယုတ်မှု၊ ခေတ်နောက်ကျ ပြတ်တောက်မှု စသည်တို့၏ လောင်းရိပ်မိသော လူငယ်များကို ထိုအခြေ အနေမှ ရုန်းထွက်နိုင်စေရန် ရည်သန်ပြီး လူငယ့်အရေးတို့ကို အားစိုက်ရေးသားဟောပြောခဲ့ပါသည်။


ယခုသူ့အသက်ရာပြည့်သော ကာလမျိုးတွင်လည်း မြန်မာသတင်းနှင့်စာပေသမားများက ဦးလှတို့ထက်တော်သော ထက်သော လူငယ်မျိုးဆက်သစ်များဖြင့် တိုင်းပြည်ကို အားသစ်လောင်းကာ ဆင်းရဲတွင်းမှ ရုန်းတက်ဖို့အရေးတွင် ကြီး စွာသော အကူအမဖြစ်စေသင့်ပါလှသည်။     ။
-------------------------------------------------------------------------------
ဖဆပလရဲ့ အကြမ်းဖက်ဒီမိုကရေစ
written by ဆွေမျိုး, January 22, 2010
၁၉၄၈ မတ်မှာ မီးခွက်မှုတ် သတင်းမှားထဲ့လို့ ဆိုပီး သတင်းစာတိုက် ၃ တိုက်ကို ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း စေခိုင်းချက်နဲ့ ဆိုရှယ်လစ်တွေက ပုဆိန်နဲ့ ပေါက်တဲ့အမှု ဖြစ်တယ်။ ဖဆပလရဲ့ မာစတာ ဘရိန်း ဂျာနယ်ကျော် ဦးချစ် မောင်ရဲ့ဇနီး မုဆိုးမ၊ ဖဆပလ ဘဏ္ဍာရေး ဝန်ကြီး မြန်မာ့အလင်း ဦးတင်နဲ့ ကုန်သွယ်ရေး ဝန်ကြီးဟောင်း၊ ဗြိတိန်၊ ဆိုဗီယက်တို့မှာ သံအမတ်လုပ်ခဲ့တဲ့ ဦးနု အကြံပေး ဦးအုန်းတို့ မိတ်ဆွေ ဒေါ်မမလေးပိုင် ပြည်သူ့ဟစ်တိုင်၊ ဦးကျော် ငြိမ်း ငယ်သူငယ်ချင်းအရင်း ဦးညိုမြရဲ့ အိုးဝေနဲ့ ပထမဆုံး အမျိုးသမီး သတင်းစာဆရာ အင်ဒီပင်းဒင့် ဒေါ်စန်းရဲ့ စီးပွား ရေး သတင်းစာတိုက်တွေပါ။ စက်တင်ဘာမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အရံတပ်တွေရဲ့ ဗိုလ်မှူးချုပ် တပ်မင်းကြီး ဦးတင်ထွဋ်ကို (စစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ် အဓိပတိ) သူပိုင်တဲ့ နယူးတိုင်းမ်စ်အော့ဖ် ဘားမား သတင်းစာတိုက်က အထွက် ကားဗုံးနဲ့ လုပ်ကြံခံရပါတယ်။ ဒါ ဗိုလ်အောင်ကြီး လက်ချက်ဆိုတဲ့ ရေးသားချက်လဲ တွေ့ဖူးပါတယ်၊ ရုတ္တရက် မပြောနိုင်လို့ပါ။ အောင်ဗလရေးတဲ့ စာတအုပ်မှာ ဗမာ့ခေတ် ဦးအုန်းခင်ကို ဗိုလ်နေဝင်းက ဦးတင်ထွဋ် ဘာ့ကြောင့် သေတာ ခင်ဗျား သိပါတယ်ဆိုပီး ခြိမ်းခြောက်ဖူးတယ် ဆိုတယ်။ ဒီအမှုက ခုထက်ထိ လက်သည် မပေါ်ခဲ့ပါဘူး။ ဒါ ကြောင့် ဖဆပလ ဆိုရှယ်လစ်တွေနဲ့ အပေါင်းပါ စစ်ဗိုလ်များဟာ အာဏာပိုင်တွေနဲ့ မည်မျှနီးစပ် စေကာမူ မလိုလားတဲ့ သတင်းစာတွေဆိုရင် အပြတ်ချေမှုန်းလိုတဲ့ ဝသီရှိတာ ထင်ရှားပါတယ်။ အင်တာဗျူး တခုမှာ သခင်အုန်းမြင့် ပြောဖူး သလို “ကိုလှနဲ့ မမမာတို့က သည်းခံတတ်လို့ သူတို့ ဖြစ်ခဲ့တာတွေ လူမသိတာပါ” ဆိုတဲ့ စကားကိုပဲ သတိရပါတယ်။ ဒါကြောင့် ဒိုင်းနမိုက်ရဲ့ နောက်ဆက်တွဲ လူသတ်ရန် ကြံစည်မှုဟာ စစ်အာဏာရှင် အဆက်ဆက်ခေတ် လူမသိ ဖြစ်ခဲ့ တာပါ။

အတွင်းသိ
written by ဆွေမျိုး, January 21, 2010
ဝင်းလိုက် ရုပ်ရှင်ရုံ ရှေ့နားမှာ တအိမ်လုံးမှာ ရှိတဲ့ ကလေး လူကြီး ၂အိမ်ထောင်ကို တန်းစီပီး ပစ်သတ်ဖို့ လုပ်ပါတယ်။ ဆွမ်းခံကြွနေကျ ဘုန်းကြီးတပါး ကယ်လို့ အသက် လွတ်ပါတယ်။ ပီးမှ နန်းတော်ထဲ လိုက်ဖို့ ခေါ်တော့ လူကြီး တယောက်ပါမှ ဆိုပီး ရွှေဥဒေါင်း ထဲ့လိုက်ကြတာပါ။ ဒေါ်အမာ့ ညီမ ယောက်ျားကလည်း မေမြို့ စစ်ကျောင်းက တောခိုသွားတဲ့ ဆရာပါ။ ဒီအကြောင်းတွေ ဦးဖိုးသံချောင်း ရေးတာ ပြန်ရှာဖတ်ပါ။
တိုက်ပေါ်ကနေ သေနတ်နဲ့ လှမ်းပစ်ပါတယ်ဆိုပီး စစ်သားက ပြောလို့ “မဟုတ်ဘဲ မပြောနဲ့” ဆိုပီး ဒေါ်အမာ ကိုယ်တိုင် စစ်သား သေနတ်ပြောင်း ဆွဲကိုင်ပီး အိမ်ပေါ် လိုက်ပြတယ်လို့ မဆုံးခင် ပြောဖူးပါတယ်။ ခေတ္တမြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးကြင် လက်မှတ်နဲ့ လူထုတိုက်ကို ရဲဘော်တွေ မနှောင့်ယှက်ဖို့ လက်မှတ်လဲ ရှိပါတယ်။ ကြည့်ရတာ ရန်ကုန်က ဆိုရှယ်လစ် တပ်မှူးတွေနဲ့ ခေါင်းဆောင် တချို့ လက်ချက် ဖြစ်နိုင်ပါတယ်၊ အသံထွက်တဲ့ သတင်းစာကို အသေအချာ ရမယ်ရှာ အပြတ်ရှင်းဖို့ နေမှာပါ ။ မန်းလေးက တပ်လောက်က ဗဟို ဖဆပလ လူကြီးဟောင်း တယောက်ကို ဒီ လောက်ထိ ကြံဝံ့မယ် မထင်ပါ။ ဘာကြောင့်လဲ ဆိုတော့ နောက်ပိုင်း ဦးလှ ရွေးကောက်ပွဲဝင်ရွေးခံမှာစိုးလို့ လုပ်ကြံဖို့ ကြိုးစားကြဘူးတယ်လို့ ဒီတုန်းက ဆိုရှယ်လစ် ခေါင်းဆောင် ဦးကြည်မြ ပြန်ပြောတာကို ဗိုလ်မှူး အောင်သိန်း (ရေ) ရေးတာ လူထု ချစ်သမျှ လူထုဦးလှ ဒုတိယတွဲမှာလား ပါပါတယ်။ ဒါကြောင့် ဦးနုက ရန်ကုန် ပြောင်းလာပီး သူ့ဆီမှာ ခင်မျိုးချစ် လင်မယားနဲ့ အင်္ဂလိပ်- မြန်မာ သတင်းစာ ထုတ်ဖို့ ပြောဖူးပါတယ်။ သူ့လူတွေ ရမ်းတာကနေ ကာကွယ်ပေး ချင်တာ တူပါရဲ့။
 ရွှေဥဒေါင်း တသက်တာ မှတ်တမ်း ရေးတဲ့ အချိန်မှာ ၁၉၆၁ လောက် ဆိုတော့ အိမ်စောင့် အစိုးရ လက်ထက် လူထုနဲ့ တခြားလက်ဝဲ သတင်းစာတိုက်တွေ ချိတ်ပိတ် ခံရတာ မြသန်းတင့်၊ လေထီး ဗိုလ်အုန်းမောင် စသူတွေ ကိုကိုးကျွန်း ပို့ ခံရတာ ဖြစ်ဖူးပီးပီ။ ဒါကြောင့် ကွဲပြဲနေတဲ့ ပထစ လက်ထက်မှာ စစ်တပ် အငြိုအငြင် မခံနိုင်ပါဘူး။ လူထု သတင်းစာက ဖဆပလ အရံတပ် ပျူစောထီး အကြောင်း ရေးလို့ ရွှေဥဒေါင်း အဖမ်းခံရ၊ တိုက်ပိတ် ခံရတာ ရာဇဝင် ရှိပါတယ်။ ပီး တော့ ၁၉၄၉မှာပဲ ရှုမဝမှာ ရွှေမန်းဖြစ်ထွေ ဆိုပီး ဆရာကြီး ဒီ အကြောင်းကိုပဲ ရေးတုန်းက လက်နက်ကိုင် တစုက ဝင် ဖျက်စီးတယ်ပဲ ရေးရဲရှာပါတယ်။
because of the article of shweudaung
written by moe, January 20, 2010
လူထုတိုက်ကို မိုင်းခွဲတုန်းက လူထု သတင်းစာမှာ ပါခဲ့တဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာကြောင့်ပါ။ ဆရာကြီး ရွှေဥဒေါင်း လဲ အဲဒီ မိုင်းခွဲတဲ့ အချိန်မှာ ရှိနေပါတယ်။ ဆရာကြီးရဲ့ တစ်သက်တာ မှတ်တမ်းမှာ ပါပါတယ်။

ဆရာကြီး ရွှေဥဒေါင်း တစ်သက်တာ မှတ်တမ်းမှာ ကျနော် ဖတ်မိသလောက်ကတော့ ဖဆပလ က လူထုတိုက်ကို မိုင်းခွဲဖို့ အမိန့်ပေးတယ် လို့ ယူဆစရာ မတွေ့ပါဘူး။ အဲဒီနေ့က အစိုးရ တပ်တွေကို ဦးဆောင်လာတဲ့ ဗိုလ်မှူးကျင် အမိန့်နဲ့ပဲ ခွဲလားတော့ မသိပါ။ ဖဆပလ နဲ့ လူထု တိုက် မသင့်မတင့် ဖြစ်တာေ တွတော့ မှန်ပါတယ်။ “မိုင်းခွဲ ဖျက် ဆီးကာ အသက် ရန်ရှာခြင်း“ လို့တော့ သုံးလို့မရဘူး ထင်ပါတယ်။ လူတွေ အကုန်လုံးကို ထွက်ခိုင်းပြီးမှ မိုင်းခွဲခဲ့တာပါ (ဆရာကြီး ရွှေဥဒေါင်းက မိုင်းခွဲခံရတဲ့ အဆောက်အဦး (တဲတန်းလျားကြီး ထင်ပါတယ်) ရဲ့ ဘေးမှာ ပက်လက် ကုလားထိုင်နဲ့ စာဖတ်နေပါတယ် )။ ပြီးတော့ စစ်တပ် စခန်းချနေတဲ့ နန်းတော်ထဲကို ဆရာကြီးနဲ့ လူထု ဦးလှ လိုက် သွားရပါတယ်။

စာဖတ်သူတွေ အမှတ်မှားမှာ စိုးလို့ ထောက်ပြ တာပါ။ ကျနော်လဲ လူထုဦးလှရဲ့ ကျေးဇူး နဲ့ ဂုဏ် သိက္ခာကို အလေး အနက် အသိအမှတ်ပြုသူ တစ်ယောက်ပါပဲ။

မုန့်လင်မယား
written by Bookworm, January 20, 2010
Oscar Wilde's Ideal Husband ကို သံအမတ်ဟောင်း ဦးအောင်သန့် (သီလဝ)ပြန်တဲ့ စံပြလင် ပြဇာတ်ဆိုတာ ရှိ တယ်။ ပီးတော့ ဂျာနယ်ကျော် မမလေး သူလိုလူ အဖွင့်မှာ “မယ့်လင်သူမြတ်... ကား” ဆိုတဲ့ ကဗျာ တပိုဒ် ရှိတယ်။ လင်မယား ဆိုတာ ခုခေတ်မှာ ရိုင်းတယ် ထင်ရပေမဲ့ နွေးထွေးပီး အင်မတန် ဗမာဆန်တဲ့ အသုံး အနှုန်းပဲ။ ဇော်ဂျီရဲ့ “သူ့မယား” ကို “သူ့ဇနီး” လို့ ပြင်ကြည့်ပေါ့။ သိန်းဖေမြင့်- “သူတို့လင်မယား ၃၄နှစ်” ကိုရော ပြင်သင့်သလား။ ဒါကြောင့် စံပြခင်ပွန်း ဆိုရင် စံပြဆေးရုံ၊ စံပြဈေးကြီး ဆိုတာတွေလို အေးစက်စက်ကြီး ဖြစ်သွားမယ်။
...
written byွှThan Tun Ohn, January 20, 2010
ဆရာ ဘိုဘိုလန်းစင် ခင်ဗျား
ပြည်တွင်းမှာ ထုတ်ဝေခဲ့ပြီး ဖြစ်တဲ့ ဆရာကြီး လူထုဦးလှနဲ့ ဆရာမကြီး လူထု ဒေါ်အမာတို့ အကြောင်း အရေးအသား အားလုံးမှာ စစ်အစိုးရရဲ့ စာပေ စိစစ်ရေးအောက်က ဖြတ်ရတာတွေ ချည်းသာ ဖြစ်တာကြောင့် သမိုင်းမှာ အရေးပါတဲ့ အချက် အလက်တွေ ကျန်ရစ်နေမယ် ဆိုတာ မလွဲပါဘူး။ ဗမာနိုင်ငံ သမိုင်းမှာ အရေးပါတဲ့ သူတွေ ဖြစ်တာကြောင့် ဆရာကြီးနဲ့ ဆရာမကြီးတို့ရဲ့ အကြောင်းကို ဆရာ တစ်ဦးတည်းပဲ ဖြစ်စေ၊ ဦးဆောင် ကမကထ ပြုပြီးဖြစ်စေ စာအုပ် တစ်စောင် တစ်ဖွဲ့ စီစဉ် စေချင်ပါတယ်။
လေးစားစွာ
သန်းထွန်းအုန်း
...
written by မမေ, January 20, 2010
ဘိုဘိုလန်းစင်ရေ လူထုဦးလှ နဲ. လူထု ဒေါ်အမာ ဆိုတာ အများ ပြည်သူ မြတ်နိုးကြတဲ. တိုင်းပြည်ရဲ. "ပြည်ဆောင် ရတနာ” ပါပဲ။ ဒီဆောင်းပါးလေး အတွက် ကျေးဇူးတင်ပါတယ်။
“အဘွားတွင် သူ့စံပြလင်ကို ပမာပြကာ” မှာ “သူ့စံပြလင်” အစား “သူ့စံပြခင်ပွန်း” လို သုံးရင် ပိုကောင်းမယ်။

ကျေးဇူးကြီးတဲ့ ဆရာကြီး လူထုဦးလှ
written by kokyaw, January 19, 2010
လူထု ဦးလှ ဒေါ်အမာ တို့ဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူဖွယ် ပညာရှင် မောင်နှံလို့ သတ်မှတ်ပါရစေ ဆရာကြီးနဲ့ ဆရာမ ကြီးဟာ အားကျ လေးစားဖွယ် အရည်အချင်း မှန်ကတ်တဲ့ ရည်တည်ချက်များဟာ လူငယ်တွေ အတွက် လေးစားအား ကျ ပြီး နောင်မျိုးဆက် အတွက်ပါ အတုယူဖွယ် ဖြစ်ပါတယ် လို့ မြင်မိပါတယ်
...
written by aaa, January 19, 2010
လူထုဦးလှ အကြောင်းကို ဖေါ်ပြပြီး လူငယ်တွေကို မှန်ကန်စွာ တွေးခေါ် ၊ ရေးသား တတ်အောင် အားပေးတဲ့ စာ အတွက် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။
 

No comments: