မွေးမေမေသို့ လွမ်းချင်းကဗျာ
မောင်ပြည်အေး (သံတွဲ)
မမေရယ်....
တပြေတရွာအလွမ်းကျွန်းဆီက
ဖြေပြေစရာ မှန်းလို့ဖြင့်မွှန်းပါရ
ညွန်းဂါရဝ ကြာဆယ်ငုံနှင့်
လုပ်ပုံတွေ မလျော်ကန်သမို့
တော်လှန်ဖို့ ထွက်လာတဲ့သား
ကဗျာရေးလို့ ပါးလိုက်တယ်...။
ညှင်းလေသုန်
နှင်းငွေမှုန် ဆုံလာဖြန်းလျှင်ဖြင့်
မွေးမေမေ တုန်ကာချမ်းနေမလားရယ်လို့
မှန်းဆ စိတ်ရွယ်...။
သားမှာတော့လေ...
မေ့မေတ္တာ ခြုံလွှာကလေးတွေနဲ့
ဖေ့ချစ်သဒ္ဒါ လုံစွာထွေးပါရ
နွေးပါဘိတယ်...။
ရွက်ဟောင်းညှာကြွေ မိုးပေါက်ဝေလည်း
စိုးကြောက်နေ ဗျာပါရတွေနဲ့
မာတာမ,ရယ်တဲ့ ကျမ်းမာမလား...။
မိုးသည်းလျင်ဖျားနာတတ်ပါတဲ့
အရိုးကျဲအပင် အားပါပြတ်သည်သို့
ရှိတတ်မည် ယောဂါဘယတွေကြောင့်
သောကထွေပြား...။
ဇရာနီးကာမှ
ဗျာပါမီးအပူတေးတွေနဲ့
လူကလေးရေ... လွမ်းလှပြီကွဲ့လို့
တမ်းတကာ ငိုလေမလား
တရားသဘောနဲ့ ဖြေဆည်မရ...။
မြန်မာမြေ
ပုဝါတွေ လေမှာပျံမယ့်
နွေနှောင်း တဖန်မှာဖြင့်
ငွေမောင်းသံ တညံညံနဲ့
ရွှေဒေါင်းတွေ အပြန်နေ့မှာ
အမေ့ကို ပွေ့ကာနမ်းဖို့
လှမ်းခဲ့မည်ပ...။
မောင်ပြည်အေး (သံတွဲ)
၁၉၉၀၊ နိုဝင်ဘာလ
No comments:
Post a Comment