ဆရာမ ရိုက်မှုကြောင့် မူလတန်းကျောင်းတစ်ဦး ဆေးရုံတင်ထားရ


ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အ.မ.က (၃) မူလတန်းလွန်ကျောင်းတွင် အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲ အတွက် ငွေကျပ် ၁၀၀ မပေးနိုင်သောကြောင့် သံပေတဲ့ဖြင့် ကျောင်းသား မောင်ဇာနည်လမင်းကို လက်အရိုး အက်သွားအောင် ရိုက်ခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးဆောင်ဆန်းဝင်းက ပြောသည်။

"သားကို မိန်းမက ရေးချိုးပေတော့ လက်နာတယ်ပြောလို့ မေးတော့မှ ဆရာမရိုက်တာလို့ ပြောတယ်" ဟု ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ယခုလ ၂၃ ရက်နေ့က အရိုက်ခံခဲ့ရသော မောင်ဇာနည်လမင်းမှာ ပထမအကြိမ် ဆေးရုံတက်ကာ ကျောက်ပတ်တီး စီးခဲ့ရပြီး မသက် သာသည့်အတွက် ဒုတိယအကြိမ် ၂၆ ရက်နေ့က ဓါတ်မှန်ရိုက်ခြင်း၊ ကျောက်ပတ်တီး စီးခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်တန်းသော်လည်း မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ ရဲစခန်းသို့ သွားရောက်တိုင်တန်းသော်လည်း ယခုအချိန်ထိ အမှုဖွင့်ပေးခြင်း မရှိသေးကြောင်း အဆိုပါအမှုအား လိုက်လံဆောင်ရွက်ပေးနေသူ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသန်း မြင့်အောင်က ဆိုသည်။

အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက အမှုကိစ္စအကြောင်း အချိန်မပေးနိုင်သေး၍ မဖြေဆိုနိုင်သေးကြောင်း ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အတွက် တရားရုံးအထိ တိုင်တန်းသွားရန် စီစဉ်နေပြီဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပန်း ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဆိုသည်။

အစောပိုင်းက တောင်းပန်ရုံဖြင့် ကျေနပ်နိုင်သော်လည်း ဆရာမ ဒေါ်အိအိနုထွေးက ကျောင်းသားအား မရိုက်ခဲ့ဟု ငြင်းဆိုနေသည့် အတွက် အမှုမှန်ပေါ်ရန် ဆက်လက် ဆောင်းရွက်ရခြင်းဖြစ်ကြောင်း မောင်ဇာနည်လမင်း၏ မိဘများက ဆိုသည်။

အ.မ.က (၃) ဒဂုံမြို့သစ်အရှေ့ပိုင်း မူလတန်းလွန်ကျောင်းရှိ ဆရာများသည် ငွေကြေးကောက်ခံ၍ အချိန်ပို သင်ကြားမှုများ ရှိခဲ့ ကြောင်းနှင့် ကျူရှင်သင်ကြားမှုများ ရှိနေကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးလှမင်းက ပြောသည်။


ဟိန်းသူ- by The Myanma Age

ရန်ကုန်၊ နိုဝင်ဘာ ၂၇။
http://www.thithtoolwin.net/2012/11/the-myanma-age-11-27-12-1.html 

No comments: