တိုင်းပြည်ကို ဓားပြတိုက်တာဗျ (ဟံသာဝတီ ဦးဝင်းတင်)


မနေ့တစ်နေ့ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ ဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့တကွ စာရင်း ချမပြချင်ပါဘူး။ ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊ ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှတ်လို့။ 
သူတို့ရဲ့စိန်စီသောနေ့၊ စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး ဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။ သူတို့ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို လုပ်တယ်။ သူခိုးသူဝှက်လို လုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။ အလစ်သုတ်သလို လုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။ အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး 
ရတဲ့ငွေနဲ့ ရွာကို ငွေတိုးချစားသလိုလုပ်တာပါဘဲ။
ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။ သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ် ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။ သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလိုလုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့ ပြီးတမ်းလား။ ဘယ်လောက် ကြာအောင်လုပ်ထားခဲ့သလဲ။
 
အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေ စစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေ ရော မလှန်လှောတော့ဘူးလား။ လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံ အဆင့် စီမံကိန်းကြီး တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊ ချုပ်မှူးကြီးတွေ အလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာ ကပ် ပါးတွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ ဘူးလား။
 
ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာက လာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ် ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့ တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာ ဗျ။ အဲဒီ တိုင်းပြည် ဓားပြတိုက်၊ တိုင်းပြည် ၀မ်းဗိုက် ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။
 
ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ချင်း ဓားပြမှုပုဒ် မတွေကပ်၊ အပုပ်တွေချ၊ အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကို ဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကြီးတွေ တရားခွင် ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင် သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတ ရားခွင်၊ ကမ္ဘာ့တရားခွင် အရောက်ကို ပို့ကြရမှာဗျ။
 
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းစာစောင်၊ “အာဏာဓားပိုက် အမှားအမိုက်တွေ တိုင်းဓားပြတိုက် ပြည်ဝမ်းဗိုက်ဖောက် လူထုတရားခွင် အရောက်ပို့ကြ” ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါတယ်။

No comments: