ဦးကုလား၏ သမိုင်းဒဿန


'သမိုင်းဆိုသည်မှာ လူ့လောကကြီး၏ ရာဇဝတ်မှုများ၊ မိုက်မဲမှုများနှင့် ကြမ္မာဂြိုလ်ဆိုးတို့ကို မှတ်တမ်းတင်ထားသည့် မှတ်ပုံတင်စာ ရင်းကြီးသာဖြစ်သည်' ဟု သမိုင်းဆရာကြီး အက်ဒွပ်ဂစ်ဘွန်းက လှောင်ပြောင်အရွ့တိုက်၍ ပြောခဲ့ဖူးသည်။
အင်္ဂလိပ်သမိုင်းဆရာကြီး ဂစ်ဘွန်း (၁၇၃၇- ၁၇၉၄) သည် အမေရိကန်တော်လှန်ရေးကြီး ဖြစ်သည့် အချိန်တွင် အသက် ၃၈ နှစ် ရှိပြီး၊ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်သည့်အချိန်တွင် အသက် ၅၂ နှစ် ရှိနေပြီ။ ဂစ်ဘွန်းသည် သြစထရီးယား ထီးနန်းဆက်ခံရေး စစ်ပွဲကိုလည်းကောင်း၊ အင်္ဂလိပ်နှင့် စပိန်တို့၏ ရေကြောင်း အင်အားပြိုင်ပွဲကိုလည်းကောင်း၊ ၇ နှစ် စစ်ပွဲ ၁၇၅၉- ၁၇၆၃ ကိုလည်း ကောင်း၊ အမေရိကန် ပြည်တွင်းစစ်ပွဲ (၁၇၇၅- ၁၇၈၃) နှင့် ပြင်သစ်ပြည်တွင်းစစ်ပွဲ (၁၇၉၂) ကိုလည်းကောင်း မြင်သွားခဲ့ရသည်။
သူ့တစ်သက်တာတွင် စစ်ပွဲများ၊ အာဏာလုပွဲများ၊ သွေးချောင်းစီးမှုများကို တွေ့ခဲ့ရသည့် သမိုင်းဆရာ ဂစ်ဘွန်းသည် "ရောမလက် နက်နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးခြင်း" ဆိုသည့် ကျမ်းကြီးကို ရေးရန် ရောမသမိုင်းကို လေ့လာလိုက်သည့်အခါတွင်လည်း အလား တူ သွေးချောင်းစီးမှုများ၊ အာဏာလုပွဲများ၊ စစ်ပွဲများကို တွေ့ခဲ့ရသည်။ ရောမသမိုင်းတွင် ကိုယ့်တိုင်းပြည်ကို လေလံပစ်သည့် ပရေ တိုရီယန်း အစောင့်တပ်များအကြောင်းကို သူတွေ့သည်။ လင်ကြီးကို သတ်၍ လင်ငယ်ကို နန်းတင်သော မိဖုရား၊ သစ္စာမဲ့သော စစ်သူကြီး၊ တူသားနောင်မယ်တို့ကို ရာထူးခန့်သော မူးမတ်သေနာပတိများ၊ အကျင့်ပျက်၍ လာဘ်စားသော မင်းမှုထမ်း၊ သေရာ ယစ်မူးသော ဘုရင် စသည့် ရောမလက်နက်နိုင်ငံတော်ကြီး၏ ရာဇဝင် ဇာတ်ဆောင်များကို သူတွေ့မြင်ခဲ့သည်။
ယင်းတို့ကိုကြည့်၍ ဂစ်ဘွန်းက သမိုင်းဆိုသည်မှာ ရာဇဝတ်မှုတို့ကို စာရင်းတင်ထားသည့် မှတ်ပုံတင်စာရင်းဟု ခေါ်ခြင်းဖြစ်ဟန် တူသည်။
ပြင်သစ်ဧကရာဇ်ဘုရင် နပိုလီယန်က "သမိုင်းဆိုသည်မှာ အများသဘောတူထားသည့် ပုံပြင်ဖြစ်သည်" ဟု ပြောခဲ့ဖူးသည်။
နပိုလီယန်သည် ဥရောပတိုက်ကြီးကို အောင်မြင်ခဲ့သည်။ အာဖရိကတိုက်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးသည်။ နပိုလီယန်သည် မူလ က အညတရ လူတစ်ယောက်သာဖြစ်ခဲ့သည်။ သူသည် ပြင်သစ်ထီးရိပ် နန်းရိပ်ကိုပင် ရောက်ဖူးသူမဟုတ်။ သူ့ကို အသိုင်းအဝိုင်း မရှိ၊ အဆက်အသွယ်မရှိ၊ အစဉ်အလာမရှိ၊ သူသည် ပြင်သစ်လူမျိုးစစ်စစ်တစ်ယောက်ပင်မဟုတ်။ အချင်းချင်းစကားများနေကြ သော ပြင်သစ်နိုင်ငံရေး ပါတီများထဲတွင် သူသည် ဘယ်ပါတီကိုမျှ မပါဘဲ တစ်ကောင်ကြွက်ဘဝဖြင့်ပင် ရှေ့တန်းသို့ ရောက်လာခဲ့ သည်။
သူ့လုပ်ဖော်ကိုင်ဘက်များ၏ ညံ့ဖျင်းမှု၊ ဆန့်ကျင်ဖက်ရန်သူများ၏ ညံ့ဖျင်းမှု၊ လိမ်လည် ပြောဆိုမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အမြင်အကျဉ်းမြောင်းမှုတို့ကြောင့် သူသည် ပြင်သစ်တပ်ကြီး၏ အကြီးအကဲဖြစ်လာခဲ့သည်။ ဤသို့ဖြစ်သူသည် သာမန်အညတရ ဘဝမှ ပြင်သစ်ပြည်နှင့် ဥရောပတိုက်ကြီးကို စိုင်းပိုင်သည့် ဘုရင်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။
ကမ္ဘာတွင် သူလုပ်သမျှသော အရာတိုင်းတွင် သမိုင်းတွင်ကျန်ရစ်ခဲ့မည်ဟု သူထင်သည်။ သူသည် မင်းကောင်းမင်းမြတ်တို့ ရှေးအ စဉ်အဆက်လုပ်ခဲ့သည့် ထုံးတမ်းဓလေ့မှန်သမျှကို လိုက်လုပ်သည်။ သူ၏ အောင်မြင်မှုများ၊ စွမ်းဆောင်ချက်များ၊ ကောင်းမှုကု သိုလ်များအား သမိုင်းဆရာတို့မှ တဆင့် မော်ကွန်းတင်စေသည်။ မင်းလိုလိုက်၍ မင်းကြိုက်ကို ရေးနေသော သမိုင်းဆရာများက လည်း သူစေသည့်အတိုင်း ရေးပေးကြသည်။ ဤတွင် နပိုလီယန်သည် သမိုင်းကို သူဖန်တီးနိုင်သည်ဟု အထင်ရှိလာခဲ့ကာ သမိုင်း ဆိုသည်မှာ အများသဘောတူ လက်ခံထားသည့် ပုံပြင်ဖြစ်သည်။ (အများလက်ခံလျှင် သမိုင်း) ဟု ပြောလာခဲ့ခြင်းဖြစ်သည်။
အမေရိကန် ယာဉ်စက် အပေါင်းတို့၏ သရဖူမဆောင်းသော ဘုရင်ဖြစ်သည့် ဟင်နရီဖို့က "သမိုင်းဆိုသည်မှာ အလိမ်အညာ အလ ကားအရာသာဖြစ်သည်" ဟု ပြောခဲ့သည်။ ဟင်နရီဖို့သည် နိုင်ငံရေးကို ဆန့်ကျင်သူဖြစ်သည်။ သူသည် စိတ်ဓာတ်ခွန်အားကို မယုံ၊ ရုပ်ဝတ္ထု၏ စွမ်းပကားကိုသာ ယုံကြည်သူဖြစ်သည်။ ခေတ်၏ စာရိတ္တဆိုင်ရာတန်ဖိုးများ ဆိုသည် သူ့အတွက် အရေးမကြီး၊ အရေး ကြီးသည်မှာ စက်မှုနည်းပညာကို ထုတ်လုပ်ပေးလိုက်သော ရုပ်ဝတ္ထုပစ္စည်းများသာ ဖြစ်သည်။
ဤသို့ဖြင့် သမိုင်းနှင့် ပတ်သက်သော ဒဿနများသည် သူ့ခေတ်နှင့်သူ ပေါ်ပေါက်လာခဲ့ကြသည်။ ပေါ်ပေါက်နေဆဲဖြစ်သည်။ နောင် တွင်လည်း ပေါ်ပေါက်နေကြမည်သာဖြစ်သည်။
ဂစ်ဘွန်း၏ သမိုင်းအမြင်သည် မဲမှောင် ညစ်ထေးနေသော ရောမလက်နက်နိုင်ငံတော်ကြီး သမိုင်းကိုကြည့်၍ စိတ်ပျက်နေသော ၁၈ ရာစုနှစ် အင်္ဂလိပ်သမိုင်းဆရာတစ်ယောက်၏ အမြင်ဖြစ်သည်။
နပိုလီယန်၏ သမိုင်းအမြင်သည် တိုက်ပွဲတိုင်းတွင် အောင်မြင်မှု သရဖူကို ဆောင်းကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြင့် ကျေနပ် ရောင့်ရဲနေသော ဆယ့်ကိုးရာစုနှစ်အစ ဘုရင်ဧကရာဇ်တစ်ပါး၏ သမိုင်းအမြင်ဖြစ်သည်။ ဟင်နရီဖို့၏ သမိုင်းအမြင်သည် ဘဏ္ဍာရေး အောင်မြင်မှုကို ကျေနပ်ကာ စိတ်ပျက်နေသော သဘောကောင်းသည့် ပရဟိတဝါဒီတစ်ဦး၏ အမြင်ဖြစ်သည်။
ဂစ်ဘွန်းနှင့် ခေတ်ပြိုင်ဖြစ်သည့် မြန်မာ့သမိုင်းဆရာကြီး ဦးကုလား (၁၇၁၄- ၃၃ အထိ နန်းစံသော တနင်္ဂနွေမင်းလက်ထက်) ၏ သမိုင်းအမြင်သည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဦးကုလားက သူ၏ 'မဟာရာဇဝင်ကြီးနိဒါန်း' တွင် ဤသို့ရေးခဲ့သည်။
'ရာဇာထာ ဋိကာ၊ မင်းစကား အစရှိသော အကြင်စကားသည် ရှိ၏။ ထိုစကားသည် ပါဠိတော်၌ သာမညအားဖြင့် မြတ်စွာဘုရား သည် နတ်ရွာ နိဗ္ဗာန်နှင့် ဖီလာဖြစ်သော စကားဟူ၍ အကယ်၍ကား ဟောတော်မူအပ်၏ရှင့်။ ထိုသို့ဟောတော်မူသော်လည်း ထိုသို့ မင်းသည် စဉ်လျက်လည်း ကုန်ခြင်း ပျက်ခြင်းသို့ ရောက်ခဲ့၏။ ဤသို့ဖြစ်သော အကြင်စကားသည် ရှိ၏။ ထိုစကားသည် ကမ္မဋ္ဌာန်း ၏ အဖြစ်၌ တည်၏။ ထိုအကျင့်ကြောင့် ဟောတော်မူအပ်၏။ ထို့ကြောင့် အနိစ္စ အစရှိသော ကမ္မဋ္ဌာန်းနှင့် ယှဉ်သော မြတ်သောသူ တို့နှင့် သာလျှင် ထိုက်သော ဤရာဇဝင်ကျမ်းကို မပျံ့လွင့်ကုန်သည်ဖြစ်၍ ကောင်းသော နှလုံးရှိကုန်သော ပညာရှိတို့သည် လာလင့် ကုန်။ ဒီဃနိကာယ် အစရှိသော ကျမ်းတို့၌ မင်းစကား၊ ခိုးသူစကား၊ အမတ်ကြီးစကား၊ စစ်သည်စကား၊ ဘေးစကား၊ ပစ်ခတ်သော စကား၊ ထမင်းစကား၊ အဖျော်စကား၊ မုဆိုးအဝတ်စကား၊ အိပ်ရာနေရာစကား၊ ပန်းစကား၊ နံ့သာစကား၊ အမျိုးစကား၊ ရွာစကား၊ နိဂုံးစကား၊ မြို့စကား၊ ဇနပုဒ်စကား၊ မိန်းမစကား၊ ယောင်္ကျားစကား၊ သူရဲစကား၊ ခရီးဆုံစကား၊ ရေရှိရာအရပ်စကား၊ လွန်လေ ပြီးသော ဆွေဟောင်း မျိုးဟောင်းစကား၊ အထူးထူးသော အကျိုးမရှိသောစကား၊ လောကကို အသို့ဖန်ဆင်း၏ အစရှိသော စကား၊ ဘာဂရမင်းတို့၏စကား၊ အကျိုးမရှိသော စကားကိုဆိုသော စကား၊ ချုပ်ချယ်သောစကား ဤစကားတို့ကို နတ်ရွာနိဗ္ဗာန်မှ ဖီလာဖြစ် သောစကားဟူ၍ ဟောတော်မူသည်။
ထိုစကားတို့၌ အကျုံးဝင်သော မင်းစကား၊ ခိုးသူစကား၊ အမတ်ကြီးစကား၊ စစ်င်္ဂါစကား အစရှိသည်နှင့် ယှဉ်သော ရာဇဝင်ကျမ်းကို ပြုပါသဖြင့် အဘယ်အကျိုးရှိပါမည်နည်း၊ မပြုအပ်ဟူ၍ အပြစ်တင်ဖွယ်ရှိ၍ ထိုအပြစ်ကို ချေအံ့သောငှာ ဆိုသတည်း။ အဘယ်သို့ ထိုအပြစ်ကို ချေအံ့နည်း ဟူမူကား'
ထိုစကားတို့တွင် မင်းတို့ကို အကြောင်းပြု၍ မဟာသမ္မတမင်းသည်လည်းကောင်း၊ မန္ဒတ်မင်းသည် လည်းကောင်း၊ ဓမ္မာသောက မင်းသည်လည်းကောင်း ဤသို့ကြီးသော အာနုဘော်ရှိ၏။ ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော စကားသည် မင်းစကားမည်၏။ ခိုးသူစကား အစရှိသည်တို့လည်း ဤနည်းအတူတည်း။ ထိုမင်းတို့သည် ဤမည်သော မင်းသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏။ ဤသို့ အစရှိသောနည်းဖြင့် အိမ်၌နေသော လူတို့၏ စကားသည်သာလျှင် နတ်ရွာနိဗ္ဗာန်မှ ဖီလာဖြစ်သော စကားမည်သည် ဖြစ်၏။ ဤသို့ ကြီးသော အာနုဘော်ရှိသည့် ထိုမင်းစဉ် လှည့်လည်းပျက်ခြင်း ကုန်ခြင်းသို့ ရောက်၏။ ဤသို့သော စကားသည်သာ ကမ္မဋ္ဌာန်း၏ အဖြစ်၌တည်၏။
ဤသို့ ပါဠိ၌ မင်းစကားအရှိကုန်သော စကားတို့ကို တိရိစ္ဆာနကထာဟူ၍ သာမည ဟောတော်မူသော်လည်း မြတ်စွာဘုရားအလို တော်ကို သိကုန်သော အဋ္ဌကထာဆရာတို့သည် မဟာသမ္မတမင်း၊ မန္ဒတ်မင်း၊ ဓမ္မာသောကမင်းတို့သည် ကြီးသောအာနုဘော်ရှိ ကုန်၏။ ဤသို့ အစရှိသည်ဖြင့် အိမ်၌ နေသာ လူတို့၏ စကားသည်သာလျှင် တိရိစ္ဆာန ကထာမည်၏။ ထိုသို့သော မင်းစဉ်လှည့် လည်း ပျက်ခြင်း ကုန်ခြင်းသို့ ရောက်ခဲ့၏ ဟူ၍ ဆိုသောစကားသည် ကမ္မဋ္ဌာန်း အဖြစ်၌တည်၏ ဟူ၍ ဝိသေသအားဖြင့် ခွဲခြမ်း၍ ဖွင့် တော်မူသောကြောင့် ယခုပြုလတ္တံသော ရာဇဝင်ကျမ်းသည်လည်း ဂေဟသိံတ ကထာဖြင့် သာမည် မဆိုမူ၍ အနိစ္စနှင့်ယှဉ်သော ကမ္မဋ္ဌာန်းစကားဆိုလတ္တံ့သည်ဖြစ်၍ သူတော်ကောင်းတို့သည် များသော အစီးအပွား ဖြစ်လတ္တံ့၊ ကောင်းမွန်နာကုန်ရ၏။ ဤသို့ အပြစ်ကို ချပြရာသတည်း'
မင်းစကား၊ မူးမတ်စကား၊ စစ်သည်စကား၊ သူရဲစကားစသည်တို့သည် ထမင်းစကား၊ အဖျော်စကား၊ ပန်းစကား၊ နံ့သာစကား၊ စသည်တို့ကဲ့သို့ အသိမ်အဖျင်း စကားမျှသာ ဖြစ်ကြောင်း ထိုစကားများသည် အဋ္ဌကထာတို့၌ တိရစ္ဆာနကထာဟုဆိုကြောင်း၊ သို့ရာ တွင် ဘုန်းတန်ခိုးကြီးသော မင်းဖြစ်စေ၊ တစ်နေ့တွင် ကုန်ခြင်း ပျက်ခြင်းသို့ ရောက်ကြရသည်ဟု တရားသဘောဖြင့် ကြည့်လျှင် သမိုင်းသည် ယုတ်ညံ့သော တိရစ္ဆာန ကထာမဟုတ်ဘဲ မြတ်သော ကမ္မဋ္ဌာန်းစကားသာဖြစ်ကြောင်း မိမိသည် 'မဟာရာဇဝင်ကြီး' ကို ရေးရာတွင် ထိုအမြင့်ဖြင့်ရေးကြောင်းဖြင့် ဦးကုလားက နိဒါန်းတွင် ရေးခဲ့သည်။

ခရစ်ယန်တစ်ယောက်သည် သမိုင်းကို ခရစ်ယာန်အမည်ဖြင့် ကြည့်သကဲ့သို့ ဦးကုလားသည်လည်း သမိုင်းကို ဗုဒ္ဓဘာသာအမြင့်ဖြင့် ကြည့်ခဲ့လေသည်။
သမိုင်း၌ မည်မျှ ဘုန်းတန်ခိုးအာနုဘော်ကြီးသော မင်းဖြစ်စေ၊ တနေ့တွင် ပျက်ခြင်း ကုန်ခြင်းသို့ ရောက်ရာ၏။ ဤသဘောသည် ကမ္မဋ္ဌာန်းအမြင်ဖြစ်၍ ထိုကမ္မဋ္ဌာန်းအမြင်သည်ပင် ဦးကုလား၏ သမိုင်းအမြင် ဖြစ်လေသည်။

မြသန်းတင့်
သမိုင်းစကား ပန်းစကားစာအုပ်မှ ကူးယူဖော်ပြသည်။

No comments: