ငှက်နှစ်ကောင် အမေးအဖြေ

မှတ်မှတ်ရရ တပို့တွဲလပြည့်ကျော် ၂ ရက်နေ့က နံနက်စောစောမှာပင် ဥသြငှက်သံကို ကြားလိုက်ရသည်။ အိပ်တန်းပေါ်မှာ ရှိနေဆဲ ပီပီသသ ကြားလိုက်ရသော ''ဥသြ....၊ ဥသြ....''ဟူသော အသံသည် အိပ်မက်ထဲက မဟုတ်တာ သေချာသည်။ အလိုလေး.....ပြီးခဲ့တဲ့ ၂ ရက် တပို့တွဲလပြည့်နေ့ကပဲ နံနက်အရုဏ်တက်မှာ မြတ်စွာဘုရားကို ထမနဲ ဆွမ်းတော်ကပ်ပြီး အချမ်းအေးဆုံး တပို့တွဲလပြည့်မို့ ဘုရားရှင်ခြေတော်၊ လက်တော်ကင်ရန် မီးဖုံးန့သာထင်းပင် ပူဇော်ခဲ့ရသည် မဟုတ်လား။
ဟော ..... ၄၈ နာရီမျှပင် မကြာသေးသော အခုအချိန်၌ ဥသြငှက် တွန်သံသည် ကြည်နူးဖွယ်အတိဟု ပြောရမှာ စောလွန်းသေးအံ့ထင်သည်။
''သင်းကြူကြိုင်ပန်းဖူး၊ ငှက်ပေါင်းမြူး၊ ဖော်စုံမောင်မယ်က၊ ပျော်ဖွယ်သာ။ ရွှေကျေးတမာ၊ သာကာ ခေါက်ရှာမယ်လျစော။လွမ်းပိုအောင် ရွှေဥသြ...'' ဟု ပြင်စည်မင်းသား ရေးဖွဲ့သော မှိုင်းမှုန်ပြာညိုတောဘွဲ့ ယိုးဒယားကြီးထဲက စာသားတစ်ပိုင်းတစ်စကို နှုတ်မှဆိုညည်းရင်း နွေဦးဧည့်သည် ရွှေဥသြကို ကြိုဆိုသင့်သည် မဟုတ်လော။ ဒါပေမယ့် ၄၈ နာရီ မပြည့်မီ အရှိန်ကောင်းဆဲဆောင်းမှ တောင်လေတွေမြူး၊ ရွက်ဝါတွေ မြေလူး နွေသို့ကူးပြီဟု ဥသြငှက်က အလောတကြီး ကြေညာလိုက်တော့ ရုတ်ခြည်း တုန်လှုပ်သွားမိသည်။

'သြ . . . အပြောင်းအလဲပဲ ပြောကြေးလား၊ မောင်ရင့်အိမ်လည်း ပြောင်းရတယ်ကွာ၊ ဒို့အိမ်လည်း ပြောင်းရတယ်ကွာ၊ မြို့လယ်ကောင်က ဘိုးဘွားပိုင် မြေကွက်တွေကို ထုခွဲရောင်းချပြီး ငွေထုပ်ပိုက် မြို့သစ် ပြောင်းကြတယ်ကွာ၊ ဈေးချိုထဲက ဈေးသည်တွေ ပြောင်းကြတယ်ကွာ၊ ရတနာပုံ ယာယီဈေးက ရတနာပုံ စူပါစင်တာ ဈေးသစ်ကြီးဆီ ပြောင်းကြတယ်ကွာ၊ ကဲ  . . .'

တကယ်တော့ ဆောင်းနှင့် နွေ အကူးက သည်လောက်တော့ မြန်ဖို့မကောင်း။ တပို့တွဲ၏ အအေးဓာတ်သည် တပေါင်းလဆန်းပါမှ 'နေ့ပူလို့ ညချမ်း၊ တပေါင်းလဆန်း'ဟု ဆိုရိုးစကားရှိသလို ဖြည်းဖြည်းချင်း မသိမသာ
ပြောင်းဖို့မဟုတ်ပါလား။ စည်မျက်နှာကဲ့သို့ ညီညာပါပေသည်ဟု ဆိုခဲ့သည့် မန္တလေးမြို့တွင် မြို့တည်နန်းတည် ကတည်းက အရှေ့ဘက်၌ ပုဂံခေတ်မင်းရှင်စော ဆည်ဖို့ခဲ့သော အလျား ခုနစ်မိုင်ခွဲ၊ အနံ သုံးမိုင်ခွဲခန့်
အကျယ်အ၀န်းရှိသည့် အောင် ပင်လယ်ကန်တော်ကြီးကိုလည်း ရတနာပုံ မင်းနေပြည် စတင်တည်သည့် ၁၂၁၈ ခုမှာပင် ပြန်လည်ဆည်ဖို့ အသစ်ဖော်ခဲ့သည်။ မြို့ဦးထိပ်တွင် မူလကတည်းက တည်ရှိခဲ့သော သစ်ပင်ပန်းမန်တို့ ပေါစုံကြွယ်ဝသည့် မန္တလေးတောင်တော် မြောက်ဘက်တွင် အောင်ပင်လယ်ကန်နှင့် အလားတူ ဆည်ဖို့ခဲ့သော နန္ဒာကန်တော် ရှိသည်။ အနောက်ဘက်မှာက ဧရာဝတီမြစ်ရေပြင် ရှိသည်။ တောင်ဘက်ခြမ်းမှာလည်း တက်သိမ်းအင်း၊ တောင်သမန်အင်း၊ ဇောင်းကလောကန်တို့ ရှိသည်။ ရတနာပုံ မင်းနေပြည်တော် တည်ထောင်ပြီးသော အခါ၌ နန်းမြို့တော်ကို တစ်ဖက်လျှင် တာ ၆၀၀ (၂၂၅၀ ကိုက်)၊ အကျယ်တာ ၂၀ (၁၃၅ ပေခန့်)၊ အနက်တာ ၂၀ (၁၃၅ ပေခန့်)ရှိသော ရေကျုံးကြီးလည်း ပတ်ရံစေသည်။ ထို့နောက် တောင် မြောက် ကန့်လန့်ဖြတ်၍ ရတနာနဒီတူးမြောင်း၊ ရွှေတချောင်းမြောင်း စသည်တို့ကိုလည်း တူးဖော်စေ၍ ရေရှင်၊ ရေကောင်း လွှတ်ခဲ့သည်။ ထို့ကြောင့်လည်း အပူပိုင်းဒေသမှာရှိသော ရတနာပုံ မင်းနေပြည်သည် ဥတု သပ္ပာရ မျှတခဲ့သည် မဟုတ်လော။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော် ကာလက မန္တလေးရတနာပုံ မင်းနေပြည်သည် ယခု ၂၁ ရာစု မန္တလေး၏ အခင်းအကျင်းတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အပြောင်းအလဲများတွင် တစ်နှစ်ချင်းအလိုက် သိသာ ထင်ရှားခဲ့သည်။
ပြဇာတ်တစ်ပုဒ်၏ ဇာတ်ဝင်ခန်းတွင် ဆောင်းမှနွေအကူး သရုပ်ကို နောက်ခံကားလိပ် တင်ချလိုက်ရုံဖြင့် ရုတ်ခြည်းပြောင်းလဲသွားသည်မျိုးကိုတော့ သည်နှစ်တွင်မှ သိသိသာသာ ကြုံလိုက်ရသည်။ ''ဥသြ ...၊ ဥသြ....'' ဟူသော တွန်သံကို ခံစားမနေအားဘဲ အိပ်တန်းမှ အတောင်တဖျပ်ဖျပ်ခါ၍ လူးလဲထလိုက်တော့ ခပ်ပါးပါး လည်ဂုတ်မွေးအောက်က ချွေးစို့လာမှုကို သတိပြုမိသည်။ မဆိုင်းတော့ဘဲ အချိန်အခါမသင့်မီ စည်းပျက်ကမ်းပျက် ရောက်လာသည့် ဥသြငှက်နှင့် တေ့တေ့ဆိုင်ဆိုင် ရှင်းလင်း လိုက်ရတော့သည်။
ထိုနေ့နံနက် ရုတ်တရက် ဥသြငှက် အလည်ရောက်လာသည့် ကိစ္စ မျက်နှာချင်းဆိုင် ပြောဆိုမိသည်။ တကယ်တော့ ဥသြငှက်က ဘယ်တုန်း ဘယ်အခါက စတင်၍ ဤသတ္တလောကကြီးတွင် ပေါ်ခဲ့လေသည် မသိ။
ရှေးစာဟောင်း ပေဟောင်းများ၌ပင် နွေ၏သရုပ်နှင့် ဥသြငှက်ကို တွဲဖက် ဖွဲ့ဆိုခဲ့သည် မဟုတ်လော။ ဆူးငှက်ကတော့ တစ်နေ့မနေ့ကမှ ပေါ်လာတာပဲ။ လွန်ရောကျွံရော နှစ်နှစ်ဆယ်ကျော်ပေါ့။ ဆူးငှက်ဘွဲ့ ဆိုတာလည်း ဘယ်ဥတုရာသီနှင့်မှ တွဲ၍ ကျမ်းဂန်ထဲ မပြောပါနှင့်၊ လတ်တလော ထွက်နေသော ဂျာနယ်စာမျက်နှာမှာပင် မပါရှိ။ သို့သော် မတတ်နိုင်။ မီဒီယာသမားဆိုတာ အမှန်ဘက်က လိုက်ရမှာတဲ့။ စတုတ္ထမဏ္ဍိုင်ဆိုလား ဘာလား။ ထို့ကြောင့် ဥသြငှက်နှင့် မျက်နှာချင်းဆိုင်ပြီး ခေါင်းကလေးငှဲ့ကာ တွန်သံသာနေသည်ကိုပင် အားမနာနိုင်ဘဲ အချိန်အခါမရောက်မီ လောကသဘာဝဖြစ်စဉ်နှင့် ကွဲလွဲ၍ အစောကြီးရောက်လာသော သူ့ကို အပြစ်တင်မိတော့သည်။ သက်ကြီးဝါကြီး ဥသြငှက်က မဖြစ်စလောက် ဆူးငှက်ကို အထင်သေးကြည့်ဖြင့်  တသိမ့်သိမ့်ရယ်မောရင်း......
''မောင်ရင်ကလည်း မထူးဆန်းတာကို ရေးကြီးခွင်ကျယ် လုပ်နေပြန်ပါပြီ။အရာရာတိုင်းဟာ ဘယ်တော့မှ အတည်တကျ တစ်သမတ်တည်း မရှိဘူးလေ။ ပြောင်းလဲခြင်း သဘောတရားနဲ့ ဆင်ခြင်မှပေါ့''ဟု ဆို၏။ ဆူးငှက်က
ဥသြငှက်ကို မထီမဲ့မြင် မျက်မှောင်ကြုတ်ကြည့်၍.....
''ဘယ့်နှယ် မထူးဆန်းရမှာလဲ။ မနှစ်ကပဲ နွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရပြီးပြီ မဟုတ်လား။ အဲဒီနှိပ်စက်မယ့် နွေကြီးက မပြောမဆို ရောက်လာတော့မှာဗျ။ ဆောင်းပြီး နွေရောက်မယ်ဆိုတဲ့ သဘာဝ အပြောင်းအလဲကိုတော့
နားလည်ထားပြီးသားပါ။ သဘာဝတရားမှာ သီအိုရီ ရှိပြီးသားလေ။ ယဉ်ကျေးဖွယ်ရာတဲ့ သတ္တလောကကြီး တစ်ခုလုံးမှာ သီအိုရီအတိုင်းပဲ တည်ရှိနေတာ မဟုတ်လား။ အခုဟာက သီအိုရီနဲ့ လွဲပြီး...''
''ဒီမယ်မောင်ရင် သီအိုရီနဲ့ လွဲတော့လည်း ဘာဖြစ်လဲ။ မောင်ရင်တို့က သီအိုရီတွေ၊ ဖြစ်စဉ်တွေ၊ နိယာမတွေနဲ့ တွက်ချက်ပြီး ခန့်မှန်းလိုက်ကြတာ။ မောင်ရင်တို့ ခန့်မှန်းချက်တွေ ဘယ်လောက်များ မှန်ကန်ခဲ့လို့လဲ''
''ဒီမယ် ဒီမယ် ခင်ဗျားပဲ ပြောင်းလဲခြင်း တရားဆို။ ပြောင်းလဲခြင်းတရား ဆိုတာကိုက သီအိုရီပဲ မဟုတ်လားဗျ''
''မောင်ရင် စကားကို မလွှဲနဲ့။ဒို့ပြောနေတာက သီအိုရီအတိုင်း မောင်ရင်တို့ ခန့်မှန်းချက်တွေကိစ္စ ပြောတာ''
''ဒါ...ဒါ...ဒါကတော့ဗျာ၊ ဟိုဒင်း ဟိုဟာ... တစ်ခါတစ်လေတော့လည်း...အင်း ဒီလိုပါပဲ''
''ဒီမယ်ထားပါတော့၊ သီအိုရီ အတိုင်း မဟုတ်ပေမယ့် ပြောင်းလဲခြင်းကိစ္စကိုတော့ မျက်ခြည်မပြတ်ဖို့ လိုတယ်နော်'' ''ဘာလဲ အီဂျစ်မှာ...''
''အီဂျစ်မှာတွေ၊ လစ်ဗျားမှာတွေ၊ အရှေ့အလယ်ပိုင်းမှာတွေ လုပ်မနေနဲ့၊ မင်းတို့ ငါတို့မှာ ဘာအင်တာနက်၊ ဘာအင်တာဖြူမှ မရှိဘူး။စလောင်းလည်း မရှိဘူး။ ဒယ်အိုးလည်း မရှိဘူး။ ထရန်စစ္စတာ နှစ်ခဲထိုး ရေဒီယိုလေးတောင် အနိုင်နိုင်။ ဒို့ပြောတာက မန္တလေးကျုံးထဲက စည်ရှည်တံတားကိစ္စ''
''သြ...အဲဒါသိသားပဲ။ ပြီးခဲ့တဲ့လကပဲ ဖျက်သိမ်းလိုက်တာ မဟုတ်လား''
''အမယ်လေး မန္တလေးသား သုတေသနပညာရှင် ဆိုသူကြီးရယ်။စည်ရှည်တံတားကြီးက ရတနာပုံခေတ် ကတည်းက ကျန်ရစ်ခဲ့တဲ့ သမိုင်း အမွေအနှစ်ဗျ။ ကျိုးပဲ့ပျက်စီးနေတဲ့ လက်ကျန်တံတားပျက်ကြီးကို မှန်အလုံခန်း ကြီးပိတ်ပြီး နယ်ချဲ့ကိုလိုနီတွေကြောင့် အမျိုးသား သမိုင်းအမွေအနှစ်တွေ ပျက်စီးကုန်ရတဲ့ သက်သေသာဓက ဆိုပြီး မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး လှုံ့ဆော်လို့ မရဘူးလားကွာ''
''ဟောဗျာ...အဲဒါ သီအိုရီလေ။ ခင်ဗျားပဲ သီအိုရီအတိုင်း ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောပြီးပြီ မဟုတ်လား''
'အင်း...အဲ...၊ ဒါကတော့ကွာ။ နောက်တစ်ခုပြောဦးမယ်။ ဒို့မြို့လယ်ကောင်က ဘူတာကြီးလေ...''
''အင်းလေ အဲဒါသိသားပဲ။ ဒီမယ် ခင်ဗျားနားထောင်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ်၊ မြန်မာ တတိယစစ်ပွဲမှာ ရန်ကုန်က တောင်ငူအထိ ၁၆၆ မိုင်ရှည်တဲ့ မီးရထားလမ်းကို အင်္ဂလိပ်တွေက အထက်ဘက် သူတို့နယ်စပ်အထိ ဖောက်လိုက်တာဗျ။ ၁၈၈၆ ခုနှစ်၊ အောက်တိုဘာလ ရောက်တော့ မန္တလေးအထိ ဆက်ဖောက်ဖို့ အမိန့်ပေးလိုက်တာ။ ၁၈၈၉ ခုနှစ် မတ်လ ၁ ရက်(၁၂၅၀ပြည့်၊ တပေါင်းလဆန်း ၁ ရက်)နေ့မှာ ရန်ကုန်ကနေ မန္တလေးကို ၃၈၆ မိုင် ရှည်တဲ့ မီးရထားလမ်း ဖောက်လုပ်လိုက်တော့ အခု မန္တလေးဘူတာကြီးဆိုတာ ရှိလာတာပေါ့ဗျ။ အဲဒါဘာဖြစ်လဲ''
''ဟာ မောင်ရင့်ဟာ ရှုပ်ကုန်ပါပြီ။ အဲဒါ...သီအို...သီအိုရီ၊ ဟာ မဟုတ်သေးပါဘူး။ အဲဒါ သမိုင်းကြောင်း။ ဒို့ပြောချင်တာက...''
''အော် ဟုတ်ပြီ ဟုတ်ပြီ၊ တိုးတက်ကျယ်ပြန့်လာတဲ့ မြို့ပြဧရိယာ အရ လက်ရှိ ဘူတာရုံကြီးက မြို့လယ်ကောင် ကန့်လန့်ဖြတ် ရောက်နေပြီး သွားရေးလာရေး ခက်ခဲနေလို့''
''အေး အေး အဲဒီတော့ အဲဒီတော့ ကုမ္ပဏီတစ်ခု အနေနဲ့ နိုင်ငံတကာ လေယာဉ်ကွင်းနဲ့ မလှမ်းမကမ်း ပလိပ်မြို့မှာ...''
''ဟာ...မဟုတ်သေးဘူးလေ။ လွတ်လပ်ခေတ်ရောက်တော့ မန္တလေးမြို့ကြီး ခေတ်မီဖို့အတွက် ပြန်လည် ထူထောင်ရေးတွေ ပြုလုပ်ဖို့ ၀ိုင်းဝန်း အကြံပေးကြတော့ စစ်ဘေးအန္တရာယ်ဘက်က ကြည့်မယ်ဆိုရင် မြို့လယ်ကောင်မှာ မီးရထားဘူတာရုံ တည် ထားခြင်းက အလျဉ်း မသင့်လျော်ပေ။ လမ်းခွဲဘူတာရုံကြီးကို မြို့ဟောင်း၌ လည်းကောင်း၊ လမ်းဆုံးဘူတာကို ရှမ်းစုဘူတာ၌ လည်းကောင်း ရွှေ့ပြောင်းထားပါက အထူးကောင်းမွန်လှပေမည်လို့ အကြံပေးကြတယ်လေ''
''မောင်ရင့်ဟာကလည်း အလုပ် မဖြစ်လိုက်တာ။ အဟောင်းထဲက မထွက်တော့ဘူး။ အခု မြို့ဟောင်းတို့၊ ရှမ်းစုတို့ ဆိုတာကိုက မြို့လယ်ကောင် ရောက်နေမင့်ဟာ...။ ဒို့ပြောတာက ရန်ကုန်၊ မန္တလေးအမြန်နှုန်းမြင့်
ရထားလမ်းသစ်အတွက်''
''ဟုတ်တယ်ဟုတ်တယ်။ ပလိပ်မှာ ဧကကွက် အကျယ်ကြီးတွေ ဈေးကောင်းပေးပြီး ဟိုလူတွေက ၀ယ်နေကြပြီတဲ့။ သူတို့ ပြောတာကတော့ ဓာတ်ဆီဆိုင် ဖွင့်ကြဖို့ ဆိုလား။ အရင်က တစ်ဧကမှ ၁၀ ဂဏန်းပဲရှိတဲ့
ခြံမြေတွေလည်းနေရာကောင်းရင် ကောင်းသလို သိန်းထောင်ဂဏန်းတွေ ဖြစ်ကုန်ပြီလေ''
''မောင်ရင်ပြောလို့ ပြောရဦးမယ်။ ဒို့တာရဲတန်းနားက ပေအစိတ်၊ ပေခြောက်ဆယ်လောက်ရှိတဲ့ မြေကွက်တစ်ကွက်ကွာ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် တော်လှန်ရေးအစိုးရ တက်ခါစက ငွေခြောက်ရာနဲ့ အရောင်းအ၀ယ် ဖြစ်ခဲ့တာ။ မနေ့ကပဲ ငွေသိန်း ထောင့်ရှစ်ရာနဲ့ ၀ယ်သွားကြလေရဲ့''
''အလိုလေး ဒီရင်းနှီးမြှုပ်နှံမှုက နှစ်ငါးဆယ်အတွင်း အဆပေါင်း သုံးသိန်းတောင် မြတ်တာပါလား။ဘာလဲ ၀ယ်တဲ့သူတွေက ဟိုလူတွေပဲလား''
''ငွေရှိပြီး အမြင်ကျယ်တဲ့သူတွေ ပေါ့ကွယ်။ သူတို့ကျ နှစ်ငါးဆယ်တောင် မစောင့်ရပါဘူး။ လေး၊ ငါး ဆယ်နှစ်အတွင်း အဆပေါင်းများစွာ မြတ်ဦးမှာ...''
''အင်းပေါ့လေ အပြောင်းအလဲ တွေပေါ့။ ဘယ်သူက မပြောင်းလဲဘူး ပြောသလဲ''
''မပြောင်းလဲတာ ရှိပါသကွာ။ အမြင်သာကြီးပါ''
ကျွန်တော်က မျက်လုံး အ၀ိုင်းသားဖြင့် လက်ဖက်ရည်ဆိုင်အတွင်းတွင် အရပ်ရှစ်မျက်နှာ ဝေ့၀ဲကြည့်ပြီး...
''ဟေ့လူ ဟေ့လူ တိုးတိုး မပြောင်းလဲသေးဘူးနော်''
''ဟုတ်ပါတယ်ကွ၊ ငါက ဘာပြောလို့လဲ၊ မပြောင်းလဲသေးတာပဲ ပြောတဲ့ဟာ''
''အင်းလေ...အဲဒါ အဲဒါ''
''ဟုတ်တယ်လေ၊ မပြောင်းလဲတာ ဆိုလို့ မန္တလေးက ဆိပ်ကမ်းတွေပဲကွ''
''ဟူး...တော်ပါသေးရဲ့''
''မောင်ရင်လည်း သမိုင်းသမားပဲလေ၊ ဒို့တတွေ အမြဲတမ်း မြင်နေကျ ဓာတ်ပုံတစ်ပုံ ရှိပါရောလား၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ့အစိတ်လောက်က သီပေါမင်းပါတော်မူတော့ ဘုရင်နဲ့ မိဖုရားကို ဂေါဝိန်ဆိပ်က သင်္ဘောပေါ်တင်တဲ့ ပုံလေ၊သင်္ဘောပေါ်ကို မီးအိမ်လေးပြပြီး သစ်သားကုန်းပေါင်က သတိထားပြီး တက်ကြရတာ မဟုတ်လား၊ ခုလည်း မန္တလေးက ဂေါဝိန်ဆိပ် အပါအ၀င် ကျန်ဆိပ်ကမ်းအားလုံး၊ ပါတော်မူပြီးစ အခြေအနေနဲ့ ဘာထူးလို့လဲ၊ ခရီးသည်တွေပိုများ၊ သင်္ဘောတွေပိုများ၊ ကုန်စည်တွေပိုများ၊ ထင်းဖောင် ၀ါးဖောင်တွေ ပိုများ၊ သဲလှေတွေပိုများ၊ အလုပ်သမားတွေပိုများ၊ ညအိပ်ညနေတွေ ပိုများ၊ အမှိုက်တွေပိုများ၊ အညစ်အကြေးတွေပိုများ၊ အဲ...အဲ...ဒုစရိုက်မှုတွေ ပိုများ''
''ကမ်းနားမြို့ပတ် ရှစ်လမ်းသွားကြီးကတော့ ကောင်းလှပါရဲ့ဗျာ၊ အဲဒါကျ အပြောင်းအလဲလို့ မပြောဘူးလား''
''သြ...အပြောင်းအလဲပဲ ပြောကြေးလား၊ မောင်ရင့်အိမ်လည်း ပြောင်းရတယ်ကွာ၊ ဒို့အိမ်လည်း ပြောင်းရတယ်ကွာ၊ မြို့လယ်ကောင်က ဘိုးဘွားပိုင် မြေကွက်တွေကို ထုခွဲရောင်းချပြီး ငွေထုပ်ပိုက် မြို့သစ် ပြောင်းကြတယ်ကွာ၊ဈေးချိုထဲက ဈေးသည်တွေ ပြောင်းကြတယ်ကွာ၊ ရတနာပုံယာယီဈေးက ရတနာပုံ စူပါစင်တာ ဈေးသစ်ကြီးဆီ ပြောင်းကြတယ်ကွာ၊ ကဲ...''
''နောက်ထပ် ပြောင်းဖို့လည်း တစ်ခုလိုသေးတယ်ဗျ၊ လေးငါးဆယ်နှစ်အတွင်း ပြောင်းလဲသွားတဲ့ မန္တလေး သင်္ကြန်ကို ရဲရဲဝံ့ဝံ့ကြီး ယဉ်ကျေးမှု ရိုးရာသင်္ကြန်အဖြစ် ပြောင်းလဲဖို့လေ''''မောင်ရင်ကလည်း ဒီရာသီရောက်ရင် ဒီပိုးထပြီ''
''ဟုတ်တယ်လေဗျာ၊ ခင်ဗျားက ဥသြ...ဥသြ ဆိုပြီး အသံပေးတာနဲ့ တောင်လေအမြူး ပိတောက်တွေအဖူး တူးပို့တူးပို့ ဒိုးသံနဲ့ မန္တလေး သင်္ကြန်ကို လွမ်းတဲ့စိတ်ကတော့ ဘယ်သူ ပြောင်းလဲပြောင်းလဲ ကျွန်တော်ကတော့
မပြောင်းလဲဘူးဗျို့''
''ဟော...ဟော... ပြောရင်းဆိုရင်း နောက်ထပ် ဥသြသံကတော့ ကြားရပါပြီဗျာ၊ လမ်းအတိုင်း အရှေ့ဘက်တက်သွားတဲ့ အသံပဲ၊ မောင်ရင့် ရပ်ကွက်ဆီနေမှာဟေ့ ပြေးပေတော့''
သည်တစ်ခါကြားရသော ဥသြသံကတော့ လွမ်းပိုအောင် ရွှေဥသြ မဟုတ်။ နွေဦးပေါက်လေတိုင်း ရက်ဆက်နီးပါး ကြားရသည့် မီးသတ်ဥသြသံ ဖြစ်သည်တမုံ့။ ဓာတ်ဆီတွေကလည်း ဈေးကောင်းသကိုး။

ဆူးငှက်နှင့် ငြင်းခုံနေသော ၀ီရိယကဲလွန်းသည့် ဥသြငှက်လည်း တခစ်ခစ် ရယ်မောရင်း ပျံပြေးသွားတော့သည်။ ခပ်လှမ်းလှမ်းရောက်တော့ မချိုမချဉ် ငှဲ့စောင်းကြည့်၍.....
ဥသြ...၊ဥသြ....ဥသြ...... ။

ဆူးငှက်
Eleven Media Group မှ ကူးယူဖော်ပြပါသည်။

No comments: