လှဝင်းရီ (အပိုင်း- ၄)
(အပိုင်းလိုက်ဖော်ပြသွားပါမည်)
သုံးရက်မြောက်သော် လှဝင်းရီကို သုသာန်သို့ လိုက်လံ ပို့ဆောင်ရလေ၏။ လှဝင်းရီ၏ နောက်ဆုံးခရီး သည် တောရကျောင်း ဆရာတော်၏ တရား ဆုံးမစကား၊ သီလရှင်တို့၏ သံဝေဂ လင်္ကာရွတ်သံတို့ ကြောင့် အတော်ပင် ငြိမ်းချမ်းလှပါပေ၏။ ကျွန်ုပ်တို့ မသာပို့သူ တသိုက်ပင်လျှင် ယခင်အခါလို ဟေး လားဝါးလား မလုပ်မိကြချေ။ မည်သည့် ဘုံဘ၀၊ ဌာနသို့ ရောက်နေပြီမှန်း မသိရသည့် လှဝင်းရီ အတွက် ကျွန်ုပ်တို့ ပြုဖူးသည့် ကုသိုလ်ကောင်းမှုတို့ကို ခြစ်ချုတ် ဆင်ခြင်၍ အမျှပေးဝေလိုက်ကြ၏။
သုသာန်စည်းရိုး တလျှောက်တွင် အလေ့ကျပေါက်နေသည့် ဗုဒ္ဓသရဏံပန်းတို့ ရဲပဒေါင်းခတ်အောင် ဖူးပွင့်နေ၏။ လေအဝှေ့တွင် ဗုဒ္ဓသရဏံပန်းတို့ လူးလွန့်နေသည်မှာ ခုနစ်ထွေ ရုပ်သေးပွဲစင်တွင် ဇော်ဂျီရုပ်ကလေး ကနေသည်နှင့်ပင် တူသေး၏။
လှဝင်းရီသည် သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်၊ ဆန်းဆန်းပြားပြား သေဆုံးခြင်းဖြစ်သဖြင့် အလောင်းကို အရိုးပြာကျအောင် မီးသင်္ဂြိုဟ်ရမည် ဟူသည့် ဆရာတော့် အမိန့်ကြောင့် ကျွန်ုပ်တို့ လူသိုက်သည် လှဝင်းရီကို မီးပြင်းတိုက်ရန် ပြုရလေသည်။ နွေနေ့လယ်အချိန်တွင် မီးသင်္ဂြိုဟ်ရသည် မှာ အလွန် ပင်ပန်းလှသည့် အလုပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆရာတော့်စကားကို ပယ်ရှားရန် မဖြစ်နိုင်။ သမှည့်၊ ကနစို အမြစ်ဆုံကြီးများကို ထင်းအဖြစ်စီမံပြီး လှဝင်းရီကို ထိုထင်းပုံကြီးပေါ်တွင် မှောက်ခုံ တင်လိုက်၏။
“ကဲ မီးစတိုက်ရအောင် ကျပ်ခိုးရေ၊ မော်တော်ကား တာယာတွေ ယူခဲ့အုံး။ ရေနံဆီဖြန်း ပြီးရင် ပုံးကို ၀ါးရုံတောနားမှာ သွားထားချေ။ တော်ကြာ ရေနံဆီပုံး မီးထတောက်လို့ ငါတို့ပါ လှဝင်းရီနောက် လိုက်နေရအုံးမယ်” ဟူသည့် ကာလသားခေါင်း ဆင်ပေါက်၏ စကားအဆုံးတွင် ကျွန်ုပ်တို့သည် အလောင်းကို မီးသင်္ဂြိုဟ်ရန် စတင် ပြင်ဆင်ကြ၏။
ထိုအခိုက် “ခဏနေအုံး အလောင်းကို မီးမတိုက်နဲ့အုံး” ဟု ဘဲဥ လှမ်းပြောလိုက်သည်ကို ကြားလိုက် ရ၏။ ဘဲဥသည် ကျွန်ုပ်တို့ လူသိုက်ကို တိုးဝှေ့ကျော်လွှားပြီး အလောင်းနားသို့ ချဉ်းကပ်သွားသည်။ အလို သူ့လက်ထဲတွင် သနပ်ခါးတုံးကလေး ကိုင်လို့ ပါကလား။ ဘဲဥသည် မှောက်ခုံကြီးဖြစ်သော လှဝင်းရီ အလောင်းနံဘေးတွင် သနပ်ခါးတုံးကလေးကို ကိုင်၍ ငူငူကြီး ရပ်နေ၏။ သနပ်ခါးတုံးကို လှဝင်းရီ၏ ကျောက်ကုန်းထက်တွင် တင်ထားရကောင်းနိုး၊ သို့တည်းမဟုတ် ပေါင်တံပေါ်တွင် တင်ထားရကောင်းနိုး သို့တည်းမဟုတ် အလောင်းအောက်သို့ ထိုးထည့်လိုက်ရကောင်းနိုး အမျိုးမျိုး တွေးတောကာ ဇဝေဇ၀ါ ဖြစ်နေရှာဟန်တူသည်။ အတန်ကြာမှ သနပ်ခါးတုံးကလေးကို လှဝင်းရီ၏ လက်ပြင်ထက်တွင် အသာ နေရာချထားလိုက်လေသည်။ အတော်ပင် ကဗျာမဆန်သည့် ဘဲဥ ဖြစ်ချေ၏။ ထိုအချင်းအရာကို မြင်ရသောကြောင့် ကျွန်ုပ်တို့ လူသိုက် တဒင်္ဂမျှ မင်သက် မိန်းမောခြင်းသို့ ဆိုက် ရောက်သွား၏။
ကာလသားခေါင်း ဆင်ပေါက်က “ဟေ့ရောင် ဘဲဥ မင်းမိန်းမ သနပ်ခါးတုံးကို ခိုးလာတာလားကွ။ တော်ကြာ သနပ်ခါးတုံး ပျောက်တဲ့ အကြောင်းကို မင့်မိန်းမကြီး သိသွားရင် မင်းကို နားရင်းပါးရင်း တီးနေအုံးမယ်၊ မင်း ပြေးပေါက်မှားနေအုံးမယ်” ဟု ကျီစယ်လိုက်သည်တွင်မှ ကျွန်ုပ်တို့ လူသိုက်လည်း သတိပြန်ဝင်ကာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မိကြသည်။ ထို့ကြောင့် ဘဲဥသည် ရှက်အမ်းအမ်း ဖြစ်သွားပြီး မျက်လွှာကို ချကာ မျက်လုံးကို ပေကလပ် ပေကလပ် ပြု၍ နောက်ဆုတ်သွားလေ၏။
ဆင်ပေါက်သည် သူကျီစယ်ပြီးခါမှ နှုတ်လွန်သွားပြီ ဖြစ်ကြောင်း သတိပြုမိသည်။ ထို့ကြောင့် အခြေ အနေကို ထိန်းရန် အတွက် “ဘဲဥရယ် လူဆိုတာ သေမျိုးချည်းပဲပေါ့ကွာ။ ဒီတော့ကာ မင်း ဟိုအ ကြောင်း ဒီအကြောင်းတွေ လျှောက်တွေးမနေနဲ့။ လာကွာ အလောင်းကို မီးသင်္ဂြိုဟ်ရတာ ပူပါတယ်။ အုန်းရည်လေး ဘာလေး သောက်ရအောင် အုန်းသီး သွားခူးကြမယ်” ဟု ဆိုရင်း ဘဲဥ ပုခုံးကို ဖက်ကာ သုသာန်အစပ်ရှိ အုန်းတောသို့ ထွက်ခွာသွားလေ၏။
ကျွန်ုပ်တို့ လူသိုက်လည်း အလေနတော အကြောင်းအရာတို့ကို စိတ်ကူးတည့်သလို ပြောရင်း အလောင်းကို မီးတိုက်ကြလေ၏။ သုသာန်တောင်ဘက်မှ ညောင်မုတ်ဆိတ်ပင်တို့သည် ကျွန်ုပ်တို့၏ အလေနတော စကားများကို နားစွင့်ရင်း တဟဲဟဲ မြည်သံကို ပြုနေ၏။ မီးရှိန်ကြောင့် တချက်တချက် တွင် အလောင်းရုန်းထလာ၍ တံစူးဝါးဖြင့် ထိုးရသေးသည်။ ထုံးစံ အတိုင်းဆိုလျှင် အလောင်းကို ထင်းပုံပေါ်တင်၊ ပြီးလျှင် မီးပြင်းတိုက်၊ မီးညွန့် မကျိုးအောင် နောက်ထပ် ထင်း ထည့်ထားခဲ့ပြီးလျှင် သုသာန်မှ ပြန်ကြယုံသာ ဖြစ်၏။ သို့သော်လည်း ယခုမူကား ဆရာတော့်အမိန့်ကြောင့် အရိုးကျသည့် အထိစောင့်၍ အရိုးကောက်ပြီး မြေမြုပ်ရပြန်သောကြောင့် နေအတော်စောင်းခါမှ ကိစ္စပြီးပြတ် သွားလေသည်။
“ပစ္စည်း ပစ္စယတွေ သိမ်းဟေ့၊ ပြီးရင် အိမ်ပြန်ကြရအောင်” ဟု ဆင်ပေါက် ဆော်သြလိုက်သဖြင့် ကျွန်ုပ်တို့သည် မီးကြွင်းမီးကျန်တို့ကို ငြှိမ်းသတ်ပြီး သုသာန်မှ ဖုတ်ဖက်ခါ၍ ထွက်ခွာခဲ့ကြသည်။ သုသာန်မှ မထွက်မီတွင် တယောက်သောသူက ဇီးခက်ကလေး တစ်ခက်ကို ချိုးယူပြီး လှဝင်းရီ၏ အရိုးတို့ မြှုပ်နှံထားရာ မြေပုံကို အသာပုတ်၍ “ကဲ လှဝင်းရီ ရေ၊ ငါတို့နဲ့ ပြန်လိုက်ခဲ့” ဟု ဆိုကာ လိပ်ပြာ ခေါ်၏။ “အောင်မယ် မင်းက လှဝင်းရီ ဒီည ခေါ်သွားအုံး မလို့လားကွ။ မင်းတို့အိမ်က လူကြီး တွေ ပင်လယ်ဆင်းနေတယ် ဆိုတော့ အတော်ပဲ ပေါ့ကွာ။ ဒါပေမယ့် အသံမထွက်စေနဲ့။ ဘေးအိမ်တွေ သိသွားအုံးမယ်” ဟု တစ်ယောက်က နောက်လိုက်သည်။ သူ့စကားကြောင့် အားလုံး ပွဲကျသွား၏။ ဘဲဥ မျက်နှာထား တင်းခနဲ ဖြစ်သွား၏။ ကျွန်ုပ်မူကား လှဝင်းရီ လိုက်ပါလာသည်ဟု ဆိုသော ဇီးခက် ကလေးကို အားနာနာနှင့် ကြည့်မိ၏။
မောင်ကျပ်ခိုး
ကောင်းကင် (လှဝင်းရီ)
No comments:
Post a Comment