စစ်ကိုင်းမြို့နယ်အခွန်ဦးစီးရုံးမှ အကျင့်ပျက် ဝန်ထမ်းများ ပြည်သူများအပေါ် ဥပဒေမဲ့စွာ ငွေတောင်းခံနေ

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ မြို့နယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံတမယ် ဓါးပြတိုက်သလို ငွေများစွာအား အတင်းအကျပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်း အရေးယူပေးပါရန်။ ငွေ အမြဲတမ်း မဟားဒယား အကြောင်းမျိုးစုံပြတောင်းနေသော ဝန်ထမ်း ၂ ယောက်၏ အမည်မှာ---
၁ ။ ဒေါ်ခိုင်ခိုင်လတ်
၂ ။ ဒေါ်အေးငြိမ်းအိ

ကျွန်တော်၏ ကိုယ်တွေ့
ကျွန်တော့်မှာ မိဘ ၂ ပါးရယ် အကို ၁ ယောက်ရယ် ညီမလေး ၁ ယောက်ရယ် ရှိပါတယ်။ ယ္ခုဖြစ်ရပ်မှာ ပုံစံ (၁၇) လုပ်ခဲ့သော ကျွန်တော်၏ ကိုယ်တွေ့ အမှန်တစ်ကယ် ဖြစ်ရပ် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး လုံးဝမပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည် သစ္စာထား၍ ကျိန်တွယ် ပြောပြ လိုက်ရပါတယ်။


ဖြစ်နိုင်ပါက စုံစမ်းအရေးယူပြီး ပုံစံ ( ၁၇ ) လုပ်သော အခါတိုင်း ကျွန်တော်တို့လို အစိုးရဘဏ်မှာ ၀င်ငွေ ခွန်ဆောင်ပြီးသား သူများအတွက် ကျပ်တစ်သောင်း ပတ်ဝန်းကျင်လောက်သာ ချမှတ်ပေးပါရန်နှင့် ၎င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေအမြဲတမ်းညှစ်မှုဖြင့် လိုအပ်သလို အရေးယူပေးပါရန်နှင့် အရေးယူပေးနိုင်သော အထက်အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ။

ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအား သည်းခံပေးပါရန်၊ အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော်ကိုယ်တိုင်နှင့် နယ်ခံဖြစ်သော ကျွန်တော့်၏ မိဘများမှာ နောက်လာမယ့် ကိစ္စများတွင် ဒုက္ခရောက်မည် စိုးသောကြောင့် ဖြစ်ပါသည်။

ဖြစ်စဉ်
ကျွန်တော်၏  မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ်။ ကျွန်တော့်မှာမူ ၁၀ တန်းအောင်၍ ရန်ကုန်မြို့ကြီးသို့ တက်ရောက်၍ မိဘများကို အလုပ်အကြွေး ပြုချင်သောကြောင့် ကိုယ်ဒူးကိုချွန်ကာ သင်တန်းတွေ ကြိုးစားတက်ပြီး အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်လာကာ ယ္ခုနောက်ဆုံးတွင် ဒေါ်လာစား လခရသော ရေနံကုမ္ပဏီတစ်ခုတွင် လခစားဝန်ထမ်း လုပ်ကိုင်ခွင့် ရခဲ့ပါတယ်ခင်ဗျား။ ကျွန်တော်၏ မိဘအပေါ် သိတက်မှုနှင့် ကြိုးစားမှုကြောင့် ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ စေလွှတ်မှု အခွင့်လမ်း တစ်ခု ပေါ်ပေါက်လာခဲ့ရပါတယ်။

အဲဒီမှာ စတွေ့တာပါပဲခင်ဗျာ၊ သန်းခေါင်စာရင်းက စစ်ကိုင်းဇာတိဆိုတော့ ပုံစံ(၁၇) က စစ်ကိုင်းကို ပြန်လုပ်ရတော့တာပါပဲ။ ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အစ်ကို အစ်မများလည်း ရှေ့ကနဦး ကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက် ၂ နှစ်အတွင်း ကျွန်တော်မြင်တွေ့ကြားသိနေရပါတယ်။ ဒီလို ရန်ကုန်မြို့တော်ကြီးမှာတောင် ပုံစံ ( ၁၇ ) လုပ်ကြတဲ့ အခါတိုင်းမှာ ရုံးက လစာထုတ်တိုင်း MFTV BANK မှ လစဉ် ၀င်ငွေအခွန် ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာတွေနဲ့အတူ သွားခဲ့ကြတာ ယ္ခုချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် ( ၅၀၀၀ ) ပဲတောင်းခံပါသတဲ့၊ ပေးနေကြရပါသတဲ့။ ဒါလောက်ကတော့ ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင် အဲဒါလုပ်ဖို့အတွက် ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါတယ်ခင်ဗျ။ ဇာတ်လမ်းက အဲဒီ အခွန်ရုံးကို ရောက်တယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ချိုချိုသာသာပဲ ပုံစံ ၁၇ လုပ်ချင်လို့ပါ။ ဘာတွေလိုအပ်ပါသေးလည်း အရင်မေးပါတယ်၊ ရပ်ကွက် ထောက်ခံစာနဲ့ ရဲစခန်း ထောက်ခံစာလိုပါတယ်ဆိုလို့ ကျွန်တော်မှာ တောင်နဲ့မြောက် တကယ်ကို အပြေးလွှား သွားခဲ့ရပါတယ်။

ရဲစခန်းက ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ်သဘောကောင်းကြပါတယ်။ ကိုယ်လိုတာရလို့ သဘောကောင်းတယ်လို့ ပြောတာ မထင်စေချင်ပါဘူး။ ပုံစံထဲ ဘောင်ထဲကနေ သဘောကောင်းချင်းကို ဆိုလိုတာပါခင်ဗျာ။ ထောက်ခံစာ လုပ်ပြီးလို့ အစ်ကို ကျွန်တော် ဘာများလုပ်ပေးရမလည်း မေးတော့ ရပါတယ် စာရွက်ဖိုးသာ ပေးပါတဲ့ ၅၀၀ ပဲတောင်းပါတယ်ခင်ဗျာ။ ကျွန်တော် ဖလားထဲကို ၁၀၀၀ တန်ထည့်ပေးခဲ့ပါတယ်။

အားလုံးစုံလို့ အခွန်ရုံး ပြန်ရောက်လာခဲ့ပါတယ်။ ဒုဦးစီးမှူး အဲဒီဒေါ်ခိုင်ခိုင်လတ်ကို တွေ့ရဖို့အရေး စာရေးမ အေးငြိမ်းအိဆိုတဲ့ ကျွန်တော်ထက် ငယ်မယ့်ပုံရတယ်၊ သူကိုတွေ့ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ၊ မျက်နာက တလောကလုံး သူ့လုပ်စာ စားနေတဲ့ရုပ်နဲ့ မျက်နာကို ချီနေတာပဲ။ သူတင်မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ်က ပိုဆိုးသဗျာ။ အဲဒီ အမျိုးသမီးဗျာ မျက်နာထားက တော်တော် တင်းထန်ပါတယ်။ သူ့ဆီက
ပိုက်စံလာတောင်းတဲ့ ပုံစံမျိုးနဲ့ကို ဟောက်လိုက် ဆိုလိုက် ပြောလိုက်နဲ့ဗျာ။

ပုံစံ (၁၇) လုပ်ချင်လို့ဆိုတော့ ၁ ယောက်ကို ၄ သောင်းပေးရပါမယ်တဲ့ဗျာ။ ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန်လုပ်လုပ် ငါးထောင်ပဲ။ ကျွန်တော်လည်း မခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲကျတာ ဒီမှာ ကျွန်တော် အဲဒီလောက် မပေးနိုင်ဘူးပေါ့။ နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ်ဆိုပြီး ပြလိုက်ပါတယ်။

အဲဒါဆို သန်းခေါင်စာရင်းလေး ပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက်စာတမ်း အစုံလိုက်ကို သူ့ကို ပေးလိုက်ပါတယ်။ စာရွက်ကြည့်ပြီး သြော်….ဦး ----- ရဲ့သားကိုးတဲ့။ စတင်ပြီး အပြစ်ရှာပါတော့တယ်။ မင်းအဖေက စားသောက်ဆိုင် ပိုင်ဆိုင်တာကို အခွန်ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့။ ကျွန်တော် တော်တော် အံ့သြသွားတာပါ တကယ်လည်း အဲဒါကိုမသိပါဘူး။ မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီး ဆောင်ရမယ့်ဟာကို ငါတို့က စည်းကျပ်ခွန် အနေနဲ့ နားလည်မှုနဲ့ ၁ နှစ်ကို ၁၂၀၀၀၀ ( တစ်သိန်းနှစ်သောင်း ) ကို ၆လ ၁ခါ ၆သောင်းစီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး အခွန်မဆောင်ပဲ ရှောင်ပြေးနေတာတဲ့။ အဲဒါအခွန် ၆ သောင်းဆောင်မယ်ဆိုမှ ပုံစံ (၁၇) လုပ်ပေးမတဲ့ဗျာ။ အကြီးဆုံး ဦးစီးမှုးကိုလည်း မင်းပြောတဲ့ ၅၀၀၀ နဲ့ ရအောင် ပြောပေးမတဲ့ဗျာ။

ကျွန်တော်က အဲဒါက အဖေပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှမဟုတ်တာ။ ကျွန်တော်ကလည်း အခွန်ကင်းရှင်းကြောင်း အကုန်ပါနေပီပဲ ဘာမှမဆိုင်တာ မဟုတ်ဘူးလား မေးတော့ အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုတ်ရှက်ခတ်နေအောင် ဘာတွေပြောမှန်း မသိပါဘူးဗျာ။ ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကို အခွန်ဆောင်ဖို့တွက် ဖုန်းနဲ့ လှမ်းမေးတော့၊ အဖေက... ဟင် မင်းအကိုကြီး သွားဆောင်ပေးထားတာ ၂ လပဲ ရှိသေးတယ်တဲ့။ ကျွန်တော်… ဟာ... ဒါဆို အကိုကြီးကို မေးဦးမှပဲ။ ကိုကြီးရေ ဒီလို ဒီလို အကျိုးအကြောင်း ပြောပြလိုက်တော့။ အကိုကြီး... တောက်xxxxx ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေးနေတယ် ပြောတယ်ဟုတ်လား၊ အေး... ငါခုပဲလာခဲ့မယ်။ အဲဒီမှာစောင့်နေ။

အကိုကြီး စာရွက်စာတမ်းတွေကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ်။ အဲဒီ ခိုင်ခိုင်လတ် အခန်းထဲ ဝင်သွားပါတယ်။ အကိုက စာရွက်တွေပြပြီး ဆောင်ထားတာ ၂ လပဲရှိသေးတယ်၊ ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေ ပြောတာလည်းဆိုတော့၊ ဝေ့လည်ကြောင်ပတ်နဲ့ စကားလမ်းကြောင်းတွေ လွှဲပြီး အဲဒီဆောင်ထားတဲ့ အခွန်ကို တောင်းတာ မဟုတ်ပါဘူး။ ကြိုတင်ခွန်ဆောင်ဖို့ တောင်းတာပါ ဆိုပြီး လေသံတွေ လျော့သွားပါတယ်။ (စောနက လေသံထက် အနည်းငယ်ပေါ့)။

ကြိုတင်ခွန်က ဘာလို့ဆောင်ရတာတာလည်း မေးတော့၊ စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆိုပြန်ပါတယ်။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့၊ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကို ခေါ်ပြီး အပြင်ထွက်လာပြီး သူ့ရဲ့ နီးစပ်ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံးမောင်နှင်ပြီး လိုက်ပြီး စုံစမ်း မေးမြန်းကြပါတယ်၊ ဘယ်သူမှ မဆောင်ရသေးပါဘူးတဲ့။ ကဲ... နည်းမျိုးစုံနဲ့ အရှက်မရှိစတမ်း တောင်းနေတာနော်။ ဒါနဲ့ပဲ အခွန်ရုံးပြန်လာ၊ အကိုကြီးက အချက်အလက်နဲ့ ပြောတော့ အဲဒီမိန်းမ မျက်နှာက
စိတ်ပျတ် လက်ပျတ်နဲ့ အရှက်မရှိစွာနဲ့ ဒါက ဒီလို အလွယ်ပြောလိုက်တာပါ။ အမှန်က နိုင်ငံခြားသွားတဲ့ လူတိုင်း ကြိုတင် ခွန်ဆောင်ရတာတဲ့။ မဆောင်ရင် လုံးဝကို ပုံစံ (၁၇) မပေးနိုင်ပါဘူးလို့ ပေါ်တင်ကို ပြောပါတယ်ဗျာ။ သွားတာက ကျွန်တော်ပါ။ အခုက အဖေပိုင်ဆိုင်တာကို အခွန်လည်းဆောင်ပြီးပါပြီ၊ မဆိုင် တာတွေကို အတင်းထပ်ခါထပ်ခါ ပုံစံမျိုးစုံနဲ့ လှည့်ပတ်တောင်းနေတာပါဗျာ... ကဲ။

ပြီးတော့ မျက်နာထားတင်းတင်းနဲ့ မင်းတို့ကို အပေါ်က တောင်းတဲ့အတိုင်း မတောင်းချင်လို့ ဒါကိုမင်းတို့က ဖြစ်ပျက်နေတယ်လည်းဆိုရော၊ ကိုကြီးက ကောင်းပြီ၊ ကျွန်တော်တို့ ဆောင်မယ်၊ ဆောင်ရင် အရင်က ဆောင်ထားသမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ်ထိုးပေးပါ။ အခုလက်ရှိ ဆောင်တာရော ထိုးပေးပါလို့ ပြောတော့၊ အို… အဲဒါတော့ ဘယ်ဖြစ်မလည်းတဲ့၊ ဘောက်ချာလက်ခံတောင်းတော့ အတော် ကြောက်ကန်စွာ ငြင်းပါတယ်။ 
ကဲ... ပြည်သူများ အရာရာ ခံဘက်က ကြီးပါပဲဗျာ။ အလုပ်သွားလုပ်တာလည်း မဟုတ်ပါဘူးဗျာ၊ ကုမ္ပဏီက သင်တန်းတက်ခိုင်းလို့ သွားတက်ရမှာပါဗျာ၊ နိုင်ငံခြားလည်း မရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ၊ မိဘ တွေကဆို နိုင်ငံခြား သွားရလို့ဆိုပြီး ဂုဏ်တွေယူပြီး တပြုံးပြုံးဖြစ်နေကြတာလေ အဲလိုရိုးသားကြတဲ့ နယ်ခံတွေပါဗျာ။

ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားတက်ဆိုးနေတဲ့ အဖြစ်နဲ့ တိုးနေတာပေါ့ဗျာ။ ဘယ်တက်နိုင်မလည်း သူတို့ပေးမှ သွားရမယ့် အဖြစ်ကိုဗျာ၊ အဲဒါနဲ့ အကိုလည်း ၆ သောင်းဆောင်၊ ကျွန်တော်လည်း ၅၀၀၀ ထပ်ပေး၊ ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာခဲ့ပါပြီဗျာ။

ကုမ္ပဏီက နိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ၊ မေမေတို့ကို သနားလွန်းလို့ သွားရဖို့တွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ။ ကယ်ကြပါဦး အရပ်ကတို့ရေ…။ ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံလုပ်နည်းပါခင်ဗျ။ ရန်ကုန်သူ ရန်ကုန်သား၊ တခြားနယ်သား တွေတောင် ဒီလောက် ခက်မယ်မထင်ပါဘူး။ ဟူး…။

အရှင်ဘုရား တပည့်တော်တို့ကို သနားညှာတာသောအားဖြင့် ဤလို ဝန်ထမ်းများအား အမြန်ဆုံး ဆုံးမ အရေးယူနိုင်သောသူ ပေါ်ပေါက်လာပါစေ။ ဤစာရသော သူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူနယ်သား မိဘ မောင်နှမများအား သနားသောအားဖြင့် လက်လှမ်းမှီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန် လေးစွားစွာဖြင့် အသနားခံ တောင်းပန်အပ်ပါသည်ခင်ဗျား။

ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား။

No comments: