ထမင်းချိုးဟင်းချိုး

ထမင်းချိုးဟင်းချိုး 
နီဟိန်းမော်

ဖျော့တော့တော့ လိမ္မော်ရောင် ညနေခင်းသည် ကမ္ဘာ တစ်ဘက်ခြမ်းမှ ငုပ်လျှိုး၍သွားလေပြီ။ ကောင်းကင် တစ်ခုလုံး လင်းကြည်နေရာမှ ဖြည်းဖြည်း ညို့ညို့လာသည်။ ဆည်းဆာက အမှောင်ဆီသို့ တစစယွန်း၍ သွား၏။ ညဥ့်သည် အစပျိုးလေပြီ။ လမ်းထဲမှ ကလေးတစ်သိုက် တစုစု တရုံးရုံးနှင့် ကျွန်တော့် အိမ်ရှေ့တွင် ၀ိုင်းလာဖွဲ့ ကြသည်။ သူတို့ ကစားဖို့ ခတ်ကွင်း ပြင်နေကြပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကစားရန် နေရာ အ၀န်းအ၀ိုင်း ကျယ်ဝန်းလှသည်။ ဥက္ကလာပမြို့သစ် သက်တမ်း နှစ်နှစ်ဆယ် ကျော်လာသည့်တိုင် နွေအခါဆို အိမ်အောက် မြေပြင်တွေက ခြောက်သွေ့နေသည်။ ရေနုတ်မြောင်းတွေမှာတောင် ရေတင်မကျန်ရစ်၊ ရပ်ကွက် ဘေးအစွန်မှာ လယ်ကွင်း လယ်ကွက်တွေ ရှိသေး၏။ ဒီတော့ ကျွန်တော်တို့ စိတ်ကြိုက် ကစားခွင့် ရှိသည်။ ဘုတိုဂွတို အော်မလား၊ ဒီဆွဲမလား၊ ဘောလုံးကန်မလား၊ စိန်ပြေး လိုက်မလား၊ ကြိုက်သလိုဆော့ မောတော့မှ အိမ်ပြန်ကြပေါ့။

ကျွန်တော်တို့ သားသမီးတွေ အလှည့်မှာ ကစားစရာနေရာ ကျဉ်းမြောင်း သွားလေပြီ။ အိမ်အောက်တွေမှာ ရေမခန်းတော့။ ပတ်ဝန်းကျင် လယ်ခင်းယာခင်း တွေလည်း ဆင်ခြေဖုံး ဆန်ကုန်ကြပြီ။ ဒီတော့လည်း အိမ်ရှေ့က လမ်းမသည်သာ သူတို့အတွက် တစ်ခုတည်းသော ကစားကွင်း၊ သူတို့အတွက် အပန်းဖြေရာ ရင်ပြင်ဖြစ်သည်။ ဒါတောင် တချို့တချို့ အိမ်များက အိမ်ရှေ့ ကလေးတွေ လာဆော့လျှင် မျက်စိပူ နားဆူသည်ဆိုကာ အိမ်ရှေ့လမ်းမကို ရေတွေ ရွှဲနေအောင် ပက်ဖြန်းထား တတ်ကြသည်။ ကျွန်တော်ကတော့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာကို မြင်ရလျှင် စိတ်အေးချမ်းသည်။

အပူအပင်ကင်းတဲ့ ကလေးဘ၀ကို သူတို့ ရစေချင်သည်။ ဒါကြောင့်လည်း ညဘက်ရောက်လျှင် ကလေးတွေ မြင်မြင်ထင်ထင် ဆော့ကစားနိုင်အောင် ကျွန်တော့် အိမ်ရှေ့မှာ လေးပေမီးချောင်း တစ်ချောင်း ထွန်းပေးထားသည်။ လမ်းသွား လမ်းလာတွေလည်း အဆင်ပြေ၊ ကလေးတွေလည်း ပျော်မြူးနှင့်မို့ စိတ်ကြည်နူးရသည်။ ကျွန်တော့် အိမ်ရှေ့မှာဆို ဆယ့်နှစ်ရာသီပတ်လုံး ကလေးသံတို့ဖြင့် ဆူညံစည်ကား နေမြဲဖြစ်သည်။ "ဖျတ်ခနဲ" အိမ်ရှေ့မှ လေးပေမီးချောင်း အရောင်ပွင့်ထွက်သွားသည်။ "ဟေး" ခနဲ ကလေးတွေ ထအော်ကြသည်။ လက်ခုပ်တီးသူ တီးသည်။ ခုန်ပေါက်သူက ပေါက်သည်။ သူတို့ အပျော်က ကျွန်တော့်ထံ ကူးစက်လာသည်။ အိမ်ရှေ့ခုံ တန်းလျားလေးမှာ ထိုင်ပြီး သူတို့ကို ငေးမောမိနေချိန် ကျွန်တော့် သောကတွေ ငြိမ်းနေခဲ့သည်။

လောဘ၊ ဒေါသတို့လည်း မြူတမှုန်မျှ လိမ်းကျံခွင့်မရ၊ ကလေးတွေ ကတော့ တစ်ယောက်လည်ပင်းကို တစ်ယောက်ဖက်ပြီး "ရွှေလား ငွေလား" ဟု မေးသူကမေး၊ "နဂါးနဲ့ ကျား" ဟု အော်သူက အော်၊ "သစ်ပင်နဲ့ သစ်ရွက်" ဟု ပြောသူက ပြောသည်။ ခေါင်သူကြီး လုပ်သူ နှစ်ယောက်ကလည်း ရွှေဖြင့် ရွှေ၊ ငွေဖြင့် ငွေ၊ နဂါးဆို နဂါး၊ ကျားဆို ကျား၊ ရွေးချယ်ကြသည်။ ဒီလိုရွေးပြီးပြီ ဆိုရင်ဖြင့် လည်ပင်းဖက်ထားသူ နှစ်ယောက်လက်တွေ ဖြုတ်ကာကိုယ့် အဖွဲ့ထဲ ကိုယ်သွားကြသည်။ ဒါက ဟိုး ပဝေသဏီ ကတည်းက ကလေး အချင်းချင်း နားလည်မှု ရှိပြီးသား လူရွေးချယ်သည့် ဥပဒေ၊ သူတို့ လူရွေးချယ် နေစဉ်မှာပင် ပြဿနာတစ်ခုက ပေါ်လာလေပြီ။ ကစားကြမည့် ကလေးတွေက ဆယ်နှစ်ဝန်းကျင် ကလေးတွေ၊ ဒီအထဲမှာမှ လေးငါးနှစ် အရွယ်ကလေး နှစ်ယောက် သုံးယောက် လည်းပါသည်။

သူတို့လည်း သူတို့အရွယ်တူချင်း လည်ပင်းဖက်ပြီး ခေါင်သူကြီးရှေ့ ရောက်လာကြ၏။ ကလေးကြီးတွေ ဆော့ကစားရာမှာ သူတို့လည်း ၀င်ပါမည်ဆိုသည့် သဘော၊ ကလေးကြီးတွေက ခေါင်းကုပ်ကြသည်။ အငယ်လေးတွေဆိုတော့ ကိုယ့်အဖွဲ့ သူ့အဖွဲ့ထဲ ဘယ်သူမှ မခေါ်ချင်ကြ၊ နောက်တော့လည်း သူတို့ကို တစ်ယောက်စီ ရွေးပြီး အဖွဲ့ခွဲလိုက်သည်။ ပြီးတော့ ခေါင်းသူကြီး လုပ်သူပါးစပ်က အော်သည်။ "သူတို့က ထမင်းချိုး ဟင်းချိုးနော်" တဲ့။ ဒီစကားကလည်း ကလေးအချင်းချင်း နားလည်ထားသည့် ကစားပွဲသုံး ဘာသာစကား၊ အဖွဲ့ခွဲပြီးတော့ ကလေးတွေ ပျော်ရွှင်စွာ ဆော့ကစား နေကြလေပြီ။ ကျွန်တော့် ခေါင်းထဲမှာတော့ ကလေးတို့ ဘာသာစကား တစ်လုံးက နေရာယူ သွားခဲ့၏။ "ထမင်းချိုး ဟင်းချိုး" တဲ့လား။

ထမင်းချိုး ဟင်းချိုး ဆိုသော စကားမှာ ကျွန်တော်တို့ ငယ်စဉ် ကတည်းက ကြားရသောစကား ဖြစ်ပါသည်။ သို့သော်လည်း အမှုမဲ့ အမှတ်မဲ့သာ နေရင်း လွန်မြောက်ခဲ့ကြသည်။ ကလေးတွေဆီက ဒီစကားကို ပြန်ကြားရတော့မှ ကျွန်တော့်အာရုံတို့ နိုးကြားလာကြသည်။ ထမင်းချိုး ဟင်းချိုးဆိုသော စကားမှာ ကျွန်တော်တို့ မြန်မာမှု နယ်ပယ်တွင် အလွန်နှစ်လိုဖွယ် ကောင်းသော စကားဟု ကျွန်တော်ထင်သည်။ ကစားပွဲအတွင်း ပါဝင်လိုသော ငယ်ရွယ်သူ ကလေးငယ်များကို ပွဲအတွင်း ပါဝင်နိုင်အောင် စီစဉ်ထားသော နည်းစနစ်ဖြစ်သည်။ ကလေးကြီးတွေ ကြားမှာ ကလေးငယ်လေးတွေလည်း ဆော့ချင်ရှာမပေါ့ဆိုသည့် ကရုဏာစိတ်ဖြင့် ပြုလုပ်ထားသော စည်းကမ်း ဥပဒေလည်းဖြစ်သည်။ ထမင်းချိုး ဟင်းချိုးအဖြစ် ပါဝင်ရသော ကလေးငယ်တို့၏ အပြုအမူက ကစားပွဲနှင့် လုံးဝမသက်ဆိုင်၊ သူတို့၏ ဆောင်ရွက်မှုက ကစားပွဲတွင် အနိုင်အရှုံးကို မဆုံးဖြတ်နိုင်၊ ကစားပွဲ ရလဒ်ကို မထိခိုက်၊ သူတို့သည် ကစားပွဲအတွင်း မှာပါဝင်ပြီး ကစားပွဲပြင်ပသို့ ရောက်ရှိနေသူများသာ ဖြစ်သည်။

ဒီအကြောင်းကို ထမင်းချိုး ဟင်းချိုးအဖြစ် ပါဝင်သော ကလေးတွေက မသိနိုင်၊ သူတို့ကတော့ ပျော်ရွှင်စွာဖြင့်သာ ကစားပွဲအတွင်း ပါဝင်ကစား နေကြသည်။ သူတို့ကို သူတို့ ကလေးကြီးများ တန်းတူ ပါဝင်နေရသည်ဟုလည်း အထင်ရောက်နေသည်။
သူတို့လေးတွေ၏ စိတ်က အခြားကလေး များနည်းတူ ရွှင်လန်းတက်ကြွနေမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ဒီထမင်းချိုး၊ ဟင်းချိုးဆိုသော စကားကို ကျွန်တော် စိတ်ဝင်စား သွားမိသည်။

ဒီစကားလုံး ကျွန်တော့်ခေါင်းထဲ ရောက်လာတော့ ဒီစကားလုံးနှင့် အဓိပ္ပာယ်တူ ဒေသအခေါ်အဝေါ်များကို ကျွန်တော် စပ်စုခဲ့မိသည်။ တချို့ ဒေသတွေက "ထမင်းတစ်လုတ် ဟင်းတစ်လုတ်" တဲ့။ ဧရာဝတီဘက် မှာတော့ "ကွမ်းမစား ဆေးမစား" ဟုခေါ်သည်။ ၀ါးခယ်မလို နေရာမျိုးမှာ "ရေပေါ်ဆီ" ဖြစ်သွားပြန်သည်။ ဟိုး မြိတ် ထားဝယ်ဘက် ကျတော့ "တကည်စား" လို့ ခေါ်သတဲ့။ ရမည်းသင်းဘက် ကတော့ "အကြွင်းလူ"လို့ ၀ိဂြိုဟ်ပြုသည်။ မြန်မာမြောက်ဖျား မြစ်ကြီးနား မှာတော့ "အာလူးပွတ်ကျွတ်"လို့ ဆိုကြပြန်သည်။ ဒေသ အခေါ်အဝေါ်တွေ ဘယ်လိုကွဲကွဲ ကစားပွဲတွင်း ပါဝင်ကစား နေရင်းနှင့် ကစားပွဲရလဒ်ကို မဖန်တီးနိုင်သူဟုသာ အဓိပ္ပာယ်သက်ရောက်၏။

တကယ်တော့ ကျွန်တော်တို့အားလုံး ကလေးဘ၀ကို ဖြတ်သန်းဖူးခဲ့ကြသည်။ ကျွန်တော်တို့ အားလုံး ဆော့ကစားခဲ့ကြဖူးသည်။ ကျွန်တော်တို့အားလုံး ထမင်းချိုး ဟင်းချိုးဘ၀ကို ရောက်ခဲ့ဖူးကြသည်ပေါ့။ ကာလယန္တရားတို့ အဆက်မပြတ် လည်ပတ်နေရင်း ကျွန်တော်တို့ လူလား မြောက်ခဲ့ကြသည်။ လောကအလယ်တွင် ၀င်ဆံ့နိုင်အောင် ကြိုးစားခဲ့ကြသည်။ တစ်ခါ တလေတော့လည်း သင်ခဲ့ဖူးသည့် ပညာ၊ ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံ၊ ရှာဖွေခဲ့သည့် ဓနဥစ္စာတို့အပေါ် ဂုဏ်ယူယစ်မူးရင်း ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ "ငါကွ" ဟု အထင်ရောက်ခဲ့ကြသည်။ လက်မ တထောင်ထောင် မာန် တ၀င့်ဝင့် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ကျွန်တော်တို့ ထိတွေ့နေသော ပတ်ဝန်းကျင်၊ ကျင်လည်နေသော လူမှု အသိုင်းအ၀ိုင်းက ကျွန်တော်တို့ကို နောက်ကွယ်ရာ၌ ဘယ်လိုအဓိပ္ပာယ် သတ်မှတ်ချက်မျိုးတွေနှင့် ဆက်ဆံနေသည်ကို ကျွန်တော်တို့ မသိနိုင်ခဲ့။

ဒီအကြောင်းအရာတွေ စဉ်းစားမိတော့ ကွယ်လွန်သွားပြီး ဖြစ်သော အဘိုးကို သတိရမိသည်။ ကျွန်တော့်အဘိုးက တိုင်းရင်းဆေးဆရာကြီး၊ ဘာသာရေး ကိစ္စများအပေါ် လေးလေးနက်နက် ရှိသည်။ ကျွန်တော်တို့ ရပ်ကွက်ပိုင် ဓမ္မာရုံကြီးကို ဦးဆောင်၍ ထူထောင်ခဲ့၏။ ဓမ္မာရုံ၏ မြေဂရန်မှာတောင် သူ့အမည်ပေါက်နှင့် ဘာသာရေး လုပ်ရာမှာ ပြတ်သားမှု ရှိသည်။ ကိုယ့်စရိတ် ကိုယ်စားပြီး လုပ်သည်ဟူသည့် လူစားမျိုး၊ သူ့ခေတ် သူ့ခါက လူတော်တော်များများ၏ ရိုသေလေးစားမှုကို ခံရသည်။ အသက်အရွယ် ရလာ၍ ဓမ္မာရုံ ဥက္ကဋ္ဌနေရာကို အခြားသူများ အဆင့်ဆင့် လွှဲပြောင်းယူသည့်တိုင် အဘိုးက နာယကလူကြီး နေရာမှာ ရှိနေဆဲ။ သို့သော်လည်း ခေတ်ကာလအရွေ့တွေမှာ အဘိုး ပါမလာခဲ့တော့ သူယုံကြည်ခဲ့သော၊ သူဆွဲကိုင်ခဲ့သော အယူအဆ မူဝါဒများက ခေတ်လူတွေနှင့် ညှိမရတော့၊ အံဝင်ခွင်ကျ မဖြစ်တော့ ပြောရလျှင် အဘိုးက တယူသန်ဆန်သည်။ ဒေါသဖြစ်လွယ်သည်။ လူငယ်တွေ သူပြောသမျှ လိုက်လုပ်ရမည်ဆိုသည့် သဘောမျိုးကို လက်ကိုင်ထားသည်။

မှတ်မှတ်ရရ တစ်ခါက ဓမ္မာရုံကြီးမှာ အစည်းအဝေး လုပ်သည်။ အဘိုးက ခေါင်းရင်းခန်းမှာ မိန့်မိန့်ကြီးထိုင်လို့၊ ညှိရင်းနှိုင်းရင်း ဆွေးနွေးရင်းနှင့်ပင် အဘိုးနှင့် သဘောထား ကွဲလွဲကြ၏။ အဘိုးက ပြောရင်းပြောရင်း စိတ်တိုလာခဲ့သည်။ "မင်းတို့ ငါ့ကို နာယကဆိုပြီး ငါ့စကားလည်း နားထောင်တာ မဟုတ်ဘူး။ မင်းတို့ လုပ်ချင်ရာလုပ်ရင် ငါ့ကို ဘယ်တော့မှ လာမခေါ်နဲ့" ဟု ဆိုကာ သူ့ဖဲထီး ကောက်အနက်ကြီး ဆွဲ၍ ပြန်သွားခဲ့သည်။ အဲဒီကတည်းက အဘိုး ပြောချင်တာပြော ဘာမှပြန် မပြောကြတော့။ အဘိုးရှေ့မှာ ဘယ်သူမှ အထွန့်မတက်တော့။ ဒါပေမယ့် သူတို့လုပ်ချင်ရာ လုပ်ကြသည်။ အဘိုးကွယ်ရာမှာ "ထားလိုက်ပါကွာ" ဆိုသော စကားမျိုးသူတို့ ပြောကြသည်။

အဘိုးသည် သူတို့အတွေး၊ သူတို့ မျက်စိထဲမှာ ထမင်းချိုးဟင်းချိုး ဖြစ်လာခဲ့ဟန် တူသည်။ အဘိုးကတော့ သူကွယ်လွန်သည်အထိ သူ့ကို ဒီလိုသဘော မျိုးထားခဲ့သည်ကို သိမသွားရှာခဲ့။ တစ်လောက ညီတော်မောင်တစ်ယောက် အိမ်လည်ရောက်လာသည်။ ကိုယ့်မျက်စိရှေ့တွင်ပင် ဆင်းတောင့် ဆင်းရဲဘ၀မှ လက်ကိုင်ဖုန်း ခါးချိတ်လို့ မေးကြည့်တော့ "ဆရာ့ကျေးဇူး" ဟု တပြုံးပြုံးနှင့် ဖြေသည်။ သူ့ဆရာ ကောင်းကြောင်း ထိုင်ပြောသွားသည်ကိုက တစ်နာရီကျော် ကြာသည်။ ကိုယ်တောင် မမြင်ဘူးဘဲနှင့် သူ့ဆရာကို လေးစားမိသည်။ နောက်ခြောက်လ လောက်အကြာ ညီတော်မောင်ကို သူ့ဆရာအကြောင်း မေးမိတော့ "နားသွားပြီ"ဟု တုံးတိတိ ပြန်ဖြေသည်။ "မင်းသူ့ဆီ ရောက်သေးလား" ဆိုတော့ "မရောက်ဘူး အကိုရေ၊ နောက်ဆရာအတွက် ကြိုးစားနေရတယ်။ အစ်ကို မကြားဖူးဘူးလား။ “ဘယ်သူလာလာ ငါ့ဆရာ၊ ဘယ်သူသွားသွား အလကားဆိုတာလေ" တဲ့။ သူ့ အပြောက ကျွန်တော့်ရင်ထဲ မကောင်း၊ ကိုယ့်နားတောင် ကိုယ်မယုံချင်၊ ဒါ လူ့သဘာဝလား။ ခေတ်ပြိုင် ခံစားမှုလား မဝေခွဲတတ်။

"အလကား" ဆိုသည့် အသုံးက "ထားလိုက်ပါကွာ" ဆိုသော စကားထက် ရင့်သီး ရိုင်းပြလွန်းသည်ဟု ကျွန်တော်ထင်သည်။ သူတို့ အကြောင်းတွေးရင်းမှ ဆက်၍ ပထမသံဂါယနာ တင်စဉ်က ဆန္ဒမထေရ်နှင့် ပတ်သက်သည့် အကြောင်းအရာတို့က ရုတ်တရက် ခေါင်းထဲ ရောက်လာပြန်သည်။ ဆန္ဒမထေရ်က မြတ်စွာဘုရားနှင့် ဖွားဖက်တော်၊ ဘုရားလောင်း တောထွက်ရာမှာ နောက်က တကောက်ကောက် ပါခဲ့သူ။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ နယ်ပယ်တွင် "မြင်းမြီးဆွဲ မောင်ဆန်" ဆိုသည့် ဂုဏ်ပုဒ်နှင့် ကျော်ကြားသူ ဖြစ်သည်။ ငယ်စဉ်ကာလထဲက ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို သခင်တစ်ယောက်အဖြစ် ချစ်ခင်မြတ်နိုးခဲ့သူ။ ဘုရား သာသနာထဲ ရဟန်းဝတ်တော့လည်း "ငါ့ဘုရား" ဆိုသည့် ပုဂ္ဂိုလ်ရေး ဆည်းကပ်မှုတွေနှင့် ကြည် ညိုခဲ့သူ၊ သူ့မျက်စိထဲမှာ ဘုရားကလွဲပြီး ဘာမှမရှိ၊ ဒါကလည်း သံသရာလွတ်ကြောင်း အတွက်တော့မဟုတ်။

သိဒ္ဓတ္ထမင်းသား ဘ၀က ရင်းနှီးခဲ့ဖူးသည့် သံယောဇဉ်တွေနှင့် ဒီလိုနှင့်အခြား သီတင်းသုံးဖော် ရဟန်းတွေကို မထီမဲ့မြင် ပြုလာသည်။ ဆိုဆုံးမရ ခက်လာသည်။ ထို့ကြောင့် သူပရိနိဗ္ဗာန် စံပြီးချိန်တွင် ဆန္ဒမထေရ်အား ဗြဟ္မဒဏ်ခတ်ရန် ဗုဒ္ဓက မှာကြားခဲ့သည်။ ဗြဟ္မဒဏ် ဆိုသည်မှာ မြတ်သောသူအား ပေးသောဒဏ်ဟု မြတ်ဗုဒ္ဓပါဝါစက အဘိဓာန်က အဓိပ္ပာယ် ဖွင့်သည်။ ဆန္ဒမထေရ် ဘာပြောပြော ဘာလုပ်လုပ် မပြောမဆို မဆုံးမကြနှင့်။ ဆေးဖော်ကြောဖက် မလုပ်နှင့် ဟူသော ပြစ်ဒဏ်မျိုး ဖြစ်သည်။ ဒီပြစ်ဒဏ်ပေး သည့်အကြောင်း ဆန္ဒမထေရ်ကို အသိပေးတော့ ဆန္ဒမထေရ် မူးမေ့ လဲသွားသည်တဲ့။

ကျွန်တော့် အတွေးတန်းတို့ တရှည်တလျား လွင့်မျောနေမိသည်။ ထမင်းချိုး ဟင်းချိုးမှ စသော ထိုအတွေးစဉ်တန်းတွင် အဘိုးလည်းပါသည်။ ဆန္ဒမထေရ် လည်းပါသည်။ အခြား ရောက်တတ်ရာရာများ လည်းပါနေခဲ့သည်။ ပြောရလျှင် "ထမင်းချိုး ဟင်းချိုး" ဆိုသော အသုံး၏အနက်၊ "ထားလိုက်ပါကွာ" ဟူသောစကား၏ အဓိပ္ပာယ်၊ "ဗြဟ္မဒဏ်" ဟူသော ပါဠိဝေါဟာရ အဖွင့်တို့က သာမန်အားဖြင့် တူနေသယောင် ထင်ရသော်လည်း ထိုစကားတို့ အပေါ်တွင် သက်ရောက်နေသော စိတ်အခြေအနေတို့က ကွဲပြားမည် ထင်ပါသည်။

"ထမင်းချိုးဟင်းချိုး" အဖြစ်သတ်မှတ်ခံရသော ကလေးဘ၀တွင် ကစားဖော် ကလေးကြီးတို့က ထားသော စိတ်ထားက ညှာတာသော ကရုဏာတွေနှင့် အဘိုးကိုပြောသော"ထားလိုက်ပါကွာ" ဆိုသော စကားတွင်တော့ သူ့ပတ်ဝန်းကျင်က မြိုသိပ်ထားသော ဒေါမနဿတွေနှင့် "အလကား" ဆိုသော အသုံးကတော့ အခွင့်အရေး တစ်ရပ်ရပ် အပေါ်တွင် လောဘ၊ ဒေါသတွေကပ်လို့ ဆန္ဒအမတ်ကို ပေးခဲ့သော ဗြဟ္မဒဏ်တွင်တော့ သူတော်ကောင်းတို့၏ ဥပေက္ခာတွေ၊ တစ်ပုံတစ်ပင်နှင့်ဟု ကျွန်တော်ခံစားရသည်။
တကယ်ဆို ကျွန်တော်တို့လည်း သင့်တင့်သော အသက်အရွယ် တစ်ခုသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဖြတ်သန်းခဲ့ရသော ပ၀တ္တိခရီးတွင် လူအချို့ကို ထမင်းချိုး ဟင်းချိုးအဖြစ်၊ လူအချို့ကိုတော့ ထားလိုက်ပါကွာ ဆိုသောစကားဖြင့် ဆက်ဆံဖူးခဲ့လေပြီ။ ကျွန်တော်တို့ ကိုယ်တိုင်တော့ "ငါကွ" ဟူသော အထင်တွေနှင့် ဖြတ်သန်းခဲ့သည့် အတ္တမိုင်တွေ မည်မျှရှိပြီ ဆိုသည်ကိုပင် မစဉ်းစားနိုင်ခဲ့။ ကျင်လည်ရသော အသိုင်းအ၀ိုင်းမှာ နောက်ကွယ် တစ်နေရာ၌ ကျွန်တော်တို့ကိုရော ထမင်းချိုးဟင်းချိုးအဖြစ် သဘောထားခံ နေရသည်လား။ "ထားလိုက်ပါကွာ" ဆိုပြီး ပြုမူဆက်ဆံ နေရသည်လား။ ဗြဟ္မဒဏ် အခတ် ခံနေရသည် လား ဆိုသည်ကလည်း မသိနိုင်ခဲ့။

ကျွန်တော်ကတော့ ငယ်ငယ်က ထမင်းချိုးဟင်းချိုး ဘ၀မျိုးမှာ ဘာမသိညာမသိဖြင့် ပျော်ခဲ့ရ ဖူးသည်မို့ ယခု အချိန်မှာတော့ လူယဉ်ကျေးတို့၏ ဥပေက္ခာပြုမှုနှင့် သူတော်ကောင်းတို့၏ ဗြဟ္မဒဏ်ခတ်ခြင်း ခံရမှာကို ကြောက်ရွံ့နေမိပါသည်။ ”ဤ” ကို "ကျွဲ" ဖတ်သော လူမှုအသိုင်းအ၀ိုင်း၏ "ထားလိုက်ပါကွာ" ဆိုသော အသုံးအနှုန်းမျိုးနှင့် အခွင့်အရေးသမားတို့၏ အလကားဆိုသည့် စကားမျိုးကတော့ တုန်လှုပ်စရာ အလျဉ်းမရှိဟု ကျွန်တော်ထင်ပါသည်။
နီဟိန်းမော်
(ပေဖူးလွှာ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)

No comments: