ဖယောင်းတိုင် ဒီမိုကရေစီ၊ စားအုန်းဆီ ဒီမိုကရေစီ

ဟုတ်ပါရဲ့ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။

(ကဗျာဆရာ ရွက်သစ်ရဲ့ “ကျမတို့မှာ ခေါင်းဆောင်မရှိဘူး၊ ရှင်တို့မှာ ခေါင်းမရှိဘူး” ကဗျာမှ …)

မှောင်မိုက်တဲ့ လှိုင်သာယာရဲ့ ညဘက်တွေ။ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးတွေအောက်က လူမသိသူမသိ နာကျင်ခဲ့ရတဲ့ ဘဝတွေ …။ အဲသလိုညတွေမှာ ညဥ့်နက်သန်းခေါင်အထိ အိမ်ပြန်မလာနိုင်ကြသေးတဲ့ မိဘတွေကို ကလေးငယ်တွေက အိပ်ငိုက်ရင်း စောင့်ဆိုင်းကြရတယ်။ ညဥ့်နက်ပေမယ့် မအိပ်နိုင်ကြသေးဘူး။ မနက်ဖြန်မနက် ကျောင်းစောစောတက်ဖို့ မပူပန်နိုင်အားဘူး။ အမေ ပြန်လာမှ ထမင်းချက်ရမှာ …၊ အဖေပြန်လာမှ ထမင်းစားရမှာမို့ သူတို့ မအိပ်နိုင်ကြသေးဘူး။ သူတို့ ဗိုက်ထဲမှာ ဘယ်လောက် ဆာလောင်နေသလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ လျှပ်စစ်မီးမရှိဘဲ အမှောင်ထဲမှာ နေရတာ စိတ်ညစ်ညူးပြီး အားငယ်စရာကောင်းတယ်။ ဒါကို လူတော်တော်များများ သိကြတယ်။ ဗိုက်သိပ်ဆာပြီး စားစရာမရှိတာဟာ အဲဒီအမှောင်ထက် အများကြီး ပိုပြီး စိတ်ညစ်ညူးပြီး အားငယ်စေတတ်တယ် ဆိုတာကိုတော့ ကြုံဖူးသူ၊ သိဖူးသူ သိပ်ရှိချင်မှရှိမယ်။ စဉ်းစားကြည့်ပါ။ အဲဒီ ဗိုက်ဆာဆာနဲ့ ငိုက်နေတဲ့ကလေးတွေဟာ ခင်ဗျားတို့ သားသမီးဆိုရင် ခင်ဗျားတို့ရင်မှာ ဘယ်လိုခံစားကြရမလဲ။ ခုတော့ ဘယ်နိုင်ငံရေးသမားမှ သူတို့ကို ဂရုမစိုက်ကြဘူး။ သူတို့ဘဝကို မလေ့လာကြဘူး။ ဒါ့ကြောင့်လည်း ဒီမိသားစုထဲက ကလေးမလေးတွေက စက်ရုံတွမှာ လစာတိုးရေး ဆန္ဒပြတော့ နာနာကျင်ကျင် အော်ကြတယ်။ “ကျမတို့မှာ ခေါင်းဆောင်မရှိဘူး” တဲ့။


အဲသလို အချိန်မျိုးမှာ လျှပ်စစ်မီးထိန်ထိန်သာတဲ့ ဗိုလ်ချုပ်ရွာဆိုတဲ့ ဘက်မှာတော့ ညဘက် အပျော်ကျူးရာက ပြန်လာတဲ့ အမျိုးကောင်းသားသမီးတွေဟာ တဟေးဟေး တဝါးဝါး အော်ဟစ်ပြီး သိန်းထောင်ချီတန်တဲ့ ကားကြီးတွေနဲ့ အိမ်ပြန်လာကြတယ်။ ဟိုလှိုင်သာယာက ကလေးတွေ စောင့်နေတဲ့ အဖေတို့ အမေတို့ကတော့ အဲဒီအချိန်မှာ ဘတ်စ်ကားကြီးနဲ့ တရွေ့ရွေ့ ခရီးနှင်တုန်း။ ရန်ကုန်မှာ ဗိုလ်သန်းရွှေအိမ်ဘက်ကို ပြန်ဖို့အတွက် အထူးဖောက်ပေးထားတဲ့ ရှားရှားပါးပါး ကတ္တရာဆီတွေ အပြည့်နဲ့ နက်မှောင်နေတဲ့ လမ်းတလမ်းကို လူအများ သိကြတယ်။ အဲဒီလမ်းပေါ်ကနေ ညဘက်မှာ တဝူးဝူး၊ တဝါးဝါးနဲ့ အပျော်ကျူးပြီး အိမ်ပြန်လာကြတဲ့ ဗိုလ်သန်းရွှေသမီးတွေနဲ့ ဗိုလ်ချုပ်သားသမီးတွေရဲ့ အသံတွေကို လူအများအပြား ကြားဖူးကြတယ်။ ကြောက်ကြလွန်းလို့လည်း ဝေးဝေးကနေ ရှောင်ကြတယ်။


ဒီလိုအချိန်မျိုးမှာပဲ ထူးကုမ္ပဏီက တေဇရဲ့သားတွေက နိုင်ငံခြားက မိန်းမတွေနဲ့ ပျော်ပါးတဲ့ ဓာတ်ပုံတွေကို ရိုက်နေတယ်။ ပြီးတော့ အင်တာနက်မှာ တင်မယ်။ လမ်ဘော်ရဂီးနီးဆိုတဲ့ ကမ္ဘာ့အကောင်းဆုံးကားကြီးရှေ့မှာ ဓာတ်ပုံရိုက်မယ်။ အင်တာနက်မှာ တင်မယ်။

ဒါတောင်မှ ခရိုနီတွေ လိုအပ်နေသေးတယ်လို့ ပြောသူကပြောရဲ့။ ပြုပြင်ပြောင်းလဲရေးတွေ နောက်ဆုတ်သွားမှာစိုးလို့ လှိုင်သာယာက ကလေးမလေးတွေ ပါးစပ်ကို လိုက်ပိတ်ဖို့ ကြိုးစားသူက ကြိုးစားရဲ့။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ ကြားနေမယ်လို့ ပြောသူကပြောရဲ့။ ပြောလည်း ပြောရဲကြပါပေရဲ့။ အာဂဒီမိုကရေစီ သူရဲကောင်းကြီးတွေပါကလား။ အင်မတန် ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျတဲ့ သူတော်ကောင်းကြီးတွေပါလား ဟရို့ ...။

အဲသလို ညဘက်တွေမှာ ရေပေါ်ဆီတွေရဲ့ သားသမီး၊ အမျိုးကောင်းသားသမီးဆိုသူတွေက ညဥ့်နက်သန်းခေါင်အထိ အားအားယားယား ပိုက်ဆံမယူဘဲ အလကား ဖာခံထွက်နေချိန်မှာ လှိုင်သာယာက ကလေးမတွေခမျာ အပျိုစင်ဘဝကို ဝမ်းစာအတွက် ရောင်းစားကြရတယ်။ အပျိုစင် ပါကင်ဖောက်ရင် ဘယ်ဈေးရတယ်ဆိုတာ ဒီစစ်အစိုးရနဲ့ ကြံ့ဖွတ်အရပ်သား အယောင်ဆောင် အစိုးရလက်ထက်တွေကျမှ ပေါ်လာတဲ့ မကြားဝံ့မနာသာ ဈေးကွက်။ အဲဒါကို ဘယ်သူ့လက်ချက်လို့ ဆိုချင်သေးသလဲ။ ဒီကလေးမလေးတွေရဲ့ အပျိုစင်ဘဝကို ငွေသိန်းချီပေးပြီး ပျော်ပါးနိုင်တာ ဘယ်လိုလူတွေလဲ။

ကျမတို့တွေထဲက တချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး ...။
ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ၀လင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် ...။
(ရွက်သစ်ရဲ့ ကဗျာမှ ...)

လှိုင်သာယာက ကလေးမလေးတွေက တနေ့မှာ အလုပ်ချိန် ၁၂ နာရီထက် မပိုဖို့ တောင်းဆိုသတဲ့။ တနေ့ကို အလုပ်ချိန် ၁၀ နာရီထက် မပိုဖို့ တောင်းဆိုသတဲ့။ ကောင်းကြသေးရဲ့လား။ ဒီတောင်းဆိုသံကို နားနဲ့ မထောင်ကြနဲ့။ ရင်နဲ့ ခံစားကြည့်ကြပါ။ သူ့တို့ဘဝတွေဟာ ဒီစက်ရုံကြီးတွေပဲလား။ ဒီစက်ရုံကြီးတွေထဲမှာပဲ သူတို့ဘဝ ကုန်ဆုံးရတော့မလား။ သူတို့ချုပ်တဲ့ အထည်၊ သူတို့လုပ်တဲ့ ဆံပင်တု၊ သူတို့လုပ်တဲ့ ဘိနပ်တွေဟာ ဥရောပနဲ့ မြောက်အမေရိကရဲ့ ဈေးလမ်းမကြီးတွေပေါ်မှာ စတိုးဆိုင်အကြီးကြီးတွေနဲ့ ရောင်းတဲ့အခါ သိန်းဆယ်ဂဏန်းကနေ သိန်းရာဂဏန်းအထိ ရပါတယ်။ သူတို့ လုပ်ခ ဘယ်လောက်ရကြသလဲ။ တနေ့ကို ၈ နာရီ အလုပ်လုပ်၊ ၈ နာရီ အနားယူ၊ ၈ နာရီ လေ့လာ အပန်းဖြေဖို့ ရောဘတ်အိုဝင် အဆိုပြုခဲ့တာ ၁၈၁၇ ခုနှစ်။ ဂျနီဗာ စာချုပ်အရ တနေ့အလုပ်ချိန် ၈ နာရီထက် မကျော်ရလို့ သတ်မှတ်ခဲ့တာက ၁၈၆၆ ခုနှစ်။ ကဲ … ပြောကြစမ်းပါ။ ကမ္ဘာကြီး ပြားသွားပြီ၊ လူတိုင်း တာထွက်တူနေကြပြီ၊ လယ်ဗယ်ဂရောင်း ဖြစ်နေကြပြီ ဆိုသူတွေ ပြောကြစမ်းပါ။ အခု ကျနော်တို့ နိုင်ငံတော်ကြီးဟာ ကမ္ဘာနဲ့ယှဉ်ရင် ဘယ်ခေတ်လောက်ကို ရောက်နေပြီလဲဆိုတာ …။

ဒီစက်ရုံက အလုပ်သမားတွေဟာ အိမ်သာတက်ရင် ဘယ်နှခါတက်ရမယ်ဆိုတာ သတ်မှတ်ချက်ရှိသတဲ့။ အိမ်သာကို အကြိမ်ရေ ပိုတက်ရင် လစာဖြတ်သတဲ့။ ရေသောက်ချင်ရင် တနေ့ ဘယ်နှခါဆိုတာ သတ်မှတ်ထားသတဲ့။ အကြိမ်ရေ ပိုရင် လစာဖြတ်သတဲ့။ ညဘက် အချိန်ပိုလုပ်ရင်း အိမ်ပြန်ဖို့ ဘတ်စ်ကား မရတော့တဲ့အခါ စက်ရုံထဲမှာပဲ ညအိပ်လိုက်ရသတဲ့။ နို့စို့ကလေးကို အိမ်မှာ ထားခဲ့ပြီး စက်ရုံမှာ အထည်ချုပ်ရတဲ့ ကလေးအမေဟာ အိမ်မပြန်နိုင်တဲ့ညမှာ ဘယ်လိုအိပ်ဆေးနဲ့ ပျော်အောင်အိပ်ရမလဲ။ အကြံပေးကြစမ်းပါ။ ဘယ်မှာလဲ လူ့အခွင့်အရေး။ ဘာတဲ့လဲ လူ့အခွင့်အရေး။ ဒါတွေဟာ ဇာတ်နာအောင် ပြောနေတာမဟုတ်ဘူး။ တကယ့်ဘဝထဲမှာ ဒီ့ထက်ဆိုးတာတွေ တပုံတပင်။ သွားကြည့်ကြပါ။ မေးကြည့်ကြပါ။ စုံစမ်းကြည့်ကြပါ။ ဒါတွေ ဘာ့ကြောင့် ဖြစ်နေသလဲ။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ။ School of Assassins လုပ်ကြံသတ်ဖြတ်ရေးသင်တန်းကျောင်းလို့ ကမ္ဘာ့လူ့အခွင့်အရေးလောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အမေရိကန်တို့ရဲ့ Fort Benning သင်တန်းကျောင်းကြီးက ဆင်းလာသူ အလုပ်သမားဝန်ကြီး ဗိုလ်အောင်ကြည် ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ။ School of Assassins မှာ ဒါတွေ သင်ခဲ့သလား။ ဒါမှမဟုတ် ကြံ့ဖွတ်ပါတီ သင်တန်းကျောင်းမှာ ဒါတွေကို သုတေသနလုပ်ပြီးပါပြီလား။ 

ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘ၀တွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုန်တွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘ၀နာတာက ကျမတို့ပါရှင် ...။
အခုကြည့် ...
အိပ်ခ်ျအိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါ ရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါ ရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
(ရွက်သစ်ရဲ့ ကဗျာမှ ...)

စီးပွားရေးပိတ်ဆို့ထားတာ ပြည်သူတွေ နာသတဲ့။ အထည်ချုပ်စက်ရုံတွ မလာနိုင်တော့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ငတ်ကြသတဲ့။ ကောင်းလှပါပေရဲ့၊ ခင်ဗျားတို့ရဲ့ ဝါဒဖြန့်ချိသံတွေ။ အထည်ချုပ်စက်ရုံတွေ ရှိတော့ရော တကယ်တမ်း ကောင်းစားကြတာက ဘယ်သူတွေပါလဲ။ အလုပ်သမလေးတွေအတွက် အထည်ချုပ်စက်ရုံတွ ရှိစေချင်လှပါတယ်လို့ ခင်ဗျားတို့ ပြောနေတာ ဒီလိုလုပ်ဖို့လား။ အလုပ်သမားတွေအတွက် ဘာဥပဒေများ ခင်ဗျားတို့ ပြဌာန်းပြီးပါပြီလဲ။ ဒီမိုကရေစီခေါင်းဆောင်ကြီးများကရော အလုပ်သမားတွေရဲ့ အခွင့်အရေးကာကွယ်ဖို့အတွက် ဘယ်လိုဥပဒေတွေ ပြင်ဆင်ထားပါသလဲ။ အနိမ့်ဆုံးလစာ သတ်မှတ်ချက်က ဘယ်လောက်ပါလဲ။ တနေ့ အများဆုံးအလုပ်ချိန် သတ်မှတ်ချက်က ဘယ်လောက်ပါလဲ။ 

လိုအပ်တဲ့ ဥပဒေတွေက မရှိ။ မလိုအပ်တဲ့ ဥပဒေတွေက အပြည့်။ ပညာမတတ်ရှာတဲ့ အလုပ်သမတွေကို ပညာတတ်ကြီးများက အကြံပေးကြပါတယ်။ ဥပဒေနဲ့ ညီအောင် လုပ်ကြပါတဲ့။ ခင်ဗျားတို့ ပေးတဲ့ ကောင်းသောအကြံဟာ ဥပဒေနဲ့အညီ အငတ်ခံဖို့လား။ ဒီမိုကရေစီသမားမှန်ရင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဥပဒေမှန်သမျှ လိုက်နာရမယ်လို့ ခင်ဗျားတို့ ပြောတယ်။ ဥပဒေနဲ့အညီဆိုရင် ဒီမှာ ငတ်တော့မယ်။ ငတ်မယ့် ဥပဒေကို နာခံရမယ့် အတူတူဆိုရင် ဒီမိုကရေစီကို မလိုချင်တော့ဘူးလို့ ပြောလာရင် ခင်ဗျားတို့ ဘယ်လိုဖြေရှင်းမလဲ။

အလုပ်သမားတွေကို ကြေညာချက်ထုတ်ပြီး စာတတန်၊ ပေတတန်နဲ့ သတိပေးကြတယ်။ အကြမ်းမဖက်ကြနဲ့တဲ့။ ဒီအမျိုးသမီး အလုပ်သမလေးတွေ လက်ထဲမှာ နံပါတ်တုတ်တွေ ကိုင်လာတာများ မြင်မိကြပါသလား။ ဒါမှမဟုတ် သေနတ်နဲ့ ပစ်တဲ့လူကို ခဲနဲ့ ပြန်ပေါက်တာဟာ အကြမ်းဖက်မှုလုပ်တာပဲ ဆိုတဲ့ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးကို ကြောက်ပြီး သွေးရူးသွးတန်း ပြောနေကြတာပါလား။ ဗမာပြည်ရဲ့ ဟိုးရှေးခေတ်က သမိုင်းတွေထဲအထိ ပြန်လှန်ကြည့်လိုက်စမ်းပါ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှု သမိုင်းတလျှောက်မှာ လူထုရဲ့သဘောနဲ့ ဆူပူအကြမ်းဖက်ခဲ့တာ တခါမှ မရှိဖူးဘူး။ အစိုးရက သိက္ခာချတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးဟာ ကမ္ဘာ့လူထုလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင်၊ စံထိုးကြည့်ရင် သူမတူအောင် စည်းကမ်းသေဝပ်တဲ့ အရေးတော်ပုံကြီးလို့တောင် ဆိုနိုင်တယ်။ ဒီလောက် ပမာဏကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီးဟာ ဒီလောက် စည်းကမ်းသေဝပ်တာမျိုး ဘယ်နိုင်ငံမှာမှ မရှိခဲ့ဘူး။ အစိုးရမရှိ၊ ဥပဒေမရှိတဲ့ ကာလမှာ ပြည်သူက ကိုယ့်ဖာသာ အုပ်ချုပ်ပြီး ဒီလောက် ထိန်းသိမ်းနိုင်ခဲ့တာ အင်မတန် ဂုဏ်ယူစရာကောင်းတယ်လို့ ဆိုရမယ်။ စစ်အစိုးရ ရုပ်မြင်သံကြားမှာ ပြတဲ့ ခေါင်းဖြတ်သတ်တဲ့ လုပ်ရပ်တွေဟာ စစ်ထောက်လှမ်းရေးက ဆွပေး၊ စပေးလို့ ဖြစ်လာတဲ့ ဇာတ်လမ်းတွေပါ။ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး စကားတွေကို သံယောင်လိုက်ပြီး အကြမ်းမဖက်ပါနဲ့လို့ လာပြောတာဟာ ဘယ်သူ့ကို မျက်နှာလုပ်ချင်လို့လဲ။ ဘယ်သူ့ဘက်မှ ဘက်မလိုက်ဘဲ ကြားနေကြောင်း ပြသချင်လို့တဲ့လား။ နောက်ပြန်ဆုတ်သွားမှာ စိုးလို့တဲ့လား။ ဒီလောက် တဘက်သတ် မတရားခံရသူတွေဘက်မှာ ဘာ့ကြောင့် ပြတ်ပြတ်သားသား မရပ်ရဲကြတာလဲ။ ရေနံမြေသပိတ်ကြီး ဖြစ်ခဲ့တုန်းက ကိုဗဟိန်းတို့ ကြားမနေခဲ့ကြတာကိုများ ခေတ်နောက်ကျတယ် ထင်သေးသလားလို့ မေးပါရစေ။

ပြည်သူတွေ အခုလို ဒုက္ခရောက်ကြချိန်မှာ သူတို့အစိုးရခေါင်းဆောင်တွေက တိုင်းပြည်မှာရှိတဲ့ သစ်တွေ ပြောင်အောင် ခုတ်၊ ငါးတွေ ပြောင်အောင် ဖမ်း၊ ကျောက်တွေ ကုန်အောင် ရောင်းပြီး ဇိမ်နဲ့ ငြိမ့်နေကြတယ်။ ပြဿနာဖြစ်လာတော့ သူတို့နဲ့ မဆိုင်ဘဲ အလုပ်သမားနဲ့ အလုပ်ရှင် ပြဿနာဆိုတဲ့ အချိုးမျိုး ချိုးကြတယ်။ လမ်းတခြမ်းခင်း အောင်သိန်းလင်းလိုလူကတောင် အလုပ်သမားတွေကို လာပြီး ဖြန်ဖြေတယ်လို့ လုပ်လိုက်သေးတယ်။ ဒါတွေကို သူတို့လုပ်ထားတာ မဟုတ်သလိုလို …။ ဒါပေမယ့် အောင်သိန်းလင်းလို လူညစ်ပတ်ကတောင် ဟန်ဆောင်ပန်ဆောင် လာပြီး ဖြန်ဖြေဖော်ရချိန်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာကြည့်ဖော် မရတာဟာလည်း အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ရေ … လှိုင်သာယာကို ဘာလို့ မလာချင်တာလဲ။ ဖုန်ထူလို့လား၊ ကားကြပ်လို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန် အထင်မှားမှာ စိုးလို့လားဗျာ။ အလုပ်သမားအရေးဟာ ILO မှာ ဖြေရှင်းရမယ့်အရာ မဟုတ်ဘူး။ လှိုင်သာယာမှာ ဖြေရှင်းရမယ့်အရာ။ ILO မှာ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာ မသိတာလား။ ဒါမှမဟုတ် သူများကို ကယ်ပါ ယူပါ လုပ်ရတာ အကျင့်ပါနေသလား။ ဒါမှမဟုတ် ILO အဆင့်လောက်နဲ့မှပဲ စကားပြောချင်တာလား။

တချိန်က ခရိုနီတွေကြားမှာ တော်တော်ခေတ်စားတဲ့ စကားတခွန်း ရှိခဲ့တယ်။ ကုန်ပစ္စည်းအသစ် တီထွင်ထုတ်လုပ်တာ ခပ်ညံ့ညံ့ စီးပွားရေးသမားတဲ့။ တကယ်တော်တဲ့ စီးပွားရေးသမားက ရှိပြီးသားကို ရောင်းစားသတဲ့။ ဒီလိုနဲ့ အတော်ဆုံးဆိုတဲ့ စီးပွားရေးသမားတွေဟာ ဓာတ်ငွေ့တွေကို ထုတ်ရောင်းစားလိုက်တာ တနှစ်တနှစ်ကို ဒေါ်လာသန်းထောင်ချီပြီး ငွေတွေရကြတယ်။ နှစ်စဉ် ဓာတ်ငွေ့တွေ ထုတ်ရောင်းစားခဲ့ကြတာ နှစ်ပေါင်းအစိတ်လောက် ကြာပြီ။ ရာစုတမတ်ကျိုးခဲ့ပြီလေ။ ဒီကာလတွေမှာ ပြည်သူတွေကို အမှောင်ထဲမှာ ထားခဲ့တယ်။ အင်မတန် ပြောင်ကျပြီး အင်မတန် ရက်စက်တဲ့ လုပ်ရပ်မျိုး။ အင်မတန် လူမဆန်တဲ့ လုပ်ရပ်၊ တာဝန်မဲ့တဲ့ လုပ်ရပ်ပါ။ ဘယ်သူသေသေ ငရွှေမာပြီးရော လုပ်တဲ့လုပ်ရပ်ပါ။

ဒါတွေကို နှစ်ပေါင်းများစွာ ခံလာရပြီးတဲ့နောက်မှာ အခွင့်ကောင်း၊ အချိန်ကောင်းလေး ပေါ်လာလို့ လူထုဟာ ဖယောင်းတိုင်ကိုယ်စီကိုင်ပြီး လမ်းပေါ်ထွက်လာတယ်။ ကြံ့ဖွတ် ကြောင်သူတော်အစိုးရက သူတော်ကောင်းယောင်ဆောင်ချင်တဲ့ ကာလမို့ အခွင့်ရတုန်းမှာ ပြည်သူတွေ လမ်းပေါ်တက်လာကြတာပါ။ ဘယ်ခေါင်းဆောင်မှ ရှေ့က ထွက်မလာလို့ ကိုယ့်အားကိုယ်ကိုးပြီး ချီတက်ခဲ့ကြတာပါ။ ခေါင်းဆောင်တွေ နှာစေးနေလို့ ပြည်သူတွေက မီးထွန်းလမ်းပြပေးတာပါ။ ဒါပေမယ့် ဘယ်ခေါင်းဆောင်မှ နောက်ကနေတောင် လိုက်မလာဘူး။ (ကျော်ကိုကိုနဲ့ လင်းထက်နိုင် နှစ်ယောက်ကလွဲပြီး) ။ တကယ်တော့ ခေါင်းဆောင်ဆိုတာ ရှေ့က ဦးဆောင်ချီတက်ရတာပါ။ အခုတော့ ခေါင်းဆောင်တွေဟာ ရှေ့ကလည်း မချီတက်ဘူး။ ဘေးကလည်း ရင်ဘောင်တန်း လိုက်မလာဘူး။ နောက်ကနေတောင် နောက်မြီးဆွဲ လုပ်ဖော်မရပါဘူး။ ဒါပေမယ့် ဒါတွေဟာ လူတွေရဲ့ ရင်ထဲကလာတဲ့ ဆန္ဒဆိုတာကို စစ်အာဏာရှင်တွေ ကောင်းကောင်းသိတယ်။ ဒီမီးတွေဟာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ထွန်းညှိထားတာ ဆိုတာကို စစ်အာဏာရှင်တွေက အတိုက်အခံတွေထက် ပိုသိတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်တွေ သိပ်ကြောက်ပါတယ်။ ဖယောင်းတိုင်မီးနဲ့ နေပြည်တော်ကို မီးလောင်တိုက်သွင်းမှာကို သူတို့ သိပ်ကြောက်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖယောင်းတိုင်မီးထွန်းပြီး တောင်းဆိုကြသူတွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စကားကို ထုတ်ဖော်ပြောပါတယ်။ ဟုတ်ကဲ့။ အားပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူအားပေးပုံက သူနဲ့ မဆိုင်သလို ဘေးကထိုင် အားပေးတဲ့ပုံပါ။ ဘောလုံးပွဲမှာ ကိုယ့်အသင်းကို ပွဲကြည့်စင်ပေါ်က လက်ခုပ်တီး အားပေးတဲ့ ပုံမျိုးပါ။ သူ့ပါတီကို ဘာမှ ဝင်ရောက်ကူညီခိုင်းတာ မရှိဘူး။ သူကိုယ်တိုင် ဖယောင်းတိုင်တတိုင် မထွန်းခဲ့ဘူး။ ဘာ့ကြောင့်လဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်မှာ မီးမပျက်လို့ ဝင်ပြီး ဆန္ဒမပြခဲ့တာလား လို့တောင် မေးရမလို ဖြစ်နေပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ နောက်မှလုပ် လျှပ်စစ်မီးသာ အရင်ပေးဆိုတဲ့ မန္တလေးက ဆန္ဒပြသူရဲ့ ဆိုင်းဘုတ်ထဲက စာကိုတောင် ဝေဖန်လိုက်ပါသေးတယ်။ သူ ဝေဖန်ခဲ့တာက “ဆိုင်းဘုတ်ထဲမှာလား၊ ပါးစပ်က ကြွေးကြော်တာလား မသိဘူး။ ရေဒီယိုထဲကနေ သေသေချာချာတော့ မကြားလိုက်ဘူး” လို့ စကားခံပြီးမှ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ သူဝေဖန်မယ်ဆိုရင် သိအောင် အရင်ကြိုးစားသင့်ပါတယ်။ ဖုန်းတချက်တောင် ကောက်လှည့်ဖို့ မလိုပါဘူး။ သူ့အောက်က လက်အောက်ငယ်သားတွေကို တချက်လောက် ခိုင်းလိုက်ရင် ဓာတ်ပုံနဲ့တကွ ရနိုင်ပါတယ်။ အခုတော့ သေသေချာချာ မလေ့လာဘဲ ထောင်မကြောက်၊ တန်းမကြောက် လမ်းပေါ်ထွက် တောင်းဆိုသူကို ပါးစပ်ဖျားကလေးနဲ့ လွယ်လွယ် အပြစ်တင်သွားပါတယ်။ တကယ်တော့ ဆန္ဒပြသူရဲ့ ဆိုင်းဘုတ်စာသားဟာ သိပ်အနှစ်သာရ ပြည့်ဝပါတယ်။ ဒီမိုကရေစီစကားတွေကို အသံကောင်းဟစ်ပြီး ကြောင်သူတော် လုပ်မနေနဲ့၊ ပြည်သူကို တကယ်စေတနာထားရင် လက်တွေ့လုပ်လို့ရတဲ့ လျှပ်စစ်မီးသာ အရင်ပေးလို့ ပြောချင်တာပါ။

ပေါင်မုန့်မရှိရင် ကိတ်မုန့်စား
လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်း
၂၁ ရာစု မေရီအင်တွိုင်းနက်လေသံလာမပစ်နဲ့
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်
မနှစ်သိမ့်ပါနဲ့
ကတိက၀တ်တွေ မပေးပါနဲ့
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
“ဒီမိုကရေစီအရင် မီးလာပေးပါ” ပြည်သူ့အသံ
နောက်ကွယ်အနက်တွေ ရှိနေတာ ဘာလို့နားမလည်သလဲ
စနစ်ကိုက မကောင်းတာပါ ပြောရင်း အဲဒီစနစ်ထဲ ပိုးဖလံမီးတိုးတိုးဝင်
ဟုတ်ကိုမဟုတ်သေးဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလို
တဟုတ်ဟုတ်နဲ့ ဟုတ်မနေတော့ဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
(မျိုးတေဇာမောင်ရဲ့ “ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်” ကောင်းကင်မဂ္ဂဇင်းမှ ...)

စနစ်မကောင်းလို့ ဖြစ်ရတာပါ ပြောပြီး မကောင်းတဲ့စနစ်ကို ထောက်ခံနေတာကို လူထုက စိတ်မရှည်တော့လို့ အခုလို လမ်းပေါ်ထွက်လာကြတာပါ။ ၂၀၀၈ အခြေခံဥပဒေ မကောင်းလို့၊ ဒီမိုကရေစီ မရှိလို့ ဖြစ်နေရတာပါလို့ ပြောပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပါမည်လို့ ဝန်ခံလက်မှတ်ထိုးထားတဲ့ NLD အပေါ်မှာ လူထုဟာ လုံးလုံးယုံပြီး ပုံအပ်ထားတဲ့ အခြေအနေ မဟုတ်တော့တာကို ဖယောင်းတိုင်လှုပ်ရှားမှုနဲ့ အလုပ်သမားအရေးတွေက ပြနေပါတယ်။ ဦးသိန်းစိန်ရဲ့ လိမ်လုံးညာလုံးကို ခေါင်းဆောင်တွေက ခေါင်းညိတ်လက်ခံကြပေမယ့် လူထုက အယုံအကြည်မရှိလို့ အခုလို အရေးဆိုနေကြတာပါ။ လူထုဟာ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တခွန်းတပါဒမှ အပြစ်တင်စကား မပြောကြပေမယ့် ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်တပ်ကိုယ် ကိုယ်တိုင် ခေါင်းဆောင်ချီတက်လာနိုင်တယ်ဆိုတာ ပေါ်လွင်အောင် ပြသလိုက်ပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီး မှတ်ပုံတင်ခဲ့တဲ့နောက်၊ ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုပြီး ကျမ်းကျိန်ပြီးတဲ့နောက်မှာ လူထုရဲ့ဆန္ဒသဘောထားတွေနဲ့ ပိုပြီး ဝေးကွာလာတယ်။ အခုနောက်ပိုင်း သူပြောတဲ့စကားထဲမှာ လူထုရဲ့ဘဝနဲ့ နီးစပ်တာဆိုလို့ မကြာခင်တုန်းက သာကေတမှာ တခါပဲ ကြားလိုက်ရပါတယ်။ ပြည်သူလူထုတွေ စားအုန်းဆီ စားနေရတာကို ကျမ စိတ်မချမ်းသာဘူးတဲ့။ ဒါဟာ လူထုဘဝကို တကယ်ခံစားပြီး ပြောတဲ့စကားပါ။ ဒါကို တကယ်လုပ်နိုင်ရင် တကယ်လုပ်ဖို့ ကြိုးစားရင် အဲဒါဟာ တကယ့်နိုင်ငံရေးပါ။ ကဲ ... ဒီအပြောတခွန်းတော့ ကြိုက်ပြီ။ ဒါပေမယ့် အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ သက်သေပြလိုက်ပါ။ မဟုတ်ရင် ဖယောင်းတိုင်လှုပ်ရှားမှုနောက်မှာ စားအုန်းဆီလှုပ်ရှားမှု လိုက်လာမယ်။ လူထုက ပြောမယ်။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ ပြောမနေနဲ့၊ လျှပ်စစ်မီးပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ မပြောနဲ့၊ မြေပဲဆီပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ ပြောမနေနဲ့။ ဆန်ဈေး လျှော့ပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ မပြောနဲ့၊ ငါတို့လယ်တွေ ပြန်ပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ ပြောမနေနဲ့။ ငါ့နိုင်ငံ ပြန်ပေး ... ...။

စစ်အာဏာရှင်တွေဟာ လူထုကို ငြိမ်သက်အောင်လုပ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးရှာပါတယ်။ မိုးချုန်းသလို ကြုံးဝါးပြီး ထောင်ထဲက ထွက်လာတဲ့ ကိုဇာဂနာဟာ ဒေါ်စုနဲ့ တွေ့ပြီးနောက် သမ္မတကြီးမှ သမ္မတကြီး ဖြစ်သွားတာကို သူတို့ သတိထားမိမှာပါ။ လိုအပ်ရင် ဓားဆွဲထုတ်မယ်ဆိုပြီး ထောင်ကနေ ကြိမ်းမောင်းထွက်လာတဲ့ ကိုမင်းကိုနိုင်ရဲ့ ဓားဟာလည်း ဒေါ်အောင်ဆန်းစုကြည်ခေါ်ပြီး မန်းမှုတ်လိုက်တဲ့နောက်မှာ ဘုရားပွဲက ကျန်ကျောင်းဓား ဖြစ်သွားတာကို သူတို့သိမှာပါ။ ဒါပေမယ့် ပြည်သူလူထုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဟန့်နေတဲ့ကြားက လမ်းပေါ်ထွက်လာတာကို တွေ့ရတဲ့အခါ သူတို့ တုန်လှုပ်လာပါတယ်။

ဒီလို တုန်လှုပ်လာတဲ့အတွက် သူတို့သုံးနေကျ နည်းဟောင်းကြီးကို ထုတ်သုံးပါတယ်။ အဲဒါက ကုလား-ဗမာ အဓိကရုဏ်းပါ။ ဗမာပြည်မှာ အရေးကြီးတဲ့ အဖြစ်အပျက်တွေ ပေါ်လာတိုင်း ကုလား-ဗမာ ပြဿနာ ပေါ်တတ်တာ ထုံးစံတခုလို ဖြစ်နေပါပြီ။ အမြဲတမ်း ဒီလို ဖြစ်နေမှတော့ တိုက်ဆိုင်မှု ဟုတ်မဟုတ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ 

အခုဆိုရင် အစိုးရသတင်းစာတွေထဲမှာ ရုပ်မြင်သံကြားတွေထဲမှာ ဒီသတင်းကိုပဲ ပုံကြီးချဲ့ ပြောပြနေပါတယ်။ ရပ်ထဲရွာထဲမှာရော၊ အင်တာနက်ပေါ်မှာပါ အစိုးရရဲ့ ဒလျှိုဒလန်တွေဟာ ခြေချင်းလိမ်နေပါတယ်။ မူဆလင်ဆန့်ကျင်ရေးကို အများဆုံးနဲ့ တစိုက်မတ်မတ် လုပ်ခဲ့ကြတဲ့သူတွေဟာ အင်တာနက်ပေါ်မှာဆိုရင် ရုရှားရောက်စစ်သားတွေက အများစုဆိုတာ အားလုံးသတိထားမိကြမှာပါ။ တကယ်တမ်း ရွေးကောက်ပွဲမှာ မဲလိုချင်တော့လည်း လဝက ဗိုလ်ခင်ရီပဲ ရိုဟင်ဂျာတွေကို ကတိတွေပေးပြီး မဲဆွယ်သွားခဲ့တာကိုလည်း အားလုံးသတိထားမိကြမှာပါ။ ဒါဟာ ပြည်သူလူထုရဲ့ ပြဿနာမဟုတ်ဘူး။ အစိုးရဆင်ထားတဲ့ ထောင်ချောက်ပါ။

ပြည်သူလူထုရဲ့ ပြဿနာက လျှပ်စစ်မီးပြဿနာ၊ အလုပ်သမားအရေးပြဿနာပါ။

အစဉ်အလာအားဖြင့်ကတော့ ကမ္ဘာ့နိုင်ငံရေးမှာရော၊ ဗမာ့နိုင်ငံရေးမှာပါ ခေါင်းဆောင်တွေက လူထုကို နှိုးဆော်ကြရပါတယ်။ ပြည်သူလူထုနိုးထလော့၊ ဆင်းရဲသားတို့ နိုးထလော့ ဆိုတဲ့ အသံတွေနဲ့ ...။ အခုတော့ ခေါင်းဆောင်တွေက ပြည်သူတွေကို လိုက်ဆွဲနေကြတဲ့ ခေတ်ကြီးဆိုတော့ ခေါင်းဆောင်တွေကို လှုပ်နှိုးကြရတော့မယ်။ ခေါင်းဆောင်တွေ နိုးထကြလော့။ အိပ်မက် ဆက်မမက်ကြနဲ့တော့။ ဗိုလ်သိန်းစိန်ပေးတဲ့ အိပ်မက်မှာ မျောပါပြီး ဗိုလ်သိန်းစိန်ရှေ့မှာ ကာဆီးကာဆီး လုပ်မနေနဲ့တော့။ ခေါင်းဆောင်တွေခင်ဗျား … သင်တို့ အိပ်မက်မက်နေချိန်မှာ ကလေးတွေ ထမင်းငတ်နေတာကို သတိရပါ။ ပြည်သူတွေ စားအုန်းဆီစားနေရတာကို သတိရပါ။ လျှပ်စစ်မီး မရှိတဲ့ အမှောင်ထုကြီးကြားက မြို့ရွာများစွာကို သတိရပါ။

ငါတို့ ထွက်လာမယ့်လမ်းဟာ 
အခုမှ ဖြစ်လာတာမဟုတ်ဘူး
အစဉ်အလာနဲ့ လမ်း
အောင်ဆန်းလမ်း
အောင်ကျော်လမ်း
ဗဟိန်းလမ်း
ခွပ်ဒေါင်းအစစ်တွေ ပျံတဲ့လမ်း
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
စကားကတိတွေ
တရားမဲ့အသိတွေ ဆွဲစုတ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်။ ။
ကဗျာဆရာ မျိုးတေဇာမောင်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ရဲဘော်ကျော်သန်းမှ ပေးပို့သည်။

No comments: