ယဉ်ကျေးမှုနဲ့ ရိုကျိုးမှု

ား ပြည်သူက မိဘလား       အမြဲလာနေကျ လူငယ်ဂျာနယ်သမား တစ်ယောက်က မိန်းကလေးငယ် နှစ်ယောက်ကို ခေါ်ပြီး ရောက် လာတယ်။ သူတို့တိုက်က သတင်းထောက်မလေး တွေ ဖြစ်ကြောင်း မိတ်ဆက်ပေးပြီးတော့ “ဆရာ့ဆီကို လာချင်နေတာ ကြာပြီ၊ မလာရဲလို့ ဆိုတာနဲ့ ခေါ်ခဲ့တာ” လို့ ပြောပါတယ်။


မလာရဲလို့

မနေ့ကလည်း ရင်းနှီးတဲ့ ကဗျာဆရာ တစ်ယောက်က သူ့မိတ်ဆွေ ကဗျာဆရာကို ခေါ်လာပြီး မိတ်ဆက် ပေးတယ်။ သူကလည်း “တွေ့ချင်တာကြာပြီ၊ မလာရဲလို့” ဆိုတဲ့စကားပဲ ပြောတယ်။ နှစ်ရက်ဆက်တိုက် ဒီစကားကြားရတော့ ဒီအကြောင်း ရေးမှ ဖြစ်တော့မှာပဲလို့ အောက်မေ့လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူချင်း မတွေ့ဖူးသေးတဲ့ စာပေနယ်က စာရေးဆရာ၊ ကဗျာဆရာလေးတွေ ရောက်လာတဲ့ အခါပဲဖြစ်ဖြစ်၊ ဂျာနယ်သမား လေးတွေ ရောက်လာတဲ့ အခါ ဖြစ်ဖြစ် “တွေ့ချင်နေတာကြာပြီ၊ ဒီနားလည်း အမြဲလိုလို ရောက်တယ်။ မလာရဲလို့ တက်မလာခဲ့တာ” ဆိုတဲ့စကား အတော်များများက ပြောကြတယ်။ တစ်ခေါက် ရောက်ပြီး သွားတော့လည်း အမြဲလိုလို သူတို့ ရောက်ဖြစ်နေကြတယ်။ ပြောချင်တဲ့ စကားတွေ ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာ၊ သဘောမတူတာတွေလည်း ရဲရဲတင်းတင်း ပြောကြတာပဲ။ လူငယ် တွေက ဟန်မဆောင်ဘူး၊ ပွင့်လင်းတယ်။ မျက်နှာလိုအားရ မလုပ်ဘူး။ ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ပြောတယ်။ နှစ်သက်စရာ ကောင်းတယ်။

တံခါးတွေ ဖွင့်ထားတယ်

ဒီလို လူငယ်တွေက မလာရဲလို့ ဆိုတာ တော်တော်အံ့သြစရာ ကောင်းတယ်။ ကိုယ်ကပဲ လူငယ်တွေအပေါ်မှာ “ကိန်းကြီးခန်းကြီး” နိုင်တဲ့သဘော ဆက်ဆံတာ မျိုးများ ဖြစ်နေသလားဆိုပြီး ဆန်းစစ် ကြည့်မိတယ်။ နေ့စဉ် အိမ်ကို ဝင်ထွက် သွားလာ နေကြသူတွေထဲမှာ လူကြီးပိုင်း စာရေးဆရာ၊ ဆရာမတွေ၊ အယ်ဒီတာတွေက တော်တော်ကို နည်းပြီး လူငယ်နဲ့ လူလတ်ပိုင်းတွေက အများစု ဖြစ်တယ်။ လူကြီးပိုင်းနဲ့ ရင်းနှီးတာထက် လူငယ်ပိုင်းနဲ့ ရင်းနှီးတာ ပိုများတယ်။ လူငယ်တွေကို အမြဲ ကြိုဆိုတယ်။ အိမ်တံခါးကို မိုးလင်းက မိုးချုပ် ဖွင့်ထားတယ်။ အဆီးအတားမရှိ ဝင်လို့ရတယ်။ အော်ခေါ်စရာ မလိုဘူး။ ခေါင်းလောင်းတီးစရာ မလိုဘူး။ “ကျွန်တော့်အိမ်မှာ တံခါးတွေ အမြဲဖွင့်ထားတယ်” ခေါင်းစဉ်နဲ့ စာတစ်ပုဒ်တောင် ရေးဖူးတယ်။

ကီးမကိုက်လို့

စကားအဖြစ်ပြောတာ မဟုတ်ဘူး။ တကယ်ဖွင့်ထားတာ။ အိမ်တံခါးတင် မဟုတ်ဘူး။ ပြူတင်းပေါက်တွေ အကုန်လုံးကိုလည်း နွေမိုးဆောင်း ဆယ့်နှစ်ရာသီ ဖွင့်ထားတာပါ။ အလုံပိတ်ထားတာကို ဘယ်လိုမှ သည်းမခံနိုင်ဘူး။ ဟာလာ ဟင်းလင်း ပွင့်လင်းနေမှ ကြိုက်တယ်။ ပြတင်းပေါက်က လေကလေး တဖြူးဖြူး ဝင်လာမှ နေသာတယ်။ ဒီလို တံခါးမရှိ ဓားမရှိ ဝင်လာလို့ရတဲ့ နေရာကိုတောင် လူငယ်တွေက “မလာရဲလို့” ဆိုတာကတော့ သိပ်သဘာဝ မကျဘူး။ ဘာကြောင့် လဲ ဆိုတာ မစဉ်းစားပဲ မနေနိုင်ဘူး။ လူချင်း တွေ့ဖူးပြီးမှ စကား ပြောရတာ “ဇီဝါမဝင်လို့” (ခေတ်စကားနဲ့ဆို ကီးမကိုက်လို့) မလာတော့ဘူး ဆိုရင် နားလည် နိုင်တယ်။ တစ်ခါမှ မတွေ့ဖူးသေးဘဲနဲ့ (တွေ့လည်း တွေ့ချင်ပါလျက်နဲ့) “မလာရဲလို့” ဆိုတာကတော့ တော်တော်ကို သဘာဝမကျတာ နားလည်ဖို့ ခက်တယ်။

ပုံမှန်မဟုတ်တဲ့စိတ်

ကလေးဘဝ ကတည်းက လွတ်လွတ်လပ်လပ် စဉ်းစားပြီး အမေးအမြန်း ထူတာ၊ စပ်စုတာမျိုး လုပ်ခွင့်မရခဲ့တဲ့ ကလေးဟာ ကြီးလာတဲ့ အခါမှာလည်း အမှီအခို ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ မလွယ်ပါဘူး။ ငယ်စဉ်က လူကြီးမိဘရဲ့ လမ်းညွှန်မှုကို ခံယူခဲ့ရသလို ကြီးလာတဲ့ အထိလည်း လူကြီးမိဘရဲ့ လမ်းညွှန်မှုကိုပဲ မျှော်လင့်နေလေ့ ရှိတယ်။ သူတို့ဟာ မှီခိုအားထား ရမယ့်သူ အမြဲလိုအပ်နေတယ်။ ကိုယ့်အစွမ်းအစနဲ့ ကိုယ် ဘာမှမလုပ် တတ်ဘူး။ ဒီလို တခြားလူ အပေါ် မှီခို အားကိုးလွန်းတဲ့စိတ် သိပ်ပြီး လွန်ကဲနေရင် စိတ်ဟာ ပုံမှန် မဟုတ်တော့ဘူး။ ရောဂါတစ်မျိုး စွဲကပ်နေပြီလို့ ပြောရလိမ့်မယ်။ ဒီစိတ်မျိုးကို Dependency Syndrone လို့ခေါ်တယ်။

သံသယစိတ်ကြောင့်

အဲဒီစိတ်မျိုး စွဲကပ်နေသူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းလေ့ ရှိတယ်။ “ငါမလုပ်တတ်ဘူး ထင်တယ်၊ ငါလုပ်လို့ မဖြစ်ဘူးထင်တယ်” ဆိုတဲ့ သံသယ စိတ်တွေ အမြဲလွှမ်းမိုး နေတတ်တယ်။ သိမ်ငယ်စိတ်၊ ဒါမှမဟုတ် အငုံ့ စိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းရာက ပေါ်ထွက်လာတာ ဖြစ်တယ်။ သိမ်ငယ်စိတ်အခံ အားကြီးလွန်းလာတဲ့ အခါမှာ မရဲတဲ့စိတ်၊ ကြောက်စိတ် ကလည်း အလိုအလျောက် အားကြီးလာခဲ့တာ ဖြစ်တယ်။ ကြောက်စရာ တွေ့မှ ကြောက်တာ မဟုတ်ဘူး။ ကြောက်စရာ မရှိလည်း သိမ်ငယ်စိတ် ကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်စိတ်က အလိုလိုကို ကြောက်နေတာ။ တစ်ဖက်သားကို ကြောက်လို့ မဟုတ်ဘူး။ အထင်ကြီးလို့ မဟုတ်ဘူး။ ကိုယ့်ဟာ ကိုယ် သိမ်ငယ်စိတ် ဖြစ်နေတာ။

စီနီယာနဲ့ ဂျူနီယာ

ဒီလို သိမ်ငယ်စိတ်၊ ကြောက်စိတ်မျိုးဟာ မကောင်းပါဘူး။ ဘယ်တော့မှ လူတော မတိုးတော့ဘူး။ လူကြီးမိဘတွေ အနေနဲ့ ကလေးတွေကို သဘာဝအတိုင်း ကြီးပြင်းလာခွင့် ပေးကြပါ။ ကလေးသဘာဝ အတိုင်း ဆာရင်ငိုပါစေ၊ လိုချင်တာ ရှိရင် ပူဆာပါစေ၊ သိချင်တာကို မေးမြန်း စူးစမ်းပါစေ၊ ယဉ်ကျေးအောင် သင်ပါ။ ရိုကျိုးအောင် မလုပ်ပါနဲ့။ ရိုကျိုးအားလွန်းကြီးရင် အငုံ့စိတ်၊ သိမ်ငယ်စိတ်တွေ ပေါ်လာလေ့ရှိပြီး မလုပ်ရဲလို့၊ မလာရဲလို့၊ မပြောရဲလို့ ဆိုတဲ့စိတ်တွေ နောက်က ကပ်ပါလာတယ်။ အခုတလော လူငယ်တွေကြားမှာ “စီနီယာနဲ့ ဂျူနီယာ” ဆိုတဲ့ စကား အပြောများလာတာ ကြားရတယ်။ ကိုရီးယားကားတွေက ကူးစက်လာတာ သေချာတယ်။ ကိုရီးယားတွေ ခေတ်မစားခင်က မြန်မာတွေကြားမှာ စီနီယာနဲ့ ဂျူနီယာဆိုတဲ့ အသုံးအနှုန်း သတ်မှတ်ချက် လုံးဝမရှိပါဘူး။ ကိုရီးယားကားတွေ ရောက်လာမှ ဒီစကားသုံးကြတာပါ။

ကွန်ဖြူးရှပ်ဝါဒ

ကွန်ဖြူးရှပ် သြဇာလွှမ်းမိုးတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေမှာ ကြီးသူမှန်သမျှ ရိုသေကြ ဆိုတဲ့ဝါဒကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ ကြတယ်။ နှစ်ဆယ့်တစ်ရာစုထဲ ရောက်နေတဲ့အထိ ကွန်ဖြူးရှပ် သြဝါဒတွေက ဆင်းသက်လာတဲ့ ယောက်ျားကြီးစိုးတဲ့ဝါဒ (Paternalism) နဲ့ အဆင့်ဆင့် ကြောက်ရတဲ့ ဗျူရိုကရေစီဝါဒနဲ့ တစ်သွေးတစ်သံတစ်မိန့် အော်တိုကရေစီ (autocracy) ဝါဒတို့ သြဇာ လွှမ်းမိုးနေဆဲဖြစ်တာ တွေ့နိုင်တယ်။ အဲဒီသြဇာက ဆင်းသက်လာတဲ့ ကြီးသူမှန်သမျှ ရိုသေကြဆိုတဲ့ အဆုံးအမက အောက်လူတွေကို ခေါင်းမထောင် နိုင်အောင် ဖိထား နှိမ်ထား စေတယ်။

ပျက်စီးအောင် မလုပ်နဲ့

ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဇာတ်မျိုးနွယ်ခွဲခြားမှု အတန်းအစား ခွဲခြားမှုဆိုတာ လုံးဝမရှိခဲ့ဘူး။ လူသားအားလုံးဟာ အတူတူပဲလို့ သဘောထား ခဲ့ကြတယ်။ ဒါဟာ အင်မတန် အဆင့်မြင့်တဲ့ ယဉ်ကျေးမှု ဖြစ်တယ်။ ဒီယဉ်ကျေးမှုကို ပျက်စီးအောင် စီနီယာ၊ ဂျူနီယာဆိုတဲ့ အဆင့်အတန်းခွဲတဲ့ အယူအဆတွေ ဆွဲမသွင်းကြပါနဲ့။ ယဉ်ကျေးတာ ကောင်းပေမယ့် သိပ်ပြီး ရိုကျိုးလွန်းတာတော့ မကောင်းပါဘူး။

လူထုစိန်ဝင်း

No comments: