ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်

လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင် ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲ ထည့်သွင်း မထားဘူးလားလို့ မေးစရာ ရှိတယ်။ ဘယ်နိုင်ငံမှာ မဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ် အခါမလပ် စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင် ပြတဲ့ တာဝန်ကို ထမ်းဆောင်နေရတဲ့အတွက် ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။  


ဘ၀ချင်းမတူ
စတုတ္ထ မဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစား ကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့ သဘာဝက အဓိက မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြပ် ကြည့်ရှုတဲ့ ‘watch dog’ သဘာဝ မဟုတ်ဘူး။  သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့ အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်တာ ဖြစ်တယ်။  

လူသူတော်ကောင်းကြီးတွေ
စတုတ္ထ မဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာ အလုပ်ဟာ အင်မတန်မှကို တာဝန်ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာ ကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ် အပြင် အင်မတန် တင်းကြပ်တဲ့ သတင်းသမား ကျင့်ဝတ်တွေကိုလည်း လိုက်နာ စောင့်ထိန်းရတယ်။ သတင်းသမား ကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာ စောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန် ဖြူစင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဆရာဂျာနယ်ကျော်ဦးချစ်မောင်လို၊ ဆရာလူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန် ထက်မြက်တဲ့ သတင်းစာ ဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ
လူတော် လူကောင်းလို့ ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရ ချဲ့ပြီး ပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော်ဆိုတာနဲ့ ပတ်သက်လို့ကတော့ ပြောစရာ မရှိပါဘူး။ ပညာရပ် နယ်ပယ် တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင် တတ်မြောက်ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံ လူမျိုး ကွဲပြား ခြားနားမှု မရှိ၊ စံနှုန်း တစ်ခုတည်းပါပဲ။ တောင်အာဖရိက နိုင်ငံသား နှလုံးအစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန် ရောက်တော့လည်း နှလုံးခွဲ စိတ်ကုသ ဆရာဝန်ကြီးအဖြစ် အသိအမှတ် ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ် ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာ တစ်ခုလုံးကလည်း တွေးခေါ် ပညာရှင်ကြီး အဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ
လူကောင်း ဆိုတာကျတော့ ပြောစရာ နည်းနည်း ရှိလာတယ်။ ဘာကြောင့်လဲ ဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့ နှုန်းစံက လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ နိုင်ငံ တစ်ခုနဲ့ တစ်ခု မတူကြလို့ ဖြစ်တယ်။ အလွယ်ဆုံး ဥပမာ ပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက် သောက်တာကို ကမ္ဘာ့ လူမျိုးတိုင်းလိုလိုက အပြစ်ကြီး တစ်ခုလို့ မယူဆကြတော့ဘူး။ အရက် သောက်တတ်လို့ လူကောင်း မဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာ လက်ခံ ကျင့်သုံးတဲ့ မြန်မာ လူမျိုးတွေကတော့ အရက် သောက်တာကို အပြစ်ကြီး တစ်ခု၊ သီလ ပျက်ယွင်းမှု တစ်ခုလို့ သဘောထားတယ်။ အရက် သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပက ရွေးရင် တခြား စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ အရက်သေစာ သောက်စားသူဆိုရင် ၀င်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပက အဖွဲ့တိုင်းရဲ့ စည်းမျဉ်းမှာ ရှင်းရှင်း လင်းလင်း ဖော်ပြထားကြတယ်။

တောင်ပေါ်မြေပြန့်ခြားနားမှု
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့ မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက် သောက်တာကို သီလ ပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက် သောက်ကြတယ်။ အနောက် နိုင်ငံတွေမှာလည်း ဒီလို ကွဲပြားမှုတွေ ရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ် ဘောလုံးသမားတွေ အိမ်ထောင်ဖက် အပေါ်သစ္စာ မစောင့်မှုကြောင့် ပြဿနာ ဖြစ်ရတဲ့ သတင်းတွေ အမြဲမပြတ် သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကို တော်တော် ရေးကြီး ခွင်ကျယ် သဘောထားတယ်။ ပြင်သစ် ဘောလုံးလောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီး ရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင် ချစ်သူ (Lover) ထားတာမျိုးက မဆန်းတော့တဲ့ ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး
အတိအကျ အခိုင်အမာ ပြောချင်တာ တစ်ခုတော့ ရှိတယ်။ မြန်မာလူမျိုး အဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာ ဓလေ့ ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့
အထက်မှာ ပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင် ကိစ္စမှာလည်း နိုင်ငံနဲ့ လူမျိုးအလိုက် ကွဲပြား ခြားနားတဲ့ နှုန်းစံတွေ ရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသား တင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ ရှိကြတယ်။ မှုခင်းသတင်း တစ်ပုဒ်ကို ဖော်ပြရာမှာ အနောက်နိုင်ငံများက မှုခင်း ကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာ အများစုက နာမည်နဲ့ လိပ်စာ နေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။ အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံးသတင်း အဖြစ် အသားပေး ဖော်ပြလေ့ရှိတဲ့ သတင်းတစ်မျိုးဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသား ဖော်ပြဖို့ဆိုတာထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏ လာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်း တစ်ယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့ အကြောင်း အမြဲပြောပြ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ် ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက် ဖြစ်တယ်။

သာသနာပြုနဲ့ တူတဲ့ အလုပ်
အရက် သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြား နည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်း အများကြီး ရှိပါတယ်။ အဓိက အကျဆုံးကတော့ စာနယ်ဇင်းသမား အလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုး စီးပွားရှာတဲ့ အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ် ဆိုတာ သာသနာပြု လုပ်ငန်းနဲ့ တူတဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာ သမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ် ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
ELEVEN Media Group

No comments: