ဂျာနယ်တွေမှာ လုပ်နေကြတဲ့ လူငယ်လေးတွေနဲ့ လုံမငယ်လေးတွေ နေ့စဉ်လိုလို ရောက်လာလေ့ ရှိပါတယ်။ တချို့က စကားစမြည် ပြောချင်လို့၊ တချို့က မေးချင် မြန်းချင်လို့၊ တချို့ကျတော့ သူတို့ သတင်းအတွက် အင်တာဗျူးချင်လို့ စတဲ့ အကြောင်းမျိုးစုံ ဖြစ်တယ်။ မနေ့ကတော့ အင်တာနက်က သတင်းတွေ ဘာသာပြန်ရတဲ့ ကလေးမလေး နှစ်ယောက်နဲ့ လူငယ် လေးယောက် ရောက်လာပြီး သတင်းစာသုံး ဗန်းစကားတချို့နဲ့ ဝေါဟာရ တချို့မေးကြပါတယ်။
သီးသန့်သုံး ဗန်းစကားတွေ
စက်ရုံတွေထဲမှာ အလုပ်သမားတွေသာသိတဲ့ ဗန်းစကားတွေ ရှိသလို သဘင်သမား၊ ရုပ်ရှင်သမား တွေသာ သိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ အလားတူပဲ ဆရာဝန်နဲ့ သူနာပြု ဆရာမတွေသာသိတဲ့ ဆေးရုံးသုံး ဗန်းစကား တွေလည်း ရှိပါတယ်။ စာနယ်ဇင်း လောကမှာလည်း သူတို့သာသိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ ဒီလို သီးသန့် နယ်ပယ်သုံး ဗန်းစကားမျိုး တွေကို Jargon ‘ဂျားဂန်း’လို့ ခေါ်ပါတယ်။ နိုင်ငံရေး လောကမှာလည်း အဲဒီလို ဗန်းစကားမျိုးတွေ အများကြီး ရှိနေပါတယ်။ ဒီလိုစကားလုံး ဝေါဟာရတွေက အဘိဓာန် ဖွင့်ကြည့်ရုံနဲ့ သိနိုင်တာ မဟုတ်ဘူး။ စာဖတ်ရည် တော်တော်ကို ၀နေမှ သိနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ လာမေးကြတဲ့ လူငယ်လေးတွေက အသက်နှစ်ဆယ် သာသာလောက်သာ ရှိကြသေးတာ ဆိုတော့ စာနယ်ဇင်း လုပ်သက် နုသေးသလို စာဖတ်သက်လည်း တော်တော် နုကြသေးပုံ ရပါတယ်။ ‘နိုင်ငံတော် အတွင်းရေးမှူး’ ဆိုတဲ့ အသုံး တွေ့လိုက်ရတော့ ကိုယ်တိုင်တောင် အူကြောင်ကြောင် ဖြစ်သွားခဲ့ဖူးပါတယ်။ သတင်းဆုံးအောင် သေသေချာချာ ဆက်ဖတ် လိုက်တော့မှ အမေရိကန်တွေ သုံးတဲ့ ‘Secretary of state’ ဆိုတာကို ဘာသာပြန် ထားတာမှန်း သိလိုက်ရတယ်။ အဲဒီစာလုံးကို ‘နိုင်ငံခြားရေး ၀န်ကြီး’ လို့ ဘာသာပြန်ရမယ် ဆိုတာကို ဘာသာပြန်သူက သိပုံမရပါဘူး။
စိတ်မချရတဲ့ ဘာသာပြန်တွေ
ခက်တာက ဘာသာပြန်သူက လူငယ်လေးတွေ၊ ရှိတဲ့အယ်ဒီတာတွေ ကလည်း လူငယ်တွေပဲ ဖြစ်တော့ သူတို့လည်း ဘာမှ မသိကြပါဘူး။ ဒီအလုပ်ကို အမှန်တကယ် ၀ါသနာပါလို့ လုပ်တဲ့ လူငယ် တချို့ကသာ ကြိုးစားပမ်းစား မေးမြန်း စုဆောင်း မှတ်သား လုပ်ကြပေမယ့် အရလွယ်လို့ ၀င်လုပ်ကြသူ တော်တော်များများ ကတော့ ပြီးပြီးရော လုပ်နေကြတာ ပါပဲ။ ဒါ့ကြောင့်လည်း ဂျာနယ်တွေက နိုင်ငံခြားသတင်း ဘာသာပြန်ချက် အများစုဟာ စိတ်မချရ ဖြစ်နေကြတာပါ။ ထားပါတော့။ ဒီအကြောင်းမျိုးတွေ ရေးခဲ့ပေါင်း များပြီမို့ သိပ် ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ကလေးတွေ လာမေးတဲ့ ထဲမှာပါတဲ့ Majority Party နဲ့ Minority Party ဆိုတဲ့ စကားလုံး နှစ်လုံးနဲ့ ဆက်စပ် တွေးမိတာလေး ကိုသာ ပြောချင်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေး စနစ်က သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့က သီးခြား တာဝန်ယူရပြီး အထက်အောက် လွှတ်တော် နှစ်ရပ်က သီးခြားတာဝန် ယူရပါတယ်။ အင်္ဂလိပ် ပါလီမန် စနစ်မှာ အစိုးရနဲ့ အတိုက်အခံ ဆိုတဲ့ အသုံးမျိုး သုံးပေမယ့် အမေရိကန်မှာတော့ အစိုးရနဲ့ အတိုက်အခံ ဆိုတာမျိုး မရှိပါဘူး။ လွှတ်တော်ထဲမှာလည်း အမတ်ဦးရေ အများစုရတဲ့ ပါတီကို Majority Party ခေါင်းဆောင်ကို Majority Leader လို့ ခေါ်ပြီး အမတ်ဦးရေ အနည်းစုရတဲ့ ပါတီကို Minority Party ခေါင်းဆောင်ကို Minority Leader လို့ ခေါ်ပါတယ်။
နိုင်ငံရေးဟာ ပြိုင်ပွဲမဟုတ်
တကယ် လက်တွေ့မှာ ကောင်းတာ မကောင်းတာ ဖြစ်တာ မဖြစ်တာ ဆိုတာထား။ စာရွက်ပေါ်မှာတော့ အတော်လေး ကောင်းတယ်လို့ ထင်ပါတယ်။ အတိုက်အခံ ဆိုတဲ့ စကားလုံးက ‘စကားနောက် တရားပါ’ ဆိုသလို ဆန့်ကျင်ဘက် အတိုက်အခံ ဆိုတဲ့ သဘော ဆောင်နေပါတယ်။ တကယ်က နိုင်ငံရေး လုပ်တယ် ဆိုတာဟာ သူနိုင် ငါနိုင် ပြိုင်တဲ့ ပြိုင်ပွဲ မဟုတ်ပါဘူုး။ နိုင်ငံရေး ကိစ္စ အ၀၀ကို ကိုယ်တတ်နိုင် သလောက် ၀ိုင်းဝန်း ဆောင်ရွက် ကြဖို့ မဟုတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဆန့်ကျင်ကြဖို့၊ တိုက်ခိုက်ကြဖို့ မဟုတ်ပါဘူး။ မတူတာနဲ့ ဆန့်ကျင်ဘက်လို့ မသတ်မှတ် သင့်ပါဘူး။ မတူတာ တွေကို တူတဲ့အထိ ဆွေးနွေးညှိနှိုင်း သင့်တယ်။ ညှိလို့ မရသေးရင် မတူတာ တွေကို ဆက်မငြင်းဘဲ အသာထားပြီး တူတာတွေကို လက်တွဲ လုပ်ဆောင်ကြရပါမယ်။ ဒါမှ နိုင်ငံ့အရေး လုပ်တယ် မည်ပါတယ်။ နိုင်ငံရေး လုပ်တာကို ရန်/ငါ ကိစ္စ အဖြစ် သဘောထား လုပ်ဆောင်လို့ မဖြစ်ပါဘူး။ နိုင်ငံ့ အရေးကို လုပ်ကြသူချင်းပဲ လုပ်ဖော်ကိုင်ဖက်လို့ သဘောထား ကြရမှာပေါ့။ အထက်တန်းကျတဲ့ ယဉ်ကျေးမှု ဆိုတာ အဲဒီ စိတ်ဓာတ်မျိုးကို ပြောတာပါ။
စိတ်ရိုင်း စိတ်ညစ်တွေ
ဒီနေ့ ကမ္ဘာကြီး တစ်ခုလုံးမှာ မညီမျှမှုတွေ၊ မတရားမှုတွေနဲ့ တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြ ဆိုတာတွေနဲ့ စိတ်မချမ်းသာစရာ တွေချည်း မြင်တွေ့နေရတာဟာ ‘လူကြီးလူကောင်း စိတ်ဓာတ်’ ဆိုတဲ့ စိတ်မျိုး ဆိတ်သုန်း ပျောက်ကွယ် သွားလို့ ဖြစ်ရတာပါ။ ငွေက အရာရာကို ခြယ်လှယ်တဲ့ လူနေမှု စနစ်ကြီး ထွန်းကားလာ ကတည်းက ‘ဘယ်သူသေသေ ငတေမာ ပြီးရော’ ဆိုတဲ့ စိတ်ရိုင်း၊ စိတ်ညစ်တွေ တားမနိုင် ဆီးမရ ဖြစ်ကုန်ပါတော့တယ်။ ခရီးသည် အပြည့်ပါတဲ့ လေယာဉ်ပျံကြီးကို အပိုင်စီးပြီး လူတွေ သောင်းချီရှိနေတဲ့ အဆောက်အအုံကြီးကို ၀င်ဆောင့်ပစ်လိုက်တဲ့ အထိကို လူသား တွေဟာ ရိုင်းစိုင်း ရက်စက် ကြမ်းကြုတ် ကုန်ကြပါတယ်။ ဒီနေ့ အာဖဂန်နစ္စတန် နိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်ပါလား။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ဒေသက မြို့တွေ ရွာတွေကို အဝေးကြီးကနေ ‘မကောင်းသူထိပ် ကောင်းသူထိပ်’ ဆိုတဲ့ သဘောမျိုးနဲ့ ဒုံးကျည်တွေနဲ့ တရစပ် လှမ်းပစ် နေကြတယ်လေ။ မူလတန်း ကျောင်းကလေးပေါ် ကျကျ၊ ဆေးရုံပေါ် ကျကျ၊ ကျချင်တဲ့နေရာ ကျ၊ ဘာမှကို ဂရုမစိုက်ဘူး။ သေတဲ့လူတွေ ဘယ်သူဖြစ်ဖြစ် တာလီဘန်တွေ ဘယ်နှစ်ယောက်ကို ချေမှုန်း သုတ်သင် ပစ်လိုက်တယ် ဆိုပြီး ဦးအောင် ကြေညာချက် ထုတ်လိုက်ရင် ပြီးတာပဲ။ လူတစ်စု အကြမ်းဖက်မှုကို နိုင်ငံတော် အကြမ်းဖက်မှုနဲ့ တုံ့ပြန်တာဟာ မှန်ကန်တဲ့ လူယဉ်ကျေးတို့ လုပ်ရပ် မဟုတ်ပါဘူး။
ရန်မဖြစ်ဘဲ နေကြစို့
သံခင်း တမန်ခင်း ရေးရာမှာ သုံးလေ့သုံးထ ရှိတဲ့ ‘သဘော မတူတာတွေ ရှိနေတယ် ဆိုတာ သဘောတူကြတယ်’ (agree to disagree) ဆိုတဲ့ စကားလုံးဟာ နိုင်ငံရေးသမား ကောင်းတို့ လိုက်နာအပ်တဲ့ စိတ်ဓာတ်ဖြစ်တယ်။ တစ်ဖက်နဲ့ တစ်ဖက် သဘောထားအမြင် မတူတာတွေကို နောက်ဆက်ပြီး ညှိနှိုင်းသွားကြမယ်။ ခု လောလောဆယ် ရန်မဖြစ်ဘဲ နေကြစို့ ဆိုတဲ့ သဘောမျိုး ဖြစ်တယ်။ ဒီလို သဘော ထားနိုင်လို့လည်း တတိယ ကမ္ဘာစစ်ကြီး ခုထိ မဖြစ်သေးတာပေါ့။ နိုင်ငံတကာ အရေးပဲ ဖြစ်ဖြစ် လူတစ်ယောက်ချင်း ကိစ္စပဲဖြစ်ဖြစ် လူနဲ့လူချင်း ဆက်ဆံရေး ကိစ္စ အဝဝမှာ ‘ငါနဲ့ မတူ ငါ့ရန်သူ’ ဆိုတဲ့ အမြင်မျိုး လူယဉ်ကျေးမှုတို့ နယ်ပယ်မှာ မရှိသင့်တော့ဘူး ဆိုတာ အားလုံး သဘောတူကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။
လူထုစိန်ဝင်း
No comments:
Post a Comment