ဂီတ ပညာရှင် စန္ဒရား လှထွဋ် ရေးဖွဲ့သီကုံး ခဲ့တဲ့“ချစ်တယ်” ဆိုတဲ့ သီချင်းဟာ မြန်မာ သီချင်းထဲမှာတော့ လူကြိုက်များ ထင်ရှားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ “ကမ္ဘာပေါ်မှာ လူတိုင်း ပြောဖူးကြတဲ့ စကား တစ်ခွန်းရှိတယ်။ အဲဒါဟာ ချစ်တယ်တဲ့။ အဘိုး ကလည်း အဘွားကို ချစ်တယ် ပြောမှာပဲ။ အဖေ ကလည်း အမေ့ကို ချစ်တယ် ချစ်တယ်တဲ့။ ကိုယ်ကလည်း မင်းကို . . . ”
အဲဒီသီချင်းကို ဦးလှထွဋ် ကိုယ်တိုင် ဆိုခဲ့ တုန်းကလည်း ကောင်းတာပဲ။ အဆိုတော် မင်းသားကြီး သုမောင် ဆိုတော့လည်း ကောင်းတာပဲ။ ဖိုးသောကြာ ဆိုတော့လည်း ကောင်းတာပဲ။ ကော်နီ ဆိုတော့လည်း ကောင်းနေတာ ပါပဲ။ သီချင်းအေး အေးလေးမို့ ဘယ်သူဆိုဆို နားဝင်ချိုနေတာလား မသိပါဘူး။ အချစ်ရဲ့ သဘောကို ရိုးရိုးလေး ဖွဲ့ဆိုထားလို့ မရိုးနိုင်တာ ထင်ပါရဲ့။ ကျွန်မကတော့ အဲဒီ သီချင်းကို ကြားမိတိုင်း သွားလေသူ အဘိုးနဲ့ အဘွားကို အမြဲလိုလို ပြေးပြေးပြီး သတိရနေမိပါတယ်။
ကျွန်မ အဘိုးဟာ အသက် ၈၀ မှာ ကွယ်လွန်ခဲ့ပြီး အဘွားကတော့ အသက် ၇၅ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဘိုးနဲ့ အဘွားတို့ရဲ့ အိမ် ထောင်သက်က နှစ် ၅၀ ရှိပြီး သားသမီးလေးဦး ထွန်းကားခဲ့ ပါတယ်။ ကျွန်မအဖေက အဘိုး အဘွားတို့ရဲ့ သားကြီး သြရသ ဖြစ်သလို ကျွန်မ က အဘိုးအဘွားနဲ့ မြေးဦးမလေးပေါ့။ အိမ်ထောင်သက် နှစ် ၅၀ အတွင်းမှာ အဘိုး နဲ့ အဘွားဟာ တစ်ဦးကို တစ်ဦး ကြင်ကြင်နာနာ နဲ့ ခေါ်ခေါ်ပြောပြော လုပ်တာ ၁၅ နှစ်ပဲ ရှိပါတယ်။ အဲဒီနောက်ပိုင်း တစ်ယောက်တစ်ယောက် စကား မပြောကြတာ သူတို့ ကွယ်လွန်တဲ့ အချိန် အထိပါပဲ။ နှစ်ကို တွက်စစ်ရင် ၃၅ နှစ်တိတိ ကြာတယ်ပဲ ပြောပါတော့။
တစ်အိမ်တည်း နေပြီး စကားမပြောတာ ၃၅ နှစ်တောင် ကြာတာ ဟုတ်ကော ဟုတ်ရဲ့လားလို့ တချို့ သံသယနဲ့ မေးချင်ကြမယ်။ မေးသူကို “ဟုတ်လိုက်တာမှ ဟုတ်ဟုတ် ဟုတ်ဟုတ်နဲ့ တောင် မြည်နေပါ သေးတယ်” လို့ ကျွန်မက အခိုင်အမာ ပြောလိုက်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဘိုးနဲ့ အဘွား စကား မပြောကြတဲ့ အတွက် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာရှိရင် နှစ်ရှည်လများ ကြားထဲက ပုဏ္ဏားတိုင် လုပ်ပေးရသူဟာ ကျွန်မကိုယ်တိုင် ဖြစ်ခဲ့လို့ပါပဲ။
အဘိုးက ပစ္စည်းတစ်ခုခု မတွေ့လို့ အဘွားကို မေးချင်ရင် သူနဲ့ နီးနီးနားနားမှာ ရှိတဲ့ အဘွားကို တိုက်ရိုက် မမေးပါဘူး။ ခပ်လှမ်းလှမ်း ရောက်နေတဲ့ ကျွန်မကိုသာ အသံမြှင့်ပြီး လှမ်းမေးပါတယ်။
“ထားထားရေ အဘိုးမနက်က ဒီတိုင်မှာ ချိတ်ထားတဲ့ ပင်နီတိုက်ပုံ အင်္ကျီ ဘယ်ရောက် သွားလဲဟဲ့”
တကယ်တော့ အဘိုးတိုက်ပုံ ဘယ်ရောက် သွားမှန်း ကျွန်မ ဘယ်သိမှာလဲ။ အဲဒီတုန်းက ကျွန်မ အသက်က ငါးနှစ်၊ ခြောက်နှစ်လောက် ရှီဦးမှာပါ။ ကလေးပေါ့။ ဒါပေမယ့် အဘိုး မေးချင်သူက အဘွား ဆိုတာကို သိနေတဲ့ ကျွန်မက အဘွားကို တစ်ဆင့် မေးပေးရပါတယ်။
“အဘွား အဘိုးက မနက်က တိုင်မှာ ချိတ်ထားတဲ့ ပင်နီတိုက်ပုံအင်္ကျီ ဘယ်ရောက်သွားလဲ တဲ့”
အဘွားကလည်း အဘိုးစမေး ကတည်းက သူကြားနေတာပဲ။ ဒါပေမယ့် မဖြေဘူး။ ကျွန်မက တစ်ဆင့် မေးတော့မှပဲ ဖြေတယ်။
“လျှော်ဖို့ ဆပ်ပြာအိုးထဲ စိမ်ထားတယ်လို့ ပြောလိုက်”
ကျွန်မတို့ ငယ်စဉ်က ဆပ်ပြာမှုန့်ဆိုတာ မရှိပါဘူး။ အ၀တ်လျှော်ချင်ရင် ဆင်ချေးတုံးဆိုတဲ့ ဆပ်ပြာခဲ မည်းမည်းနဲ့ တိုက်လျှော်ချင်လျှော်၊ မလျှော်ချင်ရင် ဒန်အိုးကြီးကြီးထဲ ဆပ်ပြာခဲကို ဓားနဲ့ ပါးပါး လှီးထည့်ပြီး ရေများများနဲ့ ပြုတ်၊ ဆပ်ပြာတွေ အရည် ပျော်ကုန်တော့မှ အ၀တ်ပေတွေ ထည့်စိမ်၊ ကြေးကျွတ်အောင် မီးဖိုပေါ်မှာ မီးအေးအေးနဲ့ ပစ်ထားလိုက် သေးတယ်။ အဲဒီလိုပဲ လျှော်ကြတယ်။ အခုလဲ အဘွားက အဘိုးရဲ့ တိုက်ပုံဆို မီးဖိုပေါ်က ဆပ်ပြာအိုးထဲ ထည့်စိမ် ထားတဲ့ အကြောင်း ဖြေပါတယ်။
“ဒုက္ခပါပဲ။ အဲဒီအင်္ကျီက ဘယ်မှာ ပေသေး လို့တုန်း၊ ၀တ်လို့ ရနေသေးတဲ့ဟာ အ၀တ်ဆိုတာ လျှော်တိုင်း ကောင်းတာ မဟုတ်ဘူး မိထားရဲ့”
“အဘွား အဘိုးက ပြောတယ်။ အဲဒီ အင်္ကျီ က ဘယ်မှာ ပေသေးလို့တုန်းတဲ့။ ၀တ်လို့ ရနေ သေးတဲ့ဟာတဲ့။ အ၀တ်ဆိုတာ လျှော်တိုင်း ကောင်းတာ မဟုတ်ဘူးတဲ့”
“ထားထား အ၀တ်ဆိုတာ လျှော်တိုင်း မကောင်းမှန်း အဘွားသိတယ်။ နံစော်ပြီး ကြေးလက်လေးသစ် တက်နေလို့ ယူလျှော်တာ၊ မကျေ နပ်ရင် ဆပ်ပြာအိုးထဲမှာ ရှိတယ်။ ခုချက်ချင်း ပြန်ယူလိုက်လို့ ပြောလိုက်”
“အဘိုး အဘွားက အ၀တ်ဆိုတာ လျှော်တိုင်း မကောင်းမှန်း သိတယ်တဲ့။ နံစော်ပြီး ကြေးလက်လေးသစ် တက်နေလို့ ယူလျှော်တာတဲ့။ မကျေနပ်ရင် ဆပ်ပြာအိုးထဲမှာ ရှိတယ်။ ခုချက်ချင်း ပြန်ယူလိုက်တဲ့”
“သြော် ဆပ်ပြာအိုးထဲ ရောက်နေမှ ပြန်ယူလို့ ဘယ်ဖြစ်တော့မှာလဲ မြေးရဲ့”
“အဘွား အဘိုးက ဆပ်ပြာအိုးထဲ ရောက်နေမှ ပြန်ယူလို့ ဘယ်ဖြစ်တော့မှာလဲတဲ့”

“အေး ပြန်ယူလို့ မဖြစ်ရင် လျှာရှည်ပြီး ဘာမှ ဆက်မပြောနဲ့လို့ ပြောလိုက်”
“အဘိုး ပြန်ယူလို့ မဖြစ်ရင် လျှာရှည်ပြီး ဘာမှ ဆက်မပြောနဲ့တဲ့”
“လျှာက ရှည်ချင်လို့ ရှည်တာ မဟုတ်ပါဘူး မြေးရယ်။ အဘိုးက စေတနာနဲ့ ပြောတာပါ။ မလိုအပ်ဘဲ လျှော်ရင် လျှော်တဲ့လူ အလကား ပင်ပန်းတာပေါ့”
“အဘွား အဘိုးက လျှာက ရှည်ချင်လို့ ရှည်တာ မဟုတ်ပါဘူး မြေးရယ်။ အဘိုးက စေတနာနဲ့ ပြောတာပါ။ မလိုအပ်ဘဲ လျှော်ရင် လျှော်တဲ့လူ အလကား ပင်ပန်းတာပေါ့ တဲ့”
“ဟွန်း လာလာချည်သေး။ အပို စကားများတော့ ပြောတတ်ပါ့။ ဘေးလူကြားရင် အလွန် စေတနာ ကောင်းတယ်လို့ ထင်စရာပဲ။ လူချီးမွမ်းလဲ ခံချင်သေး ထင်ပါရဲ့။ အဲဒီလို အပေါ်ယံ ရွှေ မှုန်ကြဲပြီး အထဲက နောက်ချေးခံတဲ့ အကျင့် စရိုက်မျိုးလောက် မုန်းတာ မရှိဘူး။ လူတွေ အကြောင်းများ မသိရင် ခက်မယ်”
နောက်တော့ အဘွားက ဆိုင်တာတွေရော မဆိုင်တာတွေရော၊ ကျွန်မ နားလည်တာရော နားမလည် တာတွေရော တဗျစ်တောက်တောက်နဲ့ အရှည်ကြီး ပြောတော့ ကျွန်မလဲ အဘိုးကို တစ်ဆင့် ပြန်မပြောတတ်တော့ဘူး။ ကျွန်မ ပြောမပေးတော့ အဘိုးလဲ ဘာမှ မတုံ့ ပြန်နိုင်တော့ ဘူးပေါ့။ ဒီတော့မှ အဘိုးနဲ့ အဘွား စကားပြော ဆိုမှု ကိစ္စတစ်ခန်း ရပ်သွားပါ တော့တယ်။
အဲဒါ အဘိုးဘက်က စပြောတာ။
အဘွားဘက်က စပြောတာလဲ ရှိသေးတယ်။
“ထားထား ညည်းအဘိုးကို ပြောလိုက် ထမင်းပွဲ ပြင်ပြီးပြီလို့”
အဘိုးနဲ့ အဘွားက ထမင်း လက်ဆုံတော့ စားလေ့ မရှိပါဘူး။ အဘိုးကို အရင်ကျွေးပြီးမှ အဘွားက သတ်သတ်စားတယ်။ အဘွားဟာ အဘိုးအတွက် ထမင်းချိန် ထမင်း၊ ဟင်းချိန် ဟင်း၊ ကော်ဖီချိန် ကော်ဖီ၊ လက်ဖက်ရည်ချိန် လက်ဖက်ရည် မှန်မှန်တော့ ပြင်ဆင်ပေးတယ်။ ကျွန်မရဲ့ တာဝန်က အဘိုးနဲ့ အဘွားကြားမှာ ယခု ခေတ်အခေါ် ဆက်သွယ်ရေး အရာရှိ (Liaison Offier) လုပ်နေရသူဆိုတော့ ခြံထဲမှာ စပယ်ပင်တွေကို ပေါင်းသင် ရေလောင်းနေတဲ့ အဘိုးကို မီးဖိုပြတင်းပေါက် ကနေ လှမ်းအော် ခေါ်ရတယ်။
“အဘိုး အဘွားက ထမင်းပွဲပြင်ပြီးပြီတဲ့”
“ဟင် ဘယ်အချိန်ရှိသေးလို့ ထမင်းပွဲက ပြင်ရတာတုန်း”
“အဘွား အဘိုးက ဘယ်အချိန် ရှိသေးလို့ ထမင်းပွဲက ပြင်ရတာတုန်းတဲ့”
“၆ နာရီထိုးပြီ၊ လူတွေ ညနေစာ စားတဲ့ အချိန်ရောက်လို့ ပြင်တာလို့ ပြောလိုက်”
“အဘိုး ၆ နာရီ ထိုးပြီတဲ့၊ လူတွေ ညနေစာ စားတဲ့ အချိန်ရောက်လို့ ပြင်တာတဲ့”
“လူတွေ ညနေစာ စားတဲ့အချိန် ရောက်ပေမယ့် အဘိုးကတော့ မဆာသေးလို့ မစားနိုင် သေးဘူး ငါ့မြေးရေ”
“အဘွား အဘိုးက လူတွေ ညနေစာ စားတဲ့ အချိန်ရောက်ပေမယ့် အဘိုးကတော့ မဆာသေး လို့ မစားနိုင်သေးဘူးတဲ့ အဘွား”
“သြော် ဒီလိုလား ရတယ်။ တစ်သက်လုံး မဆာလို့ မစားနိုင်ရင် သာတောင် ကောင်းသေးတယ်”
အဘွားက ပြောပြောဆိုဆို ထမင်းပန်းကန် ထဲက ထမင်းတွေကို ထမင်းအိုးထဲ ဟင်းပန်းကန် ထဲက ဟင်းတွေကို ဟင်းအိုးထဲ ဆောင့်ဆောင့် အောင့်အောင့်နဲ့ ပြန်ထည့်နေပါတယ်။ ကျွန်မကတော့ တာဝန်ရှိတဲ့ အတိုင်း ပြောစရာရှိ ပြောပေး ရတာပေါ့။
“အဘိုး အဘွားက သြော် ဒီလိုလားတဲ့။ ရတယ်တဲ့။ တစ်သက်လုံး မဆာလို့ မစား”
ကျွန်မ ဘာသာပြန် လို့မှ မပြီးခင် အဘွားက စိတ်ဆိုးမာန်ဆိုး နဲ့ဆက်ပြီး ရေရွတ်ပါတယ်။
“အခန့်သားလဲ ထိုင်စားသေး၊ ကြေးကြက လည်း များသေး၊ သူ့ကိုယ်သူ ဘာများ မှတ်နေလဲ မသိဘူး။ ဟိုအချိန် မစားနိုင်ရတာနဲ့။ ဒီအချိန် မစားနိုင်ရတာနဲ့ ဟိုဟင် မကြိုက်ရတာနဲ့၊ ဒီဟင်း မကြိုက်ရတာနဲ့ သူများကို အားနာတဲ့စိတ် တစ်စက်မှ မရှိဘူး။ ကိုယ်ချင်းစာစိတ်လည်း နည်းနည်းမှ မရှိဘူး။ တကယ့်အတ္တသမား စစ်စစ်”
အဲဒီလို ခပ်ရှည်ရှည် ရေရွတ်ပြီ ဆိုတော့ ကျွန်မလည်း အဘိုးကို ပြန်မပြောပြ တတ်တော့ ဘူး။ ဒီတော့ အဘိုးနဲ့ အဘွားရဲ့ စကားစမြည် ပြောဆိုမှု (Conversation) ဟာ အဲဒီမှာပဲ တစ်ခန်းရပ် သွားပြန်ပါတယ်။ ငယ်တုန်းကတော့ အဘိုးနဲ့ အဘွားတို့ နှစ် ယောက် ဆက်ဆံရေးမှာ အဘွားဘက်က နည်းနည်း လွန်တယ်လို့ ထင်ခဲ့မိတယ်။ အဘွားက အဘိုးကို အမြဲလိုလို မကျေမနပ် ဖြစ်ပြီး ဂျစ် တိုက်နေတာကိုး။ ဘယ်တော့မှလည်း အကောင်း မမြင်သလို ဘယ်တော့မှလည်း အကောင်း မပြောဘူး။ ကျွန်မ ၁၀ တန်း ရောက်မှ အဘွားရဲ့ ညီမ ဘွားလေးထွေး ပြောပြလို့ အဘိုးတို့ အဘွားတို့ ဇာတ်လမ်းကို သိခွင့်ရပြီး အဘွားကို နားလည် သွားတော့တာ။ အဘိုးက အဘွား ခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တာကိုး။

အဘိုးနဲ့ အဘွား အိမ်ထောင်ကျတော့ အဘိုး က အသက် ၃၀ တဲ့။ အဘွားက ၂၅ နှစ်။ အဘိုးက ငယ်ငယ်က လူချောဆိုပဲ။ ချောလွန်း ခန့်လွန်းလို့ အပျိုတွေ ၀ိုင်းဝိုင်းလည်နေတာပဲတဲ့။ ဟုတ်မယ်။ အဘိုးငယ်ငယ်က ရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်ရင် အဘိုးက သူတို့ခေတ် စူပါ စတားဖြစ်တဲ့ ရုပ်ရှင်မင်းသား ခင်မောင်ရင်လို ရုပ်မျိုး။ ဘလေဇာ ကုတ်အင်္ကျီ၊ မျက်မှန်အ၀ိုင်းနဲ့ တယောပေါ် မေးတင်ပြီး တယော ထိုးနေတဲ့ အဘိုးရဲ့ ရောင်စုံဓာတ်ပုံဟာ အဘိုးတို့ ခေတ်က အပျိုတွေ ရင်ခုန်မယ် ဆိုရင် ရင်ခုန်စရာပါပဲ။
အဘွားကတော့ အဘိုးလောက် မချောပါ ဘူး။ အဘိုးလောက်လည်း အသားမဖြူဘူး။ မျက်နှာကျက ယောက်ျားနည်းနည်း ဆန်တယ်။ အဘွားရဲ့ အပေါ်နှုတ်ခမ်း ညာဘက်ထောင့်က မှဲ့လေး တစ်လုံးကြောင့်သာ အဘွား မျက်နှာက ဆွဲဆောင်မှု ရှိနေတာပါ။ ဒါပေမယ့် အဘွားရဲ့ မျက်လုံးတွေကတော့ ထူးထူးခြားခြား စူးရှပြီး တောက်ပနေပါတယ်။
အဘိုးနဲ့ အဘွား ယူခါစက အဘွားက အဘိုးကို သိပ်ချစ်ပြီး သိပ်အလို လိုက်ခဲ့တယ်လို့ ဘွားလေးထွေးက ပြောပြပါတယ်။ သူ့ယောက်ျား လူချောလူခန့်ကို အရိပ် တကြည့်ကြည့်နဲ့ကို နေတာတဲ့။ အဘွားတို့ဘက်က ကုန်သည်မျိုးရိုး ဆိုတော့ ပိုက်ဆံလည်း ရှိတယ်။ အဘွားတို့ အိမ်ထောင်ကျတော့ အဘွားမိဘတွေက အဘွားကို လက်ဝတ်လက်စား အပြည့်အစုံအပြင် လုပ် ကိုင်စားသောက်ဖို့ လက်ခွဲသနပ်ဖက် ပွဲရုံကိုတောင် လက်ဖွဲ့ခဲ့တာတဲ့။ အောက်ထပ် ပွဲရုံ၊ အပေါ်ထပ် လူနေပေါ့။
အဲဒီ ပွဲရုံ လုပ်ငန်းကို အဘွားကပဲဦးစီး လုပ်ကိုင်တာပါပဲ။ အဘိုးကတော့ အလုပ်ထဲ သိပ် စိတ်မ၀င်စားလှဘူးတဲ့။ သူ စိတ်ဝင်စားတာက ဂီတ။ သူ့ဂီတ ရောင်းရင်းတွေနဲ့ သီချင်းလေး ဆိုလိုက်၊ သီချင်းလေး ရေးလိုက်၊ တယောလေး ထိုးလိုက်နဲ့ နေတာ များတယ်တဲ့။ အဘိုးခေါင်း ဆောင်ပြီး တူရိယာဝိုင်းလေး တစ်ဝိုင်းတောင် ဖွဲ့ ထားပေးတာတဲ့။ အလှူပွဲ၊ မင်္ဂလာပွဲတွေရယ်မှာ လိုက်ဆိုကြ တီးကြတာတဲ့။ အပျော်တမ်း အဖွဲ့ ဆိုတော့ အခကြေးငွေရယ်၊ ဘာရယ် ရေရေ ရာရာ ရတာ မဟုတ်ပါဘူးတဲ့။ အဘိုးတို့ကလည်း ဆိုနေ တီးနေရတာကိုပဲ ပျော်နေခဲ့ကြတာတဲ့။
ဒီတော့ ပွဲရုံ အပေါ်ထပ်က ဧည့်ခန်းကျယ် ကြီးမှာ အဘိုးရဲ့ ဂီတမိတ်ဆွေတွေနဲ့ အမြဲလိုလို စည်ကား နေတတ်တယ်တဲ့။ အိမ်ထောင်ဦးစီး ဖြစ်တဲ့ အဘိုးက အိမ် စီး ပွားရေး အလုပ်ကို စိတ်မ၀င်စားဘဲ သူ ၀ါသနာ ပါတဲ့ ဂီတအလုပ်ပဲ လုပ်နေတာကို အဘွားက လုံးဝ မငြိုငြင်ဘူးတဲ့။ နောက်ပြီး အဘိုးက အရက်လေး တမြမြ သောက်တတ်တာနဲ့ ပတ်သက်လို့လည်း ခွင့်လွှတ်ကြည်ဖြူသတဲ့။ အဘိုး ကို သိပ်ချစ်တော့ အဘိုးပျော်ရင် သူပျော်နေတာကိုး။
တစ်နေရာရာမှာ အလှူပွဲ၊ မင်္ဂလာပွဲ ရှိလို့ အပေါ်ထပ်မှာ အချိန်မရှိ၊ အချိန်ရှိ တီးကြ မှုတ်ကြ သီချင်း တိုက်ကြရရင် အဲဒီ အဖွဲ့သားတွေ စားဖို့ သောက်ဖို့တောင် အဘွားက လိုလေသေးမရှိ စီစဉ် ပေးသေးတာတဲ့။ ပွဲနေ့ ရောက်ရင်လည်း တယောထိုးမယ့် အဘိုးကို ကျော့နေအောင် ဆင်ပေးသတဲ့။ အဘိုး မှာ ဘန်ကောက် ပုဆိုးဆိုလဲ ရောင်စုံ၊ ပိုးတိုက်ပုံ ဆိုလဲ ရောင်စုံ ရှိတယ်တဲ့။ ဘာလေဇာကုတ် အင်္ကျီကို ရန်ကုန် လူကြုံနဲ့ တကူးတက မှာပြီး ဆင်တာဆိုတော့ အဘိုးလောက် ကံကောင်းတဲ့ ယောက်ျားလောကမှာ ဘယ်ရှိတော့မှာလဲ။
အဘွားကတော့ ပွဲရုံအလုပ် တစ်ဘက်၊ ကလေး တာဝန်တစ်ဘက်၊ မီးဖိုချောင် စီမံရတာ တစ်ဘက်ဆိုတော့ သူ့ကိုယ်သူ ကျတော့ အလှတောင် မပြင်နိုင်ဘူးတဲ့။ အမှန်တော့ အိမ်မှာ အကူ မိန်းကလေးတွေ နှစ်ဦးသုံးဦး အမြဲလိုလို ရှိနေတာကို အဘွားက ဘယ်သူ့ကိုမှ မျက်နှာ မလွှဲချင်ဘူးလေ။ သူကိုယ်တိုင် စီမံခန့်ခွဲရမှ စိတ် တိုင်းကျတာဆိုတော့ အဘွားပဲ ပိုပင်ပန်းတာပေါ့။
ဒီလိုနဲ့ အဘိုးနဲ့ အဘွား ကလေးလေးယောက် ရခဲ့ပြီး အငယ်ဆုံးသမီး ကျွန်မရဲ့ ဒေါ်လေးငယ် အခါလည်မှာ အဘိုးကသူတို့ တီးဝိုင်းထဲက သီချင်း ဆိုတဲ့ အဆိုတော်မလေးကို ခိုးပြေး သွားပါလေ ရောတဲ့။ ကောင်မလေးက အဘိုးအသက်ထက် ၀က်လောက်ပဲ ရှိတာတဲ့။ အဘွားခမျာ ရင်ကွဲပက်လက် ဖြစ်ရတာပေါ့။ ယောက်ျားကို ဒီလောက်ချစ်၊ ဒီလောက် အလိုလိုက်၊ ဒီလောက် တာဝန် ကျေပါလျက်နဲ့ သူ့အပေါ် သစ္စာဖောက်၊ ရက်စက်သွားတာ ဆိုတော့ သူဘယ်လောက် ခံစားရမလဲ စဉ်းစားကြည့်ပေါ့လေ။ ရှက်လဲ ရှက်၊ ဒေါသလဲထွက်၊ ၀မ်းလဲနည်း၊ နာလဲနာကျည်းနဲ့ အဘွား အိပ်ရာထဲ ဘုံးဘုံးလဲ တော့တာပါပဲ။
ဒါပေမယ့် အဘွားက ထက်မြက်တယ်။ စိတ် မာတယ်။ စိတ်ဓာတ်ကြံ့ခိုင်တယ်။ အိပ်ရာထဲ ကြာကြာ မနေဘူး။ သူ သိပ်ခံစားရလွန်းလို့ မတတ်သာလို့ အခန်း အောင်းခဲ့ပေမယ့် တစ်လလောက် နေတော့ ပြန်ထွက်လာတယ်။ သူ့ကိုယ်သူ ပြန်ထူမတ်တယ်။ ဘာမှ မဖြစ်ခဲ့သလို အလုပ်တွေကို ဟန်မပျက် ပြန်လုပ်တယ်။ သိပ် ချီးကျူးစရာ ကောင်းတဲ့ အဘွားပါပဲ။
စိတ်ဓာတ် ပျော့ညံ့တဲ့ အဘိုးကတော့ သူ့ အဆိုတော် မလေးနဲ့ သုံးနှစ်လောက် ပေါင်းတယ်။ ဘာအလုပ်မှ မလုပ်ဘဲ အဘိုး ပါသွားတဲ့ငွေနဲ့ ထိုင်စားကြတယ်။ အဘိုးရဲ့ ငွေရယ်၊ စိန်လက်စွပ်ရယ်၊ စိန်ရှပ်ကြယ်သီးရယ်ကုန်တော့ ကောင်မလေးက အဘိုးကို စွန့်ခွာသွားတယ်။ အဘိုးမှာလဲ သူ့အပြစ်နဲ့ သူဆိုတော့ လူရှေ့ လည်း မထွက်ဝံ့၊ အလုပ်အကိုင်လဲ မရှိ ဒီကြား ထဲနေကလည်း မကောင်းတော့ သူ့ဂီတ ရောင်းရင်းတစ်ယောက် အိမ်မှာပဲ ဆင်းဆင်းရဲရဲ ချို့ချို့ တဲ့တဲ့ ခိုကပ်နေရတယ်။ အဲဒီအိမ်မှာ နှစ်နှစ် လောက်နေပြီးမှ အဖေတို့ မောင်နှမ တစ်တွေက အဘိုးကို ပြန်ခေါ်ဖို့ ပူဆာလို့ အဘွားက အဘိုးကို လူလွှတ်ပြီး ပြန်ခေါ်ခိုင်းလိုက်တယ်။
အဘိုးလဲ ရှက်ရှက်ရွံ့ရွံ့ ညှိုးညှိုးငယ်ငယ်နဲ့ ပြန်လိုက်လာပါတယ်။ ပြီးတော့ အဘွား ခြေရင်းမှာ ထိုင်ပြီး ရှိုက်ကြီးတငင် ငိုတောင်းပန်တယ်။ အဘွားက အဘိုး မျက်နှာကို တစ်ချက်မှ မကြည့်ဘူး။ တစ်ဘက်လှည့်ပြီး စကားပြောတယ်။ “ဒီမယ် ကိုကောင်းဇံ၊ ရှင်တောင်းပန် မနေနဲ့။ ရှင့်ကို ကျွန်မ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်လို့ ရှင်တောင်းပန်လဲ အပိုပဲ။ အခု ကျွန်မ ရှင့်ကို ပြန်ခေါ်တာ မေတ္တာရှိလို့ ပြန်လာစေချင်လို့ ခေါ်တာ မဟုတ်ဘူးနော်။ ရှင်ဒုက္ခ ရောက်နေတဲ့ အတွက် သနားလို့လဲ မဟုတ်ဘူး။ ကျွန်မ ရှင့်ကိုပြန်ခေါ်တာ ကလေးတွေ ပူဆာလွန်းလို့ ပြန်ခေါ်တာ၊ ကလေးတွေ မျက်နှာ ထောက်ထားပြီး ကလေးတွေ စိတ်ချမ်းသာ စေချင်လို့ ပြန်ခေါ်တာ။ အဲဒါကို ရှင်းရှင်းလင်းလင်း ရှင် သိထားပါ။ နောက် အရေးကြီးတာ တစ်ခုပြောရဦးမယ်။ ရှင် ဘာ အကြောင်းနဲ့မှ အိမ်အပေါ်ထပ်ကို တက်မလာပါနဲ့။ ရှင့်ဗုံတွေ၊ ဆိုင်းတွေ၊ တယောတွေ၊ မယ်ဒလင်တွေ ကျွန်မ အကုန် လွှင့်ပစ်လိုက်ပြီ။ အပေါ်ထပ် မှာ ရှင်နဲ့ ပတ်သက်တာ ဘာဆို ဘာမှ မရှိတော့ဘူး။ ဟောဟိုအခန်းက ရှင့်အခန်း။ ရှင့်အခန်းထဲမှာ ရှင့်အ၀တ်အစားတွေ ရှိတယ်။ ရှင့်အတွက် နေရာဟာ အောက်ထပ်ပဲ”

အဘွားရဲ့ စကားတွေက တော်တော် ပြင်းထန်တယ်။ ယောက်ျား တစ်ယောက်ရဲ့ မာနကို တော်တော် ထိခိုက်စေတဲ့ စကားလုံးတွေပဲ။ ဒါပေမယ့် အဘိုးက ခေါင်းငုံ့ခံတယ်။ သူက အပြစ် လုပ်ခဲ့တဲ့ လူကိုး။
“ကောင်းပါပြီ မလေးမယ်။ မင်းပြောတဲ့စကား တွေက နာမယ်ဆိုရင် တော်တော် နာစရာကောင်းတဲ့ စကားတွေပါ။ ဒါပေမယ့် ကိစ္စမရှိဘူး။ မင်း ပြောချင်သလိုပြော ငါခံမယ်။ မင်းထားသလို ငါနေမယ်။ မင်းဖြစ်စေချင်သလို ငါကြိုးစားမယ်။ မင်း ခွင့်လွှတ်လာတဲ့ အထိ ငါ့ကိုယ်ငါ ပြင်မယ်”
အဲဒီအချိန်မှာ အဘိုးက အသက် ၅၀ ရှိ ပြီ။ အဘွားက ၄၅ နှစ်တဲ့။ ကျွန်မအဖေက ၁၈ နှစ်လား ရှိသေးတာတဲ့။ ကျွန်မကတော့ လူ့ လောကထဲ ဘယ်ရောက်ဦးမှာလဲ။ ကျွန်မ မမွေးခင်က ကိစ္စတွေပေါ့။
အဖေက အသက် ၂၆ နှစ်မှာ အမေနဲ့ အိမ်ထောင်ကျပြီး နောက်တစ်နှစ်မှာ ကျွန်မကို မွေးပါတယ်။ ကျွန်မ လူမှန်းသိလို့ စကားပြော တတ်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကား မပြောကြတဲ့ အဘိုးနဲ့ အဘွားကြား ပုဏ္ဏား တိုင်လုပ်ပြီး စကားပြန် လုပ်ပေးရတာကိုပဲ မှတ်မိနေတော့တယ်။
အဘိုးအိမ်ပေါ် ပြန်ရောက်လာတော့ အချိုး တွေလည်း ပြောင်းသွားတယ်တဲ့။ အရင်က သူ စိတ်မ၀င်စားခဲ့တဲ့ ပွဲရုံ အလုပ်ကိုလည်း စိတ်ဝင်တစား လုပ်လာတယ်တဲ့။ အဘွားကိုလည်း တတ်နိုင်သလောက် ကူညီသတဲ့။ အဆုံးအဖြတ် ပေးတာနဲ့ ငွေကိုင်တာတွေကတော့ အဘွားပေါ့။ နောက်ပြီး သူတစ်ချိန်က မွေ့လျော်ခဲ့တဲ့ ဂီတ အနုပညာဘက်လည်း လုံးဝ ဦးမလှည့်တော့ဘူး တဲ့။ အိမ်က ဓာတ်စက်တောင် ဖွင့်နားမထောင် ဘူးတဲ့။ ပြီးတော့ သူကြိုက်ပြီး တစိမ့်စိမ့်သောက် ခဲ့တဲ့ ယမကာကိုလည်း ဖြတ်ပစ်လိုက်တယ်။ ဆေးလိပ်၊ ကွမ်းတောင် ယောင်လို့ မတို့ဘူး။ သူ့အပြစ်ကို ကြိုးစားပြီး ဆေးကြောရှာပါတယ်။
သူ ဘယ်လိုပဲ အဘွားကြိုက်အောင်နေနေ၊ အဘွားကတော့ တင်းတင်းပဲ။ ၀တ္တရားအရ လုပ်ပေးစရာရှိ လုပ်ပေးပေမယ့် မျက်နှာသာလည်း မပေးဘူး။ စကားလည်း မပြောဘူး။ ပြောစရာရှိ ရင် ကြားလူက တစ်ဆင့်ပေါ့။
ကျွန်မ ရန်ကုန်တက္ကသိုလ် ကျောင်းလာ တက်တော့ အဘိုးနဲ့ အဘွားအကြောင်း သူငယ်ချင်းတွေကို ပြောပြတဲ့ အခါ သူတို့ အရမ်းအံ့သြ ကြတယ်။
“တကယ်လား ဟယ်”
“အဲဒါပေါ့ဟ၊ အချစ်ကြီးလို့ အမျက်ကြီး တယ်ဆိုတာ”
ဝတ္ထုတွေ စမ်းရေးနေတဲ့ စာရေးဆရာမ အလောင်းအလျာ သူငယ်ချင်းကလည်း နှစ် ထောင်းအားရ ၀င်ပြောတယ်။
“ငါ တစ်ခါတစ်ခါ စိတ်ပူမိတယ်။ အိမ်မှာ လူများပြီး ပွဲမစည်ဘူးဟ၊ အဘိုးနဲ့ အဘွားရဲ့ အထာကို ဘယ်သူမှ ငါ့လောက် မသိဘူး။ အဘိုးနဲ့ အဘွား စကားပြောစရာရှိရင် ဒုက္ခပဲ”
“အဲဒါ ကောင်းတာပေါ့ဟဲ့။ ကြားထဲက ပြောပေးမယ့် လူမရှိမှ နင့်အဘိုးနဲ့ အဘွား မဖြစ်မနေ ပြန်ခေါ်ဖြစ်မှာပေါ့”
“ငါတော့ ဒီလို မထင်ဘူးဟာ။ အဘွား အကြောင်း ငါအသိဆုံး။ အခု အဘိုးနဲ့ အဘွား အနား ကျန်ခဲ့တဲ့ ငါ့ညီမ၀မ်းကွဲ တိုးတိုးက စကား နည်းနည်းရယ်။ အဆင်မှ ပြေပါ့မလား မသိဘူး”
ကျွန်မက စိတ်ပူတာနဲ့ ညီမ တိုးတိုးဆီ စာ ရေးပြီး မေးမြန်းတဲ့အခါ တိုးတိုးဆီက စာပြန် လာပါတယ်။
“အဘိုးနဲ့ အဘွားကတော့ အရင်အတိုင်းပဲ မမထားရေ။ တလောက အဖြစ်များ ရယ်တောင် ရယ်ရသေးတယ်။ ရပ်ကွက် ဓမ္မာရုံ ပြင်ဆောက် တာ အဘွားက ငွေ ၁၀ သိန်း လှူတယ်လေ။ အဲဒါကို နိဗ္ဗာန်ဆော်အသစ်က တစ်လမ်းဝင် တစ်လမ်းထွက် အလှူခံရင်း လှူပြီးသား အလှူ ရှင်စာရင်း လော်စပီကာနဲ့ ဖတ်တာပေါ့။ “ပွဲစား ကြီး ဦးကောင်းဇံနဲ့ ပွဲကတော် ဒေါ်လေးမယ်တို့ က အလှူတော်ငွေ ၁၀ သိန်း” လို့ အော်တာ အဘွားက စိတ်တွေဆိုးလို့လေ။ တိုးတိုးကို အဲဒီ ဦးလေးကြီးဆီ ချက်ချင်း သွားခိုင်းပြီး ပြင်ဖတ် ခိုင်းတယ် သိလား။ ဦးကောင်းဇံ မိသားစု ဖတ်ချင် ဖတ်၊ ဒေါ်လေးမယ် မိသားစု ဖတ်ချင်ဖတ်၊ ဦးကောင်းဇံနဲ့ ဒေါ်လေးမယ်ကို တွဲမဖတ်စေနဲ့ တဲ့လေ။ နိဗ္ဗာန်ဆော် အသစ်က ပထမ အူကြောင်ကြောင်ဖြစ်သွားပြီး နိဗ္ဗာန်ဆော် အဟောင်း အဘဦးပိန် ရှင်းပြမှ သဘောပေါက် သွားတယ်”
သြော် အဘွား အဘွား။ တကယ် စိတ်ကြီးတဲ့ အဘွားပါပဲ။ အဘိုးအပေါ် ဘယ်လောက် နာကျည်းလိုက်သလဲ ဆိုရင် လှူရင်တောင် နာမည် တွဲမလှူချင်ဘူးတဲ့။ နောင်ဘ၀ ရေစက် ပြန်ဆုံမှာ စိုးလို့တဲ့လေ။ သူများတွေလို သံသာလေ ကမ်းတိုင် တူပြိုင် ကူးဖို့တို့ ဘာတို့တော့ ဝေလာဝေး ယောင်လို့တောင် စိတ်ကူး မရှိပါဘူး။ စပယ်ပန်း ကြိုက်တဲ့ အဘွားအတွက် စပယ် အိုးပုတ်တွေ တစ်ရုံပြီး တစ်ရုံစိုက်ပြီး အဘွား အမျက်တော်ပြေလို ပြေငြား အဘိုး ကြိုးစားပေမယ့် အဘွားကတော့ မျက်ထားသုန်သုန် ပိန်းပိတ်လို့ မှုန်လျက်ပါပဲ။
ဒါကြောင့် တစ်ခါတလေ အဘိုးက အလုပ် လုပ်ရင်း“မာနရှင်” သီချင်းကို ခပ်တိုးတိုး ညည်း နေတတ်တာပေါ့။
“မာနရှင်ရယ်၊ မုန်းမာန် မ၀င်နဲ့ကွယ်။ နှိုင်းယှဉ်ကာ ပြမယ်”

ကျွန်မလည်း ကျောင်းပြီးသွားတော့ ရန်ကုန် မှာပဲ အလုပ်ဝင်ခဲ့ပါတယ်။ အိမ်ထောင်ကျ တော့လည်း ရန်ကုန်သားနဲ့ ဆိုတော့ ရန်ကုန်မှာပဲ အခြေ ကျပြီး ကိုယ့်ဇာတိမြို့လေးကို တစ်နှစ်တစ်ခေါက် တောင် ပြန်မရောက်ဖြစ်တော့ပါဘူး။ အဘိုးနဲ့ အဘွားလည်း အသက်တော်တော် ကြီးကုန်ပါပြီ။ ၇၀ ကျော် ၈၀ တန်းဆိုတော့ ကျန်းမာရေးကလည်း ကကြီကကြောင် ပြလာပြီပေါ့။ ဒါပေမယ့် အဘိုးနဲ့ စာရင် အဘွားက ကျန်းမာရေး ပိုကောင်းတယ်လို့ ပြောရမယ်။ သွေး တိုးရောဂါက လွဲပြီး တခြား ဘာရောဂါမှ မရှိဘူး။ အဘိုးကတော့ သွေးတိုးရော၊ နှလုံးရော၊ ဆီးချိုရော၊ ညီအစ်ကို ရောဂါသုံးမျိုးစလုံးကို လက်ခံ ထားပါတယ်။
ကျွန်မ သားကြီး ကျောင်းထားတဲ့ နှစ်မှာပေါ့။ ရုံးသွားခါနီး တစ်မနက်မှာ အဘိုးတော်တော် နေမကောင်း ဖြစ်တယ်။ စိုးရိမ်ရတယ်လို့ ဖုန်းလာတာနဲ့ ရုံးကို ခွင့် ၁၀ ရက်တင်ပြီး မြို့ကို ကျွန်မ အပြေးပြန်ခဲ့ပါတယ်။ အဲဒီ မတိုင်ခင် လွန်ခဲ့တဲ့ ခြောက်လကလည်း အဘိုး လေဖြတ်လို့ ဆေးရုံ တင်လိုက်ရသေးတယ်။ အဲဒီတုန်းက ကျွန်မ မသွားလိုက်ရဘူး။
ကျွန်မ ရောက်သွားတဲ့ အခါ အဘိုးကို အိပ်ရာပေါ်မှာ နှာခေါင်းပိုက် တန်းလန်း ဘယ်ဘက်လက်ရော၊ ညာဘက်လက်ရော သွေးကြောပိုက်တွေ တန်းလန်းနဲ့ တွေ့ရပါတယ်။ ကျွန်မ မြို့ပြန်မရောက်တဲ့ နှစ်နှစ်လောက် အတွင်း အဘိုး တော်တော့်ကို ရုပ်ကျသွားပါတယ်။ ကျွန်မက အဘိုးတို့ အဘွားတို့နဲ့ အတူနေတဲ့ ဒေါ်လေးငယ်ကို ဘာကြောင့်ဆေးရုံ မတင်တာလဲလို့ မေးကြည့်တော့
“အရင်တစ်ခါ ဆေးရုံတက်ပြီးကတည်းက ညည်းအဘိုးက သူ့ကို နောက်ထပ် ဆေးရုံ မတင်ပါနဲ့လို့ ပြောထားလို့ဟဲ့။ သူသေရင် အိမ်မှာပဲ သေချင်တယ်တဲ့။ ဒါကြောင့် မတင်တာပေါ့အေ။ ဆရာဝန်ကြီးတော့ နေ့တိုင်းလာကြည့်ပေးပါတယ်။ နေ့ဆရာမရော၊ ည ဆရာမရော ခေါ်ထားတယ် လေ”
“ဆရာဝန်ကြီးက ဘာပြောသေးလဲ ဒေါ်လေး”
“အဆိုးဆုံးကို မျှော်လင့်ထားပါတဲ့”
ကျွန်မ ခြေကုန်လက်ပန်း ကျပြီး အရုပ်ကြိုး ပြတ်လို ဖြစ်သွားပါတယ်။ ရေတစ်ခွက် တောင်းသောက်ပြီး အားပြန်တင်း ရပါတယ်။ ပြီးတော့ ကျွန်မ အဘိုးနား နားကပ်ပြီး“အဘိုး” လို့ ခပ်တိုးတိုး ခေါ်ကြည့်တော့ အဘိုးမျက်လုံးဖြည်းဖြည်းချင်း ပွင့်လာပါတယ်။ ကျွန်မကို မြင်တော့ အဘိုး မျက်နှာမှာ ချက်ချင်းပဲ ၀မ်းသာတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။ တစ်ခဏချင်းမှာပဲ မျက်နှာ ညှိုးကျသွားပြီး မျက်ရည်တွေ ၀ိုင်းသွားပြန်ပါတယ်။ ပြီးတော့ ကျွန်မ နာမည်ကိုခေါ်ဖို့ ကြိုးစားပေမယ့် အသံကတော့ ထွက်မလာတော့ပါဘူး။
ကျွန်မလဲ အဘိုးရဲ့ အရိုးပေါ် အရေတင် လက်မောင်းလေးကို ဆုပ်ကိုင်ထားရင်း မျက်ရည် မဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သြော် အညှာ ညောင်းနေတဲ့ ရွက်ညိုက ကြွေလုလု ဖြစ်နေပါပြီ ကော။ အဘိုးခေါင်းရင်းမှာ ရှိတဲ့ ကက်ဆက်က တစ်ဆင့် ခပ်တိုးတိုး ထွက်လာတဲ့ ဆရာတော် တစ်ပါးရဲ့ ဗောဇ္ဈင်္ဂသုတ်တော် တန်ခိုးကြောင့် အဘိုးသက်သာရာ ရပါစေလို့ပဲ ကျွန်မ ဆုတောင်း ရပါတော့တယ်။
အဘိုး ပြန်အိပ်ပျော်သွားမှ ကျွန်မ အဘွား ရှိတဲ့ အပေါ်ထပ်ကို တက်ခဲ့ပါတယ်။ လှေကား တစ်ဝက်မှာ တိုးတိုးက ကျွန်မလက်ကို ဆွဲရပ်ပြီး စကားပြောပါတယ်။
“အဘွားကလေ အခုချိန်ထိ အဘိုးကို ဆင်း မတွေ့သေးဘူး မမထားရယ်။ နောက်ကွယ်ကနေ ပြီးတော့ ညည်းအဘိုးကို ဘာလုပ်ပေးလိုက်၊ ညာလုပ်ပေးလိုက်တော့ ခိုင်းပါတယ်။ အဘိုးက တကယ်တော့ သနားစရာ တော်တော် ကောင်းတာပဲ။သတိမရ တစ်ချက်၊ ရတစ်ချက်တုန်းက ဆိုရင် လည်း“လေးမယ်ရေ”“လေးမယ်ရေ”နဲ့ အဘွားကို တတယ်သိလား။ အဘွားဆီက ခွင့်လွှတ်တယ်ဆိုတဲ့ စကားကို သူကြားချင်ပုံ ရတယ်။ အဘွားက အဟုတ် ခေါင်းမာတယ်”
အဘွားအခန်းကို ရောက်တော့ အဘွားကို ခုတင်ပေါ်မှာ ထိုင်ပြီး ပုတီးစိတ်နေတာကို တွေ့ရ တယ်။ အဘွားလည်း နည်းနည်းတော့ ပိန်သွား တာပါပဲ။ မျက်နှာလဲ သိပ်တော့ မကောင်းလှ ပါဘူး။ အရင်က တောက်ပစူးရှခဲ့တဲ့ အဘွား မျက်လုံးတွေဟာ အခုတော့ အရောင်မှိန်ဖျော့ ကုန်ပြီပေါ့။ အဘွားနဲ့ အာလာပ သလ္လာပ စကားနည်း နည်းပြောပြီးတာနဲ့ ကျွန်မက အရဲစွန့်ပြီး အဘွားကို စကားတစ်ခွန်း ပြောကြည့်တယ်။
“အဘွား အဘိုးကို တစ်ခါလောက် ဆင်း ကြည့်လိုက်ဦးလေ။ အားပေး စကားလေး တစ်ခွန်း လောက် ဖြစ်ဖြစ် ပြောလိုက်ပါလား အဘွား”
အဘွားက နှုတ်ခမ်းကို တင်းတင်းစေ့ပြီ ခေါင်းခါတယ်။
အဲဒီည သန်းခေါင်ကျော် အချိန်မှာပဲ အဘိုး ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။ ဆွေတွေ မျိုးတွေ၊ အိမ်သားတွေ၊ အိမ်အကူတွေပါ မကျန် ကျွတ်ကျွတ်ညံအောင် ငို ကြပေမယ့် အဘွားက တုတ်တုတ် မလှုပ်ဘူး။ မျက်ရည်လည်း တစ်စက်မှ မကျဘူး။ ဘုရားစင် အောက်မှာထိုင်ပြီး တရားရှူမှတ် နေပါတယ်။ နောက်နေ့မနက် အဘိုး အလောင်းကို ရေခဲတိုက် သယ်သွားပြီးတော့မှ အဘွား အောက်ထပ်ကို ဆင်းလာပါတယ်။ သံဃာတော်တွေကို ဆွမ်းကပ်စရာရှိ ကပ်တယ်။ တရား နာစရာရှိ နာတယ်။ လာသမျှ ဧည့်သည်တွေကို ဣနြေ္ဒရရ ဧည့်ခံတယ်။ သုံးရက်မြောက်မှာ အသုဘချတော့ လူကုန် အသုဘ လိုက်ပို့ ကြတာပေါ့။ အိမ်မှာ အဘွားရယ်၊ အဘွားကို အဖော်လုပ်ဖို့ ဒေါ်လေးငယ်တို့ မွေးစားထားတဲ့ အေးအေးဆင့်ဆိုတဲ့ ကလေးမလေး ပဲ ကျန်ခဲ့တယ်။

အဘိုးရဲ့ ဈာပနကတော့ စည်စည်ကားကား ပါပဲ။ တစ်မြို့လုံး အသိချည်းပဲဆိုတော့ အသုဘပို့ လူတန်းဟာ တော်တော် ရှည်လျားပါတယ်။ သုသာန်မှာလည်း လူတွေကို ပြည့်လျှံသွားတာပဲ။ ကျွန်မက အဘိုး အုတ်ဂူပြီးတဲ့ အထိ နေတဲ့ သူဆိုတော့ နေစောင်းမှ အိမ်ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ အထူးအဆန်း စကားကို ကြားရတော့တာပဲ။ အေးအေးဆင့်က ကျွန်မကို ဘာပြောလဲ ဆိုတော့
“မကြီးထား မကြီးထားတို့ ထွက်သွားပြီး အိမ်မှာ ဘယ်သူမှ မကျန်တော့တဲ့ အခါကျတော့လေ ဘွားဘွားကြီးက ဘိုးဘိုးကြီး အခန်းထဲ ၀င်သွားတယ် သိလား။ ပြီးတော့ ဘိုးဘိုးကြီး ခုတင်ဘေးက ကုလားထိုင်မှာ ထိုင်ပြီး ငိုလိုက်တာ အကြာကြီးပဲ” တဲ့။
အဘိုး ရက်လည်ပြီးတာနဲ့ ကျွန်မ ရန်ကုန် ကို ပြန်လာခဲ့ပါတယ်။
အပြန်ခရီး ကားပေါ်မှာ လိုက်ပါလာရင်း အဘိုးနဲ့ အဘွားရဲ့ ချစ်ခြင်းတရား၊ ဒါမှမဟုတ် သံယောဇဉ်တွေကို စဉ်းစားလာခဲ့မိပါတယ်။
အဘိုးနဲ့ အဘွား တစ်ယောက်ကိုတစ်ယောက် ချစ်ကြသလား၊ မချစ်ကြဘူးလား။ သံယောဇဉ် ရှိကြသလား၊ မရှိကြဘူးလား။ အဘိုး နိုင်သလား၊ အဘွား နိုင်သလား။
အဘွားက အဘိုးကို အသက်ထက်ဆုံး မကျေနပ်တာတော့ သေချာတယ်။ မုန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ သိပ်ချစ်လို့ သိပ်နာကျည်း တယ်ဆိုရင် ပိုမှန်မလား။ အဘိုး ကျူးလွန်တဲ့ အပြစ်ကလည်း အဘွား ခွင့်မလွှတ်နိုင်တဲ့ အပြစ် မျိုးလေ။ အဘွားမှ မဟုတ်ဘူး။ ဘယ်မိန်းမမှ ခွင့်မလွှတ်နိုင်တဲ့ ပြစ်ချက်မျိုးဟာကိုး။ ဒါပေမယ့် နောက်ပိုင်း အဘိုးဒုက္ခ ဖြစ်ပြီဆိုတော့ အဘိုးကို ပြန်ခေါ်တယ်။ သားသမီး အကြောင်းပြပြီး အဘိုးကို ပြန်လက်သင့်ခံတာ အံ့သြစရာပဲ။ လက်သင့်ခံပြီး အဘိုးနေရေး၊ စားရေး၊ ၀တ်ရေးကိစ္စတွေမှာ ၀တ္တရားမပျက် စီစဉ် ဆောင်ရွက်ပေးပြန်တယ်။ အဲ ဒါပေမယ့် သူနေထိုင်တဲ့ အပေါ်ထပ်ကိုတော့ လာခွင့် မပြုပြန်ဘူး။ ဒါကျတော့လည်း အဘိုးရဲ့ ယောက်ျား မာနကို အပိုင်းပိုင်း ရိုက်ချိုးပစ်သလို ဖြစ်နေပြန်ရော။
အဘိုး သူ့ကို ဘယ်လိုချော့ချော့ မပျော့ဘူး။ ဘယ်လိုဖြေဖြေ မပြေဘူး။ အဘိုးရဲ့ နောက် ဆုံးအချိန်အထိ ခွင့်လွှတ်စကား မဆိုဘူး။ အဘိုး ရဲ့ နောက်ဆုံး ခရီးကိုတောင် လိုက်မပို့ဘူး။ အဘိုး ကို ပညာသားပါပါ ကလဲ့စား ခြေတာလား။ ဒါပေမယ့် သူများတွေ အဘိုးရဲ့ နောက်ဆုံး ခရီး ပို့ဆောင်တဲ့ အချိန်မှာတော့ အိမ်မှာ သူ တိတ်တိတ်လေး ငိုကြွေးတယ်တဲ့။ ဒီတော့ အဘွားက အဘိုးကို ချစ်တာလား၊ မချစ်တာလား။ အဘွားက နိုင်တာလား၊ ရှုံးတာလား။
အဘိုးကတော့ စောစောပိုင်း ဘ၀စာမျက်နှာ မှာ လူပေါ်ကြော့၊ လူမင်းသား အနေနဲ့ အပေါ်စီး ကနေခဲ့ဖူးတယ်။ နောက်တော့ အနုပညာ မာယာ တောမှာ ပျော်မောမိန်းမူး ညွှတ်ယိုင်သွားရာက သတိ လက်လွတ်ဖြစ်ပြီး ဘ၀ရဲ့ အစိတ်အပိုင်း တချို့ အကျည်းတန်သွားတယ်လေ။ အဘွား အပေါ် သူသစ္စာမဲ့တာ အဘွားကို သူသိပ်မချစ် လို့လား။ အဘွားရဲ့ အချစ်ကို တန်ဖိုးမထားတာ လား။ အဘွားက သူ့ကို သိပ်ချစ်မှန်း သိလို့ အခွင့်အရေး ယူတာလား။
နောက်တော့လဲ နောင်တတွေနဲ့အတူ အဘွားဆီကို သူပြန်လာခဲ့ပါတယ်။ ရှိရှိသမျှ မာန၊ အကုန်ခ၀ါချပြီး အဘွား အမျက်ပြေအောင် သူ ကြိုးစားခဲ့တယ်။ ကြိုးစားပေမယ့် နောက်ဆုံး ထွက်သက်အထိ သူမအောင်မြင်ခဲ့ဘူး။ အဘွားက သူသေပျော်အောင် လုပ်မပေးဘူးလေ။ သူ့ မိုက်ပြစ်အတွက် အသက်ထက်ဆုံး အဘွားကို သူပေးဆပ်သွားရတယ်။
ဒါပေမယ့် သူဝိညာဉ် ချုပ်ငြိမ်းခဲ့တဲ့ ခုတင် ဘေးမှာ အဘွားတိတ်တိတ်လေး ငိုတယ်ဆိုတာကို သိရင် သူဘယ်လို နေမှာလဲ။ ၀မ်းသာမှာလား၊ ၀မ်းနည်းမှာလား။ အဘိုး နိုင်တာလား။ ရှုံးတာလား။ အိမ်အပြန် လမ်းခရီး တစ်လျှောက်လုံး အတွေး ပေါင်းများစွာ၊ စိတ်ကူးပေါင်း များစွာ၊ မေးခွန်း ပေါင်းများစွာနဲ့ လုံးထွေး ရစ်ပတ်ရင်း ကျွန်မအိမ်ပြန် ရောက်လာပါတယ်။ ခြောက်နာရီကျော်ကျော် နေ့ဝက် ခရီးဆိုပေမယ့် ခရီးကတော့ အပန်းသား။ ကားဂိတ်ကို မနက် ၅ နာရီအမီ ရောက်ဖို့ အိပ်ရာက ၃ နာရီ ခွဲလောက်ကတည်းက ထပြီးပြင်ဆင် ရတာမို့ လူ က အိပ်ရေးမ၀ဘဲ မူးနောက်နောက် ဖြစ်နေပါ တယ်။ အိမ်ရောက်ပြီး နာရီဝက်လောက်နား ရေမိုး ချိုး၊ ထမင်းစားပြီး တစ်ရေးလောက် အိပ်မယ် ကြံကာရှိသေး ဖုန်းသံက မြည်လာပါတယ်။
ကျွန်မ ဖုန်းကောက်ကိုင်တော့ ညီမ တိုးတိုး ဆီက ဖုန်းဖြစ်နေပါတယ်။
“မမထား အိမ်ပြန်ရောက်ပြီလား”
“အေး ရောက်ပါပြီ ညီမရယ်။ လမ်းခရီးလဲ အဆင်ပြေတယ်။ ချောချောမောမောပဲ”
“မမထား”
တိုးတိုးရဲ့ အသံက ရုတ်တရက် ငိုသံကြီး ပါလာပြီး တိမ်ဝင်သွားသလို။
“တိုးတိုး ဟယ်လို ဟယ်လို တိုးတိုး ဘာ ဖြစ်တာလဲ။ ဘာဖြစ်တာလဲ ပြောလေ”
“မမထား”
“အေး နားထောင်နေတယ် ပြော”
“အဘွား အဘွားလေ မရှိတော့ဘူး”
“ဘာ ဘာပြောတယ်”
“အဘွားဆုံးပြီ”
“ဟင်”
ကျွန်မ ကြက်သေ သေသွားပါတယ်။
“မမထားကို ကားဂိတ်ပို့ပြီး ပြန်လာတော့ တိုးတိုးလဲ အရမ်း အိပ်ချင်တာနဲ့ အောက်ထပ်က ကွပ်ပျစ်မှာ ခဏ လှဲအိပ်လိုက်မိတယ်။ မှေးခနဲ ပျော်သွားပြီး နိုးလာတော့ မနက် ၈ နာရီ ထိုး နေပြီ။ အဲဒီအချိန်အထိ အဘွားဆင်းလာတာ မတွေ့လို့ အိမ်ပေါ်တက်ကြည့်တော့ အီး ဟီး ဟီး”
“ဟယ်”
“အ အဘွားလေ ၀တ်ကောင်းစားလှနဲ့ အိပ်နေတဲ့ အတိုင်းပဲ မမထားရယ်”

မနှင်းဖွေး
(ပေဖူးလွှာ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
(ပေဖူးလွှာ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
No comments:
Post a Comment