မြန်မာဒုက္ခသည်များ ယူအန်ကဒ် ကိုင်ဆောင် ထားသော်လည်း ဖမ်းဆီးခံနေရဆဲ

မတ်လ ၂၉ ရက်၊ ၂၀၁၁ ခုနှစ်။
ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့- ပြန်ကြားရေးဌာန
မလေးရှားနိုင်ငံမှ မြန်မာဒုက္ခသည်တချို့
မလေးရှား အာဏာပိုင်တွေ အနေနဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု အထောက်အထား စာရွက် ရရှိထားသူတွေကို  ဖမ်းဆီးမိတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်နဲ့ ပြန်ပြီးတော့ လွတ်ပေးသင့်တယ်လို့ ဆူဝါခမ်းရဲ့ အကြီးအကဲဖြစ်သူ မူဟာမတ် ချအ်ဟနီ အဘူဒူလာ က ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် ယူအန်ကဒ် ကိုင်ဆောင်ထားသူတွေဟာလည်း အဖမ်းခံ နေရဆဲဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာဒုက္ခသည် ၂၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ ၁၆ ယောက်ဟာ ယူအန်ကဒ် ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး သူတို့ကို ဘူကစ်ဂျာလီ အချုပ်ခန်းထဲမှာ ထိန်းသိမ်းထား တယ်လို့ သူက ပြောပါတယ်။
မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ယူအန်မှာ တရားဝင် သဘော တူညီချက် ပြုလုပ်ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ယူအန်ကဒ် ကိုင်ဆောင်ထား သူတွေ ကိုတော့ အသိအမှတ် ပြုတယ်လို့ သိရပါတယ်။
ယူအန်ကဒ် ကိုင်ဆောင်ထားသူတွေကို ပြန်လွတ်ပေးတဲ့ နေရာမှာ ဘယ်လို လုပ်ထုံး လုပ်နည်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းရမယ် ဆိုတာကို တချို့ အမှုစစ် အရာရှိတွေက သိနားလည်ပုံ မပေါ်ပါဘူးလို့ မူဟာမတ် ချအ်ဟနီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ သောကြာနေ့က ရဲကို အကြောင်းကြားခဲ့ပေမယ့် ဘာသတင်းမှ မရတဲ့အတွက်ကြောင့် ကွာလာလမ်ပူ ရဲအကြီးအကဲဆီကို မက်ဆေ့ခ်ျ ပို့ခဲ့ပါတယ်။ အဲဒီနောက်မှာမှ ယူအန်ကဒ် ကိုင်ဆောင်ထားသူ အားလုံးကို စစ်ဆေးအတည်ပြုပြီးတော့ ပြန်လွတ်ပေးလိုက်ပြီလို့ အမှုစစ်အဖွဲ့က အရာရှိတစ်ဦးက ကျနော့်ဆီကို ပြန်ပြီးတော့ အကြောင်းကြားခဲ့ပါတယ်။”
“ဒါပေမယ့် တခြား အမှုစစ်အရာရှိ တစ်ဦးကတော့ သူတို့ကို လွှတ်ပေးခဲ့တာဟာ သူတို့ကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တဲ့ ရဲအရာရှိ (DPP) ရဲ့ ခွင့်ပြုချက်ကြောင့်သာ လွှတ်ပေးခဲ့တာလို့ ပြောတယ်။ အပြစ်လုံးဝ မရှိတဲ့ သူတွေကို လွှတ်ပေးဖို့ ဘာဖြစ်လို့ (DPP) နဲ့ ဆွေးနွေးရမှာလဲ” ဆိုပြီးတော့ သူက မေးခွန်းထုတ် သွားခဲ့ပါတယ်။
ကွာလာလမ်ပူရဲ့ လက်ထောက် ရဲအကြီးအကဲဖြစ်သူ ဒါတွပ်ဇူကီဖလီလ် အာဘ်ဒူလာ ကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ “ဖမ်းဆီးတဲ့အချိန်မှာ ယူအန်က အရာရှိတေနဲ့အတူ ပူးပေါင်း စစ်ဆေးပြီးတော့ ယူအန် ကဒ် အတု ကိုင်ဆောင်ထားသူတွေကိုသာ ဖမ်းဆီး ထိန်းသိမ်းခဲ့ တာပါ”လို့  သူက ပြောကြားခဲ့ပါတယ်။
Source: The Star News

No comments: