အဖေ့မျက်ရည်နှင့် အဖေနဲ့ ကျွန်နော်တို့ ဘဝ


အဖေ့မျက်ရည်နှင့် အဖေနဲ့ ကျွန်နော်တို့ ဘဝ
(ကဲကဲ0၊ ရဲရင့်သက်ဇွဲ)

လူတယောက် မိခင်များနေ့မှာ နှင်းဆီပန်းလေးတွေကို ဖဲကြိုးလှလှလေးတွနဲ့ စည်းပြီး ဈေးအ၀မှာ သွားရောင်းတာ နေမွန်းမတည့်ခင် ပန်းအားလုံး ရောင်းလို့ကုန်သွားပြီး ငွေငါးဆလောက် အမြတ်ရခဲ့တယ်၊ ဖခင်များနေ့ရောက်တောဲ့ ဒီလူက အဲဒီနည်းအတိုင်း ပန်းကလေးတွေ ရောင်းခဲ့ပြန်တယ်။ နေစောင်းတဲ့အထိ လေးပုံပုံတပုံတောင် ရောင်းမထွက်လို့ ငွေရှုံးပြီး အိမ်ပြန်ခဲ့ရတယ်။
ဒါကိုကြည့်ရင် သားသမီးတွေက ဖခင်ကိုဂုဏ်ပြုဖို့ထက် မိခင်ကိုပဲ အလေးထားတယ်ဆိုတာ ထင်ရှားနေပါတယ်။ အဲဒါကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။ 
စင်္ကာပူနိုင်ငံမှာ တစ်ချို့ PR (Permanent Resident) ဖြစ်သွားတဲ့ ဇနီးမောင်နှံက သားဦးသမီးဦးလေးတွေ မွေးလာတဲ့အခါ စင်္ကာပူက လူနေမှုစရိတ် မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရော မီးဖိုချောင်တာဝန်ယူဖို့ရော ကူဖော်လောင်ဖက် လိုအပ်တဲ့အတွက် မြန်မာနိုင်ငံက မိခင်ကြီးတွေကို စင်္ကာပူနိုင်ငံကို အလည်လာဖို့ လေယာဉ်လက်မှတ်ဝယ်ပြီး ပို့ပေးကြပါတယ်
ဖခင်အိုကြီးတွေကို ဘာလို့ မခေါ်တာလဲလို့ မေးကြည့်တော့ အဖေက ကလေးလည်း မထိန်းတက်ဘူး၊ ထမင်းဟင်းလည်း ကောင်းကောင်း မချက်တက်ဘူးတဲ့။ သြော်သူတို့လေး တွေ နိုင်ငံခြားမှာ ပညာသင်နိုင်ဖို့ လျှာမြက်ပေါက်လုမတက် ခြိုးခြံပြီး ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့တဲ့ ဖခင်ကို သူတို့တွေ ကောင်းစားတဲ့ နိုင်ငံခြားမှာ ကြီးပွားချိန်ရောက်တော့ အလည် တောင် မခေါ်ဘဲ မြန်မာပြည်မှာ ချန်ထားရစ်ခဲ့ကြတာ အဖေများ သိရင်ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။ 
ရပ်ဝေးမှာ ကျောင်းဆရာမ အလုပ်လုပ်နေတဲ့ အပျိုကြီး သမီးဖြစ်သူကို စိတ်မချဘဲ ဖခင်က ရထားဘူတာရုံအထိ လာကြိုတော့ တောသားကြီးတို့ ထုံးစံအတိုင်း ဖိနပ်မပါ၊ ကွမ်းတမြုံ့မြုံ့ဝါးပြီး လူကြားထဲမှာ သမီး၊ သမီးလို့ ၀မ်းသာအားရ သမီးရဲ့ထမီထုပ်ကို ထမ်းဖို့ အနားကပ်လာတဲ့ ဖခင်ဖြစ်သူရဲ့ ပုံဆိုးပန်းဆိုး ပုံစံကြောင့် သူငယ်ချင်းကျောင်းဆရာမတွေ ကြားမှာ ရှက်သွားတဲ့ မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ သမီးလို့ မခေါ်ပါနဲ့တဲ့။ သြော်ဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည် ကျလိုက်မလဲ။ 
နယ်မြို့လေးကနေ ညကားနဲ့ ပြန်လာတဲ့သမီးကို ဒီဇင်ဘာဆောင်းတွင်းကြီး အိမ်တံခါး ပိတ်မအိပ်ဘဲ ထိုင်စောင့်နေတဲ့ အဖေဟာ အအေးဒဏ်ကြောင့် ကိုယ်တခြမ်း လေဖြန်း သွားခဲ့ဖူးတယ်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာ အားကြီးပေမဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အားနည်း တတ်တဲ့ အဖေတွေဟာ စားဝတ်နေရေး အရှုပ်တော်ပုံတွေကြောင့် ဆေးလိပ်၊ အရက်တွေနဲ့ စိတ်ထွက်ပေါက်ရှာရင်း ယစ်ထုတ်ကြီး ဖြစ်သွားခဲ့ကြတယ်။ 
နောက်ဆုံးမှာ သားသမီးရဲ့ အညုအတုတွေ ဇနီးမယားရဲ့ စကားနုနုတွေ မတွေ့မကြားရတဲ့ အဖေတွေဟာ ရေကြည်ရာ မြက်နုရာရှာရင်း အပျော်မိန်းမတွေရဲ့ မာယာဂယက်တွင်း သက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေ ဖြစ်သွားကြရတယ်။  
အဲဒီလို အိမ်ထောင်ဦးစီး မဖြစ်ခဲ့တဲ့ ဗီလိန်လူကြမ်းကြီး အဖေတွေကို စိတ်နာလွန်းလို့ အရွယ်ရောက်လာတဲ့ သားသမီးတွေရဲ့ မင်္ဂလာဆောင် ဖိတ်စာတွေထဲမှာ အဖေကိုသေပြီလို့ သဘောမှတ်ပြီး အဖေ့နာမည်ကို ကွင်းကလေးထဲခတ်ပြီး ဖိတ်စာမှာ ပုံနှိပ်ဖော်ပြခဲ့ကြတယ်။ 
ဒီထက်ပိုဆိုးတာက သားတဦးရဲ့ မင်္ဂလာဆောင်ဖိတ်စာမှာ တာဝန်မကျေတဲ့ အဖေကို စိတ်အနာကြီး နာခဲ့တာကြောင့် မိဘအုပ်ထိန်းသူနေရာမှာ အဖေရဲ့နာမည်ကို လုံးဝဖျောက် အမေနာမည် တလုံးတည်းကို ပုံနှိပ်ဖော်ပြထားတာ တွေ့ဖူးလိုက်ရဲ့။ ဒါဆို ဒီကလေး အဖေမပါဘဲ မွေးခဲ့တာပေါ့။ 
စာရေးဆရာတဦး ကပြောဖူးတယ်။ အဖေ့အကြောင်းရေးထားတဲ့ စာအုပ်ကို သူပုံနှိပ်ထုတ်တာ ရောင်းမထွက်ဘဲ ရှုံးခဲ့ဖူးသတဲ့။ ဟုတ်ကဲ့ ကျွန်တော်ရေးတဲ့ အဖေ့မျက်ရည်ကို ဖတ်သူမရှိရင်လည်း နေပါစေ- အဖေတွေရဲ့ မျက်ရည်ကို သားသမီးတိုင်း နားလည် ပေးမယ်ဆိုရင် မျက်ရည်ထွက်ရကျိုး နပ်ပါတယ်လေ။ 
အဲဒီလို အဖေတွေကို အဆိုးမြင်နေရင်လဲ အဖေဆိုတာဟာ မနှိုင်းကောင်းနိုင်းကောင်း လောကဓံနဲ့ သားသမီးတွေ ကြားမှာ တရားခံဖြစ်ခဲ့တာ ဓါးစာခံဖြစ်ခဲ့တာ ခြေဖ၀ါးနဲ့ မြေသားကြားက ရော်ဘာဖိနပ် ပါးပါးလေးလိုပါပဲ။
အဲဒါကြောင့် ရော်ဘာဖိနပ် ပါးပါးလေးတွေကို မြင်ရင် မိတ်ဆွေတို့ရဲ့အဖေကိုသာ သတိရလိုက် ကြပါလို့။
 ကဲ သူငယ်ချင်းတို့ရေ ဒီစာလေးက မင်းဖေဖေနဲ့ ပတ်သက်ပြီး မင်းရဲ့စိတ်ကို တစုံတရာ လှုပ်ခတ်သွားစေခဲ့တယ်ဆိုရင် အဖေ့အတွက် စိတ်ထဲကနေ ဆုတောင်းပေးလိုက်ပါနော်။ အဖေတယောက် ဘေးကင်းပြီး ကျန်းမာပါစေလို့...။ 
မိဘကျေးဇူး နားလည်သိတတ်သော သားသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း။  
ခင်မင်မှုများစွာဖြင့်-
ကဲကဲ0 

အဖေနဲ့  ကျနော်တို့ ဘဝ 
ငယ်စဉ် ခလေးဘဝ
အဖေထက် အမေ့ကို
အချစ်ပိုခဲ့ကြ…၊

လူတိုင်းထက် မသာတောင်မှ
လူတိုင်းထက် အောက်မကျစေရအောင်
ရှာဖွေကျွေးမွေး
မိသားစုနဲ့ ဝေးရ အဖေ့ဘဝ…။

အရွယ်ရောက်လို့ 
လူလားမြောက်လာ
မိသားစုအပေါ် ထားရှိတဲ့
အဖေ့ အကြင်နာ မေတ္တာ
စာနာ နားလည်တတ် လာတဲ့အခါ
အဖေက …
ဘုရားသခင်ရဲ့ ထံတော်အပါးမှာ
အနားယူ အိပ်စက်သွားခဲ့ရှာပြီ…။
 အဖေရဲ့ သားသမီးတွေအပေါ်
အချစ်တွေကို ပုံအောခဲ့တာ
ငါတို့ … မမြင်တတ်ခဲ့ကြဘူး
သားသမီးတွေကို ပညာတတ်တွေဖြစ်စေချင်ခဲ့သူ
သားသမီးဟာ မိဘထက် တော်ရမယ်
ကိုယ့်ရေ ကိုယ့်မြေ ဘာသာ သာသနာ
လွတ်လပ်မှု တန်းတူညီမျှမှု အတွက်
တိုက်ပွဲဝင်ရမယ် …
အဖေ့ရဲ့ အယူဝါဒ
ငါတို့ … နားမကျခဲ့ကြဘူး …
အခုတော့ ရင်မှာ နာကျင်စူးရှ
ဘဝမှာ ပြန်ပြင်မရတဲ့ နောင်တတွေနဲ့
အဖေကတော့
ကောင်းကင်ဘုံကနေ
ခွင့်လွှတ်ပြုံးနဲ့ ပြုံးနေဦးမှာပဲ
သားတို့ယုံတယ်…။
 ဝဋ်ဆိုတာ
နောက်ဘဝအထိ
စောင့်တဲ့ အရာမဟုတ်တော့ပါဘူး
သားတို့ အလှည့်ကျမှ
အဖေ… ရေ … တဖွဖွ
အဖေ… ရေ … တသသ …။

(ဖခင်မေတ္တာကို မသိတတ်ခဲ့ကြသော အလေးမမူ ဂရုမထားခဲ့မိကြသော သားသမီးများ အတွက်) 
                                                     ရဲရင့်သက်ဇွဲ
                                                     ၂၀ ၁၂ ၂၀၁၀ 

No comments: