ဖတ်စစ်ကလပ် (သာဓု)

“ဖေဖေ လာပါပြီ၊ ဟေ့ ဖေဖေ လာပါပြီ”


နေလုံး မပျောက်တပျောက် ဆောင်းကုန်လုလု သမယ ညနေ ၅ နာရီလောက်အချိန် လူပိန်ပိန်၊ အရပ်မြင့်မြင့်၊ အသက် အရွယ်ကို ချင့်သော် သုံးဆယ်ကျော်၊ သုံးဆယ့်ငါးနှစ် ခန့်သာ ရှိဦးမည် ထင်ရသော လူရွယ် တစ်ယောက်သည် နေလျက် ထားသဖြင့် အရောင်ကွက် မွဲခြောက်နေသည့် ကုတ်အင်္ကျီကို ပခုံးတွင် နောက်ပြန်ချိတ်၍ အခြား လက်တစ်ဖက်တွင်မူ သုံးဆင့်ချိုင့်ပင် ဖြစ်သော်လည်း နှစ်ဆင့်သာ ရှိတော့သည့် ထမင်းချိုင့် ခပ်နွမ်းနွမ်း တစ်ခုကို ကိုင်လျက် သွက်လက်သော ခြေလှမ်းများဖြင့် ၈၉ လမ်းထဲသို့ ခပ်သုတ်သုတ် လျှောက်ဝင် လာခဲ့လေ၏။


တံခါးနှင့် ပြတင်းပေါက် များတွင် အစိမ်းရင့်ရောင် အခန်းဆီး ကလေးများ တလူလူ လွင့်ကာ ၀င့်ဝင့် ကြွားကြွားနှင့် သားသားနားနား ပနံရလှသော ကြက်ဥ နှစ်ရောင် နှစ်ထပ်တိုက် ကလေးရှေ့သို့ ရောက်သည်တွင် ထိုလူရွယ်၏ ခြေလှမ်းမှာ ပို၍ သွက်လာပြီး ထိုတိုက်လွန်မိ သည်နှင့် ရုတ်တရက် ကိုယ်ရှိန်သတ်၍ ရပ်လိုက်ကာ ထိုကြက် ဥနှစ်ရောင် နှစ်ထပ်တိုက် ကလေးနှင့် ပေအစိတ်ခန့် အကွာရှိ လွန်ခဲ့သော ၃ လခန့်က ဆောက်လုပ် ပြီးစီးခဲ့သည့် အသစ်စက်စက် သုံးထပ် တိုက်ကြီးကို လှမ်းမျှော် မော်ကြည့် နေလေ၏။


ထိုလူရွယ် ရပ်နေသော နေရာသည် ကားဆိုလျှင် ထိုမည်သော ခံ့ညား ထည်ဝါလှသည့် တိုက်နှစ်လုံး အကြား ပေအစိတ်ခန့်ရှိ မြေကွက်လပ်တွင် ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသော တဲငယ်ကလေး ရှေ့တွင်ဖြစ်ရာ ထိုလူရွယ် ထိုတဲရှေ့တွင် ရပ်၍ အဆိုပါ သုံးထပ်တိုက် ဆီသို့ လှမ်းမျှော် ကြည့်နေသည်မှာ ၃ မိနစ် မပြည့်သေးမီပင်-
“ဖေဖေ လာပါပြီ၊ ဟေ့ ဖေဖေ လာပါပြီ”




သို့အော်ရင်း တဲကလေး အတွင်းမှ ပြေးထွက်လာသော ၄ နှစ် သမီးခန့်ရှိ ကလေး တစ်ယောက်သည် ထိုလူရွယ်၏ ခြေသလုံး များကို ကျုံးဖက်လိုက်ပြီး ခါးကလေး ကော့၍ မော့ကြည့် နေသောကြောင့် လူရွယ်လည်း သုံးထပ်တိုက် ဆီသို့မော် ငေးကြည့် နေရာမှ ကလေးငယ်အား ငုံ့ကြည့်တဲ့ကာ ချက်ချင်းပင် ကုတ်အင်္ကျီကို ချိုင်းတွင် ညှပ်လိုက်ပြီး ခပ်မော့မော့ ကြည့်နေသော ကလေးငယ်၏ ဦးခေါင်း ကလေးကို အသာအယာ ပွတ်သပ်ပေးရင်း-
“သမီး၊ မေမေကော”


လူရွယ်လည်း သို့လျှင် မေးလိုက်ရာမှ တစ်ဆက်တည်း တဲဆီသို့ လှမ်းကြည့်လိုက်သည်တွင် အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ထည် တုတ်တုတ်၊ ရုပ်ရည်အားဖြင့် သနားကမား အမူအရာ ရှိသော အသက် ၂၀ သာသာခန့် မိန်းမတစ်ယောက် ထွက်လာသည်ကို မြင်ရလေ၏။


“ဒီနေ့ တယ်စောပါလား ကိုကျင်မောင်”


ထိုမိန်းမ ငယ်သည် လူရွယ် အနီးသို့ ရောက်သည်နှင့် လူရွယ့် လက်ထဲမှ ထမင်းချိုင့်နှင့် ကုတ်အင်္ကျီကို လှမ်းယူရင်း ဤသို့ ပြောလိုက်သည်ကို-
“အေး- တမင်ပဲ စောစော ပြန်လာတာပေါ့ မခင်မေ၊ ဒီနေ့ည ဘိုင်စကုတ် သွားကြည့် မလားလို့”


“အမာလည်း လိုက်မယ်နော် ဖေဖေ”


“လိုက်ရ မှာပေါ့ကွဲ့။ ဖေဖေတို့ သွားရင် ငါ့သမီးကိုလည်း ခေါ်မှာပေါ့”


ကိုကျင်မောင်သည် ပြောပြောဆိုဆို အမာ ကလေးအား ပွေ့ချီပြီး တဲကလေးသို့ လှမ်းဝင်သွား သောကြောင့် မခင်မေလည်း ကိုကျင်မောင့် နောက်မှ လှမ်းဝင် လိုက်သွားလေ၏။ ဆောက်လုပ်ထားသော တဲ၏ အကျယ် အ၀န်းမှာ ပေအစိတ်မျှ ရှိသည် မှန်သော်လည်း ကိုကျင်မောင်တို့ နေရသည်မှာ တစ်တဲလုံး မဟုတ်ဘဲ ပေအ၀က်မျှ သာရှိသော အခန်းကျဉ်း ကလေးကို တစ်လလျှင် ၂၀ ပေး၍ ငှားနေရပြီး ကျန်တစ်ဝက် မှာမူ တဲရှင်များ နေထိုင်ကြ၏။


ကိုကျင်မောင်တို့ ဇနီးမောင်နှံ တဲအတွင်းသို့ ရောက်၍ နေသားတကျ ထိုင်မိကြသည်နှင့်-
“နေပါဦး ကိုကျင်မောင်၊ ခုနတုန်းက ဒေါ်ဒေါ်သောင်းတို့ တိုက်ပေါ်ကို မော့ကြည့် နေတာက ဘာဖြစ်လို့လဲ၊ ရှင့်ကို သူတို့ ခေါ်ပြန်ပလား”


ကိုကျင်မောင်သည် ရုတ်တရက် အဖြေ မပေးသေးဘဲ မီးအလိုက် မညီသဖြင့် တစ်ခြမ်းတည်း လောင်နေသော ဆေးပေါ့လိပ်ကို တံတွေးဆွတ်၍ ညှိနေပြီးမှ-
“ထုံးစံ အတိုင်းပေါ့ကွာ၊ ဒီအဘွားကြီး ကတော့ ဘယ်တော့မှ ဒီအကျင့် ပျောက်မှာ မဟုတ်ဘူး။ လူကို မမြင်လိုက်နဲ့ မြင်လိုက်တာနဲ့ ခေါ်ခိုင်းတာပဲ။ မနေ့ကလည်း ငါ့ကို အပေါ်ခေါ်ပြီး”


“ရှင့်ကို ကျွန်မမေးတော့ ဘာမှ မခိုင်းပါဘူးဆို”


အားပါးတရ ရှိုက်ဖွာ လိုက်သောကြောင့် ဆေးပေါ့လိပ်မှ ပြာနှင့် မီးပွားများသည် လုံချည်ပေါ်သို့ ကြွေကျလာ သဖြင့် ကိုကျင်မောင်သည် ကမန်းကတန်း ခါပစ်ရင်း-
“အေး- မင်း စိတ်မကောင်းမှာ စိုးလို့ပေါ့ကွာ၊ အမှန်ကတော့ မနေ့က ဒေါ်ဒေါ်သောင်း ငါ့ကိုခေါ်တာ တခြား မဟုတ်ဘူး။ သူတို့အိမ်ရှေ့ ၀ရန်တာက ပန်းအိုးတွေ တိုက်ကတုံးပေါ်ကို တင်ခိုင်းဖို့ပဲ။ စုစုပေါင်း ပန်းအိုး ၇ လုံး၊ တစ်လုံး တစ်လုံးကလည်း တော်တော် လေးတယ်ကွဲ့။ အဲဒါ အကုန်လည်း ရွှေ့ပြီးရော “မင်းလက်ဖက်ရည် ၀ယ်သောက်”ဆိုပြီး ပိုက်ဆံ သုံးပဲ ထုတ်ပေးတယ်ကွ၊ အဲဒီတုန်းကများ ငါဖြင့် အသားကို ဆတ်ဆတ်တုန် နေတာပဲ ဒေါသ ဖြစ်လွန်းလို့”


ထိုစကား ကြားလိုက် ရသည်နှင့် မခင်မေမှာ မျက်နှာ ကလေးအိုလျက် အလိုလည်း မကျ ဒေါသဖြစ်သွား တော့ကာ-
“အဲဒီတော့ ရှင်က ဘာမှ ပြန်မပြော ဘူးလား”


“ဘယ်ပြောလို့ ဖြစ်မှာလဲ ခင်မေရာ၊ ခု တို့နေရတာက သူတို့ မြေပေါ်မှာ မဟုတ်လား။ တို့တဲရှင် ကလည်း သူတို့ အာဏာကို ဖီဆန်ဝံ့တာ မဟုတ်လေတော့ သူတို့ သဘော မကျတဲ့ အချိန်မှာ တို့ကို မောင်းထုတ် လိုက်မှာပဲ။ ဒါကြောင့်ငါလည်း ရှေ့ရေးကို တွေးပြီး အောင့်သက်သက်နဲ့ပဲ သူပေးတဲ့ ပိုက်ဆံ သုံးပဲကို မယူချင့် ယူချင် ယူခဲ့ရတာ ပေါ့ကွာ”


ကိုကျင်မောင်သည် သို့ပြောရင်း အမာ ကလေး၏ နှာခေါင်း တစ်ဖက်မှ ယိုကျနေသော နှပ်များကို သုတ်ပေး နေလေ၏။
“ခုခေတ်ကြီးမှာ လက်ဖက်ရည် ဘယ်ဆိုင်သောက်သောက် တစ်ခွက်တစ်မတ် ပေးရတယ်ဆိုတာ သူတို့ မသိဘူးလား။ ဒါနဲ့တောင် လက်ဖက်ရည်ဖိုး ဆိုပြီး သုံးပဲတည်း ပေးသတဲ့”


“အေး- အဲဒါ မင်းရှော်တာပဲ၊ မင်းကသာ မသိတယ် မခင်မေ။ သူကတော့ သိလိုက်သမှ နောနေတာပဲ။ ဒါကြောင့်လည်း ချမ်းသာတာ ထင်ပါ့။ ငါ့ကို ပိုက်ဆံသုံးပဲ ထုတ်ပေးရင်း ပြောလိုက် သေးတယ်လေ “ဟဲ့ မောင်ကျင်မောင် ထိပ်ဝက ညောင်မုတ်ဆိတ်ပင်နဲ့ တည့်တည့် ကာကာ လက်ဖက်ရည် ဆိုင်မှာသောက်နော်၊ အဲဒီဆိုင်က သုံးပဲရတယ်။ တခြားဆိုင်တွေ တစ်မတ်ချည့် ပေးရတယ်။ မသောက်နဲ့၊ တစ်ခွက်ကို တစ်ပဲတစ်ပဲ နာတယ်”တဲ့။ ကဲ- ငါတောင် ဒေါ်ဒေါ်သောင်း ပြောလိုက်မှပဲ သုံးပဲနဲ့ရတဲ့ လက်ဖက်ရည်ဆိုင် ရှိကြောင်း သိရတော့တယ်”


ဤတွင်မှ မခင်မေလည်း ခေါင်းတဆတ်ဆတ် ညိတ်တဲ့ကာ-
“အင်း- ဟုတ်မှာပဲ။ သူတို့တစ်တွေ ပိုက်ဆံချမ်းသာ သလောက် ကပ်စေးနှဲပြီး စေ့စပ်လွန်းလို့ ခေါင်းရွက်ဈေးသည် တွေတောင် သူတို့အိမ်က ခေါ်ရင် မကြား ချင်ယောင်ဆောင် ဆောင်ပြီး ထွက်သွားကြ တာပဲ။ တစ်နေ့ကတောင် ဟင်းရွက်သည် အဘွားကြီးနဲ့ ဒေါ်ဒေါ်သောင်းနဲ့ စကား များလာကြ သေးသတဲ့။ ချဉ်ပေါင်ရွက် တစ်မူးဖိုး ၀ယ်ပြီး ခရမ်းချဉ်သီး အဆစ်တောင်းလို့ မပေးနိုင်ဘူး ပြောတာ မရတဲ့ အဆုံး ငရုတ်သီးစိမ်း သုံးတောင့် အတင်း ယူထား လိုက်သတဲ့”


“ကွာ- ဒါတွေ ပြောမနေ ပါနဲ့တော့။ မနေ့က ငါ့ကို မှာလိုက်သေးတယ်။ နက်ဖြန်ညနေ အားရင် လာပါဦးတဲ့။ ငါမသွား တော့ဘူး။ နောက်တွေ့လို့မေးမှပဲ ကြည့်ပြောလိုက်တော့မယ်။ ကဲ- ဒီည ၉ နာရီပွဲ ဘိုင်စကုတ် သွားကြရအောင် ကွာနော်”


မိန်းမတို့ မည်သည်မှာ ပွဲလမ်းသဘင် ဆိုလျှင် ဘ၀င် တမြူးမြူးနှင့် အထူး တမက်မက် ရှိတတ် ကြပါလျက် မခင်မေကား အဘယ့်ကြောင့် ဟူ၍မသိ “ဘိုင်စကုတ်”ဟူသော စကားကို ကြားလိုက်ရသည် တိုင်အောင် တစ်စုံတစ်ရာ လှုပ်လှုပ်ရွရွ နှင့် ၀မ်းသာအယ်လဲ မဖြစ်လာသည့်ပြင်-
“နေစမ်းပါဦး ကိုကျင်မောင်၊ ရှင် တစ်နေ့ တစ်နေ့ ကားမောင်းလို့ ရတဲ့ ငွေနဲ့ပဲ မစားလောက် နိုင်အောင် ကျပ်တည်း နေတာကို သိရက်သားနဲ့ အပိုသုံး စကား ပြောနေတာများ အံ့ပါရဲ့ရှင်။ နည်းနည်းပါးပါး ငွေပိုငွေလျှံ ကလေး ရလာရင် သုံးဖို့ ဖြုန်းဖို့လောက် စိတ်ကူး နေတော့တာကိုး”


ရှေ့နောက်ဆင်ခြင်၍ အမြော်အမြင် ကြီးလှသော ဇနီးသည် မခင်မေ၏ စကားကို သဘောကျ သွား၍လား မသိ၊ ကိုကျင်မောင်မှာ ဆေးပေါ့လိပ် မီးခိုးများဖြင့် လုံးကာ ခပ်ပြုံးပြုံး လှမ်းကြည့်လိုက်ပြီးမှ-
“ဒီနေ့ ငါ အတော်ကလေး ဟန်ကျ လာတယ်ဟေ့ မခင်မေရဲ့။ ကားမောင်းတာလည်း ၀င်ငွေ ၁၀၀ ကျော်လို့ ငါ့အတွက် ၁၄ ကျပ်တောင် ရတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၆ လလောက်က ငါ့သူငယ်ချင်း ဒရိုင်ဘာ တစ်ယောက် အဖမ်း ခံရလို့ ကားရှင်ဆီက ချေးပေးလိုက်တဲ့ ငွေတစ်ဆယ်လည်း မမျှော်လင့်ဘဲနဲ့ ပြန်ရလို့ ဒီနေ့ ငွေ ၂၀ ကျော် ပွလာ ခဲ့တယ်လေ။ ဒါကြောင့်မို့ ၅ ကျပ်လောက်တော့ ကုန်ချင် ကုန်ပစေ ဆိုပြီး ပြောတာပေါ့ ကွ။ ကဲ- ဘယ့်နှယ်လဲ၊ ည ၉ နာရီပွဲ သွားရအောင်နော်”


ယင်းသည့် အချိန်တိုင်အောင် မခင်မေကား သဘောတူ လက်ခံမည့် လက္ခဏာမျိုး ပေါ်မလာ သေးဘဲ ကိုကျင်မောင့် ကိုပင်လျှင် မျက်စောင်း တခဲခဲဖြင့် မဲ့ကာရွဲ့ကာ ကြည့်နေလေ၏။
“ဘယ်မလဲ အဲဒီငွေ ၂၄ ကျပ်၊ ပေး”


မခင်မေသည် ပြောပြောဆိုဆိုပင် ကိုကျင်မောင့် ရှပ်အင်္ကျီ အိတ်ကို လှမ်းနှိုက်ပြီး လက်ထဲတွင် ပါလာ သမျှသော ၅ ကျပ်တန်၊ ၁၀ တန်နှင့် တစ်ကျပ်တန် အပြင် အကြွေများ ကိုပါ ဖျာပေါ်သို့ ချ၍ ရေတွက် နေရာမှ-
“ရှုပ်တယ် ဘာစကုတ်မှ မကြည့်ဘူး။ အလကား အလုပ်ပိုတွေ၊ ပြုံးစိစိ လုပ်မနေနဲ့ တကယ် ပြောနေတာ သိလား။ ဘာလဲ တစ်ဆိတ်ရှိ ဘိုင်စကုတ်၊ ပြဇာတ်။ ကိုယ့်အင် ကိုယ့်အား ကိုတော့ ကိုယ်မစဉ်းစားဘူး။ ရှင်သုံးလေးရက် နေထိုင်မကောင်း ဖြစ်နေတော့ ဘယ်က ပိုက်ဆံနဲ့ စားမလဲ။ ကျွန်မကလည်း အရင်လို စက်သွား ချုပ်နိုင်တာ မဟုတ်တော့ဘူး”


မခင်မေတို့ ရောက်နေရသော အဆင့် အတန်းနှင့် မခင်မေ ပါးစပ်မှ ထွက်လာသော စကားများမှာ မယုံကြည်နိုင်လောက်အောင်ပင် တစ်နည်းအားဖြင့် အထက်တန်းစား အခေါ်ခံ အိမ်ရှင်မများ ထက်ပင် အဆင့်အတန်း မြင့်နေတော့လျက် တစ်ဖက်မှ ပြုံးစိစိနှင့် နားထောင်နေသူ ကိုကျင်မောင်အား ကြည့်ရာမှာလည်း မယား အလိမ္မာ ကလေး၏ စကားသည် ရာခိုင်နှုန်းပြည့် မှန်ကန်၍ နည်းလမ်းကျ နေသောကြောင့် တစ်စုံတစ်ရာ စောဒက မတက်ဝံ့သလို အမူအရာမျိုး ဖြစ်နေလေရာ နားလည်မှု မရှိကြသော ရွှေပုံပေါ် စံနေသည့် အိမ်ထောင်ထက် အတိုင်အဖောက် ညီလှသော တဲအိုပျက်မှ သူတို့ အိမ်ထောင်ကပင် အဆပေါင်း များစွာ သာယာ နေတော့လေ၏။


“ပြီးတော့၊ ဒီမှာ ဒီမှာ နောက်နှစ်လ ဆိုရင် လာတော့မယ်။ နောက်ထပ်တစ်ယောက်၊ ကုန်ဦးမယ်။ မီးနေစရိတ်၊ ၀မ်းဆွဲခ၊ ဒါတွေကို ရှင် ဘာမှ ထည့်မစဉ်းစားဘူး”


မခင်မေသည် ခါးကလေး ကော့၍ လက်ညှိုးငေါက် ငေါက်ထိုးပြရင်း ပြောလိုက်သောကြောင့် ကိုကျင်မောင်မှာ မခင်မေ ပြောပုံ ဆိုပုံနှင့် မျက်နှာပေး အမူအရာကိုပါ သဘော ကျသွား၍လား မသိ၊ ပြုံးပြုံးကြီး စိုက်ကြည့် နေရာမှ ဟက်ဟက်ပက်ပက် ရယ်ပစ် လိုက်လေ၏။


“ကဲ- တော်တော့ မခင်မေ။ ငါက သိပ်ကြည့်ချင်လွန်းလို့ ပြောနေတာ မဟုတ်ဘူး။ မင်းပဲကြည့်ချင် ကြည့်ပါ စေတော့လို့”


“ရှင့် စေတနာကို ကျွန်မ သိတယ်လေ။ ကျွန်မလည်း မိန်းမပဲ၊ မိန်းမဆိုတာ ပွဲလမ်းသဘင် ဆိုရင် ရှေ့ဆုံးက သွားချင်သပေါ့။ ဒါပေမဲ့လည်း ရှေ့ရေးနောက်ရေး တွေးရသေးတယ်။ ၀င်ငွေနဲ့ ထွက်ငွေမျှဖို့၊ နာမကျန်း ဖြစ်တဲ့အခါ သုံးဖို့၊ မတ်တတ်စာ တုံးလုံးစာ။ ဒါတွေ ဒါတွေအတွက် စိတ်ချလို့ ပိုပိုလျှံလျှံ ရှိရင်တော့ ဘာဖြစ်သလဲ။ ကြည့်မယ်လေ။ ဘိုင်စကုတ်က အပြန် ပလာတာ ၀င်စားဦး ဘာအရေးလဲ။ ခုတော့ ရှင်တစ်နေ့ တစ်နေ့ ရတဲ့ငွေနဲ့ ကုန်တာနဲ့ဟာ ပွတ်ခါသီခါ ကလေး ရှိနေရတဲ့  အထဲ “ဒီနေ့ ငါ့ကို ပုလိပ်ဖမ်း တယ်ဟေ့၊ ဘတ်စ်ကားချင်း ကျော်တက်လို့” အဲသလိုများ ကြားလိုက်ရင် ကျွန်မဖြင့် ခေါင်းကို ကြီးသွားတာပဲ။ အင်း- ဒဏ်ငွေ ၁၀ိ လား၊ ၁၅ိ လားဆိုပြီး”


“ဒါတွေကြောင့် မင့်ကို ငါချစ်တာ”


ကိုကျင်မောင်သည် ပြောပြော ဆိုဆိုပင် လက်တစ်ဖက် လှုပ်ရှားသွားကာ ဘာ ဘယ်လို ပြုမူလိုက်သည် မသိ၊ မခင်မေလည်း ကိုယ်ကလေး နောက်သို့ ယိုင်သွားရာမှ လက်နှစ်ဖက်ကို ရင်ညွန့်ပေါ်တွင် ကြက်ခြေခတ် ယှက်လိုက်ရာမှ-
“အိုး- ကလေးရှေ့မှာ ဒီလို မလုပ်ပါနဲ့ လို့ဆို”




မိုးသားတိမ်တိုက် ကင်းကင်းနှင့် ဖွေးဖွေးဖြူဖြူ လင်းနေသော လရောင်အောက်ဝယ် ကိုကျင်မောင်နှင့် မခင်မေတို့သည် တဲရှေ့ မှောက်ထားသော ရေတိုင်ကီပျက် တစ်ခုပေါ်တွင် အေးအေး လူလူထိုင်ရင်း ထိုထိုဤဤ အလီလီသော စကားများကို ပြောဆိုကြည်နူး နေကြ၏။


“သြော်- ဒါနဲ့ ကိုကျင်မောင်၊ ဟိုတစ်လောက ကျွန်မတို့ ပေါင်ထားတဲ့ လုံချည်ဟာလေ သန်ဘက်ခါ ဆိုရင် ဆုံးတော့ မှာမို့ ကျွန်မ စုထားတဲ့ ပိုက်ဆံကလေးနဲ့ သွားရွေးလိုက်တယ်”


ကိုကျင်မောင်မှာ စစ်မဖြစ်မီ ခေတ်က မြူနီစီပယ် အမှိုက် လော်ရီ မောင်းခြင်းဖြင့် အသက်မွေး ခဲ့သူ ဖြစ်သော်လည်း စစ်ပြီးခေတ်တွင် ရန်ကုန်အရောက် အတော်ကလေး နောက်ကျခဲ့သည် ဖြစ်သောကြောင့် မြူနီစီပယ်တွင် အလုပ်မရ တော့ဘဲ ဘတ်စ်ကား မောင်းနေ ရတော့၏။


အမှန်အားဖြင့် ကိုကျင်မောင်သည် ခရီးသည်တင် ဘတ်စ်ကားကို မမောင်းလိုပေ၊ အလွန့်လွန်လည်း ပင်ပန်းလှသည်။ တစ်လတစ်လ စာရင်း တွက်ကြည့်လျှင် ရသောငွေ လေးပုံ တစ်ပုံခန့်မှာ ပုလိပ်အဖမ်း ခံရသည် နှင့်ပင် ကုန်နေတော့၏။ အခြားသော ကိုယ်ပိုင်ကား မောင်းရန် အလုပ်ကလည်း ရုတ်တရက် မရနိုင်သည်နှင့် ဘတ်စ်ကား ကိုသာ စိတ်မပါဘဲ မောင်းနေရ ရှာ၏။ ကိုကျင်မောင့် ၀င်ငွေမှာ အမှန်မရှိ၊ တစ်နေ့ လုံးမောင်း၍ ရသော ၀င်ငွေအပေါ် ငွေ ၁၀၀ လျှင် ကော်မရှင် ၁၂ ပဲရ၏။ သို့သော် ၁၀၀ပြည့်အောင် ရသည့်နေ့ ဟူ၍ကား တစ်လလျှင် တစ်နေ့ပင် မရှိ။ ကံစွပ်သော နေ့တွင်မှ ၇၀၊ ၈၀ အလွန်ဆုံး ရတော့၏။


နေ့စဉ် ပျမ်းမျှကြေးကား တစ်နေ့လျှင် ၅၀ ခန့်သာဖြစ် ရာ ကိုကျင်မောင့်အတွက် ၁၀ိ လျှင် ၁ိ ၄ ပဲနှုန်း အတိုင်းတွက် သော် ၆ ကျပ် ၄ ပဲရ၏။ သို့သော် ထိုငွေကား နေ့စဉ်ရသော ပုံသေ၀င်ငွေ မဟုတ်သေး။ ကားပျက်သောနေ့၊ ဘီး ပေါက်သော နေ့များတွင် တစ်ခါတစ်ရံ နှစ်ကျပ်ခွဲလောက်နှင့် အိမ်ပြန် ရသောကြောင့် ကိုကျင်မောင်တို့မှာ ချောင်ချောင်လည်လည် ဟူ၍ပင် မရှိခဲ့ရှာပေ။


သို့သော် မခင်မေ၏ အမြော် အမြင်ရှိမှု၊ လိမ္မာမှု တို့ကြောင့် သူတို့ ဇနီးမောင်နှံမှာ ထမင်းနပ်ကျော် စားရသည် အထိ တစ်ခါမျှ ကသီလင်တ မဖြစ်ခဲ့ ရုံသာမက လွန်ခဲ့သော သုံးလလောက်က ကိုကျင်မောင် မမာ၍ ပေါင်ခဲ့ရသော လုံချည်ကိုပင် မခင်မေသည် ခြစ်ခြစ်ခြုတ်ခြုတ် စုထားခဲ့သော ငွေကလေးဖြင့် ရွေးနိုင် ခဲ့လေရာ အကယ်၍ ကိုကျင်မောင်သည် ဒရိုင်တာ မဟုတ်ဘဲ ကုန်သည် တစ်ယောက် ဖြစ်ပါက မည်မျှလောက် ကောင်းလေ မည်နည်း။


“ဒါနဲ့ ကိုကျင်မောင်၊ သူများတွေ ပြောတဲ့အတိုင်း တစ်ကျပ် ၁ ပဲတိုး ၇ိ ဆိုတော့ ၅ မူးပဲတင်း သုံးလ တွက် ကြည့်စမ်း၊ အတိုးက တစ်ကျပ်နဲ့ ငါးပဲကျတယ် မဟုတ်လား။ ပေါင်တဲ့ငွေက ၇ ကျပ်၊ အတိုးက တစ်ကျပ်ငါးပဲ၊ ပေါင်းလိုက်တော့ ရှစ်ကျပ်နဲ့ ငါးပဲ။ အဲဒါ တရုတ်က ရှစ်ကျပ်ခွဲ ပြောလို့ ကျွန်မက ဘယ်ဟုတ် ရမှာလဲ ရှစ်ကျပ် ငါးပဲပါလို့ ပြောတာ “မရဘူး။ နားမလည်ဘဲနဲ့ သိပ်စကားများတယ် မရွေးချင်စွား” ဆိုပြီး တရုတ်က လက်မှတ် လွှင့်ပစ်တာနဲ့ သူတောင်း သလောက်ပဲ ပေးခဲ့ရတယ်။ အဲဒါ ဘယ်လိုလဲ ကိုကျင်မောင်၊ ကျွန်မတော့ ရှင်းကို မရှင်းဘူး”


“ငါလည်း ဘယ်ပြောတတ် မလဲကွာ။ ငါတို့လို ကျောမွဲတွေကတော့ ဘယ်သူ ဘာလုပ်လုပ် ငုံ့ခံရတာပဲ။ ငါလည်း ဒီလိုပေါ့။ ပုလိပ် ဖမ်းခံရလို့ ရုံးရောက်တယ် ဆိုရင် ဒဏ်ငွေ ၁၀ ဆိုလည်း ပေးလိုက် ရတာပဲ။ ၁၅ ကျပ်ဆိုလည်း ပေးလိုက် ရတာပဲ၊ ဘာမှ ထပ်မပြော ၀ံ့ဘူး။ ထပ်ပြောရင် လျှာရှည်တယ် ဆိုပြီး ...ခက်ပါတယ်ကွာ၊ ဥပဒေတွေ ဘာတွေ တို့က နားမလည်”


ကိုကျင်မောင့် စကား မဆုံးမီပင် ၁၀ နှစ်သား အရွယ်ခန့် လူငယ်တစ်ယောက် ပေါက်လာပြီး “မေမေကြီးက ခဏတဲ့” ဟု မခင်မေအား ပြော၍ လှည့်ထွက် သွားသည်တွင် မခင်မေလည်း ရုတ်တရက် ထိုင်ရာမှ ထလိုက်ကာ-
“ကဲ- ကိုကျင်မောင်၊ ဒေါ်ဒေါ်တင့်တို့ အိမ်က ခေါ်နေတယ်။ သွားလိုက် ဦးမယ်နော်၊ ဘာကိစ္စလဲ မသိဘူး။ ကလေးလည်း ကြည့်ထားဦးနော်”


မခင်မေလည်း ကိုကျင်မောင့် ဘေးတွင် အိပ်နေသော အမာ ကလေးအား တိုင်ကီ အလယ်သို့ တိုးရွှေ့ရင်း ပြောပြောဆိုဆို လှမ်းထွက် သွားလေ၏။ မကြာမီပင် မခင်မေလည်း တဲတစ်ဖက်ရှိ နှစ်ထပ်တိုက် ပေါ်မှ ဆင်းလာကာ ကိုကျင်မောင့် အနီးသို့ ရောက်သည်နှင့်-
“ပွတာပဲ ကိုကျင်မောင်၊ ဟောဒီမှာ ဘိုင်စကုတ် လက်မှတ် သုံးယောက် အတွက်တဲ့။ ဒေါ်ဒေါ်တင့်က ပေးလိုက်တယ်”


မခင်မေသည် စာရွက်ခေါက်ကလေးကို ဖြန့်ပြရင်း ၀မ်းသာအားရ ပြောနေသောကြောင့်-
“ဘာဇာတ်ထုပ်တဲ့လဲ မခင်မေ”
“ဂုဏ်ရေ မတူတဲ့။ ခုန ရှင်ကြည့်ချင်တယ် ဆိုတဲ့ ဘိုင်စကုတ်ပေါ့။ ဒေါ်ဒေါ်တို့က ပြပြချင်း သွားကြည့်ကြတယ်။ ဒီလက်မှတ်က ခုမှရတော့ အပို ဖြစ်နေတာပေါ့။ နက်ဖြန် နောက်ဆုံးနေ့တဲ့။ အဲဒါ ဖတ်စစ် ကလပ်က ကြည့်ရမယ်လို့ လည်း ပြောလိုက်တယ်၊ ဇိမ်ပဲ”


“ကဲ- ဒါဖြင့် ငါ့သမီးကိုနှိုး၊ အ၀တ်အစားလဲ၊ ပေါင်ဒါလေး ဘာလေး ရိုက်ပေးလိုက်ကွာ၊ သွားကြရအောင်“


မခင်မေသည် တစ်စုံတစ်ရာ စကား ပြန်မပြော သေးဘဲ ရုတ်တရက် တွေ၍ စဉ်းစား နေပြီးမှ-
“ဒီမှာ ကိုကျင်မောင်၊ ခု လက်မှတ်က သုံးယောက် ကြည့်နိုင်တယ် ဆိုတော့ တစ်ယောက် လိုနေသေးတာပေါ့နော်”


“အိုကွာ တို့နှစ်ယောက်တည်း ရှိတာ နှစ်ယောက်တည်းပဲ ကြည့်ကြတာပေါ့။ ကဲပါ- မင်းအ၀တ် အစားလေး ဘာလေး လဲချေတော့”


“ခုမှ ၇ နာရီခွဲ၊ အစောကြီး ရှိပါသေးတယ်။ သြော်- ဒါနဲ့ တစ်ယောက်စာ ပိုနေသေးတော့ အလကား ဖြစ်သွားမှာ၊ နှမြောစရာ ကိုကျင်မောင်ရယ်၊ အနှိပ်သည် ဒေါ်ခွေးမကြီး ခေါ်သွားရရင် မကောင်းဘူး လားဟင်”


“အေးလေ၊ မင့်သဘောပဲ ခေါ်ချင်ခေါ်ပေါ့”


နာရီဝက် ကြာသောအခါ ပခုံး တစ်ဖက်တွင် ရိနေသော ပဒုမ္မာ ဒိုဘီချ ခေါက်ရိုး ထိုးထိုးထောင်ထောင်နှင့် သနပ်ခါး ဘဲကျား လိမ်းထားသော အနှိပ်သည် ဒေါ်ခွေးမ ရောက်လာသည်နှင့်-
“လာ ဒေါ်ခွေးမ၊ အို- ဒြီ့ပင်လုံချည် မရှိတော့ဘူးလား။ ခု ကြည့်ရမှာက ဖတ်စစ် ကလပ်က ဒေါ်ခွေးမရဲ့၊ ဒီလုံချည် အကွက် မပေါ်တာ ကြီးနဲ့ မဖြစ်သေးပါဘူး။ ကဲ- ကဲ ကျွန်မ လုံချည်ပဲ ခဏယူဝတ် ရော့ရော့”


မခင်မေသည် ထဘီ ရင်ရှားနှင့် သနပ်ခါး လိမ်းနေရာမှ ဤသို့ပြောရင်း လုံချည်တစ်ထည် ထုတ်ပေး လိုက်လေ၏။
“ကဲ- ကိုကျင်မောင်ကော လုပ်တော့လေ၊ လုံချည်မလဲ တော့ဘူးလား”


“တော်ရောပေါ့ကွာ၊ ခါတိုင်းလည်း ဒီလို သွားနေကျပဲဟာ”


“တယ်ခက်တာကိုး၊ ခု ကြည့်ရမှာက ခါတိုင်းလို တစ်ကျပ် သုံးမူးတန်း မဟုတ်ဘူးရှင့်၊ ဖတ်စစ်ကလပ် သိရဲ့လား၊ ကဲပါ- ဟို ပိုးလုံချည် ယူဝတ်တော်မူပါ”


အချိန်မှာ ၈ နာရီ သာသာခန့် ရှိသေးသောကြောင့် ကိုကျင် မောင်တို့လည်း “ဖြည်းဖြည်းပဲ လျှောက်သွား ကြတာပေါ့” ဟူသည့် မခင်မေ၏ အစီအမံ အတိုင်းပင် ၈၉ လမ်းမှ ထွက်၍ ဘီအေအေ ဘောလုံးကွင်း ဘေးမှ လျှောက်လာကြကာ မီးရထားကုန်းကို ဖြတ်ဆင်းခဲ့ကြလေ၏။


ဗိုလ်ချုပ်လမ်းသို့ ရောက်၍ တောင်ဘက် ပလက်ဖောင်းသို့ ဖြတ်ကူးကာ အရှေ့မှအနောက်သို့ တဖြည်းဖြည်း လျှောက်လာ ခဲ့ကြသည်၌ ကိုကျင်မောင်မှာ ကလေး တစ်ယောက်လုံး ချီထား ရသည်ပင် ဖြစ်သော်လည်း ယောက်ျားတို့ သဘာဝအတိုင်း ခပ်သွက်သွက် လှမ်းသွားသောကြောင့် ခြေလွတ်လက်လွတ် ဖြစ်သော မခင်မေတို့မှာ ဆယ့်လေး ငါးပေခန့် နောက်တွင် ကျန်ခဲ့ကြလေ၏။


“ကိုကျင်မောင် နေဦး ခဏ”


မိမိရှေ့ ဆယ်ပေခန့် ရောက်နေသော ကိုကျင်မောင်အား မခင်မေသည် ဤသို့ လှမ်းပြော လိုက်သဖြင့် ကိုကျင်မောင်လည်း ရုတ်တရက် ရပ်လိုက်၏။ မခင်မေသည် ကိုကျင်မောင့် အနီးသို့ ရောက်သည်နှင့် ခြေဖျားဆီသို့ ငုံ့ကြည့်လိုက်ပြီးမှ-


“ဖိနပ်တစ်ရန် လောက်တော့ ၀ယ်မှပဲ ထင်တယ် ကိုကျင်မောင်၊ ကြည့်ရမှာက ဖတ်စစ်ကလပ် ဆိုတော့ ရှင့်ခုံဖိနပ် ကြီးနဲ့ မနိပ်သေး ပါဘူးရှင်၊ ကဲ-လာ၊ အချိန်လည်း စောပါသေးတယ်။ ညဈေးတန်းဘက် လျှောက်ပြီး လေယာဉ်ပျံ ဖိနပ် တစ်ရန်လောက်တော့ ၀ယ်ကြဦးစို့”


ချက်ရေးပြုတ်ရေး၊ ၀တ်ရေး စားရေးပါ မကျန် အစစအရာရာ စိတ်ချ အားကိုးရသည် သာမက အပိုသုံး အပိုဖြုန်း ဆိုလျှင် မီးခြစ် တစ်လုံးသော်မျှ အရမ်း ၀ယ်လေ့ဝယ်ထ မရှိသော မယားလိမ္မာ ကလေး ဖြစ်သည့်အတိုင်း ကိုကျင်မောင်သည် သို့ပြောလိုက်သော မခင်မေ၏ စကားကို တစ်စုံတစ်ရာ စောဒက မတက်တော့ဘဲ ညဈေးတန်း ဘက်သို့ ခပ်သွက်သွက် လှမ်းခဲ့လေ၏။


နက်ပြာရောင် သည်းကြိုးဖြင့် ရိုးရိုးကလေး ယဉ်သော လေယာဉ်ပျံ ဖိနပ် တစ်ရန်သည်ကား ကိုကျင်မောင့် ခြေတွင် စွပ်ပြီး စီးပြီးသား ဖြစ်နေလေပြီ။ မခင်မေလည်း ကိုကျင်မောင်၏ ဖြူသောခြေဖမိုး များဖြင့် ပနံရနေသော လေယာဉ်ပျံ ဖိနပ်ကို ကြည့်ကာ အတော်ကလေး ကြည်နူးနေ၏။ ထိုမည်သော လေးကျပ် တစ်မတ်တိတိ ပေးရသည့် လေယာဉ်ပျံ ဖိနပ်ကို ကိုကျင်မောင် စီးထားသည်မှာ ခြေတွင်ဖြစ်သော်လည်း မခင်မေ၏ မျက်လုံးထဲ၌မူ သူ့ငယ်ချစ်လင် ကိုကျင်မောင်၏ “ရုပ်ရည်” မှာ ပို၍ချောလာ လှလာသည်ဟု အထင်ရောက်မိ ရှာ၏။ ချက်ချင်းပင် မခင်မေသည် ငွေလေးကျပ် တစ်မတ်တိတိ ဆိုင်ရှင်ကို ထုတ်ပေးလိုက်၏။ ထိုအချိန်၌ ကိုကျင်မောင်သည် ဖိနပ် ဆိုင်ရှင် ဗမာမူစလင် ၀၀ကြီးထံမှ စက္ကူ တစ်ရွက်တောင်းကာ စီးလာသော ခုံဖိနပ်ကို ကျကျနန ထုပ်လျက်ရှိလေရာ-
“ဒါက ဘာလုပ်တာလဲ ကိုကျင်မောင်”


သေသေချာချာ ဆောင့်ကြောင့်ထိုင်၍ ခုံဖိနပ် နှစ်ဖက်ကို ဘယ်ပြန်ညာပြန် ထပ်ပြီး စက္ကူဖြင့် ကျကျနန ထုပ်နေသော ကိုကျင်မောင်အား မခင်မေသည် သမင်လည်ပြန် ငုံ့ကြည့်ရင်း ဤသို့ မေးလိုက်လေ၏။
ကိုကျင်မောင်သည် မော့ရုံသာ မော့ကြည့်လျက် တစ်စုံတစ်ရာ ဘာမျှ ပြန်မဖြေ သေးသောကြောင့်-
“ဘာလဲ၊ ဘိုင်စကုတ် သွားမှာ ဒီဖိနပ်ကြီး တကိုင်ကိုင်နဲ့ ယူလာဦး မလို့လား၊ ဖတ်စစ်ကလပ်ထဲ ဒါကြီး ကိုင်ဝင်လို့ တော်၊ မတော်လည်း စဉ်းစားပါဦးရှင့်၊ ဒီ ခုံဖိနပ်ကြီးကို”


ပြောပြော ဆိုဆိုပင် မခင်မေသည် ဆောင့်ကြောင့်ထိုင်နေ သော ကိုကျင်မောင်၏ လက်မောင်းကို ဆွဲထူလိုက်လေ၏။
ကိုကျင်မောင်လည်း ချက်ချင်း ထရပ်တဲ့ကာ မခင်မေ၏ ခြေဖျားဆီသို့ မသိမသာ မျက်လုံးရောက်သွားပြီး-
“ဟေ့ မခင်မေ၊ ငါ့ဖို့တော့ ဖိနပ်ဝယ်ပြီး မင်းကတော့ ဒီခုံဖိနပ်နဲ့ ပြီးကောလား၊ ၀ယ်လေ။ မင်းလည်း တစ်ရန်ဝယ် မှပေါ့ကွ၊ ဖတ်စစ် ကလပ်က ကြည့်ရမယ့် ဥစ္စာ”


ဤတွင်မှ မခင်မေသည် သတိရ လာတော့၏။ သူ့ခြေဖျား ကလေးကို ရုတ်တရက် ငုံ့ကြည့်လိုက်၏။ မော်တော်ကား တာယာ အတွင်းသားကို လွှာ၍ သည်းကြိုးတပ်ထားသော ခုံဖိနပ်ကလေးကို စိတ်ပျက်စွာ တွေ့ရလေ၏။ ကိုကျင်မောင်၏ ခုံဖိနပ်နှင့်စာလျှင် မခင်မေ စီးထားသော ခုံဖိနပ်က ပို၍ ဟောင်းနေ၏။ ဖနောင့်ပိုင်းမှာ ပွန်းနိမ့်နေရုံ သာမကဘဲ လက်တစ်လုံး ခန့်ပင် ပြတ်နေလေပြီ။


“ကဲ- သုံးကျပ်ခွဲပဲ ထားပါတော့ရှင်၊ နှစ်ရန်တောင် ယူတာပဲ ဥစ္စာ၊ တခြားဆိုင်လည်း မသွားချင် တော့ဘူး။ ကဲ- ရော့၊ တစ်ကျပ်ခွဲ ပြန်အမ်း”


“ဗတ်လပ်- ဗတ်လပ်”ဟု အော်ဟစ် ရောင်းလေ့ရှိသော ဆိုင်ရှင် ၀၀ဖိုင့်ဖိုင့်ကြီးအား ငါးကျပ်တန် တစ်ရွက် ထုတ်ပေး လိုက်လေ၏။
မခင်မေတို့လည်း ဖိနပ် ကိစ္စပြီးသည်နှင့် သမီးဆီသို့ မျက်လုံး ရောက်သွားပြန်၏။ အမာကလေး ၀တ်ထားသော ဂါဝန်မကျ၊ ဗမာ အက်ႌမက် စေကာစက အက်ႌကို မခင်မေသည် အားမလို အားမရ ဖြစ်လာ၏။ ဖတ်စ်ကလပ်တွင် ကြည့်ရမည် ဖြစ်သောကြောင့် သပ်သပ် ရပ်ရပ်နှင့် သစ်သစ်လွင်လွင် အင်္ကျီကလေး ၀တ်ပေးသင့်သည် မဟုတ်ပါလော။ သို့နှင့် မခင်မေသည် အနီးရှိ အင်္ကျီဆိုင်မှ အသင့်ချုပ်ပြီး ခေတ်မီအင်္ကျီ တစ်ထည်ကို လေးကျပ်ဖြင့် ၀ယ်၍ အမာအား ၀တ်ပေးလိုက်၏။ ထို့နောက် ၃၂ လမ်းထဲမှဖြတ်၍ ရွိုင်ရယ်ရုံဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့ ကြကာ ရုံရှေ့သို့ရောက်သည်နှင့် မခင်မေသည် ကိုကျင်မောင်အား တစ်စုံတစ်ရာ အကူအညီ လိုသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်၏။


“အဲဒါမှ ခွပဲ ကိုကျင်မောင်၊ ဖတ်စစ်ကလပ်ကို ဘယ် အပေါက်က ၀င်ရမှန်းလဲ မသိဘူး”
မခင်မေသည် ကိုကျင်မောင့် အနီးသို့ ကပ်၍ လေသံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်တွင်-
“လက်မှတ်ကော ဘယ်မလဲ၊ ပေးစမ်း”


မခင်မေသည် ဘော်လီအိတ်ထဲမှ သတင်းစာစက္ကူ စုတ်တစ်ခုဖြင့် ကျကျနန လျက်ဆားထုပ်သလို ထုပ်ထားသော ရုပ်ရှင်လက်မှတ်ကို ထုတ်ပေးရင်း-
“ဒါ ဘယ်လို လုပ်မလို့လဲ ကိုကျင်မောင်”


“ဒီလက်မှတ်ပြပြီး ဘယ်အပေါက်ဝင်ရမလဲဆိုတာ မေးရ မှာပေါ့ကွ


ကိုကျင်မောင်သည် လက်မှတ်ကို ဆတ်ခနဲ ဆွဲယူရင်း ပြောလိုက်သဖြင့်-
“အို- ရှက်စရာကြီး ကိုကျင်မောင်ရယ်၊ ကျွန်မတို့ကို ဖတ်စစ်ကလပ်က မကြည့်ဖူးတဲ့ ဟာတွေလို့ ထင်နေ...”


“ကွာ- မင်းကလည်း ကြည့်မှ မကြည့်ဖူးတာ၊ ထင်ထင်ပေါ့၊ နို့ မမေးဘဲကော သိမှာတဲ့လား”


ကိုကျင်မောင်လည်း ချာခနဲ လှည့်ထွက်သွားကာ ရုပ်ရှင်ရုံ အလယ်ပေါက် လက်ဝဲဘက် ထောင့်ရှိ လက်မှတ်ရုံ ကလေး ရှေ့တွင် အသစ် စက်စက်ဖြစ်သော ကင်မရာကို ပခုံးတွင်လွယ် ၍ရပ်နေသူ ပိန်ပိန်ညိုညို လူတစ်ယောက်အား လက်မှတ်ကို ပြကာ စုံစမ်းမေးမြန်းသည်တွင် ထိုလူသည် သူ့အသားနှင့် မလိုက်အောင် ဖွေးနေသောသွားများ ပေါ်လာသည် အထိ ပြုံး ပြရင်း လက်ဝဲဘက်ရှိ Dress Circle ဟူသော စာတန်းကလေး ချိတ်ထားသည့် တံခါးပေါက်ကို လက်ညှိုးညွှန် ပြလိုက်လေ၏။


Dress Circle မှာ မခင်မေထင် သကဲ့သို့ ဖတ်စစ်ကလပ် (ပထမတန်း) မဟုတ်၊ ယခုခေတ် အလိုအားဖြင့် ပထမတန်းထက် အဆင့်အတန်း ပိုမြင့်သော အထူးတန်း ဖြစ်၏။ ယင်းသည့်အကြောင်း မှန်ကိုသာ မခင်မေသိက မည်မျှ ၀မ်းသာရှာ လေမည်နည်း။


“ကဲ- လာ မခင်မေ၊ ဟိုဟာပဲ ဖတ်စစ်ကလပ် အပေါက်”
ကိုကျင်မောင်က ဤသို့ ပြောပြောခေါ်ခေါ် ခေါ်နေသော် လည်း မခင်မေသည် ရုတ်တရက် လှုပ်ရှားခြင်း မပြုသေးဘဲ ကိုကျင်မောင် မေးမြန်းလာသည့် ရုံပေါက်တွင် ရပ်နေသူ လူညိုညိုအား မသိမသာ လှမ်းကြည့်နေလေ၏။


ကိုကျင်မောင့် စုံစမ်းချက် အရ ဖတ်စစ် ကလပ်အပေါက်ကို ညွှန်ပြလိုက်သော ထိုလူညိုညို၏ မျက်လုံးများမှာ မခင်မေ တို့အား ကြည့်ရှု အကဲခတ် သလို ဖြစ်နေသောကြောင့် မခင်မေသည် စောစောက မိမိ ထင်သည့် အတိုင်းပင်-
“ဖတ်စစ် ကလပ်က တစ်ခါမှ မကြည့်ဖူးတဲ့ ဟာတွေ ထင်ပါရဲ့”


ဤသို့သော အထင်သေးမှုဖြင့် ထိုလူသည် မိမိတို့အား ကြည့်ခြင်းသာ ဖြစ်ရမည်ဟုတွေးကာ မခင်မေလည်း အတော် ကလေးရှက် သွားသည်နှင့် အနီးရှိ ချိုချဉ်ဆိုင်ဘက်သို့ လှည့်ပစ် လိုက်လေ၏။ အမှန်အားဖြင့် ဆိုသော် ထိုလူကား မခင်မေတို့အား ကြည့်နေခြင်းလည်း မဟုတ်၊ အထင်သေးနေခြင်းလည်း လုံးလုံးမဟုတ်။ သူရပ်နေသည်မှာ ရုပ်ရှင်ရုံမျက်နှာစာ ဘက်သို့ မျက်နှာမူ၍ ရပ်နေသည်သာ ဖြစ်သည်တွင် ကိုယ့်စိတ်ကိုယ် မလုံဖြစ်နေသူ မခင်မေသာလျှင် အကြောင်းမဲ့ ချောက်ချား နေခြင်းဖြစ်လေ၏။


“ရှင့်နှယ်ရှင်၊ မေးမယ့်မေးလည်း တခြားလူ မေးရောပေါ့တဲ့”


ချိုချဉ်ဆိုင်မှ ဖိုခုံလောက်ဆိုင် ပြူးထုပ်ထားသော ကြဇုသီး ထုပ်ဝယ်ရင်း မခင်မေက ကိုကျင်မောင်အား လှမ်းပြောလိုက် သည်တွင်-
“နို့- ဒီလူက တခြားလူ မဟုတ်လို့ ဆွေမျိုးလားကွ”


“ဒါကိုပြောတာ မဟုတ်ဘူး ကိုကျင်မောင်ရဲ့၊ ခု ရှင် သွားမေးတဲ့လူကို ရှင် မသိဘူးလား”


“ငါ ဘယ်သိမှာလဲ၊ သတင်းထောက်နဲ့တော့ တူတာပဲ။ ဓာတ်ပုံရိုက်တဲ့ ကင်မရာလည်း လွယ်ထားတယ်”


“မဟုတ်ဘူးရှင့်၊ ဒါရိုက်တာ သုခဆိုတာ သူပေါ့။ ဟို ချစ်မုန်းမာန် ဇာတ်ကားထဲပါတာ ရှင် မမှတ်မိ ဘူးလား”


“ဟေ- ဟုတ်လား။ ငါ့ဖြင့် သေသေချာချာတောင် မကြည့်မိ ပါဘူးကွာ”
ကိုကျင်မောင်သည် စကားကိုဖြတ်၍ ဆတ်ခနဲ လှည့်ကြည့်လိုက်၏။ သို့သော် ဒါရိုက်တာ သုခကား ထိုနေရာတွင် မရှိတော့ပေ။
ဤတွင်မှ မခင်မေလည်း ကိုကျင်မောင်ကို လက်တို့ကာ “လာ ၀င်ကြစို့”ဟု ပြောပြောဆိုဆို ရှေ့မှ လျှောက်သွားသောကြောင့် ကိုကျင်မောင်လည်း နောက်မှ လိုက်သွားကာ စောစောက ဒါရိုက်တာ သုခ လက်ညှိုးညွှန်ပြ သွားသော အခန်း ၀ရှိ လက်မှတ်သိမ်းသူအား လက်မှတ်ကို ထိုးပေးလျက် ခပ်သွက်သွက် ကလေး လှမ်းဝင်တော့မည် အပြုတွင် ရုံပေါက်စောင့် လက်ကာ၍ တားလိုက်သဖြင့် မခင်မေမှာ ထိတ်ခနဲ ရင်တုန် သွားပြီး-
“ဟယ်- အဲဒါမှ အကျိုးနည်းတာပဲ”
ဟူ၍ပင် စိတ်ထဲမှ ရေရွတ်မိလေ၏။


ကိုကျင်မောင်တွင်လည်း အူကြောင်ကြောင်နှင့် ယောင်ချုာချာ ဖြစ်သွားတော့ကာ လက်မှတ် သိမ်းသူအား မျက်နှာငယ် ကလေးဖြင့် မော်ကြည့်မိ လေ၏။
“ဒီမှာ မိတ်ဆွေ၊ ခုံနံပါတ် ယူဖို့ လိုသေးတယ်။ ဟောဟို လက်မှတ်ရုံကလေးမှာ ဒီလက်မှတ် သွားပြပါ၊ ခုံနံပါတ် ရေးပေးလိုက်လိမ့်မယ်”


ရုံပေါက်စောင့်လည်း ပြောပြောဆိုဆို လက်မှတ်ကို လှမ်းပေး နေသောကြောင့် ကိုကျင်မောင်သည် လက်မှတ်ကို ဆွဲယူ၍ သူညွှန်ရာ လက်မှတ်ရုံ ဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလေ၏။ သို့တိုင်အောင် မခင်မေ၏ တုန်နေသော ရင်ညွန့်ကလေးကား တထိတ်ထိတ်ပင် ခုန်လျက် ရှိသေး၏။
“ဘုရား၊ ဘုရား... ရမှ ရပါ့မလား”
ဤသို့လည်း ၀မ်းထဲမှကျိတ်၍ ရေရွတ်ရင်း စိုးရိမ်ပူပန်လျက် ရှက်သလိုလို ရှိနေရသည့် အထဲတွင် ရုံပေါက်စောင့် သတ္တ၀ါကလည်း “ဖတ်စစ် ကလပ်က တစ်ခါမှ မကြည့်ဖူးဘူး ထင်ပါရဲ့” ဟူသော မျက်နှာမျိုးဖြင့် ပြုံးစနဲ့နဲ့ ကြည့်နေ ပြန်သောကြောင့် မခင်မေမှာ ဒေါသ ဖြစ်ရမလို၊ ၀မ်းနည်းရ မယောင်နှင့် အူကြောင်ကြောင် ဖြစ်နေရှာလေ၏။


ချက်ချင်း ဆိုသလိုပင် မခင်မေသည် ကိုကျင်မောင် ရှိရာသို့ မျက်လုံး ကစားလိုက်၏။ မကြာမီပင် ကိုကျင်မောင်လည်း လက်မှတ်ပေါက်သို့ လက်လျှိုသွင်း၍ ပြန်နုတ်ကာ ကပျာ ကသီ လှည့်ထွက် လာသည်နှင့်-
“ရလား ကိုကျင်မောင်၊ ဟင်... ဟင်”


သို့လျှင် အလောတကြီး မေးလိုက်သည်ကို ကိုကျင်မောင်သည် သွက်သွက် လက်လက်ပင် ခေါင်းညိတ်ပြပြီး အပေါက်စောင့်အား လက်မှတ်ကို လှမ်းပေး လိုက်လေ၏။ ရုံထဲသို့ ရောက်ကြသည်တွင် သူတို့မြင်ရသော ရုပ်ရှင် ကြည့်ပရိသတ်မှာ ပိုးဖဲကတ္တီပါ စိန်ရွှေ အစရှိသည့် အဖိုးတန် အ၀တ်အစား များဖြင့် ခမ်းနား ထည်ဝါ နေသည်ကို တွေ့ရသောကြောင့် မခင်မေသည် သူ့ကိုယ်သူ မသိမသာ ငုံ့ကြည့်မိ၏။


မခင်မေ ၀တ်ထားသည်မှာ သာမန် လင်မရစ် ချည်ချောလုံ ချည်နှင့် ပဒုမ္မာ အပေါစား မျှသာ ဖြစ်၏။ သမီးကလေး အမာကို ၀တ်ဆင် ပေးထားသည့် အ၀တ်အစား မှာလည်း ညဈေးတန်းမှ အဆင်သင့် ချုပ်ရောင်းသော အညံ့စား မျှသာ ဖြစ်၏။


“အင်း- တော်ပါသေးရဲ့၊ ဆွဲကြိုးနဲ့ လက်ပတ်နာရီ ငှားဝတ်လာပေလို့”
မတတ်နိုင်သည့် အဆုံး၌ မခင်မေသည် ဤသို့လျှင် ၀မ်းထဲမှ ရေရွတ်ရင်း သူ့စိတ်ကိုသူ ဖြေရရှာတော့၏။


မခင်မေသည် ဖတ်စစ်ကလပ် လက်မှတ် ရကတည်းကပင် မျက်နှာချင်းဆိုင် တိုက်ရှိသူနှင့် အလွန်ခင်သော ရုံးစာရေးမ ကလေးထံ ဆွဲကြိုးနှင့် လက်ပတ် နာရီကို ခေတ္တ ငှားသည်တွင် စာရေးမ လေးသည် စေတနာတွေ ပို၍ လက်ပွေ့သားရေအိတ် ကြီးကိုပါ အဆစ်ငှားလိုက် သေးတော့၏။


“မခင်မေ၊ ပိုက်ဆံအကြွေ တစ်မတ်လောက် ပေးစမ်း၊ ငါ ဆေးပေါ့လိပ် သွားဝယ်ချေ ဦးမယ်”


“တိုးတိုးပြောပါ ကိုကျင်မောင်၊ ဘယ့်နှယ်ဟာလဲ၊ ဖတ်စစ် ကလပ်မှာ ကြည့်ပြီး ဆေးပေါ့လိပ် သောက်လို့ လူမြင် တော်ပါ့ မလားရှင်၊ ရော့- ငွေတစ်ကျပ် ယူသွား၊ စီးကရက် တစ်ဘူးဝယ်၊ သြော်-တစ်မူးထပ်ယူဦး၊ မီခြစ်ပါ တစ်လုံးဝယ်ခဲ့၊ ဖတ်စစ် ကလပ်မှာ သူများဆီ မီးတောင်းညှိလို့ ရှက်စရာကြီး”


ကိုကျင်မောင် ထွက်သွားသည်နှင့် မခင်မေသည် ဒေါ်ခွေးမ ဘက်သို့ လှည့်၍-
“ဒီမှာ ဒေါ်ခွေးမ၊ ရှင့်မလည်း ဆေးပေါ့လိပ်ကြီး တငေါ့ငေါ့နဲ့၊ ဒါ ဖတ်စစ် ကလပ်ရှင့်၊ လွှင့်ပစ်လိုက်ပါရှင်၊ ကိုကျင်မောင် လာမှပဲ စီးကရက် ယူသောက်ပါတော့”


“အလိုတော် လွှင့်တော့ မပစ်နိုင်ဘူး။ နှမြောစရာ။ ညည်းတို့ သိကလက်လည်း ငါ သောက်တတ် ပေါင်အေ”


ထိုအခိုက် လူတစ်ယောက်နှင့် ခံ့ခံ့ညားညား ၀တ်ဆင်လာသူ မိန်းမ သုံးလေးယောက် ၀င်လာကာ အပေါက်စောင့်သည် မခင်မေ ရှေ့တွင် ရပ်လိုက်သဖြင့် မခင်မေမှာ ထူပူရှိန်းဖိန်းပြီး သူ့ကိုယ်လေး ယိုင်မသွား အောင်ပင် အတော်ကလေး ထိန်းထား လိုက်ရလေ၏။


“ဒီမှာခင်ဗျာ၊ လက်မှတ်ဖြတ်ပိုင်း ကလေး ပြစမ်းပါ”


အပေါက်စောင့်က ဤသို့ ပြောလိုက်သည်နှင့် မခင်မေသည် ရုတ်တရက် တွေသွားရာမှ-
“ကျွန်မ ယောက်ျားဆီ ပါသွားပါတယ်။ ဟော- ဟိုမှာ လာပြီ”


စီးကရက် ပါးစောင်တွင်ခဲ၍ ၀င်လာသူ ကိုကျင်မောင်လည်း ခပ်လောလော လှမ်းလာကာ အနီးသို့ ရောက်၍ အကြောင်းစုံ သိရသည်နှင့် လက်မှတ်ကို ထုတ်ပြလိုက်၏။
“ခင်ဗျားတို့ ခုံနံပါတ်မှားနေပြီ၊ ဟိုရှေ့မှာ၊ လာ လာ ကျွန်တော် လိုက်ပြမယ်”


ရုပ်ရှင်ရုံ အလုပ်သမားနှင့် တူသူ ထိုလူက ရှေ့ဆောင်ခေါ် သွားသဖြင့် ကိုကျင်မောင်တို့ တစ်ပြုံလုံး ထလိုက် သွားရလေ၏။ မခင်မေ၏ တစ်မျက်နှာ လုံးကား ရှက်သွေးတွေ ဖုံးနေတော့၏။
ရုပ်ရှင်လည်း စ၍ ပြလေပြီ။ ကိုကျင်မောင်နှင့် ဒေါ်ခွေးမတို့ ရုပ်ရှင်တွင် စိတ်ဝင်စား နေကြသလောက် မခင်မေတွင် မူကား ဖတ်စစ်ကလပ် ဆိုသည်မှာ မည်သည့် အခန်းဖြစ်ကြောင်း မသိ၍ မေးခဲ့ ရသည်ကို လည်းကောင်း၊ ရုံပေါက်စောင့်က ခုံနံပါတ် အယူခိုင်းသည်ကို လည်းကောင်း၊ အထဲရောက်၍ ထိုင်မိကြပြီးမှ ခုံနံပါတ် မှားသဖြင့် ထပေးရသည်များကို လည်းကောင်း တစ်ခုပြီး တစ်ခု တွေးနေမိတော့ကာ ရှက်သလိုလို၊ ၀မ်းနည်း သလိုလိုနှင့် ရင်ထဲတွင် ဆို့နေရှာ သောကြောင့် ရုပ်ရှင်ကိုပင် ဖြောင့်အောင်မကြည့်နိုင် ဖြစ်နေရ လေ၏။


“အားလပ်ချိန်”


ထိုမည်သော ဆလိုက်တစ်ခု ပေါ်လာပြီးနောက် မကြာမီပင် တစ်ရုံလုံး လင်းထိန် သွားတော့ကာ “အီပဲဆားလှော်၊ ပတာနီ၊ ကွာစိ၊ ချောကလက်၊ သကြားလုံး၊ ဆီးသီး၊ ဆားငံသီး” အစရှိသော အသံများ သည်လည်း တစ်ရုံလုံး ဆူညံလျက်ရှိလေ၏။


“မခင်မေ၊ မင်းကော ဘာစားမလဲ၊ ရေခဲချောင်း စားမလား”


ကိုကျင်မောင်သည် ကုလားထိုင် လက်တန်း နှစ်ဖက်ကို ထောက်၍ ထတော့မလို ကုန်းကုန်းကွကွ လုပ်ရင်း မေးလိုက်သည်နှင့် မခင်မေသည် ဆတ်ခနဲ မော့ကြည့်လိုက်၏။
“ရှင် တော်တော် ခက်ပါလား ကိုကျင်မောင်၊ ဒါ ဖတ်စစ် ကလပ်ရှင့်။ ရှင့် ရေခဲချောင်းကြီး ကိုက်စားနေလို့ လူမြင်တော် ပါ့မလား။ မ၀ယ်နဲ့၊ ဘာမှ မ၀ယ်နဲ့”


ပြောပြောဆိုဆို မခင်မေသည် ကိုကျင်မောင့် လက်မောင်းကို ခပ်ဆောင့်ဆောင့် ဆွဲလိုက်သဖြင့် ကိုကျင်မောင်လည်း ထိုင်ချလိုက်ရလေ၏။ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ စိန်ရွှေ ပစ္စည်းရှင် ကိုကို၊ မမတို့ သည်ကား ဇွန်းသံ တဂေါက်ဂေါက်ဖြင့် ရေခဲမုန့် စားရင်း လျှာဖျားတွင် မြုံ့လျက် ရှိကြလေ၏။ မခင်မေတို့ ရှေ့တန်းခုံ၌လည်း အမာကလေးနှင့် ရွယ်တူ ကလေးငယ် တစ်ယောက်အား သူ့မိခင်သည် ရေခဲမုန့် ခွံ့ကျွေးလျက် ရှိလေ၏။


“အမာလည်း ရေခဲမုန့် စားချင်တယ် မေမေ”


မိမိနှင့် ရွယ်တူ ကလေးတစ်ယောက် ရေခဲမုန့် စားနေသည်ကို ပါးစပ် တပြင်ပြင်နှင့် ငေးနေရာမှ အမာလည်း မခင်မေအား ဤသို့လျှင် မျက်နှာ ငယ်ကလေးဖြင့် ပြောလိုက်၏။ အကယ်၍ အမာကလေး ကသာ တိုးတိုးတိတ်တိတ် ပြောခဲ့လျှင် မခင်မေသည် ကျိတ်၍ ဟန့်တားလိုက်မည် ဖြစ်သော်လည်း ယခုသော် အမာ၏ ကျယ်လောင်လှသော အသံကြောင့် မိမိတို့ရှေ့တန်းရှိ သူ့ရင်သွေးအား ရေခဲမုန့်ကျွေး နေသူ မိန်းမရွယ်သည် သူပန်ထားသော စိန်တစ်လုံးတည်း နားကပ်ကို တဖိတ်ဖိတ် လက်သွားအောင် လှည့်ကြည့်လိုက် သောကြောင့် မခင်မေသည် အားကျမခံ လိုသည့် စိတ်မျိုး ပေါ်လာ၍လား မသိ။ မလှမ်း မကမ်းတွင် ရပ်နေသော ရေခဲမုန့် ကုလား ကလေးကို ခေါ်၍ အမာ ကလေးအား တစ်ခွက် ယူပေး လိုက်လေ၏။


“ကိုကျင်မောင်ဟာ ရေခဲချောင်း ဆိုရင် အင်မတန် ကြိုက်တယ်၊ အလုပ်က ပြန်လာတဲ့ အခါလည်း ရက်ခြား ဆိုသလို ရေခဲချောင်း တကိုက်ကိုက်နဲ့ စားလာတတ်တယ်။ အလုပ်နားလို့ အိမ်မှာ နေရတဲ့ အခါလည်း ရေခဲချောင်းလို့ အသံကြားတာနဲ့ ၀ယ်ခိုင်းတာပဲ၊ အင်း- ခုလည်း သူ စားချင် ရှာမပေါ့။ ငါ ဟန့်လိုက် လို့သာ ငြိမ်နေရတယ် ထင်ပါရဲ့”


မခင်မေသည် ဤသို့ အတွေး ပေါက်လာသည်နှင့်-
“ကဲ- ကိုကျင်မောင်၊ ရော့- ရှင်လည်း စားဦး”


ပြောပြောဆိုဆို ဗန်းထဲမှ တစ်ခွက်ယူ၍ ကိုကျင်မောင်အား လှမ်းပေး လိုက်လေ၏။
“မင်းကော”


“စားပါလေ ရှင်ပဲ စားပါ”


“မင်း မစားရင် ငါလည်း မစားတော့ဘူး”


သူတို့နှစ်ယောက် တစ်ဦးနှင့်တစ်ဦး မည်၍မည်မျှ ချစ်သည်ကို အထူးဖော်ပြ ရန်ပင် မလိုတော့ပေ။ သူတို့ချင်း ပြောနေသော စကားများကပင် သက်သေခံလျက် ရှိနေပေပြီ။ သို့နှင့်ပင် အမာကလေး၊ ကိုကျင်မောင်၊ မခင်မေ၊ ဒေါ်ခွေးမ၊ ပေါင်း ရေခဲမုန့်လေးခွက် တက်တက်စင် ပြောင်သွားသည်၌ ငွေလေးကျပ် သည်လည်း မခင်မေ အိတ်ထဲမှ လျော့သွား လေတော့၏။


မကြာမီ မီးအားလုံး ပိတ်၍ ရုပ်ရှင် အရိပ်သည်လည်း ကားပေါ်တွင် ပေါ်လာပေပြီ။ ကိုကျင်မောင်နှင့် ဒေါ်ခွေးမ တို့မှာ တစ်စုံတစ်ရာ မျက်နှာထား မပျက် ကြည့်နေနိုင် ကြသော်လည်း မခင်မေမှာမူ ရုပ်ရှင်ထဲမှ မေသစ်နှင့် သုခတို့၏ ဘ၀ကို မိမိနှင့် မသိမသာ ဟပ်၍ဟပ်၍ နှိုင်းယှဉ် မိလေ၏။ သို့နှိုင်း ယှဉ်ကြည့်ရာ၌ မိမိကိုယ်ကို သူတောင်းစား အနေနှင့် မဟုတ်ဘဲ ပစ္စည်းမဲ့ အနေဖြင့်သာ နှိုင်းယှဉ်လျက် ရှိသည် မှန်သော်လည်း လက်ရှိ ဓနရှင် လောကသည် ကားဆိုလျှင် ပစ္စည်းမဲ့ ကျောမွဲ ဟူသမျှအား သူတောင်းစား ကဲ့သို့ပင် သဘောထား တတ်ကြောင်း မခင်မေ မရိပ်မိ ရှာသေး။


မီးအားလုံး ပွင့်၍ တံခါးတွေလည်း ဖွင့်လိုက်လေပြီ။
“ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ ကျောက်မြောင်း၊ ဗဟန်း၊ ဘုရား၊ ကုက္ကိုင်း၊ ကောလိပ်”
အစရှိသော စပယ်ယာ များ၏ အော်သံခေါ်သံ ဆိုက်ကား တွန်းသံများကား ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံလျက် ရှိတော့၏။


မခင်မေတို့ နေသည့် ရပ်ကွက်မှာ အတော်ကလေး ခွကျ သောရပ်ကွက် ဖြစ်၏။ ၈၉ လမ်းမှာ ဘီအေအေ ဘောလုံးကွင်း အနီး ကာလဘတ်လမ်း တစ်လျှောက်၏ အနောက်ဘက်ဆုံး ထောင့်ခပ်ကျကျ နေရာ ဖြစ်သောကြောင့် ဗဟန်း ကားစီးလည်း အတော်ဝေးဝေး ခြေကျင် လျှောက်ရဦးမည်၊ တာမွေကားစီး လျှင်ကား စီး၍လည်း မဖြစ်၊ ထိုလမ်းထိပ် အထိ ရောက်သော ဘတ်စ်ကားဆို၍ နေ့ဘက်တွင်သာ သွားလာလေ့ ရှိသော လ၀ိုင်းတံဆိပ် ဘတ်စ်ကားများသာ ဖြစ်လေသည်။


ခါတိုင်းဆိုလျှင် မည်မျှ ညဥ့်နက်သည်ဖြစ်စေ လမ်းလျှောက် ပြန်သည်သာ ဖြစ်သော်လည်း ယနေ့ည အဖို့သော်ကား သူတစ်ထူးထံမှ ငှားခဲ့သော ဆွဲကြိုး၊ နာရီ စသည်တို့ အတွက် တစ်ဖက်က ငဲ့နေရ ပြန်သေးသည်။


သို့နှင့် မခင်မေတို့မှာ ကြာကြာ စဉ်းစားရန် အချိန်မရ၊ ရသည့် တိုင်အောင်လည်း အကြောင်းထူးမည် မဟုတ်သဖြင့် ဆိုက်ကား နှစ်စီးငှား၍ ပြန်ခဲ့ကြရ လေ၏။
“တို့လင်မယား နှစ်ယောက်တည်း ဆိုရင် ဆိုက်ကားတစ် စီးတည်းနဲ့ ကိစ္စပြီးမှာ”


ဒေါ်ခွေးမ တစ်ယောက် ပါလာသဖြင့် ဆိုက်ကားတစ်စီး ပိုငှား ရသည်ကို မခင်မေသည် မကျေနပ် သလိုဖြင့် စိတ်ထဲမှ တွေးရင်း လိုက်ပါလာခဲ့လေ၏။


နောက်တစ်နေ့ နံနက် ၇ နာရီ လောက်တွင် ကိုကျင်မောင်နှင့် မခင်မေ တို့သည် ပဲပြုတ်နှင့် ထမင်းကြမ်း ကိုစားရင်း ညက ကြည့်ခဲ့သော ဂုဏ်ရည်မတူ ဇာတ်ကား အကြောင်းကို စားမြုံ့ပြန်လျက် ရှိနေကြလေ၏။


စားသောက်ပြီး၍ ကိုကျင်မောင် အလုပ်သို့ ထွက်သွားသည့်နောက် တစ်အောင့်လောက် အကြာတွင် မခင်မေသည် ဈေးဝယ်သွားရန် ခြင်းတောင်းကို ကိုင်၍ အခြား လက်တစ်ဖက် တွင်မူ ညက ဆွဲကြိုးငှားစဉ် လောကွတ်ချော်၍ ပေးလိုက်သော လက်ပွေ့သားရေ အိတ်ကြီးကို ပိုက်လျက် ထွက်လာကာ အပေါက်စပ်တွင် ထိုင်ချလိုက်၏။


သားရေအိတ်ကိုဖွင့်၍ လက်ကိုင်ပ၀ါ အထုပ်ကလေးကို ဆွဲယူကာ ဘေးတွင်ချထားလိုက်ပြီးမှ လည်တွင်ဆွဲထားသော ဆွဲကြိုးနှင့် လက်တွင် ပတ်ထားသော လက်ပတ်နာရီကို ဖြုတ်ပြီး သားရေအိတ်ထဲသို့ထည့်၍ ပိတ်လိုက်လေ၏။


ထိုထိုသော ဆွဲကြိုး၊ လက်ပတ်နာရီ၊ သားရေလက်ပွေ့ အိတ် စသည်တို့ကို ဈေးသွားရင်းမှ ပစ္စည်းရှင်ကို ၀င်ပေးမည့် လက္ခဏာဖြင့် သို့ပြုမူ နေဟန်တူ၏။ ထိုကိစ္စ ပြီးသည်နှင့် မခင်မေသည် သားရေ အိတ်ထဲမှ ထုတ်လိုက်သော လက်ကိုင် ပ၀ါကို (လေးထောင့် မကျတကျ အဆာသွတ် ကုလား ပလာတာ ကဲ့သို့) ခေါက်ထားရာမှ တစ်လွှာချင်း ဖြေလိုက်သည်တွင် ရုပ်ရှင် မသွားမီ ယမန်နေ့ ညက ငွေ ၂၄ ကျပ်တိတိ ထည့်၍ထုပ် ထားခဲ့သော လက်ကိုင်ပ၀ါ ကလေးပေါ်၌ ယခုသော်ကား တစ်ကျပ်တန် လေးရွက်နှင့် အကြွေသုံးမတ် ကိုသာ တွေ့ရတော့လေ၏။


“အင်- ပိုက်ဆံတွေ ဘယ်ရောက် ကုန်ပါလိမ့်”
မခင်မေသည် စိတ်ထဲမှ တထိတ်တလန့် ရေရွတ်ရင်း ငိုင်သွား၏။ တွေသွား၏၊ ထွေနေသော စိတ်ကို ရှင်း၍ စာရင်း အကြမ်းကို မိန်းမတွက် တွက်လိုက်၏။
“ကိုကျင်မောင်ဖို့ လေယာဉ်ပျံ ဖိနပ်က လေးကျပ်တစ်မတ်၊ ငါ့ဖိနပ်က သုံးကျပ်ခွဲဆိုတော့ ရှစ်ကျပ်မတ်တင်း-”
ဤသို့လျှင် အစဉ်အတိုင်း တွက်ခဲ့ရာမှ ဆိုက်ကားခ ပေးသည်အထိ ကုန်ငွေမှာ (၁၈ိ-၁၀ဲ) စာရင်း ပေါက်ခဲ့၏။ ယနေ့နံနက် ပဲပြုတ် ၂ ပဲ၊ ကိုကျင်မောင်အား ပေးလိုက်သည်မှာ ၈ ပဲ ဖြစ်သောကြောင့် စုစုပေါင်း ၁၉ ကျပ် ၄ ပဲ ကုန်ခဲ့ ပြီဖြစ်၏။ မခင်မေ သုံးလေးကြိမ် ထပ်၍ တွက်သေး၏။ စာရင်းကား ထိုအတိုင်းပင် အမှန်ကို ပြနေ၏။
မခင်မေသည် လက်ကိုင်ပ၀ါ ပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲ နေသော တစ်ကျပ်တန် စက္ကူလေးရွက်နှင့် မူးစေ့ပဲစေ့များကို ကြည့်ကာ အတန်ကြာ တွေနေပြီးမှ ဟင်းခနဲ သက်ပြင်းတစ်ချက် ချလိုက်၏။


“တို့ဟာတို့ တစ်ကျပ်တန်း ကပဲကြည့်ရင် အလွန်ဆုံး လေးကျပ်ထက် ပိုမကုန်ဘူး။ ခုတော့ ဖတ်စစ်ကလပ် နှိပ်စက်လို့ ဆယ့်ရှစ်ကျပ် ခြောက်မူး ကုန်ပြီ၊ ကုန်ပြီ”


ထို့နောက်တစ်ဖန် စိတ်ပျက်သံဖြင့်-
“တော်ပြီ၊ တော်ပြီ၊ နောက်များတော့ ဖတ်စစ်ကလပ် ဆိုရင် ကန်တော့ပါရဲ့၊ အော့ပါရဲ့”


မခင်မေသည် သို့ ရေရွတ်ရင်း ကပင် ပိုက်ဆံများကို ဆိုးဆိုးဆောင့်ဆောင့် ကောက်၍ထုပ်နေ၏။
“ဖတ်စစ်ကလပ်”သည်ပင် သူတို့အား နှိပ်စက်သလော။


ပတ်ဝန်းကျင် လူထု၏ အထင်ကြီးမှုကို ခံလိုသော စိတ်ကပင် သူတို့အား နှိပ်စက်သလော။




သာဓု
အတွဲ-၃၊ အမှတ်-၃၄၊ ၁၉၅၀၊ မတ်၊ ရှုမ၀ မဂ္ဂဇင်း။
ရွှေအမြုတေမှ ကူးယူဖော်ပြသည်။

No comments: