Ven Ravika ရေးသားသည်။
လွန်းပျံခရီး
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သူများကို ဒေါ်လာစားများဆိုပြီး နှိမ်လေ့ရှိတယ့် စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ ငါတို့ မထွက်နိုင်ယင် ခင်ဗျားတို့လည်း မထွက်စေရဘူးဆိုပြီး အပိတ်ခံရတယ့်၊ မထွက်ရဲတယ့် အတိုက်အခံခေါင်းဆောင်တွေ၊ အရင်က နိုင်ငံခြားသံရုံးနားကပ်မိလို့ အစွပ်အစွဲခံရလို့ ထောင်ကျခဲ့ပြီး ယခုအခါ အမတ်ဖြစ်နေသူတွေ နိုင်ငံခြားကို အလျှိုလျှိုထွက်ကြပြီ။ စစ်အာဏာရှင်ကြောင့် နာမည်ကြီးခဲ့တယ့် မြန်မာပြည်ကို သွားချင်လွန်းလို့ ဣနြေ္ဒတောင် မဆည်နိုင်တယ့် ပြည်ပသံတမန်တွေနဲ့ ခေါင်းဆောင်တွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ နိုင်ငံတကာအသင်းအဖွဲ့တွေ၊ ကုလသမဂ္ဂအရာရှိတွေကလည်း မြန်မာပြည်ကို မလာယင် ခေတ်မမီတော့သလို သူ့ထက်အရင် ဦးအောင် အပြေးအလွှား လာကြရတယ်။ ဘာပဲဖြစ်ဖြစ်လေ သူခိုးဓားပြတွေက ဘုရားပွဲရောက်နေလို့ ရပ်ရွာမှာ ခဏတဖြုတ်တော့ အေးချမ်းလောက်တယ်ဆိုပြီး ဣဿာမပွားဘဲ မုဒိတာပွားကြပါ။
ရွှေမန်းတို့လည်း နော်ဝေးမှာ လွတ်လပ်လို့၊ ပေါ့ပေါ့ပါးပါးနဲ့ တောင်ပံခတ် ပျံတော့မယ့်အသွင်ပါပဲ။
ဝဏ္ဏမောင်လွင်ကလည်း ဝါရှင်တန်မှာ လူရာဝင်ခဲ့ပြီ။ မြန်မာ့ရေနံ၊ မြန်မာ့ဓာတ်ငွေ့၊ မြန်မာ့ကျောက်သံ ပတ္တမြား၊ မြန်မာ့ရေ မြန်မာ့မြေတို့အစွမ်းကြောင့်တည်း။
မိအေးနှစ်ခါနာ
ဒီအချိန်မှာပဲ ကချင်မှာ မုဒိမ်းမှုတွေ ဖြစ်နေတယ်။ မုဒိမ်းကျင့်ခံရလို့ အော်ချင်သလောက် အော်ပါလေ။ လူထုခေါင်းဆောင်ကို ကြိုဆိုတယ့် အသံလောက် အော်သံက ဘယ်ကျယ်မလဲ။ နိုင်ငံခြား ခေါင်းဆောင်တွေ လာလို့ ကြိုဆိုတယ့် ဘင်ခရာသံလောက် အော်သံက ဘယ်ကျယ်မလဲ။ ဒီအော်သံကို မကြားတာ တကဏ္ဍထားဦး။ တရုတ်ကုမ္ပဏီတွေနဲ့အပြိုင် အမေရိကန်ကုမ္ပဏီတွေ၊ သြစတြေးကုမ္ပဏီတွေ၊ ဥရောပကုမ္ပဏီတွေ ဝင်လာကြဦးမယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းမှာ ရွှေကြောတွေ၊ မုတ္တမ၊ ဘင်္ဂလားပယ်လယ်အော်က ရေနံဓာတ်ငွေ့တွေ၊ ကချင်ရှမ်းဘက်က ကျောက်စိမ်းတွင်းတွေ ခနောက်စိမ်းတွင်းတွေ သစ်တောတွေ မုဒိမ်းအကျင့်ခံဖို့ စောင့်နေကြပါ။
စီးပွားရေးသမားဆိုယင် မျက်နှာဖြူလား၊ မျက်နှာမည်းလား၊ မျက်နှာဝါလား ခွဲခြားမနေပါနဲ့။ အတူတူပါပဲ။ ဗီယက်နာမ်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပါ။ တိုင်းရင်းသားတွေ ကော့နေအောင် ခံနေရတာပဲ။ ဖိလစ်ပိုင်မှာလည်း ခံရတာပဲ။ အင်ဒိုနီးရှားမှာလည်း ခံနေရတာပဲ။ အထူးသဖြင့် အင်ဒိုနီးရှားမှာ သြစတြေးလျ ကုမ္ပဏီတွေကြောင့် လူနည်းစုတိုင်းရင်းသားတွေ များစွာ နစ်နာနေကြရကြောင်း သိရတယ်။ ပြည်သူလူထု အကျိုးအတွက်လို့ ပြောကြပေမယ့် အမှန်တကယ် မဟုတ်ကြောင်း အိမ်နီးချင်းနိုင်ငံတွေကို လေ့လာလိုက်ယင် ရှင်းသွားမှာပါ။ အကျယ်တဝင့် မရေးချင်သေးပါ။
မြန်မာနိုင်ငံမှာ ပြည်မမှာ သယံဇာတ သိပ်မထွက်ပါ။ ပြည်နယ်တွေမှာပဲ သယံဇာတ ပေါကြွယ်ဝနေတာပါ။ မြန်မာနိုင်ငံမှာ သယံဇာတ ပေါကြွယ်ဝတယ် ပြောပြောနေတာဟာ ပြည်နယ်တွေမှာရှိတယ့် သယံဇာတတွေကို မောင်ပိုင်စီးပြီး ပြောနေတာပါ။ ဖက်ဒရယ်စနစ်ကို လက်မခံနိုင်တယ့် အကြောင်းတွေထဲမှာ ဒီအကြောင်းလည်း ပါပါတယ်။ ၂၀၀၈ ဥပဒေဟာ သူခိုးဓားပြဥပဒေသာ ဖြစ်တယ်။ တိုင်းရင်းသားဒေသတွေဆီက တရားဝင်ခိုးဝှက်လုယက်လို့ ရအောင် ရေးဆွဲထားပါတယ်။
အခု K.N.U. တို့၊ SSA (S) တို့၊ CNF တို့ အစရှိသူတို့ အပစ်ရပ်ကြခြင်းမှာလည်း နိုင်ငံရေးအရလို့ ဆိုကြပေမယ့် ငြိမ်းချမ်းရေးနောက်ကွယ်မှာ စီးပွားရေးကိစ္စတွေ အများကြီးပါဝင်နေပါတယ်။ မယုံယင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေရဲ့နောက်ကြောင်းကို လေ့လာကြည့်ပါ။ အထူးသဖြင့် အချို့အဖွဲ့တွေမှာ နိုင်ငံခြားအစိုးရ တစ်ခုခုနဲ့ အချိတ်အဆက် လုပ်ထားပြီးသားဖြစ်တယ်။ သူနိုင်ကိုယ်နိုင် တူးဆွကြမှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဣဿာမပွားဘဲ မုဒိတာပွားနိုင်အောင် အခုကတည်းက စိတ်ကို ဆုံးမထားကြပါ။
အတုကြီး
အွန်လိုင်းတက်လည်း အတုနဲ့တိုး၊ ယောက်ျားစင်စစ်က မိန်းမဖြစ်၊ မိန်းမစင်စစ်က ယောကျာင်္းဖြစ်၊ နောက်သက်တမ်းအရွေးခံရဖို့ သမ္မတအိုဘာမားတောင် The First Gay President ဖြစ်ခဲ့ပြီ။ ရွှေလည်း အတုပဲ ဝတ်ကြပြီ။ အပြုံးတုတွေလည်း ရိုးကုန်ပြီ။ အပြောင်းမဟုတ်ဘဲ အပြသက်သက် နိုင်ငံရေးစနစ်ကိုလည်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖော်ထုတ်ပေးခဲ့ပြီ။ မိမိတို့သမ္မတကို မိမိတို့ဘာသာ ရွေးချယ်ခွင့်မရှိတယ့် မြန်မာပြည်၊ လွှတ်တော်မှာ စစ်သား (၂၅) ရာခိုင်းနှုန်း ရှိတယ့်တိုင်းပြည်၊ ပြည်ထောင်စုအမည်ခံပြီး မိမိဝန်ကြီးချုပ်ကိုတောင် ရွေးကောက်တင်မြှောက်ခွင့် မရှိတယ့်နိုင်ငံမှာ နောက်ဆုတ်စရာမရှိ၊ နောက်ဆုတ်ယင် အဝီစိသာ ကျန်တော့မယ်။
အတုမှန်းသိရက်နဲ့ အစစ်မရှိသေးလို့ အလှဆင်နေကြပါတကား။ အဝမဟုတ် အလှသာ ဖြစ်ချေတကား။ တစ်ခါမဟုတ် နှစ်ခါမက အခါပေါင်းများစွာ ဒီနည်းနဲ့ပဲ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများကို ပလီပလာမူယာမာယာနဲ့ လိမ်ခဲ့ပြီဖြစ်ချေတကား။ ဒါပေမယ့် နိုင်ငံသားကောင်း ပီသချင်သူများ ဣဿမဖြစ်ဘဲ မုဒိတာပွားကြပါကုန်။
ရိုးရိုးလေး
၁။ အခုအပြောင်းအလဲဟာ နိုင်ငံရေးလွတ်လပ်ခွင့်ကို ဦးတည်သွားမယ့်အပြောင်းအလဲမဟုတ်။ ကိုယ်ကျိုးစီးပွားအရ ပြောင်းလဲနေခြင်းဖြစ်တယ်။
၂။ အာရပ်နွေဦး တော်လှန်ရေးပြီးတယ့်နောက်၊ အီရတ်နဲ့ အဖဂန်စစ်ပွဲပြီးတယ့်နောက် အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီက ပြောင်းလဲသွားတယ်။ အာရပ်ကမ္ဘာကနေ အာရှဖစိဖိတ်ကို ပြောင်းသွားတယ်။ အိုဘာမားအစိုးရရဲ့ရန်သူဟာ ရုရှားမဟုတ်၊ တရုတ်သာ ဖြစ်တယ်။ တရုတ်ကို နိုင်ငံရေးနဲ့ စစ်ရေးအရမဟုတ်တော့ဘဲ စီးပွားရေးအရပါ ယှဉ်ပြိုင်လာရဖွယ်ရှိတယ်။ ဒီအချိန်ဟာ အာရှပစိဖိတ်စစ်ပွဲအစပဲ ရှိသေးတယ်။
၃။ အာရှဖစိဖိတ်ကို လေ့လာယင် သြစတြေးလျဟာ အမေရိကန်ရဲ့ မိတ်ဆွေမဟုတ်၊ ဒါပေမယ့် မဟာမိတ်ဖြစ်တယ်။ ဝန်ကြီးကလင်တန် ပြုစုထားတယ့် စာတမ်းကို ဖတ်ကြည့်ယင် ဒီအခင်း အကျင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်မှာဖြစ်တယ်။ ဒီတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှဖစိဖိတ်မှာ သြဇာသက်ရောက်ဖို့ ကြိုးစားရတော့မှာ ဖြစ်တယ်။ ဒါကြောင့်လည်း ဗီယက်နာမ် ကနေ ချီလီအထိ ကုန်သွယ်ရေးသဘောတူညီချက်ရယူထားတာ ဖြစ်တယ်။
၎။ ဒီအာရှဖစိဖိတ်မှာ အိန္ဒိယမပါဘဲ ပြည့်စုံမှာမဟုတ်သလို အိန္ဒိယမပါဘဲ တရုတ်ကို ကိုင်လို့ မရပါဘူး။ တရုတ်နဲ့ အိန္ဒိယကြားမှာ မြန်မာနိုင်ငံက မဟာဗျူဟာကျစွာ ရပ်တည်နေပါတယ်။ မြန်မာဟာ အာရှဖစိဖိတ်ရဲ့ Epic-central tag of war ဖြစ်နေတာကို လက်ရှိသိန်းစိန်အစိုးရက အမိအရ အသုံးချ နေခြင်းသာ ဖြစ်တယ်။ ကြည့်တတ်ယင် ရိုးရိုးလေးပါပဲ။
ဒီအခြင်းအရာတွေကို လေ့လာကြည့်ယင် မြန်မာနိုင်ငံမှာ မျက်နှာပြလို့ ကောင်းရုံ အပြောင်းအလဲ လုပ်ပေးယင် အမေရိကန်က ပိတ်ဆို့မှုကို ဖွင့်ပေးမှာ သေချာသလောက်ပါပဲ။ စစ်တပ်ရဲ့ ခရိုနီများအတွက်၊ အစိုးရနဲ့ နီးစပ်သူများအတွက်၊ (အတိုက်အခံပါတီကြီးနဲ့ ဆက်ဆံနေသူများအတွက်၊ အပစ်ရပ် အဖွဲ့အစည်းများနဲ့ ရင်းနှီးသူများအတွက်) မုတ်ဆိတ်ပျားဆွဲကိန်း မြင်တယ်။ ဒါကိုလည်း ဣဿာမပွားဘဲ မုဒိတာပွားကြဖို့ပါပဲ။
အကျဉ်းချုံးလိုက်ယင်
၁။ နှစ်ပေါင်း (၂၀) ကျော် ပြည်တွင်းမှာ ပိတ်မိနေတယ့် စစ်အစိုးရဝင်ဟောင်းတွေ ပြည်ပနိုင်ငံကို လွတ်လွတ်လပ်လပ် သွားနိုင်တာကို မုဒိတာပွားကြပါ။
၂။ အကျယ်ချုပ် မိလို့လည်းကောင်း၊ ထောင်တွင်း ရောက်နေလို့လည်းကောင်း၊ အခါအခွင့် မသင့်လို့လည်းကောင်း ပြည်ပနိုင်ငံကို မထွက်နိုင်တယ့် အတိုက်အခံအမတ်များကိုတော့ အမှန်တကယ် စိတ်ရင်းမှန်နဲ့ မုဒိတာပွားပေးကြပါ။
၃။ တရုတ်ကုမ္ပဏီများနဲ့ အပြိုင် အမေရိကန် ကုမ္ပဏီများ၊ သြစတြေးလျ ကုမ္ပဏီများ၊ ဥရောပ ကုမ္ပဏီများ၊ အာရှဖစိဖိတ် ကုမ္ပဏီများ ဝင်လာယင်လည်း နိုင်ငံခြားသားများဖြစ်လို့ မုဒိတာပွားကြပါ။
၎။ နိုင်ငံမှာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးများ ရှိပေမယ့် ရေငတ်နေတယ့် နိုင်ငံသားတွေ၊ နိုင်ငံမှာ လျပ်စစ်မီး ပိုနေရက်သားနဲ့ မီးပြတ်နေတယ့် နိုင်ငံသားတွေ၊ ပြည်တွင်းစစ်ကြောင့် အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးလွှားနေရတယ့် တိုင်းရင်းသားတွေအားလုံး မိမိတို့ရဲ့ ဂေဟစနစ်ကို ဖျက်ဆီးမယ့် လူများ ဝင်လာကြယင် မုဒိတာ ပွားကြပါ။
(စာရေးသူလို အခွင့်အရေးယူရ ကောင်းမှန်းမသိ မိုက်ကန်းချင်ယင် ၂၀၀၈ ဥပဒေကို ဆက်လက်ဝေဖန်ပါ။ လွှတ်တော်ထဲ စစ်တပ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ဆက်လက်ဝေဖန်ပါ။ အစိုးရအဖွဲ့ထက်၊ တရားစီရင်ရေးထက်၊ ဥပဒေပြုရေးထက် မြင့်မြတ်သော ကာလုံကိုလည်း ဆက်လက်ဝေဖန်ပါ။ လူသတ်၊ မုဒိမ်းကျင့်၊ မြေယာသိမ်း လိုင်စင်ရထားတယ့် တပ် (မတော်) ကိုလည်း ဆက်လက်ဝေဖန်ပါ)
စာရေးသူအား အခွင့်မတောင်းမိပဲ မိမိ၏ mail ထဲ ရောက်ရှိလာသဖြင့် ဖတ်ကြည့်ရာမှ လွန်စွာသင့်မြတ်လှသည့် တင်ပြချက်ဖြစ်သည့်အတွက် မိမိဘလော့ဂ်တွင် တင်ပြပေးလိုက်သည်။
No comments:
Post a Comment