ရတနာပုံမန္တလ ပထမသာသနာပိုင် ဆရာတော်ဦးဇေယျနှင့် သုဓမ္မာဆရာတော် ရှစ်ပါး၊ ပဉ္စမသင်္ဂါယနာတင် ဘဝသျှင်မင်းတုံးမင်းတရားကြီးဘုရား ထုတ်ပြန်တော်မူအပ်သော ဓမ္မဝိနယ အမိန့်တော်ပြန်တန်းကြီး


ရတနာပုံမန္တလ ပထမသာသနာပိုင် ဆရာတော်ဦးဇေယျနှင့် သုဓမ္မာဆရာတော် ရှစ်ပါး၊ ပဉ္စမသင်္ဂါယနာတင် ဘဝသျှင်မင်းတုံးမင်းတရားကြီးဘုရား ထုတ်ပြန်တော်မူအပ်သော အလဇ္ဇီခြင်းရာ လက္ခဏာအရ ဖော်ပြ၍ သြဝါဒပေးလိုက်သော ဓမ္မဝိနယ အမိန့်တော်ပြန်တန်းကြီးကို ဗဟုသုတရစေရန် ဖော်ပြလိုက်ပါသတည်း။

ဓမ္မဝိနယ အမိန့်တော်ပြန်တန်းကြီး

ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှသော ရေမြေ့အရှင် ဆဒ္ဒန်ဆင်မင်းသခင် ဆင်ဖြူများရှင် လက်နက်စကြာသခင် အသျှင်ဘဝရှင် မင်းတရားကြီးဘုရား အမိန့်တော်ရှိသည်။ ငါအရှင် ဧကရာဇ်မင်းမြတ်သည် ကိုယ်ကျိုးကိုယ်စီးပွားကိုသာငဲ့၍ မင်းအဖြစ်ကို ယူတော်မူသည်မဟုတ်။ ဘေးလောင်းတော် အဇါတသတ်မင်း၊ ကာလာသောကမင်း၊ သီရိဓမ္မာသောကမင်းစသော သာသနာပြုမင်းတို့ကဲ့သို့ ရှေးရှေးသော ကိုယ်တော်အဖြစ်၌ မပြတ်လေ့လာကျင့်ဆောင်တော်မူခဲ့ဘူးသော သမ္မာဆန္ဒတော် အရင်းရှိသဖြင့် သာသနာတော်ကို ချီးမြှင့်ပြုစုတော် မူလိုသည်နှင့်အညီ ကျင့်ဆောင်နိုင်ခဲ့လှသော ရာဇဓမ္မအပေါင်းတို့ကို မတိမ်းမယိမ်းမလစ်မလပ်စေရ ကျင့်ဆောင်တော်မူ၍ မြတ်သောတရား၌ တည်တော်မူလျှက်၊ မှူးတော်မတ်တော် မှုထမ်းရာထမ်းတို့ကိုလည်း အလောင်းတော် မဟောသဓာ၊ ဝိဓူရ၊ နန္ဒိသေနစသော ရှေးမှူးကောင်းမတ်ကောင်းတို့ကဲ့သို့၊ ရာဇဓမ္မ လောကအကြောင်းသုံးပါးတို့၌ တည်စေခြင်း။ မင်းမိဖုရား မင်းညီမင်းသားမှစ၍ ပြည်သူလူအပေါင်းတို့ကိုလည်း ဒါနသီလစသော သူတော်ကောင်းတရား၌ တည်စေခြင်း၊ ရဟန်းတော် တို့ကိုလည်း ပါတိမောက်ပြန်ခြင်း၊ ဥဘတောဝိဘင်းဆောင်ခြင်းစသော သာသနာတော်မြတ်၏ မူလဘူတတရား ထင်ရှားရှိလျှက် မေ့မေ့လျော့လျော့ ပြုကြခြင်းကြောင့် ယိုယွင်းတိမ်းမြုပ်ရှိသည်ကို ဝိနည်းပညတ်တော်နှင့်ညီအောင် အားထုတ်ဆောင်ရွက်စေခြင်း။ အနုဂ္ဂဟ နှစ်ပါးဖြင့် သာသနာတော်ကို အလွန်အကြူး ချီးမြှင့်တော်မူခြင်းစသော သာသနာတော် စည်ပင်အံ့သည်ကို ရည်ရွယ်တော်မူလျှက် သာသနာနုဂ္ဂဟ ဓမ္မရာဇာဖြစ်သော မင်းအဖြစ်ကို ယူတော်မူသည်။                ။ သာသနာတော်ဆိုသည့်အရာသည် ဝိနည်းတရားတော် ထင်ရှားရှိသည့်အတိုင်း ရဟန်းတော်တို့ ကောင်းမွန်စွာ မကျင့်ဆောင်က သာသနာတော်ညှိုးနွမ်းသည်။ တရားတော်ကို မကျင့်မဆောင်သော တယောက်သောအလဇ္ဇီသည် အလဇ္ဇီတထောင်ကို ဖြစ်စေ၍ သာသနာတော်ကို ဖျက်ဆီးနိုင်သည်။ သို့သာသနာတော် ညှိုးနွမ်းပျက်စီးကြောင်းဖြစ်သော အလဇ္ဇီတို့၏ အမူအကျင့်ဟု ဆိုအပ်သော ရွှေ- ငွေ- မာသက ကဟာပဏဟူသော နိဿဂ္ဂိယဝတ္ထု၊ ပုလဲ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ ခရုသင်း၊ ကျောက်သလင်း၊ သန္တာ၊ ပတ္တမြားနီ၊ ပတ္တမြားပြောက်၊ စပါးမျိုးခုနှစ်ပါး၊ ကျွန်မိန်းမ၊ ကျွန်ယောက်ျား၊ ကျွဲ၊ နွား၊ ခွေး၊ ဝက်၊ ကြက်၊ ငှက်၊ လယ်ယာ၊ ပန်းအရာမ် သစ်သီးအရာမ စသော ဒုက္ကဋ်ဝတ္ထုတို့ကို ရှားမီးခြင်း၊ အနီး၌ထားသည်ကို သာယာခြင်း၊ သိုမှီးသိမ်းဆည်းခြင်းဟူသော အလဇ္ဇီဓမ္မ။      ။ နိဿဂ္ဂိယဝတ္ထုချင်းချင်းလဲလှယ် ရောင်းဝယ်ခြင်း။ နိဿဂ္ဂိယဝတ္ထုဖြင့် ဒုက္ကဋ်ဝတ္ထုကို လဲလှယ်ရောင်းဝယ်ခြင်း၊ နိဿဂ္ဂိယဝတ္ထုဖြင့် ဆွန်းဆန်၊ ဖျင်၊ ပုဆိုးစသော ကပ္ပိယဝတ္ထုကို လဲလှယ်ရောင်းဝယ်ခြင်း။ ဒုက္ကဋ်ဝတ္ထု နိဿဂ္ဂိယဝတ္ထု ကပ္ပိယဝတ္ထုတို့ကို လဲလှယ်ရောင်းဝယ်ခြင်းစသော အလဇ္ဇီဓမ္မ။       ။ ရဟန်းတို့ ပရိက္ခရာကို ရောင်းချ၍ရသော ရွှေ- ငွေစသော နိဿဂ္ဂိယတို့ကို ခံခြင်းဟူသော အလဇ္ဇီဓမ္မ။          ။ ရဟန်းတို့ ကပ္ပိယ ပရိက္ခာရာဖြင့် ခဝါသည်စသော လူတို့ထံ ကွမ်းအစ်၊ ထုံးဘူး၊ ကန့်ကူပရပိုက်စသော ကပ္ပိယဝတ္ထုကို ကိုယ်တိုင်လဲလှယ် ရောင်းဝယ်ခြင်းဟူသော အလဇ္ဇီဓမ္မ။    ။ ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊ ကသည်မှုန့်၊ မြေညက်၊ ဝါးဒန်ပူ၊ ဆေးပေးခြင်း၊ သလုံးမြင်းခေါင်းဖြင့် ဒါယာတို့ အစေအပါးကိုခံခြင်း၊ ဤရှစ်ပါးသော ကုလဒူသကအမှုကို ပြုခြင်းဟူသော အလဇ္ဇီဓမ္မ။    ။ ဝါးပေးခြင်းစသော (၂၁) ပါးသော အနေသနတို့၌ အကျုံးဝင်သော လူတို့ကို ထမင်းကျွေးခြင်း မုန့်ပေးခြင်း၊ ကွမ်းဆေးတည်ခြင်း။ နေရာခင်း၍ အရိုအသေပြုခြင်း၊ ဗေဒင်ဟောခြင်းစသော အလဇ္ဇီဓမ္မ။      ။ သက်မွေးခြင်းတည်းဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်သော ခြောက်ပါးသော သိက္ခာပုဒ်ကို လွန်ကြူးခြင်း၊ အံ့ဘွယ်သရဲကို ဖြစ်စေ၍ လာဘ်ကို ရှာမှီးခြင်း၊ ပစ္စည်းရခြင်း၏ အကြောင်းကို ပြောဆို၍ လာဘ်ကို ရှာမှီးခြင်း၊ ရအပ်ပြီးသော အနည်းငယ်သော လာဘ်ကိုပေးသဖြင့် မရသေးသော များစွာသော လာဘ်ကို တောင့်တရှာမှီးခြင်းစသော ယုတ်မာသော သဘော၏ အစွမ်းဖြင့် ဖြစ်သော မိစ္ဆာဇီဝဟူသော အလဇ္ဇီဓမ္မ။   ။ ဆင်စီးမြင်းစီးရထားစီးစသော မဂ်ဖိုလ်မှ ဘီလာဖြစ်သော တိရစ္ဆာနဝိဇ္ဇာအတတ်မျိုး၌ အကျူံးဝင်သော ပြဒါးသတ်ခြင်း၊ ပြာချခြင်း၊ ခဲစေခြင်းစသည်ကိုဆိုသော တိရစ္ဆာနဝိဇ္ဇာလောကာယတကျမ်းကို ရဟန်းတို့သင်လည်း မသင်အပ်။ သူတပါးကိုလည်း မပြောအပ်။ ကြေးငွေမပါ သစ်ရွက်သစ်မြစ်စသော ဆေးဖြင့်သာ ပြုသော်လည်း ၎င်းအတတ်တို့ကို လေ့လည်း မလေ့ကျက်အပ်။ သူတပါးကိုလည်း မပြအပ်။ လုပ်လည်းမလုပ်အပ်။ လေ့ကျက်ပြသပြုလုပ်သော ရဟန်းတို့သည် ခွန်းတိုင်း- ခွန်းတိုင်း။ ပယောဂတိုင်း- ပယောဂတိုင်း ဒုက္ကဋ်အာပတ်သင့်ခြင်းဟူသော အလဇ္ဇီဓမ္မ။      ။ ငွေနှင့်ခဲကြေးကိုစပ်၍ စတူအဂ္ဂိရတ်ပြုလုပ်သူတို့သည် လုပ်ဆောင်ရန်ငွေကိုခံကတည်းကပင် နိဿဂ္ဂိပါစိတ် အာပတ်သင့်သည်။ ခဲကြေးကိုငွေနှင့်စပ်၍ သုံးသောအခါ ခိုးခြင်း (၂၅) ပါးတွင် ထေယျာဝဟာရ၌ အကျုံးဝင်သောကြောင့် ကုဋကဟာပဏာဝဟာရဖြင့် ဆုံးဖြတ်အပ်သည်။ ကြေးနီးငါးကျပ်ကို ရွှေမွေးထင်စေ၍ သုံးဆောင်လျှင် ပါရာဇိကဖြင့် ဆုံးဖြတ်အပ်သည်ကို ပြုကျင့်ကြူးလွန်ခြင်းတည်းဟူသော အလဇ္ဇီဓမ္မ။ ထိုးကွင်း ခါလှည့် လက်ဖွဲ့ အင်းအိုင် ထားပြီး လှံပြီးစသော အတတ်မျိုးသည် မဂ်ဖိုလ်မှ ဘီလာ တိရစ္ဆာနဝိဇ္ဇာလောကယတကျမ်း၌ အကျုံးဝင်သောကြောင့် ရဟန်းတို့ မပြုမကျင့်အပ်သည်ကို ကျင့်ခြင်းဟူသော အလဇ္ဇီဓမ္မ။  ။ ထိုအတတ်ကို မှီ၍ရသော ပစ္စည်းတို့ကိုလည်း ရဟန်းတို့ မသုံးဆောင်ထိုက်ပဲ သုံးဆောင်ခြင်းဟူသော အလဇ္ဇီဓမ္မ။        ။ အနာရောဂါမရှိပဲ ရထားပေါင်းချုပ်၊ လှည်း၊ ထမ်းစင်၊ သန်လျင်းစသော ယဉ်တို့ကို ရဟန်းတို့ မစီးအပ်သည်ဖြစ်လျှက် စီးခြင်းဟူသော အလဇ္ဇီဓမ္မ။ ခြေကွဲခြင်း၊ ခြေအသားစွန်းထွ့်ခြင်း အလွန်မြေကြမ်းခြင်း၊ အလွန်ပူခြင်းဟူသော အကြောင်းမရှိပဲ ဘိနပ်စီးနင်း၍ မြို့တွင်းရွာတွင်းသို့ မဝင်အပ်ပဲလျက် ဝင်ခြင်းဟူသော အလဇ္ဇီဓမ္မ။  ။ အလုံးစုံဖြူသော ဘိနပ်၊ လူတို့ အသုံးအဆောင်နှင့် တူသော သမဏသာရုပ္ပမဖြစ်သော နီသောသည်းကြိုး မည်းသောသည်းကြိုးတပ်သောဘိနပ်တို့ကို ရဟန်းတို့ အချင်းခပ်သိမ်းမစီးကောင်းပဲလျက် စီးခြင်းဟူသော အလဇ္ဇီဓမ္မ။ ။ ပြောက်ကျားသော သားမွေးဖြင့်ပြီးသော သင်းတောကော်ဇော၊ တရုပ်ကော်ဇောတို့သည် တရားဟောပလ္လင်၊ ဆွမ်းစားစရပ်၊ အိမ်၌လူတို့ခင်းသည်ကိုကြဉ်၍ ဘူမတ္ထရပြုလျက် ကပ္ပီယအခင်းမခင်းဘဲ အိပ်ခြင်းထိုင်ခြင်းငှာမအပ်သည်ကို လွန်ကြူး ကျော် နင်းခြင်းသူသော အလဇ္ဇီဓမ္မ။          ။ ကိယ်ပူနာ၊ မျက်စိနာ၊ သည်းခြေနာစသော အနာဟူသော အကြောင်းမရှိပဲ ရဟန်းတို့ ထီးမဆောင်းအပ်သည်ကို ဆောင်းခြင်းဟူသော အလဇ္ဇီဓမ္မ။                  ။ ကခြင်း၊ သီခြင်း၊ တီးမှုခြင်းနှင့် စပ်သော ဆိုင်း၊ ကချေသည်၊ ရုပ်သေးရုပ်စုံ ဇာတ်ပုံရှည်စသော အလုံးစုံသော သဘင်မျိုးတို့ကို မိမိ ပယောဂဖြင့်လည်း မယှဉ်စေအပ်။ ရာဂစသော ကိလေသာပွားကြောင်းဖြစ်သော ကုသိုလ်အဘို့ကို ဖျက်ဆီးတတ်သော သာသနာတော်၏ ဆန့်ကျင်ဘက် ဆူးငြောင့်သဖွယ်ဖြစ်သော သဘင်ခံခြင်း၊ ဘရထမင်းစသည်ကို ပြောဟောနာခံခြင်း၊ လက်ခုတ်တီးခြင်း၊ စည်ပုတ်တီးခြင်း၊ အိုးစည်တီးခြင်း၊ ကချေသည်တို့ကို ကစေခြင်း၊ သံချောင်းကစားခြင်း၊ အရိုးဆေးကစားခြင်း၊ ဝါးထောင်ကစားခြင်း၊ ဘဲရိုက်၊ အံခပ်၊ စစ်ဘုရင် ဆင်တိုက်၊ မြင်းတိုက်၊ ကျွဲတိုက်၊ နွားတိုက်၊ ဆိတ်တိုက်၊ သိုးတိုက်၊ ကြက်တိုက်၊ ခါတိုက်၊ ကျည်းသားရိုက်၊ ထုတ်ပေါက်၊ လက်ဝှေ့သတ်ကစားခြင်း၊ စစ်ထိုးခြင်း၊ ဗိုလ်ရေတွက်ခြင်း၊ စစ်သည်စုခြင်း၊ ဆင်မြင်းရထားခြေသည်တို့ကို ကြည့်ရှုခြင်း၊ မီးဖြူ မီးဝါစသော မီးမျိုး၊ မီးပိတုန်းစသော ရှူမီးမျိုး၊ မီးအိမ်ပျံ၊ တုန်းရှို့၊ ဗြောက်ခွဲစသော အလုံးစုံသော အမှုသည် ဝိသုကဖြစ်၍ ရဟန်းတို့ မအပ်မစပ်သော အမှုကို လျက်လွန်ကြူးကျော်နင်းပြုလုပ်စီရင် ကြည့်ရှုနားထောင်ခြင်းဟူသော အလဇ္ဇီဓမ္မ။     ။ ယာဝဇိဝိတဖြစ်သော ကွမ်းဆေးတို့ကို နေလွဲအခါ အနာဟူသော အကြောင်းမရှိဘဲ သုံးဆောင်ခြင်းငှာ အကပ်ခံခြင်း၌လည်းကောင်း၊ မျိုတိုင်းမျုတိုင်း၌လည်းကောင်း၊ ဝိကာလဘောဇန သိက္ခာပုဒ်၏ အန္တရာပတ်ဖြင့် ဒုက္ကဋ်အာပတ်သင့်သည်။ ယမန်နေ့၌ အကပ်ခံအပ်ပြီးသော ကွမ်းဆေးတို့ကို နံနက်အခါ၌ အနာဟူသော အကြောင်းအရှိဘဲ အာဟာရအလို့ငှာ ခံယူခြင်းမျိုးတို့၌ သန္နိဓိကာရ သိက္ခာပုဒ်၏ အန္တရာပတ်ဖြင့် ဒုက္ကဋ်အာပတ်သင့်သည်။ ထိုကွမ်းဖတ်ဆေးဖတ် ကွမ်းသီးဖတ်မကင်းသော ခံတွင်းဖြင့် ဆွမ်းစသော အာမိသကို စားသောအခါ မျိုတိုင်းမျိုတိုင်း သန္နိဓိပါစိတ်အာပတ်သင့်သည်။ ဆွမ်းစားပြီး အာမိသ မကင်းသော ကွမ်းဆေးတို့ကို သုံးဆောင်သော အခါတို့၌လည်း မျိုတိုင်းမျိုတိုင်း သန္နိဓိပါစိတ်အာပတ်သင့်သည်။ နေလွဲအခါ ယမန်နေ့က အကပ်ခံပြီးသော ကွမ်းဆေးတို့ကို အနာဟူသော အကြောင်းမရှိဘဲ သုံးဆောင်းခြင်းငှာ ခံယူရာမျိုရာတို့၌ ဝိကာလဘောဇနာသိက္ခာပုဒ် သန္နိဓိကာရ သိက္ခာပုဒ်နှစ်ပါးတို့ဖြင့် ဒုက္ကဋ်အာပတ်နှစ်ချက်သင့်သည်ဖြစ်၍ ယမန်နေ့က အကပ်ခံအပ်သော ကွမ်းဆေးတို့ကို အကြောင်းမဲ့ အချင်းခပ်သိမ်း မသုံးဆောင်အပ်။ ထိုနေ့အကပ်ခံအပ်သော ကွမ်းဆေးတို့ကို နေလွဲအခါ အကြောင်းမဲ့ အသုံးဆောင် အပ်သည်ကို သုံးဆောင်ခြင်းဟူသော အလဇ္ဇီဓမ္မ။       ။ ဦးခေါင်းပူ နာကုတ် ဟီးချောင်းဆိုးကြီးအနာ ထိပ်ခတ်အနာဟူသော အကြောင်းမရှိဘဲ အခိုးတံဆေး ဆေးလိပ်တို့ကို မသောက်မရှူအပ်၊ ယမန်နေ့က အကပ်ခံအပ်သော အခိုးတံဆေးလိပ်တို့ကို သောက်ရှူသော ရဟန်းအား ကွမ်းဆေး၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အာပတ်သင့်သည်ကို မရှောင်ကျဉ်ဘဲ ပြုကြင့်ကြူးလွန်းခြင်း တည်းဟူသော အလဇ္ဇီဓမ္မ။       ။ ထင်ရှားရှိသော ရဟန်းကို မပန်မကြားမူ၍ ရှောင်တခင် ပြုအပ်သော ကိစ္စမရှိဘဲ နေ့လွဲအခါ၌ မြို့တွင်းရွာတွင်းသို့ မဝင်အပ်သည်ကို ဝင်ခြင်းဟူသော အလဇ္ဇီဓမ္မ။ ။ ဤသို့သော အလဇ္ဇီအဖြစ်ကို ပြုတတ်သော သိက္ခာပုဒ်တို့ကို လေးစားမမှု၊ သဗ္ဗညုဘုရားရွှေမျက်နှာတော်ကို မထောက်မညှာ။ တသက်လျှာမျှ လာဘ်ပူဇော်သက္ကာရကို ငဲ့၍ ရဟန်းကောင်းတို့၏ အသွင်အပြင် အဝတ်အဆင်ကား အရဟတ္တဓဇမြတ်သော အဝတ်အကျင့်ကား သာသနာတော်၏ ဆူးငြောင့်ခလုတ် ယုတ်မာသော အကျင့်ဖြစ်၍ သာသနာတော်ကို ဖျက်ဆီးတတ်သော အလဇ္ဇီပုဂ္ဂိုလ်တို့ကို အားပေးအားမြှောက် ပူဇော်လှူဒါန်းသူတို့လည်း အလဇ္ဇီနှင့် ပေါင်းဖက်၍ သာသနာတော်ကို ဖျက်ဆီးသည် မည်လေသောကြောင့် အမိန့်တော်ပါရှိသည့် အလဇ္ဇီဓမ္မတို့ကို လွန်ကြူးကျော်နင်း၍ ကျင့်သော အလဇ္ဇီပုဂ္ဂိုလ်တို့ကို ရွှေမြို့တော်မှစ၍ နိုင်ငံတော်အတွင်း အရပ်ရပ်မြို့ကျေးရွာနေ လူတို့မကိုးကွယ် မလှူဒါန်းကြစေနှင့်၊ မြို့ရှင် ရွာရှင်တို့က မြို့ရွာနေလူတို့ကို နိုင်နင်းအောင် တားမြစ်စေ။ ကိုးကွယ်ရင်းဖြစ်၍ ကိုးကွယ်လိုလျှင် အလဇ္ဇီဓမ္မကို စွန့်စေ၍ အပြစ်အားလျှောက်စွာ ဝိနည်းကံဖြင့် ကုစားစေပြီးမှ ကိုးကွယ်လှူဒါန်းမြဲ လှူဒါန်းစေ။ အလဇ္ဇီပုဂ္ဂိုလ်မှန်းသိလျက် အမိန့်တော်အာဏာကို မတည်။ ကိုကွယ်လှူဒါန်းအားပေးအားမြှောက်ပြု၍ သသနာတော်ကို ဖျက်ဆီးသူတို့ကို အများကြောက်ရွံ့၍ သာသနာတော် ဘေးရန် ကင်းငြိမ်းအောင် တင်းတင်းကြပ်ကြပ် ဝန်တို့က စီရင်၊ ထီးရံနန်းရံ စော်ဘွားမြို့စား မြို့ဝန် မြို့သူကြီးတို့ကို စေ့နှံ့အောင် ပြန်ဆိုထားစေ။
သက္ကရာဇာ် ၁၂၁၇ ခု။ တပို့တွဲလဆန်း။ ၁၀ ရက်နေ့။ နားခံတော် မင်းထင်ရာဇသီဟသူပြန်အမိန့်တော်။

၁၃၁၂ ခုနှစ် ဝါဆိုလ္ဆုပ် ၂ ရက် နေ့ထုတ် ဂျာနယ်ကျော်မှ ကူးယူပါသည်။

No comments: