IMF ဥက္ကဋ္ဌ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုမှ ကာကွယ်ရန် ၂၄ နာရီ စောင့်ကြည့်မှုများ ဆောင်ရွက်မှုများရှိ

ဟော်တယ်ဝန်ထမ်းတဦးအား ဗလက္ကာယပြုရန် ကြိုးစားခဲ့ပြီး လိင်မှုဆိုင်ရာ ပြစ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ဥက္ကဋ္ဌ ဒိုမီနစ် စထရောက်ခန်းသည် စိတ်ဓာတ်ရေးရာ အကြီး အကျယ် ကျဆင်းလျက်ရှိပြီး ၎င်းအား ထိမ်းသိမ်းထားသည့် အကျဉ်းထောင် အာဏာပိုင်များက ၎င်းကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုမှ ကာကွယ်ရန် ၂၄ နာရီ စောင့်ကြည့်ရေး အစီအမံများ ပြုလုပ်နေရကြောင်း သိရသည်။ နယူးယောက်မြို့၏ နာမည်ဆိုးဖြင့် ကြော်ကြားလှသော ရစ်ကာကျွန်း အကျဉ်းထောင် အာဏာပိုင်များသည် မစ္စတာခန်းအား အကျဉ်းထောင်အတွင်း ချုပ်နှောင် ထားစဉ်အတွင်း တစုံတရာ ထိခိုက်နာကျင်ခြင်း မဖြစ်စေရန် အထူးကာကွယ်ရေး အစီအမံများကို စီမံနေရကြောင်း သိရသည်။

အသက် ၆၂ နှစ်ရှိ မစ္စတာခန်းအား ချုပ်နှောင်ထားရာ၌ (၁၀) ယောက်စာ အဆောင်တခုလုံးအား ၎င်းတဦးတည်း ချုပ်နှောင်ထားပြီး ကျမ္မာရေးဆိုင်ရာ ပစ္စည်းကိရိယာများ အဆင်သင့် ထားရှိပြီး ၂၄ နာရီ စောင့်ကြပ်လျက် ရှိကြောင်း သိရသည်။ ရစ်ကာကျွန်း အကျဉ်းထောင်၏ ထုံးစံအရ အာမခံမှု ပယ်ချခံရသည့် မစ္စတာခန်းအား ရှေးဦးကျမ္မာရေး စစ်ဆေးမှုများ ပြုလုပ်ရာ၌ ၎င်းအား စစ်ဆေးသည့် ဆရာဝန်က ၎င်းစစ်ဆေးမေးမြန်းစဉ်အတွင်း မစ္စတာခန်း၏ ပြောဆိုချက်များသည် စိတ်ဓာတ်ရေးရာအရ ပျက်ယွင်းနေသည့် လက္ခဏာအဖြစ် စိုးရိမ်မကင်း ဖြစ်နေသည်။ ဆရာဝန်၏ အကြံပြုချက်အရ ယခုကဲ့သို့ ၎င်းအား နေ့ညစောင့်ကြည့်ရေး အစီအမံများ ဆောင်ရွက် နေရခြင်း ဖြစ်သည်။ ဥပဒေစိုးမိုး အရာရှိ တဦးက မစ္စတာခန်းအား မိမိကိုယ်ကိုယ် သေကြောင်းကြံနိုင်သည့် လက္ခာရှိသူအဖြစ်နှင့် စောင့်ကြည့် ကာကွယ်ရမည့် စာရင်းတွင် ထည့်သွင်းထားကြောင်း အတည်ပြုပြောကြားလိုက်သည်။ စောင့်ကြပ် နေသည့် ထောင်အရာရှိတဦးကမူ မစ္စတာခန်း၏ အခြေအနေမှာ ကောင်းမွန်သည့် အနေအထားပင် ရှိကြောင်းနှင့် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် ပြုလုပ်ရန် ကြိုးစားသည့် အရိပ်အယောင် မတွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

အကျဉ်းထောင် စည်းမျဉ်းအရ မစ္စတာခန်းသည် ၎င်းအခန်းမှ အဆောင်တွင်း လမ်းသလား ဝင်ထွက်သွားလာ နိုင်သော်လည်း အဆောင်ပြင်ပသို့မူ တနေ့လျှင် တနာရီသာ ထွက်ခွင့်ရမည်ဖြစ်ပြီး အစောင့်အကြပ်များက အခြား အကျဉ်းသားများနှင့် ထိတွေ့မှုမရှိရန် စောင့်ကြပ်ကာကွယ်သွားမည် ဖြစ်သည်။ ရစ်ကာအကျဉ်းထောင်သည် ရုံးတင် စစ်ဆေးစဉ်ကာလ အချုပ်အနှောင်စခန်းတခုသာ ဖြစ်ခြင်းကြောင့် မစ္စတာခန်းအနေဖြင့် အကျဉ်းထောင်ဝတ်စုံ ဝတ်ဆင်ရန်မလိုဘဲ ၎င်းစိတ်တိုင်းကျ ဝတ်စုံများကို ဝတ်ဆင်နိုင်သည်။

တချိန်းတည်းမှာပင် နိုင်ငံတကာ ငွေးကြေးရန်ပုံငွေအဖွဲ့ကမူ ဥက္ကဋ္ဌမစ္စတာခန်း ထိန်းသိမ်းခံနေရ သော်လည်း IMF အဖွဲ့အနေဖြင့် လုပ်ငန်းဆောင်တာများကို အပြည့်အဝ ကိုင်တွယ်ဆောင်ရွက် နေကြောင်း ပြောဆိုလိုက်သည်။ မစ္စတာခန်း ဖမ်းဆီးခံရမှုကြောင့် IMF အဖွဲ့မှ စီစဉ်ဆောင်ရွက်ဆဲ ဖြစ်သော ဥရောပ ဘဏ္ဍာရေးအကြပ်အတည်း ဖြေရှင်းရေး လုပ်ငန်းများအတွက် စိုးရိမ်းပူပန်မှုများ ဖြစ်စေခဲ့သည်။ IMF ကြေငြာချက်တွင်  မစ္စတာခန်း၏ ဖမ်းဆီးခံ ရမှုအား အတည်ပြုထားပြီး ဤအမှု အခင်းနှင့် ပတ်သက်သည့် ထပ်မံသိရှိလိုသည်များကို သက်ဆိုင်ရာရှေ့နေနှင့် နယူးယောက် ရဲဌာနတို့ကို ဆက်သွယ်မေးမြန်းရန် ဖော်ပြထားသည်။

တနင်္လာနေ့ ရုံးထုတ်လာစဉ် မစ္စတာခန်းမှာ မုတ်ဆိတ်မွှေး မရိတ်မသင်ပဲ ဗိုသီဗတ်သီနှင့် ရုံးထွက်ခဲ့ပြီး ရုံးတော်အတွင်း တစုံတရာ ပြောဆိုခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။ ရုံးတော်အတွင်း မစ္စတာခန်း၏ ရှေ့နေမှ ဒေါ်လာတသန်းဖြင့် အာမခံထားလွှတ်ရန် လျှောက်လဲသော်လည်း အစိုးရအရှေ့နေက ထိုလျှောက်လဲချက်ကို ကန့်ကွက်ခဲ့ပြီး “အာမခံပေးလိုက်ပါက မစ္စတာခန်းဟာ ပြင်သစ်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားနိုင်ပြီး ပြင်သစ်နိုင်ငံတွင် ရိုမန်ပိုလန်စကီးကဲ့သို့ မတော်တရော် လွတ်လွတ် လပ်လပ်ကြီး နေထိုင်သွားနိုင်သည်” ဟုဆိုသည်။ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ ရိုမန်ပိုလန်စကီးသည် အရွယ်မရောက်သူ ကျောင်းသူကလေးတဦးအား အဓမ္မပြုကျင့်မှုဖြင့် အမေရိကန်တရားရုံးမှ ပြစ်ဒဏ် စီရင်ရန် ချမှတ်ခဲ့သော်လည်း ဥရောပနိုင်ငံများသို့ ထွက်ပြေးလွတ်မြောက်သွားပြီး လွတ်လပ်စွာ သွား လာနေထိုင်ခဲ့သည်။ မစ္စတာခန်း ဖမ်းဆီးခံရခြင်းကြောင့် ပြင်သစ်နိုင်ငံရေးလောက၌လည်း အကြီး အကျယ် ဂယက်ရိုက်ခတ်လျက်ရှိသည်။ မစ္စတာခန်းသည် လာမည့် ၂၀၁၂ တွင် ကျင်းပမည့် ပြင်သစ် သမ္မတရွေးကောက်ပွဲတွင် ဆိုရှယ်လစ်ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် သတင်းပြေးလျက်ရှိပြီး လူထုထောက်ခံမှု အကြီးအကျယ်ကျဆင်းနေသည့် လက်ရှိသမ္မတ ဆာကိုဇီအား အဓိက ခြိမ်းခြောက်နိုင်သည့် ကိုယ်စားလှယ်လောင်းအဖြစ် တစ်ပြေးလျက်ရှိသူဖြစ်သည်။ လက်ရှိသမ္မတနှင့် ၎င်း၏ ကျွန်ဆာဗေးတစ်ပါတီသည် ပြိုင်ဘက်မစ္စတာခန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စိတ်အားတက်ကြွဖြစ်မှုများကို အထူးသတိထား ထိန်းချုပ်နေကြသည်။ သို့သော် လက်ရှိသမ္မတ ဆာကိုဇီအား လူကြိုက်နည်းမှုများသည် မစ္စတာခန်း ဖမ်းဆီးခံရမှုကြောင့် တစုံတရာ ရပ်တန့်သွားနိုင်သည်ဟု မျှော်လင့်တွက်ဆနေကြသည်။ ပြင်သစ်နိုင်ငံတဝှန်း၌ ထုတ်လွှင့်သည့် တယ်လီဗေးရှင်းနှင့် သတင်းစားများတွင် လက်ထိပ်နှင့် မစ္စတာခန်း၏ပုံအား ခွင့်ပြုချက်မပါဘဲ ပုံနှိပ်ဖော်ပြမှုများက လူအများအား စိတ်ပျက်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။

AP နှင့် The Hindu သတင်းများကို ကိုးကားဘာသာပြန်ဆိုသည်။

No comments: