ဗြိတိသျှ ဘုရင်မကြီး ခရီးစဉ် အိုင်းရစ်လူထု အေးစက်စက် တုန့်ပြန်

နှစ်တရာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အင်္ဂလိပ်နန်းတွင်း ပုဂ္ဂိုလ်အဖြစ် ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘက် သည် လေးရက်အကြာ အလည်အပတ် ခရီးအဖြစ် အိုင်ယာလန်သမ္မတနိုင်ငံသို့ ရောက်ရှိ နေပြီး သမိုင်းဆိုင်ရာ အလှည့် အပြောင်းတခုအဖြစ် ရောက်ရှိလာသည့် ဘုရင်မကြီး၏ ခရီးစဉ်မှာ ပေါပေါပဲပဲနှင့် မဟုတ်၊ အလွန်ဈေးကြီးသည့် ခရီးစဉ်အဖြစ် အိုင်ယာလန်လူထုက နှာခေါင်းရှုံ့ နေကြသည်။ ဘုရင်မကြီး၏ ခရီးစဉ်အတွက် သုံးစွဲသည့် ကုန်ကျစားရိတ်များတွင် လုံခြုံရေးဆိုင်ရာ အစီအမံတခုတည်းအတွက်ပင် ပေါင်စတာလင် သန်း (၃၀) ကျော် သုံးစွဲခဲ့ရသည်။ ထိုကုန်ကျ စားရိတ်များမှာ ကမ္ဘာ့စီးပွားပျက်ကပ်နှင့်အတူ စီးပွားရေး အဆောက်အဦး ပြိုပျက်ခဲ့ရသည့် အိုင်ယာ လန်နိုင်ငံအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတခုအဖြစ် အိုင်ယာလန်လူထုက ရှုမြင်ကြသည်။ အိုင်ယာလန်နှင့် ဗြိတိန်တို့အကြား အနှစ်တရာကျော် ရှည်လျားသည့် ဆက်ဆံရေးတွင် မပြေလည် မှုများ၊ အခါတရံ သွေးထွက်သံယို တိုက်ခိုက်မှုများအထိ ရှိနေခဲ့သည်။ ယခုဘုရင်မကြီး၏ ခရီးစဉ်မှာ ထိုဆက်ဆံရေးအတွက် အဓိကကျသည့် အလှည့်အပြောင်းတခုအဖြစ် ရှုမြင်ကြသည်။ အိုင်ယာလန်သို့ အင်္ဂလိပ်ထီးနန်းရှင် ဘုရင်၊ ဘုရင်မများ ပတ်လည်ခြင်း မပြုခဲ့သည်မှာ နှစ်တရာပင် ရှိခဲ့ပြီဖြစ်သည်။

သမ္မတနိုင်ငံတော်ဂိုဏ်သားများက အိမ်နီးခြင်း ငရဲပြည်ဟု သတ်မှတ်သည့် အင်္ဂလိပ်ဘုရင်မကြီး မဆိုက်ရောက်မှီ နာရီပိုင်းအလိုက ဘတ်စ်ကားတစီးပေါ်တွင် ပိုက်ဗုံးတလုံးကို ရဲများက ရှာဖွေသိမ်း ဆည်းခဲ့သည်။ လူသုံးဆယ်ပါ ဒဗ္ဗလင်သွား ခရီးသည်တင် ဘတ်စ်ကားတစီးပေါ်တွင် တွေ့ရှိရသည့် အဆိုပါဗုံးကို အချိန်မီ စနက်တံဖြုတ် သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။ နိုင်ငံတဝှန်းတွင်လည်း အလားတူ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ အမြောက်အများ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ အိုင်ယာလန် အကြမ်းဖက် အဖွဲ့အစည်းတခု လန်ဒန်မြို့ကို ဗုံးခွဲတိုက်ခိုက်မည်ဟု သတိပေးခဲ့သည်။ အဆိုပါ အသတိပေးချက်သည် အင်္ဂလိုအိုင်းရစ် စေ့စပ်ရေး သဘောတူညီချက် ရရှိခဲ့သည့် လွန်ခဲ့သည့် ဆယ်နှစ်ကျော်အတွင်း မြောက်ပိုင်းအိုင်ယာလန်ပြင်ပရှိ ပစ်မှတ်ကို ပထမဦးဆုံး သတိပေးခြိမ်းခြောက် ခြင်းဖြစ်သည်။

အင်္ဂလိပ်ကိုလိုနီဆန့်ကျင်ရေး အိုင်းရစ်အမျိုးသားများကမူ ဘုရင်မကြီး၏ ခရီးစဉ်သည် နာမည်ဆိုးဖြင့် ကြော်ကြားလှသော ပြင်သစ်လူဝီဘုရင်၏ မိဖုရား မေရီအင်တွိုင်းနက် ပြောသည့် မုန့်ပေါင်မရှိရင် ကိတ်မုန့်စားပါလားဆိုသည့် ဖြစ်စဉ်နှင့် ခိုင်းနှိုင်းပြောင်လှောင်နေကြသည်။ လက်ရှိ အခြေအနေ၌ စီးပွားပျက်ကပ်ဒဏ်ကြောင့် အလုပ်လက်မဲ့နှင့် အစားအသောက် ရှားပါးနေသည့် အိုင်ယာလန် ပြည်သူများ အတွက် ဘုရင်မကြီး၏ ခရီးစဉ်ပါ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးဆိုသည့် နိုင်ငံရေး လေလုံးထွားမှုများက စိတ်အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုသည်။ အိုင်ယာလန်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက ဘုရင်မကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ အားတက်သရောရှိလှသော်လည်း အိုင်းရစ်လူထု ကမူ စိတ်ဝင်စားမှု အလွန်နည်းပါးကြောင်းတွေ့ရသည်။ သမ္မတနိုင်ငံသား လှုပ်ရှားမှုခေါင်းဆောင် တဦးကမူ ဘုရာမကြီး၏ အလည်အပတ်ခရီးစဉ်အား ကိုလိုနီစနစ်၏ စစ်ရေးပြပွဲနှင့် ချေးပါပွဲဖြစ်တယ်။ အစိုးရ စားပွဲသောက်ပွဲသာ ဖြစ်တယ်လို့ ဝေဘန်ပြောကြားလိုက်သည်။

အိုင်ယာလန်နိုင်ငံမြို့တော် ဒဗ္ဗလင်တွင် အခြေအနေများ ပုံမှန်ထက် တင်းကြပ်ပြီး အချို့လမ်းများ ပိတ်ဆို့ လုံခြုံရေးအစီအမံများ ကြပ်တည်းစွာ ချထားသည်ကို တွေ့ရသည်။ ဒဗ္ဗလင်မြို့တော် ဗဟိုပန်းခြံ၌ သမ္မတနိုင်ငံ ဂိုဏ်သားများနှင့် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး သမ္မတနိုင်ငံသားများ က ဆူညံသံများပြုလျက် ဘုရင်မကြီး၏ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ ဘုရင်မကြီး၏ ခရီးစဉ်အား ဗြိတိန်နှင့် အိုင်ယာလန်ပြည်သူတို့အတွက် ကြီးမြတ် သည့် အခမ်းအနားအဖြစ် ချီးမွမ်းလိုက်ပြီး နှစ်နိုင်ငံပြည်သူတို့၏ အသွင်နှင့် အကျိုးတူညီမှုကို ပြန်လည်သတိရစေမည်ဟု ပြောဆိုလိုက်သည်။

  The Hindu သတင်းအား ကိုးကား၍ ဘာသာပြန်ဆိုသည်။

No comments: