လစ်ဗျားအာဏာရှင် ကဒါဖီသည် နိုင်ငံရေး ဆက်လက်ရှင်သန်ရန် ကြိုးပမ်းရာ၌ အခက်ခဲပေါင်း များစွာနှင့် ရင်ဆိုင်နေရပြီး ယခုနောက်ဆုံး အခြေအနေအရ နိုင်ငံရေးဖိအားတခုပါ ရင်ဆိုင်လာရပြီ ဖြစ်သည်။
၎င်းမှာ လစ်ဗျား၏ အဓိကကျသည့် ရေနံဝန်ကြီးဌာနဝန်ကြီးနှင့် ကဒါဖီ၏ အားထားရဆုံး နောက်လိုက် တဦးဖြစ်သည့် မစ္စတာရှူခရီဂန်နမ် (Shukri Ghanem)သည် ကာဒါဖီနှင့် လမ်းခွဲကာ တူးနီးရှားနိုင်ငံတွင် ခိုလှုံနေကြောင်း သိရသည်။ ထိုသတင်းကို တူနီးရှားအစိုးရ သတင်းရပ်ကွက်တခုက အတည်ပြုပေးခဲ့သည်။ မစ္စတာဂန် နမ်သည် ရေနံနိုင်ငံတခုဖြစ်သည့် လစ်ဗျား၏ အရေးပါသည့် အမျိုးသားရေနံကုမ္ပဏီ၏ ဥက္ကဋ္ဌတာဝန်ကို ယူထားသူ လည်းဖြစ်သည်။ ၎င်းသည် ၎င်းမိသားစုနှင့်အတူ မော်တော်ကားဖြင့် နယ်ခြားကို ဖြတ်ကျော် ကာ တူးနီးရှားနိုင်ငံ ဂျာဗားမြို့(Djerba) ဟော်တယ်တခုတွင် ခိုလှုံနေကြောင်း အမည်မဖော်လိုသူတဦးက ဆိုသည်။ မစ္စတာဂန်နမ်သည် အာဏာရှင်ကဒါဖီအား စွန့်ခွာခဲ့ကြသည့် လစ်ဗျားအရာရှိများအနက် သြဇာအကြီးအဆုံးနှင့် အထိတ်တန်းအကျဆုံး ပုဂ္ဂိုလ်တဦးဖြစ်သည်။ ကဒါဖီ၏ လက်ရုံးတဆူသဖွယ် နှစ်ကာလရှည်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဖေဖော်ဝါရီလ က စတင်ခဲ့သည့် လူထုလှုပ်ရှားမှုများ အတွင်းက ထိပ်တန်းပုဂ္ဂိုလ်တဦးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မူဆာကူဆာ (Mussa Kussa) က ကဒါဖီအား စွန့်ခွာပြီး ဗြိတိန်၌ နိုင်ငံရေးခိုလှုံခဲ့သည်။ ထိုစဉ်ကစ၍ နိုင်ငံတကာ သံတမန်ရေးနယ်ပယ်၌ ကဒါဖီအရေးနိမ့်လာခဲ့ရသည်။
တချိန်တည်းမှာပင် ရုရှားနိုင်ငံ မော်စကိုတွင် ရောက်ရှိနေသည့် ကဒါဖီ၏ အထူးသံတမန်အား ရုရှားအရာရှိများက ကုလသမဂ္ဂဆုံးဖြတ်ချက်အား လက်ခံ၍ အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေးရန် ဖိအားပေး တိုက်တွန်းခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် နေတိုးမှ ဗုံးကြဲတိုက်ခိုက်မှုများအား ကုလသမဂ္ဂဆုံးဖြတ်ချက်အား ကျော်လွန်ဖောက်ဖျက်မှုအဖြစ် ကန့်ကွက်ရှုံ့ချပြီး ကုလသမဂ္ဂဆုံးဖြတ် ချက်အား လေးစားလိုက်နာရန် အစဉ်တစိုက် တောင်းဆိုနေခဲ့သည်။ ရုရှားက လူထုလှုပ်ရှားမှု အဖွဲ့ကိုယ်စားလှယ်များအားလည်း လက်ခံတွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment