ထိုင်နေကောင်းသား ထသွားမှဂျိုကာဖြစ်

ခုတလော ငယ်စဉ်ကျောင်းနေဘက် ဖြစ်ခဲ့ဖူးတဲ့၊ သန်းဝေ ဆိုသူ ခဏခဏသတိယနေမိတယ်။ မူလကတော့ သူ့နာမယ် သန်းဝေပေါ့ နောက်တော့ဂျိုကာ သန်းဝေဖြစ်သွားရတယ်။ ဖြစ်သွားရ ပုံက ဒီလိုပါ… 

ကျနော်တို့ ငယ်စဉ်က ဒီဇင်ဘာ ကျောင်းသားအားကစား ပွဲတော်အတွက် ဆောင်းဦးပေါက်တွင် ပြည်နယ်တွင်း ဘောလုံးပြိုင်ပွဲများ ကျင်းပလေ့ရှိ ကြပါတယ်။ ကျနော်တို့ ကျောင်းအသင်းရဲ့ ဘောလုံးပွဲတိုင်း၊ ကျနော်တို့မြို့နယ်အသင်းနဲ့ ကန်တဲ့ ဘောလုံးပွဲတိုင်းမှာ၊ သန်းဝေဟာ အတက်ကြွဆုံး ဘောလုံးပွဲပရိဿ တစ်ယောက်ဆိုရင် မမှားပါဘူး။

တကယ်တော့ သူဟာ ဘောလုံးကန်တာထက်  ခြင်း (ဝိုင်းခြင်း) ခတ်တာကို အားသန်တယ်။ အကြောင်းရင်း ကလည်း ငယ်ငယ်က သူ့ကို ဘောလုံးအရှိန်ပြင်းပြင်းနဲ့ မှန်ခဲ့ဖူးကတည်းက ဘောလုံးကိုလန့်နေခဲ့တာတဲ့။ ဒါပေမဲ့ ကျောင်းပေါင်းစုံ ဘောလုံးပွဲမှာ ကျောင်းအလိုက် ကျောင်းသူလေးတွေလည်း လာရောက် အားပေးတတ်ကြတော့ကာ မောင်မင်းကြီးသားလည်း ထိုအကြောင်းအားဖြင့် ဘောလုံးပွဲကြည့် ပရိဿတ် ဖြစ်လာရပါတယ်တဲ့။ တက်တက်ကြွကြွ အားပေး တတ်သူလည်းဖြစ်။ လူကလည်းထွား၊ အသံကလည်း အောင်၊ စကားကလည်းတတ် ဆိုတော့ ကာ သူ့ကိုခင်မင်သူက များမှများပါဘဲ။ တခါတလေမှာတော့ အမြှောက်ကောင်းရင် ဂွေးတက် အောင်ကတဲ့လူစား လို့လည်းဆိုလို့ရပါတယ်။ 

သူအားပေးတဲ့ အသင်းရှူံး နိမ့်ခဲ့ရင်ဖြင့် ဒီအပေါ်မှာ အားမလိုအားမရဖြစ်ကာ ပြစ်တင် ဝေဖန် တတ်လာပါ တယ်။ ဒီလိုနဲ့ အလယ်တန်းကျောင်းသား အာဘောင်အာရင်း သံသံနဲ့ ဘောပွဲ ဝေ ဖန်ရေး ဆရာလေး ဖြစ်မှန်းမသိ ဖြစ်လာတယ်။ 

ကျနော်တို့ ကျောင်းအသင်း၊ ကျနော်တို့ မြို့နယ်အသင်းရှူံးပြီး နောက်ရက်ဆိုရင် ကျောင်းဘေး ကညောင်ပင် အောက်မှာ ၅တန်း၊ ၆တန်း၊ ရတန်း ၊ ၈တန်း ကျောင်းသားတွေကို စုပြီး မောင်မင်း ကြီးသားက အပီ ဝေဖန်ပြလေ့ ရှိတယ်၊ “ဟို..ကောင်က ဘယ်လိုညံ့လို့၊…. ဘယ်လိုလုပ်ရမှာ ကို မလုပ်လိုက်လို့ ဂိုးမရတာ.. နာသွားတာပေါ့၊ ဂိုးရခွင့်ရှုံးရတာပေါ့… ဒီကောင်က ဘယ်ဘက်ကို ခေါက် ညာခြေနဲ့ ကန်သွင်းရမှာ… ဒီကောင် ညံ့လို့ ဂိုးမရတာပေါ့..” စသည်ဖြင့်။ 

နောက်တော့ သူဝေဖန်မှုက တဖြည်းဖြည်းတော့ အဆင့်မြှင့်လာတယ်။ နိုင်ငံခြားပွဲတွေ၊ ကမ္ဘာ့ ပွဲတွေကိုတောင် ဝေဖန်လာတယ်။ “အဲဒီနေရာမှာ ဗဟာဒူး သာဆိုရင် ဘယ်လိုလုပ်လိုက်မှာ၊ ပီလီဆိုရင်တော့ ဒီနေရာမှာ ဘယ်လိုကန်တာ..” စသည်ဖြင့် ဝေဖန်တတ်လာတယ်။ အများ အားဖြင့် သူ့ဝေဖန်ရေးထဲမှာ.. “ဟိုကောင်ညံ့ လို့…. ဒီကောင်ညံ့လို့… ဟိုလိုကန်ရမှာ… ဒီလိုလှည့်ကန်ရမှာ… ဟိုဘက်က ဖြတ်ကန်ရမှာ… အသင်းခေါင်းဆောင်လုပ်ပီပီ.. ဒီလိုလုပ် ရမှာ..ဟိုလိုလုပ်ရမှာ…ဒါကိုများ…ဒီလောက်တောင်..ညံ့ရတယ်လို့ကွာ….” စသည်ဖြင့်ပြစ်တင် ဟန်တွေပိုများတယ်။ အထူးသဖြင့်တော့ အသင်း ခေါင်းဆောင်ကို အပြစ်ဖို့ပါတယ်။ ဟိုလူနဲ့ ဟိုလူနေရာပြောင်းမှာ၊ ဟိုရွေ့သည်ရွေ့လုပ်ရမှာကို မလုပ်လို့ပေါ့ကွာ၊ တကယ်တော့ လူလဲပစ် ရမှာလို့ အားမလိုအားမရနဲ့၊ သူ့ကိုယ်သူ နည်းပြဆရာအတတ်ကို ကျွမ်းသလိုလို၊ အသင်းအုပ်ချုပ်မှု ကျွမ်းသလိုလိုပုံမျိုး ဝေဖန်လေ့ရှိတယ်။ 

တနေ့မှာ တခြားကျောင်းတစ်ကျောင်းက (ခပ်ညံ့ညံ့အသင်း) နဲ့ကျနော်တို့ ကျောင်းအသင်း ပြိုင် ပွဲကစားဖို့ရှိရာ ကျနော်တို့ ကျောင်းအသင်းမှ ဘောသမား နှစ်ယောက်သုံးယောက်မှာ ရုတ်တရက် တုတ်ကွေးကြောင့်ဖျား နေကြတဲ့အတွက်၊ သူတို့နေရာမှာ လူစားထိုး လိုနေတော့ကာ ဝေဖန်ကောင်းတဲ့ မောင်မင်းကြီးသားကိုလည်း ဆရာက ဝင်ကစားခိုင်းပါ တော့တယ်။  တကယ်တော့ သူကငြင်းလိုက်သင့် တယ်လေ။  သူမငြင်းခဲ့ဘူး၊ ဝင်ကပြချင်တဲ့ ဇောကပ်နေပုံရတယ်။

ဟန်ပန်အပြည့်နဲ့ ကွင်းထဲပြေးဝင်သွားလိုက်ပုံက အပီအပြင်ဘဲ၊ မောင်သန်းဝေမှ ဟုတ်ရဲ့လား ထင်ရတယ်။  ဒါပေမဲ့ ၁၅ မိနစ်လောက်ဘဲ ကစားရသေးတယ် မောင်မင်းကြီးသား ကိုးယိုး ကားယားတွေ ဖြစ်နေပါလေရော။ ပထမတချက်က ဖိနပ်မနိုင်ဘူး၊ ဒီတော့ မပြေးနိုင်ဘူး။ ဒုထိယ အချက်က လေ့ကျင့်ထားတာ မရှိဘူး၊ ဒီတော့ယုံတောင်ပြေး ခွေးမြောက်လိုက်လိုဖြစ် နေတယ်။ တတိယအချက်က  ပြိုင်ပွဲ ကစားတဲ့အတွေ့အကြုံမရှိဘူး၊ ပရိဿအော်သံ အားပေး သံကိုလန့်နေတယ်၊ တခါတခါ အော် သံကြားရင် ကြောင်အမ်းအမ်း ရပ်နေတတ်တယ်။ ဒီတော့ ကွင်းထဲမှာ ဂျိုကာကို ဖြစ်လို့နေပါတယ်။ ပရိဿတ်အတွက် ရီစရာ ဖြစ်နေသလို၊ တချိန်ထဲမှာဘဲ ပူညံပူညံတွေ ဖြစ်လာပြီး သူ့ကို ထွက်ခိုင်းဖို့ လှမ်းအော်သံတွေ ကြားလာရပါတော့တယ်။ နောက် ၁၀ မိနစ်လောက် အကြာမှာတော့ ဆရာက သူ့ကိုထွက် ခိုင်းလိုက်ရပါတော့တယ်။ သူ့ခမျာမှာ လည်း မျက်နှာပူစွာနဲ့ဘဲ၊ ရှေ့မျက်နှာ နောက် ထားလို့ ထွက်လာခဲ့ ရပါတယ်။

တချို့ ကျောင်းသားများက သူ့ကို “ ဟေ့.. သန်းဝေ…မင်း ကစားတတ်တာဘော လုံးမဟုတ်ဘူးကွ၊ ပရိဿက ကစားတာ ကိုကြည့်ချင်တာပါ၊ ဂျိုကာလုပ်တာကို ကြည့်ချင်တာ မဟုတ်ပါဘူး။ မနက်ဖန်မှ ညောင်ပင် အောက်မှာ မင်းကို ဝေဖန်ခိုင်းရမယ်ဟေ့…”လို့ ထေ့ငေါ့ငေါ့ ဝိုင်းအော်ကြတယ်။  

အဲဒီနေ့ကစလို့ ဘော့လုံးဝေဖန်ရေး ဆရာကြီးမောင်သန်းဝေမှာ.. အော်… လက်တွေ့မှာတော့.. ပြောရသလောက် မလွယ်ပါလားဆိုတာ… သဘောပေါက်သွားပုံရတယ်။ သူ့နာမယ်လည်း ဘော လုံးပွဲအမှတ်တရ အပေါင်းအသင်းတွေ ကြားမှာ ဂျိုကာသန်းဝေလို့ အမည်တွင်ခဲ့ရပါတော့ တယ်။ 

ခုတလော ဂျိုကာသန်းဝေကို မကြာမကြာ သတိယစေတာက “အသစ်ကပြန်စကြစို့” ဆိုတဲ့ ဒေါက်တာ လွမ်းဆွေ ဆောင်းပါးရဲ့ စေ့ဆော်မှုကြောင့် ဖြစ်မယ်ထင်ပါတယ်။ 

ဝင်းမောင်
၁၁ - မေလ ၂၀၁၁။

No comments: