ဗမာအမျိုးသားအပေါင်းတို့။ သတိပြုကြလော့၊ နိုးကြားကြလော့၊ ဗမာနိုင်ငံတွင် နိုင်ငံရေး ကလိန်ခြုံပြီး သင်တို့- အကျွန်ုပ်တို့အား ဆင်းရဲခြင်းသို့ တွန်းပို့နေကြသည်ကို ယနေ့မှစ၍ တွန်းလှန်ဖယ်ရှား ကြလော့။ သင်တို့ အကျွန်ုပ်တို့အား မည်သို့မည်ပုံ နှိပ်စက်ကလူ ပြုနေသည်ကို သိသာစေရန် အနည်းငယ် ရေးသားပေမည်။
မျိုးနှင့်ရိုးနှင့် ဖောက်ပြန်ကြ
ဗမာနိုင်ငံကြီးသည် ဗြိတိသျှတို့၏ ကျွန်ပြုမှုကို တာဝန်သိခေါင်းဆောင်ကြီးများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီး များ၊ သခင်ကြီးများ၏ ကျေးဇူးတရားကြောင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ကြလေပြီ။ သို့သော်လည်း လွတ်လပ်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိပြီးနောက်ပိုင်းတွင်လည်း ခေါင်းဆောင်ကြီးများ မျှော်မှန်းသည် လို ကြပ်ပြည့်တင်ပြည့် လွတ်လပ်ရေး အရသာကို မခံစားရရုံမက တနေ့တခြား လုံးပါးပါးပြီး အပူမီးများ တောက်လောင်ကာ ပိုမို၍ ဆင်းရဲလာကြသည်၊ ထိုသို့ ဖြစ်ရသည်မှာလည်း လွတ်လပ်ပြီးစ နိုင်ငံရေး ခေါင်းဆောင်ကြီးတို့၏ အယူအဆ၊ ဝါဒ အကွဲအပြဲများကြောင့်ဟုဆိုလျှင် မှားအံ့မည်မထင်။ ထိုခေါင်း ဆောင်ကြီးများသည် အမျှော်အမြင်ကြီးသူများ၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စေတနာထား အသက်စွန့်ဝံ့ သူများပင် ဖြစ်ကြသည်ကိုလည်း အကြွင်းမဲ့ ယုံကြည်၏။ သို့ဖြင့် အဘယ်ကြောင့် ကွဲကြသနည်း၊ ပြဲကြသနည်း၊ ချဲကြသနည်းဟူမူ ထိုခေါင်း ဆောင်ကြီးများထဲတွင် အမျိုးချစ်ယောင်ယောင်၊ လူစွမ်း ကောင်းယောင်ယောင် တာဝန်မယူတတ်သည့် အမည်ခံ နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်နေမှုကြောင့် အကွဲအပြဲများ ဖြစ်ပေါ်လာရသည်ဟု ဉာဏ်မှီသမျှ သုံးသပ်ရပါသည်။ သည် ချော်လဲရောထိုင် အမည်ခံနိုင်ငံရေးသမားများသည် ယနေ့အထိ အစဉ်အဆက် ပေါ်ပေါက်လာခဲ့သည်။ ယနေ့ ဖောက်ပြန်နေကြသည့် နိုင်ငံရေးသမားချို့သည် အမျိုးနှင့် အရိုးနှင့် ဖောက်ပြန်လာကြသူများဖြစ်သည်။ အချို့မှာကား ဖားများကဲ့သို့ နိုင်ငံရေး ရာသီဥအလိုက် နေရာရှာ ကျက်စား လှုပ်ရှားကြသည်။
ကရုဏာရှင်ဟန်ဆောင်
ထိုထို ကိုယ်ကျိုးရှာ ဖောက်ပြန်ရေး နိုင်ငံရေးသမားတို့သည် ပြည်သူများကို အလွန့်အလွန် သနားတတ် ကြပေသည်။ ပြည်သူများကလည်း မျှော်တလင့်လင့်နှင့် အားကိုးအားထားပြုကြရှာသည်။ သနားသူ နိုင်ငံရေးသမားကြီးများမှာ တိုက်နှင့်ကားနှင့် စိန်နှင့်ရွှေနှင့် နေ့ချင်းညချင်း ဆူဖြိုးဝဖီးသွားသလို သနားခံရသူ ပြည်သူ အများတွင်တော့ တဲကုတ်ဂေဟာ ပဲပြုတ်သြဇာတို့နှင့်သာ အညှီမရှိ ဆီမထိ လွှေးနေကြရ ပေသည်။ ထို့ကြောင့် ပြည်သူအများတို့သည် ထိုထို ပုဂ္ဂိုလ်တို့ သနားသည် ဆိုခြင်းကို မယုံစားသင့်၊ မမျှော် သင့်၊ ထိုသို့ ယုံနေသမျှ ကာလပတ်လုံး ဗမာပြည်သူတို့သည် ဘယ်သောခါမှ ဆင်းရဲတွင်းက ထွက်နိုင်ကြမည် မဟုတ်။ ကျောပေါ် ဒုတ်ကျမှ ဓားပြမှန်းသိ ပုံပမာလို ယခု ကျောပေါ် ဒုတ်ကျပြီးပြီ၊ ဓားပြမှန်း သိကြပါတော့၊ ယုံစား၊ စောင့်စား၊ မျှော်စားမနေတော့နှင့်။
မြင်မကောင်း ရှုမကောင်း
ထိုထို ဖောက်ပြန်သူ နိုင်ငံရေးအမားအချို့သည် ကိုယ်ကျိုးအတွက် ပြည်သူများကိုလည်းကောင်း၊ မိမိတိုင်းနိုင်ငံကိုလည်းကောင်း၊ မိမိတို့၏ အမျိုးအရိုးကိုလည်းကောင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို လည်းကောင်း ခုတုံးလုပ် အသုံးချနေကြသည်ကို ပြည်သူအများ နက်နဲစွာ သဘောပေါက် နားလည်ရန် လိုအပ်ပါသည်။ ယနေ့ ဖောက်ပြန်သူအချို့သည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရန်ဟူ၍ လေသံပစ်ပြီး ကိုယ်ကျိုးရှာနေခြင်းမှာ လုံးဝမအပ်စပ်ပါ၊ မြင်မကောင်းပါ။ ပို၍ ဆိုးသည်က ရန်သူ စစ်အာဏာရှင်နှင့် ပလူးပလဲလုပ်ပြီး ကိုယ်ကျိုးရှာလာသည့် အဖြစ်သည် ဗမာတမျိုးသားလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်ရသမားများကို တော်လှန်ရေး အဝန်းအဝိုင်းအတွင်းမှ လုံးဝ ဖယ်ရှား သုတ်သင် ပစ်ရမည်ဖြစ်သည်။
ယနေ့ နိုင်ငံရေးသမားအချို့၏ ထင်ရှား၍ လွန်စွာ ဆိုးရွားသည့် ဖောက်ပြန်မှု တချို့မှာ ပြည်ပ အတိုက်အခံအင်အားစု၏ ထိပ်တွင် အမိန့်သားထိုင်ပြီး အဆီအနှစ် အညွန့်အဖူးကို စားသောက်မျိုဆို့ ကြပြီး တော်လှန်ရေး ရေစီး အနိမ့်ပိုင်းသို့ ရောက်လာသည့်အခါတွင် ပြည်သူလူထုနှင့် ရဲဘော်ရဲဘက် တို့၏ မျက်နှာကို လုံးဝမထောက်ထားပဲ အင်ဂျီအို အလိုကျ ငါးပွက်ရာ ငါးစာချပြီး အိတ်ဖောင်းရန် ကြံစည်လာခြင်းဖြစ်သည်။ ထို ဖောက်ပြန်ရေးသမားတို့သည် အိတ်ဖောင်းရုံမျှ တင်းတိမ်ခြင်း မရှိသေး၊ လောဘများ တောမသတ်နိုင်တော့သဖြင့် ဖောင်းသထက်ဖောင်းရန်၊ ကားသထက်ကားရန် ရန်သူ့ အလိုကျ အလုပ်များကိုပင် မျက်နှာပြောင်တိုက်ပြီး ပြုလုပ်လာကြတော့သည်။ ထိုသို့ဖြင့် တပျက်ပျက်နှင့် သွေးထွက် လာလိုက်ကြသည်မှာ မြင်မကောင်း ရှုမကောင်း။
လက်နက်ကိုင် အကြမ်းမဖက်လှုပ်ရှား
လက်နက်ကိုင်တိုက်မည်ဟု ပြည်ပသို့ ထွက်လာသူတို့လည်း အကြမ်းမဖက်သင်တန်း တက်သူတက်၊ ပေးသူပေး၊ ရန်သူအနီးမှ ထွက်ခွာပြီး ကြည်လွတ်ရာမှ လေသေနတ်နှင့် ပစ်လိုပစ်၊ လေယာဉ်ပြန် ပေးဆွဲသူ သူရဲကောင်းကြီးလည်း ဆန်ရှင်ရုတ်သိမ်းရေး တောင်းလိုတောင်း၊ ယခုလွှတ်တော်ကြီးသည် ဒီမိုကရေစီလမ်းကြောင်း၏ တံခါးပေါက်ဖြစ်သည်ဟု ပြောလိုပြော၊ ပြည်ပအတိုက်အခံတို့၏ ထိပ်ပိုင်း တွင် ခွထိုင်ပြီး ရန်သူစစ်အုပ်စုထံသို့ ခိုးကြောင်ခိုးဝှက် ဝင်သူဝင်၊ သွားသူသွား။ ထောင်မကျခံရသည့် နိုင်ငံရေးလုပ်နည်း သင်တန်းပေးသူပေး။ သည်သို့သည်ပုံ ဖောက်ပြန်နေကြတော့သည်။ မည်သို့ပင် ဆိုစေ ထိုကျွန်သဘောက်တို့သည် ကျိကျိတက် ချမ်းသာလာကြပြီး ပြည်သူတို့မှာ ကျောမွဲ နင်းပြားဘဝ တွင်သာ ညှိုးငယ်စွာ နေနေကြရသည်မှာ ပကတိအခြေအနေ။
ကျောမွဲဟာ ကျောမွဲ
သို့ဖြင့် ပြည်သူလူထုတို့သည် ထိုသို့သော ဖောက်ပြန်ရေး လောက်ကောင်များကို နိုင်ငံရေးသမားကြီး များဟု အမြင်ရှိရကား ထိုသို့သော ဖောက်ပြန်သည့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို မြင်ရသည်တွင် “သြော်… နိုင်ငံရေးသမား ဟူသည်မှာ လူရှုပ်၊ လူလိမ်၊ လူသိမ်၊ လူဖျင်း၊ လူပျင်း၊ လူဟော့၊ လူသော့၊ လူသွမ်း၊ လူရမ်းကားတို့ အလုပ်များပါတကား” ဟု အမြင်သွားကြတော့သည်။ ထိုဖောက် ပြန်ရေးသမားတို့ကြောင့် နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးသမားသိက္ခာ သုံးစားမရလောက်အောင် ကျဆင်း သွားရသည်။ ပြည်သူအများက အယုံအကြည်မရှိတော့၊ ပြည်သူများ အယုံအကြည်မရှိလျှင် ဘာဆို ဘာမှ လုပ်မရတော့ပါ။
အာဂရာဇဝတ်သား
ယနေ့ အတိုက်အခံတို့၏ ဗမာ့နိုင်ငံရေး အခြေအနေသည် ရန်သူစစ်အုပ်စု၏ အမျိုးမျိုးသော ထိုးစစ်ဆင် မှုကို ရပ်တန့်နိုင်ရန် မဆိုထားဘိ ဟန့်တားနိုင်ခြင်း၊ ကာကွယ်နိုင်ခြင်းပင် မရှိသည့် အခြေအနေကို ရောက်ရှိ လျက်ရှိသည်။ ရန်သူ စစ်အုပ်စု ထိုးစစ်ဆင်များထဲတွင် သူလျှိုလုပ် ထိုးစစ်ဆင်ခြင်းသည် အတိုက်အခံ တို့ကို များစွာ ထိနာစေခဲ့သည်။ ထိုထိနာမှုကြောင့်ပင် ပြန်ပြီး စိတ်အားတင်၍ ကုန်းရုန်းထရန်ပင် မဖြစ်နိုင်တော့သည် အခြေအနေ။ ပြည်ပရောက် ဝန်ကြီး၊ မတ်ကြီး ဆိုသူများ အမှန်တကယ်ပင် ဗမာပြည် ဒီမိုကရေစီ ရရှိမည်ကို အထူး စိုးရိမ်နေကြသည်။ ထိုသူတို့ အနည်းစုအတွက် စဉ်းစားကြည့်မည်ဆိုလျှင် စိုးရိမ်စရာပင်ဖြစ်သည်။ အဘယ့်ကြောင့်ဟူမူ ထိုသူတို့သည် ပြည်သူ့ကို သရော်မော်ကား ပြုပေါင်းလည်း များလှပြီ၊ ပြည်သူအား ဗန်းပြပြီး ကိုယ်ကျိုးရှာမှုလည်း များလှပြီ၊ တိုင်းရင်းသားများကို ဗန်းပြပြီး ကိုယ်ကျိုးရှာမှုများလည်း များလှပေပြီ၊ ထိုသူတို့ကြောင့် အတိုက်အခံဖွဲ့စည်းများလည်း များစွာ ကွဲပြဲပြီ မဟုတ်လော။ ထိုသူတို့သည် မှန်ကန်သော တရားဥပဒေကို ထိန့်လန့် တုန်လှုပ်လျက်ရှိသည်၊ လွတ်လပ်ခွင့် ဒီမိုကရေစီကို ကြောက်ရွံ့လျက်ရှိသည်။ အမှုမှန် ဖော်ထုတ်ခွင့်ရပြီး တရားဥပဒေအတိုင်း အပြစ်ပေးစီရင်ခွင့် ရမည်ဆိုလျှင် ဇရာဝတ်သားများ ဖြစ်နေ၍ ကြီးလေးသော ပြစ်ဒဏ်ချခံရမည်ကို သူတို့သိကြသည်။ ထိုကြောင့် ပေါက်သည့်နဖူး မထူးဟူ၍ ဖျားလိပ်ထဲမှ ခွေးပမာ ရှေ့သို့သာ တိုး၍တိုး၍ ကြူးလွန်နေတော့သည်။ အာဂ ရာဇဝတ်သားများ ပါတကား။
ဘုံပျောက် အသူရာ
ပြည်ပတွင် ထိုရာဇဝတ်သား ဖောက်ပြန်သူ ဝန်ကြီး၊ အမတ်ကြီး ဆိုသူများသည် အင်ဂျီအိုများနှင့် ပေါင်းပြီး တော်လှန်ရေး အခန်းကဏ္ဍအသီးသီးတို့တွင် နေရာယူထားကြပြီး လက်နက်အမျိုးမျိုးတို့ကို ချုပ်ကိုင်ထား လျက်ရှိသည်။ မီဒီယာဟူသည် တော်လှန်ရေးအတွက် လက်နက်ကောင်းတမျိုး ဖြစ်ရာ ထိုလက်နက် ကောင်းကို ထိုဖောက်ပြန်သူတို့သည် အင်ဂျီအိုများနှင့်ပေါင်း၍ ချုပ်ကိုင်ပြီး ကိုယ်ကျိုး အတွက် အသုံးချနေတော့သည်၊ ဖောက်ပြန် နေကြတော့သည်။ ပြည်ပမီဒီယာများဖြစ်သော သံလွှင့် သတင်းဌာနများ၊ ဗွီဒီယိုသတင်းဌာနများ၊ ဝက်ဘ်ဆိုက်သတင်းဌာန များသည် တော်လှန်ရေးအား အကြောင်းပြုပြီး ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ယနေ့အချိန်တွင် မည်သည့် ပြည်ပ ဗမာသတင်း ဌာနမှ တော်လှန်ရေး မပီသတော့။ တော်လှန်ရေးအား အကြောင်းပြုပြီး သတင်းဌာနဟူသည့် နာမည်ဖြင့် ကိုယ်ကျိုးရှာနေခြင်းသာ ဖြစ်တော့သည်။ ထိုအမှုသည် ရန်သူစစ်အုပ်စုအား အလုပ်အကြွေး ပြုနေခြင်းပင် ဖြစ်တော့သည်။
စာလုံးမပေါင်းတတ်သည့် မီဒီယာ
ထိုသတင်းဌာနများကို အားကိုးအားထားပြုကြသည့် ပြည်သူများမှာ များစွာ အန္တရာယ်ရှိနေသည်၊ ဘယ်ကြောင့်ဆိုသော ဂျာနယ်၊ သတင်းဌာနများ၏ အယ်ဒီတာ ဆိုသူများသည် ဗမာစာပေ မကြေညက်ခြင်း၊ သမိုင်း လေ့လာမှု လွန်စာ အားနည်းခြင်း၊ စာမဖတ်ခြင်းတို့ကြောင့် အယ်ဒီတာ အရည်အသွေး လုံးဝမရှိခြင်း၊ စစ်အုပ်စု အလိုကျ စာသား ဝေါဟာရများကို ထည့်သွင်းဖေါ်ပြနေခြင်း၊ စစ်အုပ်စုနှင့် ပလူးပလဲ လုပ်နေခြင်း၊ ကိုယ့်ကျင့်စာရိတ္တ လွန်ပင် ဖောက်ပြန်နေကြခြင်း၊ စစ်အုပ်စု၏ လက်ဝခံများဖြစ်နေခြင်းစသော အချက်များစွာတို့ကြောင့် ထိုသတင်းများကို အားထားနေကြသည့် ပြည်သူများသည် မျက်စိ၊ နား၊ အသိအဉာဏ်တို့ ပွင့်လင်းမှု မရှိတော့ဘဲ လမ်းမှားသို့ ရောက်စေ နိုင်သောကြောင့်ပင် ဖြစ်သည်။ ထို အဖြစ်အပျက်ကို သဘောက် နားလည်ကြသည့် အမျိုးချစ်နိုင်ငံရေး သမားတို့သည် ထိုသတင်းများ နားမထောင်ကြတော့၊ မဖတ်ရှုကြတော့ မည်သည့် အကျိုးစီးပွားမှ မရှိဘဲ ပင်ပန်းခံ ဖော်ပြနေကြသည့် ဘလော့ဂ်များကိုသာ အားထား ဖတ်ရှုလာကြသည်ကို ထောက်ဆ သိမြင်နိုင်ပါသည်။
မှားဘန်များက အမှန်ထင်
ပြည်သူတို့သည် ထိုအမှားများကိုပင် အမှန်ထင်လာကြပြီး လမ်းမှားသို့ ရှေးရှုလာသည်ကို ထင်ဟစ် စေနိုင် အချက်မှာ ပိုက်ဆံမရှိလျှင် နိုင်ငံရေး လုပ်၍မရ ဟူသည့် အချက်ပင်ဖြစ်သည်။ မှန်တာပြော၊ ဟုတ်တာလုပ်၊ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ခြင်းတို့သည် နိုင်ငံရေးသားတို့၏ ဂုဏ်လက္ခဏာ ဖြစ်ကြသည်ကို မေ့လျော့နေကြသည်၊ မှန်တာပြော ဟုတ်တာလုပ်နိုင်ဖို့အတွက် ငွေကြေးများစွာ မလိုအပ်လှပါ။ လိုအပ်လျင်လည်း စင်ကြယ်သန့်ရှင်း မွန်မြတ်သည့် တန်ခိုးကြောင့် အလိုလို ရရှိလာ မည်သာဖြစ်သည်။ မှန်တာပြော ဟုတ်တာလုပ်နိုင်ဖို့အတွက် ဓနရှင်ကုလားဖြူ အင်ဂျီအိုများထံတွင် လက်ဖြန့် အသနားခံ တောင်းရမ်းနေစရာ မလိုပါ။
ပြည်ပစေတနာ
ပြည်ပနိုင်ငံများ၏ ဗမာနိုင်ငံအပေါ် ထားသည့် စေတနာဆိုသည်မှာ ခွေးထီး ခွေးမ တိရိစ္ဆာန် နှစ်ကောင် တို့ ရည်ငံခြင်း မေတ္တာလောက်ပင် မွန်မြတ်ခြင်း မရှိ၊ တန်ဘိုးထားစရာ မရှိ။ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့ရှုပြီး နိုင်ငံငယ်များအား မတော်မရော်ပြု နိုင်ငံရေးကစားနေခြင်းမျှသာ ဖြစ်သည်။ လူ့အရေးအား လုပ်သည်တွင် လူသာ ပဓာန ပင်မ အခရာဖြစ်သည်၊ မည်သည့် ခွေးလှေးဂျပိုးကိုမှ အားကိုးနေစရာ မလို။ အကူအညီ တောင်းခံ နေစရာမလို။ မိမိနိုင်ငံကို မိမိ ချစ်ဘို့ အတွက် မည်သို့သော ခွေးလှေးဂျပိုးက စွမ်းဆောင်ပေးစရာမလိုပါ။
ထိုကြောင့် နိုင်ငံနှင့် လူမျိုးကို ချစ်သော ပြည်သူများ၊ မျိုးချစ် နိုင်ငံရေးသမား ရဲဘော်ရဲဘက်များ အနေနှင့် ဦးစွာ ပြုလုပ်ရမည်မှာ ထို အင်ဂျီအိုမွေးစားသား ရန်သူ့သူလျှိုများကို ဖော်ထုတ် ရှင်းလင်းရမည် ဖြစ်သည်၊ ထိုသို့ ရှင်းလင်းခြင်းသည်ပင် ပြည်သူတို့၏ လွတ်မြောက်ရာလမ်းကို ဆေင်းကျဉ်းခြင်းပင်ဖြစ်ကြောင်း တင်ပြလိုက်သည်။
အုန်းရှိန်
No comments:
Post a Comment