တွေးမိတိုင်း ရယ်မိတယ်


 
တွေးမိတိုင်း ရယ်မိတယ်
Hmee

ရွာအကြောင်း  ရေးထားတာဖတ်ပြီး ကြုံခဲ့ရတဲ့ အမှတ်တရလေးတွေ ရေးချင်လာလို့ပါ။

ကျွန်တော့်ဇာတိက အညာဆိုတော့ အညာဓလေ့ ထုံးစံတွေနဲ့ ကျွမ်းဝင်ပါ တယ်။ မြန်မာ့ ယဉ်ကျေးမှုတွေလို့ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုလည်း ရမယ်ထင်ပါတယ်။  ရွာဘုရားပွဲအစ၊ ရှင်ပြု၊ မင်္ဂလာဆောင်အလည်၊ နာရေးအဆုံး ရိုးရာဓလေ့တွေ အကုန်လုံး နီးပါး ငယ်ငယ်ကတည်းက အမြဲလိုလို အမှတ်ထင်ထင်ရော မသိမသာရော ကြုံတွေ့နေရတာပါ။ ဒါတွေဟာ တကယ့်မှတ်သားစရာ ဓလေ့တွေဆိုတာ အသက်ကြီးလာတော့ သိလာပါတယ်။ အဲဒီအဖြစ်အပျက်တွေထဲက ဘုရားပွဲနောက်ကွယ်က အဖြစ်ကို ရွာသူရွာသားတွေကို ဗဟုသုတအဖြစ် ပြောပြချင်လို့ပါ။

ကျွန်တော်တို့ရွာမှာ နှစ်စဉ် ဘုရားပွဲလုပ်လေ့ရှိပါတယ်။ သီနှံပေါ်ပြီး ငွေရွှင်တဲ့အချိန်ပါ။ ဘုရားပွဲရက်နီးပြီးဆို လြူဲကီးတွေ အလုပ်ရှုပ်လေ့ရှိတယ် ဘယ်ဇာတ်ကိုငှားမယ်၊ ငွေဘယ်လောက်ကုန်မယ်၊ ဘယ်နေ့ရက်ကောင်းတယ်၊ ရွာသူရွာသားတွေထံက ငွေဘယ်လောက် ကောက်ရမယ်၊ ဘယ်အဖွဲ့ကို တာဝန်ပေးရမယ်နဲ့ပေါ့။ လူကြီးတွေနဲ့ အပြိုင် ရင်ခုန်နေတဲ့သူတွေလည်း ရှိပါတယ်၊ အဲဒါကတော့ ကျွန်တော်တို့ ကလေးတွေပါ။ ဘုရားပွဲ ဖြစ်ရင် ကျွန်တော်တို့လည်း အခွင့်အရေးတွေ ရမှာလေ။ အင်္ကျီအသစ် ၀တ်ခွင့်ရယ် မုန့်ဖိုးများများနဲ့ ပွဲခင်းလျှောက်ခွင့်ရမယ်။ ဒီလိုနဲ့ ဘုရားပွဲရက် ရောက်လာပါပြီ။ အဲဒီနေ့ကတော့ လူကြီးတွေနဲ့အပြိုင် ကျွန်တော်တို့ ကလေးတွေ ကိုယ့်အိမ်မှာ အလုပ်တွေရှုနေပါပြီ။ တယောက်တဆင့်နဲ့ သတင်းတွေပေးပေါ့၊ ဇာတ်ကားကြီးရောက်နေပြီ ဘယ်မှာ ဇာတ်စင်ဆောက်မှာ သတင်းတွေက အချိန်နဲ့ အမှီရနေတာပါ။ ဇာတ်စင်ဆောက်ရာ ဘုန်းကြီးကျောင်းဘေး ဘောလုံးကွင်းကို သွားတဲ့ရွာလမ်းမမှာလည်း ကလေး လူကြီး ခြေခြင်းလိမ် နေပါတော့တယ်။ တောရွာဆိုတော့ တနှစ်မှ တခါအားခဲထားလို့ ပွဲကြည့်ဖို့ ရွာလုံးကျွတ် ရင်တွေခုန်ပေါ့။ ကျွန်တော်တို့ မောင်နှမတွေ ပွဲခင်းနေရာလုဖို့ အပျော်တွေနဲ့ ဖျာစုတ်ရှာကြတာ တခြံလုံး အနှံ့ပါပဲ။ အဲ၊ ဖျာလည်းရရော ညနေပွဲကြည့်လာမည့်  တခြားရွာက အမျိုးတွေအတွက် ထမင်းဟင်းချက်နေရလို့ မအားလပ်တဲ့ အမေ့ကို  ဖျာမှာနာမည်ရေးပေးဖို့ ပူဆာပြန်ပါတယ်။ သင်္ဘောဆေးနဲ့ အမေက ဖျာမှာသူ့နာမည်ရေးပေးမှပဲ နားငြီးသက်သာမှာမို့ အလုပ်တွေ ထားခဲ့ပြီး ကမန်းကတန်း ရေးပေးပြီး ဖျာကိုလိပ်ပေးပြီး ကြိုးချည်ပေးပါတယ်။ ကျွန်တော်တို့ အရပ်မှာက ဖျာက သင်ဖြူးဖျာမဟုတ်ပါဘူး။ ၀ါးရဲ့ အပေါ်ယံကြောကို ရက်ထားတဲ့ဖျာမို့ မာတဲ့အတွက် ကလေးအားနဲ့ လိပ်လို့ မရပါဘူး။  အမေ့အကူအညီက ပြီးပြီမို့ ခြံထဲမှာ အလုပ်ရှုပ်နေတဲ့ အဖေ့ဆီ သွားရပြန်ပါတယ်၊ ကိုယ်ဦးထားတဲ့ဖျာ မရွေ့အောင်လုပ်ဖို့ အတက်ပါတဲ့ ၀ါးချွန်ခိုင်းဖို့ပါ။ မတော်တဆ ထိုင်မိရင်လည်း ဖင်မစူးအောင်လို့ အပေါ်ဖက်က တုံးထားရပါသေးတယ်။ အော်ပြောဖို့ မေ့နေသေးတယ် ရွာဘုရားပွဲမို့ ဇာတ်ရုံတွေက ဗလာပွဲပါ ရုံပွဲမဟုတ်ပါဘူး ဒါကြောင့် နေရာလုရတာပါ။ လိုအပ်တဲ့ပစ္စည်းတွေ အကုန်ပါပြီမို့ ဖျာစုတ်ကို ခေါင်းပေါ်တင် လက်က ၀ါးတက်အချွန်ကိုင်ပြီး သူ့ထက်ငါဦးအောင် ဇာတ်စင်ရှိရာ ဘောလုံးကွင်းကို ရွာလမ်းမ တလျှောက် ပြေးပါတော့တယ်။
ဘောလုံးကွင်းထဲမှာ ရွာလူကြီး၊ ဘုန်းကြီး၊ ဇာတ်စင်ဆောက်ဖို့ တာဝန်ကျတဲ့ ကာလသားတွေ၊ နေရာလုဖို့ စောင့်နေတဲ့ ကျွန်တော်တို့ ကလေးတွေနဲ့ ဖုန်တွေဟာ ဖွေးနေတာပါပဲ။ ဇာတ်စင်ဆောက်ဖို့ ပနက်စရိုက်ပြီ ဆိုတာနဲ့ နှစ်စဉ် နေရာလုနေကျမို့ ဘယ်နေရာသည် မင်းလမ်းဖြစ်ပြီး ဘယ်နေရာကတော့ ပွဲကြည့်ဖို့ အကောင်းဆုံးဆိုတာ အတွေ့အကြုံအရ ကလေးတိုင်း ကောင်းကောင်းသိပါတယ်။ နေရာအကောင်းဆုံးလို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ နေရာမှာ ဖျာစုတ်ကို ရွက်ပြီး အသင့်အနေအထားနဲ့ ရပ်နေရတာပါ။ လူကြီးတွေကလည်း အားကြိုးမာန်တက် ဆောက်နေသလို ကလေးတွေကလည်း စောင့်နေတာပါ။ ဒီလိုနဲ့ ဇာတ်စင်လည်း ပေါ်လာရော ဖျာကိုကြိုးဖြည် နေရာဦးတာပေါ့။  ကိုယ်က နေရာကောင်း ရထားလို့ တခြားသူက ဖျာကိုရွှေ့ပြီး ပြန်လုမှာ စိုးရိမ်တာမို့ အဖေလုပ်ပေးလိုက်တဲ့ ၀ါးတက်အချွန်ကို ဖျာလေးထောင့်မှာ အုတ်ခဲနဲ့ မြေမှာကပ်ပြီး အသေရိုက်လိုက်ပါတယ်။  နေရာကောင်းကို ရထားပြီမို့ ဖျာကနေ ဘယ်မှ မသွားရဲပါဘူး။ မောင်နှမတွေ တယောက်တလှည့် ဖျာကင်းစောင့်ရပါတယ်။ ထမင်စား ရေသောက် အပေါ့အပါးတောင် တလှည့်စီ လုပ်ရတာပါ။ တနေကုန် ပွဲခင်းကနေ မခွာပါဘူး။ ဘယ်လောက်ခင်တဲ့ သူငယ်ချင်းပဲဖြစ်ပါစေ နေရာလုတဲ့ အချိန်မှာတော့ ရန်ဖြစ်ကြတာ။ ညနေရောက်ရော ဇာတ်စင်ကလည်း ကျွန်တော်တို့ ကလေးအပြောကတော့ လူခေါ်ဆိုင်း စတီးပါပြီ။  တခြားရွာက အမျိုးတွေကလည်း လှည်းတွေနဲ့ ပွဲကြည့်လာကြလို့ အိမ်ဝိုင်းထဲမှာ လှည်းတွေ နွားတွေ လူတွေနဲ့ ပြည့်နေပါတယ်။ မိဘတွေမှာလည်း ထမင်း၊ ရေနွေးကြမ်း ပွဲခင်းက ၀ယ်လာတဲ့ အကြော်စုံနဲ့ ဧည့်ခံနေရတာ မအားလပ်ပါဘူး။ ကျွန်တော်တို့ မောင်နှမ တစ်စုလည်း အလှည်ကျ အိမ်ပြန်ပြီး အ၀တ်အစားလဲနဲ့ အပြိုင်အလုပ်ရှုပ်နေတာပေါ့။ ဧည့်သည်တွေ စားသောက်ပြီးလို့ ပွဲခင်းထဲ သွားမယ်ဆိုတဲ့ အချိန်ဟာ နေရာကောင်း ရထားတဲ့သူအတွက် အလွန်မျက်နှာပွင့်တဲ့ အချိန်ပါ။ ကျွန်တော်ဦးထားတဲ့ နေရာဟာ ဘယ်လောက်ကောင်းတယ် ဆိုပြီးကြွားရတာဟာ တနေ့လုံး ဒုက္ခခံထားတာကိုတောင် မေ့ပါတယ်။ ဧည့်သည်တွေက သူတို့လှည်းပေါ်က ဖျာအကောင်းကို လိပ်ပြီးယူတဲ့ သူကယူ အဆာပြေစားဖို့ စားစရာ၊ ရေဗူးနဲ့ အနွေးထည်၊ စောင်တွေထည့်ထားတဲ့ ခြင်းဆွဲသူဆွဲနဲ့ ပွဲခင်းဆီ ချီတက်ကြပါတယ်။ ကျွန်တော်တို့ မိဘတွေဟာ ဘယ်တော့မှ ပွဲမကြည့်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့ မောင်နှမတွေ ပွဲခင်းနေရာဦးတာ သူတို့စိတ်ချရတဲ့ သူနဲ့ဆို ပွဲကြည့်တာကို မပိတ်ပင်ပါဘူး။ ပွဲခင်းကိုသွားရာ ရွာလမ်းတလျှောက်ဟာ မှောင်ရီပျိုးလာပြီမို့ ၀ိုတိုးဝါးတားဖြစ်နေပေမဲ့ ပွဲလာသူ ပွဲပြန်သူတွေရဲ့ ဓါတ်မီးရောင်ကြောင့် အလင်း မပျောက်လှပါဘူး။
ပွဲခင်းဟာလည်း ဈေးဆိုင်တွေက မီးစက်၊ ဘက်ထရီအိုး အလင်းရောင်တွေကြောင့် လင်းထိန်နေပါတော့တယ်။ တနေ့လုံး ပင်ပင်ပန်းပန်း စောင့်ရှောက်ထားရတဲ့ ဖျာနေရာကို ဧည့်သည်တွေကို ဂုဏ်ယူဝင့်ကြွားစွာပြပြီး နေရာပေးပြီးတဲ့အခါ ကိုယ့်တာဝန်ပြီးသွားပြီမို့ သူငယ်ချင်းတွေနဲ့ တပျော်တပါး မုန့်စားထွက်ပါတယ်။
ဇာတ်စင်က အပျိုတော်ထွက်တော့မှ ကိုယ့်ဖျာကိုပြန်လာပြီး  အမျိုးတွေအလည် ဖျာအလည်မှာ စောင်ကိုခြုံ  ဟာလာဟင်းလင်းဖြစ်နေတဲ့ ကောင်းကင်ကြီးနဲ့ ကြယ်တွေကို ကြည့်ရင်း ဆောင်းညအေးအေးမှာ ဆိုင်းသံသီချင်းသံတွေ နားထောင်ရင်း  ကလေးပီပီ အရာအားလုံးကိုမေ့ပြီး  အိပ်လိုက်ပါတော့တယ်။
Hmee

No comments: