မိမေ

တန်တေဘသည် ဝါးတခါးကို ကပ်၍ နားစွင့်လိုက်သည်။ သူ့သား၏ အသက်ရှူသံကို သူကောင်းကောင်း မှတ်မိသည်။ တန်တေဘသည် တံခါးကို အသာတွန်း၍လိုက်သည်။
“ဖိုးမင်းလား”
“ဟုတ်တယ် အမေ”
        တံခါးကြားမှ အရိပ်တခုကို လှစ်ခနဲ မြစ်လိုက်ရသည်။
        ဖိုးမင်းက ဓာတ်မီးခြစ်ကို ခြစ်လိုက်သည်။ ခပ်မှိန်မှိန် လင်းနေသော မီးရောင်ထဲတွင် အမေသည် သူရင်းနှီး ကျွမ်းဝင်ပြီးသား အခန်းကို မြင်ရသည်။ ဤအခန်းထဲတွင် သူ့သားကြီးကို မြင်လိုက်ရသည်နှင့် အမေအားရှိသွားသည်။ သားကြီးရှိနေသဖြင့် မှောင်မည်းသော ည၌ သူ့အိမ်ကလေးသည် ဤမျှလောက် ခြောက်ကပ်ငြိမ်သက်ခြင်း မရှိတော့ဟု အမေခံစားမိသည်။
        အမေက သူ့သားကြီး၏ တောင့်တင်းသော ပခုံးများနှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို တချက်မျှ ကြည့်သည်။
        “ဆာလာသလား”
        “ဟင့်အင်း မဆာပါဘူး အမေရ” ဖိုးမင်းက ပြန်ဖြေသည်။ ပြီးမှ အသံကို နှိမ့်လိုက်ပြီး “ဘာသတင်း ထူးသေးလဲ အမေ”
        အမေက သူ့နားသို့ ကပ်၍ တိုးတိုးပြောနေသည်။ ဖိုးမင်း နားထောင်ရင်း မျက်မှောင်ကုတ်နေသည်။ ခဏကြာမှ အသံ ခပ်ကျယ်ကျယ်ဖြင့်-
        “ဒီနေ့ စစ်သားတယောက် ပေါက်လာတယ်။ ငတိုးနဲ့ စကားများသွားကြတယ်”
        “တော်တော် ကြီးကြီးကျယ်ကျယ် ဖြစ်သလား”
        “သိပ်တော့ ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး။ စစ်သားက မင်းညီရဲ့ စက်ဘီးကို သူမရှိတုန်း ယူသွားတယ်လေ။ ပြန်လာပို့တော့ ငတိုးက ခြံထဲမှာ အလုပ်လုပ်နေတယ်။ ငတိုးက “ယူတဲ့နေပြန်ထားပါ” လို့ ပြောရာက စစ်သားနဲ့ စကားများကြတာပဲ။ နောက်တော့ စစ်သားက စက်သေနတ်ကို ထုတ်ချိန်တယ်။ ငတိုးကလည်း “ပစ်ချင်ရင်ပစ်ဆိုပြီး ရင်ဘတ်ကော့ပေးတယ်။ အမေဖြင့် ရင်တွေပန်းတွေ တုန်လို့ကွယ်။ တော်ပါသေးရဲ့၊ ငတိုးစိတ်ဆိုးနေမှန်း သိတော့ ကြေစားစစ်သားက လျှော့သွားတယ်””
        အမေက သူ့သမီးငယ် အိပ်သည့် ခုတင်ကို ကျေနပ်နှစ်သိမ့်ဟန်ဖြင့် လှမ်းကြည့်နေသည်။
        “ကျွန်တော့ညီက ဘယ်ဆိုးလို့တုန်း အမေရ၊ ဒီလိုမှပေါ့”
        ဖိုးမင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးသည်။
        “မင်းညီကို မင်းနဲ့အတူ မြေအောက်လုပ်ငန်း လုပ်ဖို့ ခေါ်သွားပါလား”
        အမေက ဖိုးမင်းကို လှမ်းပြောသည်။
        ဖိုးမင်းက ခဏကြာမျှ စဉ်းစားကာ အမေ၏ မျက်နှာကို စူးစိုက်ကြည့်နေသည်။
        “အချိန်မရောက်သေးဘူး အမေ။ ကျွန်တော်နဲ့ လိုက်တာထက် ဒီမှာနေတာက ပိုပြီး အသုံးကျတယ်”
        အမေက ကုတင်ပေါ် အိပ်ပျော်နေသော သားငယ်ကို လှမ်းကြည့်သည်။
        “အမေကတော့ သူ့အတွက် စိုးရိမ်တယ်။ ဒီမှာနေရင် တနေ့မဟုတ် တနေ့ အဖမ်းခံရမလား၊ အသတ်ခံရမလား မသိဘူး”
        ဖိုးမင်းက မတ်တတ်ရပ်လိုက်သည်။
        “ကျွန်တော်တို့ ရှေ့ရှောက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ရအုံးမယ် အမေ။ တခြားလမ်းမရှိဘူး။ လမ်းခုလတ်တင် ရပ်နေလို့ မရဘူး။ ကျွန်တော်တို့က သူတို့ကို အပြတ်ရှင်းရင်ရှင်း၊ မရှင်းရင် သူတို့က ကျွန်တော်တို့ကို အပြတ်ရှင်းမှာပဲ။ ငတိုး သူ့အလုပ်ကို သူ နားလည်ပါတယ် အမေ။ စိတ်မပူပါနဲ့။ အာရုဏ်တောင်လာတော့မယ်။ ကျွန်တော်လည်း ပြန်မှပဲ။ ရွာမှာ စစ်သားဦးရေ ဘယ်လောက်ရှိလဲ၊ လက်နက်ဘယ်လောက် ပါသလဲဆိုတာ သတင်းပို့နော် အမေ။ မမေ့ပါနဲ့။ သွားမယ် အမေ”
        ဖိုးမင်း၏ ခြေသံသည် ဝေးသည်ထက် ဝေးသွားသည်။ နောက်ဆုံး သူ့ခြေသံများသည် အမှောင်ထုကြီးထဲတွင် ပျောက်ကွယ်သွားကြသည်။
        အမေသည် တဲတခါးကို ပိတ်လိုက်ပြီးနောက် သမီးအထွေးဆုံး မိမေကိုယ်ပေါ်သို့ စောင်ကို ဖြန့်၍ ခြုံပေးလိုက်သည်။ မိမေသည် နှစ်ခြိုက်စွာ အိပ်ပျော်လျက် ရှိ၏။ ထို့နောက် အမေသည် နံရံကိုမှီကာ ဒူးကိုလက်ဖြင့် ပိုက်၍ ထိုင်ရင်း တဲနံရံပတ်ပတ်လည်ကို ကြည့်မိသည်။ ယခု အမေ၏တဲသည် ပို၍ ကြီးသွားကာ ပို၍ ဟာလာဟင်းလင်း ဖြစ်နေသယောင် ထင်ရသည်။
        အပြင်ဘက်တွင် လေသည် တဝီဝီအောက်၍ တိုက်နေသည်။ လေသည် ပင်လယ်ဘက်မှ တိုက်လာပြီးနောက် သစ်တောများကို ဖြတ်လာခဲ့သည်။ ထိုမှတဖန် လယ်တောများကို ဖြတ်ကာ “သေနင်္ဂဗျူဟာ” ရွာကလေးဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ လေတိုက်သဖြင့် သွပ်မိုးများသည် တဖြန်းဖြန်း ရိုက်နေကြသည်။ တချက်တချက်တွင် ခွေးဟောင်သံများနှင့် စက်သေနတ် ပစ်သံများကို ကြားနေရသည်။
        အမေသည် သူ့သားကြီး ဖိုမင်းအကြောင်းကို တွေးမိသည်။
        ယခုအချိန်တွင် သူ့သားကြီး ဖိုးမင်းသည် ကွေ့ကောက်လျက်ရှိသော လမ်းကလေးအတိုင်း တောစပ်သို့ ရောက်နေတော့မည်။ အမေသည် သူ့သား သွားလေ့ရှိသည့် တောလမ်းတလျှောက်က ကမူတိုင်း၊ ချုံဖုတ်တိုင်းကို ကောင်းကောင်းသိသည်။ သူ့သားနှစ်ယောက် လမ်းလျှောက်ပုံကိုလည်း ကောင်းကောင်း မှတ်မိသည်။
        ဖိုးမင်းလမ်းလျှောက်ပုံက မြန်သည်။ သွက်သည်။ ဖိုးတိုးလမ်းလျှောက်ပုံက နှေးကွေးသည်။ မြဲမြံသည်။ သူတို့နှစ်ယောက်၏ စရိုက်များကလည်း ခြားနားကြသည်။ ဖိုးမင်းက ပျော့ပျောင်းသည်။ အလိုက်အထိုက် ဆက်ဆံတတ်သည်။ ဖိုးတိုးက စကားနည်းသည်။ ခေါင်းမာသည်။ တခါတုန်းက ကျောင်းတွင်ဖိုးတိုးသည် စာတိုက်ဗိုလ်သားကို ရိုက်သဖြင့် စစ်သားတို့က ဖမ်းသွားကြသည်။ အမေက လိုက်တောင်းပန်သဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
        မြေအောက်လုပ်ငန်း လုပ်နေသော သူ့အစ်ကို ဖိုးမင်းနှင့် ဆက်သည်ဆိုပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။
        “ချမ်းသာပေးပါ ဗိုလ်ကြီးတိုရယ်။ ကလေးက ဘာမှ နားမလည်သေးလို့ လုပ်မိတာပါ” အမေက ဆိုင်ရာ ရဲအရာရှိ တောင်းပန်သည်။
        “အို ဒီမိန်းမကြီး သိပ်ပလီပလာ ပြောမနေနဲ့။ ဒီကောင်လေးက ဗီယက်ကောင်း။ ကျုပ်တို့သိတယ်။ တောက် ဒီလောက် ငယ်ငယ်ကလေးနဲ့ ဗီယက်ကောင်း လုပ်ချင်တဲ့ကောင် ခေါင်းကို ပုဆိန်နဲ့ ရိုက်ခွဲပစ်ဖို့ ကောင်းတယ်”
        ခရိုင်ရဲအရာရှိက အမေ့ကို ကြိမ်းသည်။
        အမေ တောင်းပန်သည်။ ခရိုင်ရဲအရာရှိက ဖိုးတိုးကို သူ့ဆီ အခေါ်ခိုင်းလိုက်သည်။ သူ့ရှေ့သို့ ရောက်သည့်အခါ၌၊ ဖိုးတိုးကို မျက်ထောင့်နီကြီးဖြင့် အငြိုးတကြီး လှမ်းကြည့်လိုက်သည်။ အမေက ကြားထဲက ဝင်၍ တောင်းပန်သည့်တိုင် ဖိုးတိုးက ဘာမျှမပြော။ လက်ပြန်ကြိုး တုတ်ခံထားရရင်းက ရဲအရာရှိကို ခြေဆုံး ခေါင်ဆုံး စိမ်းစိမ်းကြီး ကြည့်နေသည်။
        “ခရိုင်ရဲဝန်ကြီးရယ်၊ ကျွန်မသားကို ခွင့်လွှတ်ပါရှင်။ ကျွန်မသားဟာ ခုမှ အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ တကယ်ကတော့ သူဘာမှ နားလည်တာ မဟုတ်ပါဘူး။ ခေါင်းမာလို့သာ မာနေတာပါ”
        ခရိုင်ရဲဝန်က လှောင်ရယ်ရယ်ကာ-
        “အဘွားကြီး တော်တော် သနားအောင် ပြောတတ်သားပဲ။ ရှေ့နေလုပ်ဖို့ ကောင်းတယ်။ ခင်ဗျားမွေးထားတဲ့ သားပဲဗျ။ သူ့အကြောင်း ခင်ဗျား ဘာဖြစ်လို့ မသိဘဲ နေရမလဲ။ ခင်ဗျားကပါ မသိချင်ယောင်ဆောင်နေတယ် ဆိုပါတော့ ဟုတ်လား။ ခင်ဗျားကတော့ သိပ်မလွယ်ဘူးနော်။ အေးလေ ခင်ဗျားလည်း အတူတူပဲနေမှာပါ။ ခင်ဗျားတို့အကြောင်း မသိရင် ခက်မယ်။ သိလား။ ခင်ဗျားတို့ အားလုံး ဗီယက်ကောင်းချည်းပဲ။ အဖေရော၊ အမေရော၊ သားအကြီးရော၊ ခု ဒီကောင်ရော။ အကုန်လုံး ဗီယက်ကောင်းချည်းပဲ။ အင်း ဒီလိုသားမျိုးတွေချည်း မွေးလည်း မွေးတတ်ပါ့ဗျာ၊ ၁၅ နှစ်သားမို့လို ဘာမှ နားမလည်သေးပါဘူးတဲ့။ ခင်ဗျားပြောတိုင်း ကျုပ်တို့က ယုံရမယ် ဆိုပါတော့ ဟုတ်လား။ ဒီကောင်ဟာ တနေ့ကျရင် ကျုပ်တို့ အားလုံးကို သတ်မယ့်ကောင်ဗျ၊ ကျုပ်တို့ အားလုံးကို သတ်မဲ့ကောင်။ ကဲ ကောင်းပြီ။ ဒီတချီတော့ ခင်ဗျားသားကို လွှတ်လိုက်မယ် ဟုတ်လား”
        ခရိုင်ရဲ အရာရှိသည် ဖိုးတိုးဘက်သို့ လှည့်၍ မိန့်ခွန်းချွေပြန်သည်။
        “ဟေ့ ခွေးမသားလေး။ နောက်တခါ ဆိုရင်တော့ မသက်သာဘူးမောင်။ ကြပ်ကြပ်သတိထား”
        ရဲအရှာရှိက ဖိုးတိုး၏ နားရွက်ကို လှမ်း၍ ဆွဲလိုက်သည်။ သို့ရာတွင် ဖိုးတိုးက အဆွဲမခံ။
        “ကျုပ်ကို မထိပါနဲ့ဗျ”
“ဘာပြောတယ်ကွ”
သို့ရာတွင် အမေသည် အမေသည် နောက်ထပ် အပြောမခံတော့။ သူ့သားငယ် ဖိုးတိုးကို ရဲဌာန အပြင်ဘက်သို့ ဆွဲထုတ်လာခဲ့ပြီးပြီ။
ဖိုးတိုးက နည်းနည်းမှ ဆတ်ဆတ်ထိခံသူ မဟုတ်။ ရဲအရာရှိက ဖိုးတိုးသည် မွေးလာကတည်းက ဗီယက်ကောင်းဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ ဤအတိုင်းဆိုလျှင် ရဲအရာရှိ၏ စကားသည် မှန်ကောင်းမှန်နေသလော မပြောတတ်။ အမေ၏ မျက်လုံးမှ မျက်ရည်ပေါက်ကြီးများသည် ပါးပြာပေါ်သို့ စီးကျလာသည်။
အမေသည် အဖေံကိုပြေး၍ သတိရသည်။ ငတိုးတို့အဖေသည် တော်လှန်ရေးသမားတဦး ဖြစ်သည်။ ယခု ငတိုး အဖေ့ကြောင်းကို မကြားရသည် ၁၀ နှစ်ကျော် သွားပြီ။ တချို့ကလည်း နယ်စပ်တွင် အသတ်ခံရပြီဟု ပြောကြသည်။ အမေက သူ့ကိုယ်စား သားသမီးသုံးယောက် ထားပစ်ခဲ့သည်။ အမေသည် သားသမီး သုံးယောက်ကို ပင်ပန်းဆင်းရဲစွာ ရှာဖွေကျွေးခဲ့ရသည်။ သူ့သားသမီး သုံးယောက်ကို အမေ ချစ်သည်။ လမ်းမှန်ကို ရောက်အောင် ဂရုတစိုက် ထိန်းကျောင်းသည်။ အမေသည် နေ့စဉ်နှင့်အမျှ တုတ်ခိုင်လာသော သူ့သားသမီးသုံးယောက်၏ ခြေထောက်များ၊ လက်မောင်းအိုးများကို စမ်းသပ် ဆုပ်နယ်ကြည့်သည်။ နေ့စဉ်နှင့်အမျှ မာကျစ်လာသော သားသုံးယောက်၏ ကြွက်သားများကို ဖြစ်ညှစ်ကြည့်သည်။ သန်မာထွားကျိုင်းလာသော သားသမီးသုံးယောက်ကို ကြည့်၍ ပီတိဖြစ်ရသည်။
သို့ရာတွင် သားသုံးယောက် ကြီးပြင်းလာကြသည်နှင့်အမျှ အမေ့၌ စိုးရိမ်စရာတွေ ပိုလာသည်။ တခါတရံတွင် သားကြီး ဖိုးမင်းသည် ကျောင်းပြန်နောက်ကျသည်။ တခါတရံတွင်လည်း ညဥ့်နက်မှ အိမ်ပြန်လာတတ်သည်။ သူတို့ တဲအိမ်ကလေးတွင် စစ်သားတွေ လာစခန်းချသည့်အခါမျိုးတွင် ဖိုးမင်းသည် အိမ်သို့ ရက်ပေါင်းများစွာ ပြန်မလာတော့။ ဤအခါမျိုးတွင် အမေသည် သူ့သားကြီး ဖိုးမင်းအတွက် စိုးရိမ်ကြောင့်ကြ ဖြစ်ရသည်။
ဖိုးမင်းသည် ကျန်းမာသန်စွမ်း၍ ယောက်ျားပီသသည့် လူကြီးတဦး ဖြစ်လာပြီ။
သည်တော့ အမေသည် သူ့သားကြီးကို စစ်တပ်က စစ်ထဲဆွဲမည်ကို တွေး၍ စိုးရိမ်သည်။ ထို့ကြောင့် စစ်တပ်က စစ်ထဲ ဆွဲမသွင်းနိုင်စေရန် အမေသည် ခပ်လှမ်းလှမ်း ရွာတရွာရှိ ဆွေမျိုးတယောက်အိမ်သို့ ဖိုးမင်းကို ပို့ထားသည်။ ဤအိမ်တွင် လက်မှုပညာကလေး အစ သင်စေသည်။ ရှောင်၍ မရသည့်တနေ့တွင် တောထဲက “သူတို့ရဲဘော်” များထံ ပို့မည်ဟု အမေစိတ်ကူးထားသည်။
သို့ရာတွင် အမေ စိတ်ကူးနောက်ကျသည်။ ဖိုးမင်းက သူ့ဘာသာသူ အဆက်အသွယ်ရနေပြီ။ ဖိုးမင်းက ပြောက်ကျားများနှင့် ဆက်မိကာ သူတို့၏ အင်္ကျီများကို ချုပ်ပေးသည်။ သူတို့အတွက် ဆေးပစ္စည်း ဝယ်ပေးသည်။ တညတွင်မူ ဖိုးမင်းသည် အိမ်သို့ ရုတ်တရက် ပေါက်လာသည်။
“အမေ ကျွန်တော် ဟိုဘက်ကို သွားတော့မယ်။ ကျွန်တော်သွားဖို့ လိုနေပြီ”
ဖိုးမင်းက ခပ်တိုတိုပြောသည်။ သူ့စိတ်ထဲတွင် အပြန်ပြန် အလှန်လှန် စဉ်းစားပြီ ဖြစ်ဟန်တူသည်။ ဖိုးမင်းတယောက် ပြောက်ကျားတပ်သားကြီး ဖြစ်တော့မည်။ ရွာထဲက လူရှုပ်လူပွေများကို အပြစ်ပေးတော့မည်။ ငိုဒင်ဇင်၏ လက်မရွံ့များကို ခံတိုက်တော့မည်။ ယန်းကီးတို့ကို ခံတိုက်တော့မည်။
ဖိုးမင်းက သူ့ဆုံးဖြတ်ချက်ကို အမေ့အား ပြောပြပုံမှာ လွယ်လွန်းလှသည်။ တည်ငြိမ်လွန်းလှသည်။ ခေတ္တခဏ လမ်းလျှောက်သွားဦးမည်ဟု ပြောသလို အေးဆေးလွန်းလှသည်။ အမေကလည်း ဖိုးမင်း၏ စကားကို အလွယ်တကူ နားလည်လိုက်သည်။ အံ့သြခြင်း မဖြစ်။ ဤသို့သွားဖို့ လိုအပ်သည်ဟုပင် စိတ်ထဲက ဝိုးတိုးဝါးတား အောက်မေ့မိလိုက်သေးသည်။
ဖိုးမင်းထွက်သွားသည့် နောက်တွင်မူ အမေသည် သူ့ပခုံးပေါ်တွင် ထမ်းထားရသည့် ထန်ထုပ်ကြီးတခု ကျသွားသလို ပေါ့ပါးသွားသည်။
ယခု ဖိုးတိုးအလှည့် ရောက်ပြန်ပြီ။
ဖိုးတိုးသည် ကိုးနှစ်ဆယ်နှစ်သားလောက် ရောက်ကတည်းက ရုပ်သေးစစ်သားမြင်လျှင် ခါးခါးသီးသီးမုန်းသည်။ သူ့ပခုံး၊ သို့မဟုတ် ခေါင်းကို စစ်သားတွေက တရင်းတနှီးကိုင်လျှင် သိမကြိုက်ချင်။ ယခုမူ ဖိုးတိုးသည် ရုပ်သေးတတ်သားများကို တကယ်ပင် ရှောင်နေရသည့် အဖြစ်သို့ ရောက်နေပြီ။ ရုပ်သေးတပ်သားတွေကို ခါးခါးသီးသီး မုန်းနေပြီ။
တခါတရံ ဖိုးတိုးသည် စကားတလုံးမျှ မပြောဘဲ နာရီပေါင်းများစွာ ထိုင်နေတတ်သည်။ ထိုအခါတွင် အမေသည်လည်း အိမ်မှုကိစ္စများကို လုပ်ချင်စိတ် မရှိတော့။ ကြမ်းပြင်တွင် ထိုင်ချကာ ဖိုးတိုး၏ ထက်မြက်သည့် မျက်နှာကိုလည်းကောင်း၊ ဆံပင်များကိုလည်းကောင်း၊ မျက်ခုံး မျက်လုံး နှာတံနှင့် ပါးစပ်တို့ကိုလည်းကောင်း စေ့စေ့ကြည့်နေတတ်သည်။ ဖိုးတိုးမျက်လုံးများ နောက်ကွယ်တွင် မည်သို့ ရှိမည်နည်းဟု အမေဉာဏ်မှီသမျှ စဉ်းစားသည်။ ဖိုးတိုး စဉ်းစားစိတ်ကူးသမျှသည် မှန်လိမ့်မည်ဟုလည်း အမေစိတ်ချလက်ချ ယုံကြည်ထားသည်။ သို့ရာတွင် တခါတရံတွင်မူ အမေသည် မချုပ်တည်းနိုင်ဘဲ ခပ်တိုးတိုးညည်းမိသည်။
“ဘာတွေများ စဉ်းစားနေတာလဲ သားရယ်၊ ဒီလောက်လည်း စိတ်မစောပါနဲ့။ ငါ့သားက ငယ်ငယ်ကလေး ရှိသေးပါတယ်” ဟု ဆိုမိသည်။

သို့ရာတွင် ရှောင်၍မရ။ တနေ့တွင် ရုပ်သေးတပ်များ သူတို့ ရွာကလေးသို့ လာ၍ စခန်းချကြသည်။ ထိုနေ့က ဖိုးတိုးကျောင်းမတက်။ ညနေဘက် ကြေးစားစစ်တပ်များ ရွာမှထွက်ခါနီးတွင်မူ ဖိုးတိုးတယောက် အိမ်မှပျောက်သွားသည်။ ညနေ ညီအစ်ကို မသိတသိ အချိန်လောက်တွင်မူ လက်ပစ်ဗုံးတလုံး ပေါက်ကွဲသံနှင့် တရစပ် ပစ်ခတ်လိုက်သော စက်သေနတ်သံများကြောင့် အမေလန့်သွားသည်။ ထိုညက ဖိုးတိုးသည် အိမ်သို့ ညဥ့်နက်မှ ပြန်ရောက်လာသ်ည။ သူ့မျက်နှာက လင်းထိန်တောက်ပလျက်ရှိသည်။
“အမေ၊ အမေ။ ကျွန်တော် လက်ပစ်ဗုံးနဲ့ ပစ်ထည့်လိုက်တာ စစ်သားနှစ်ယောက် ကျသွားတယ်ဗျ။ တောက် လက်က သိပ်မသန်တော့ ဝေးဝေးရောက်အောင် မပစ်နိုင်ဘူးဗျာ။ ဝေးဝေးပစ်နိုင်ရင် ဒီ့ထက်ပိုထိမှာ”
ဖိုးတိုးက အိမ်ပြန်ရောက်လျှင် ရောက်ခြင်း ပြောသည်။
ဖိုးတိုး၏ သတင်းကို ကြားသည့်အခါတွင် မီးဖိုချောင်ထဲတွင် ရောက်နေသည့် အငယ်ဆုံးသမီး မိမေကလည်း လက်ခုပ်လက်ဝါး တီး၍ ပြေးထွက်လာကာ ဝမ်းသာအားရ ထောက်ခံသည်။ သို့ရာတွင် မိမေက သူ့အစ်ကိုကို အပြစ်တင်သည်။
“အစ်ကို ပုန်းနေတဲ့ နေရာက သိပ်မကောင်းဘူး။ နောက်နေရာတခု ကျွန်မတွေ့ထားတယ်။ အဲဒီနေရာက ကျော်ပစ်ရင် လက်ပစ်ဗုံးတလုံးတည်းနဲ့ အနည်းဆုံး ငါးယောက်လောက်တော့ သေအောင်ပစ်လို့ ရတယ်”
အမေက ဝင်ရှုပ်ရကောင်းလားဟု သမီးငယ်ကို လက်ညှိုးထောင်၍ သတိပေးသည်။
“သွား၊ မီးဖိုထဲသွား။ မဆိုင်တာ ဝင်မရှုပ်နဲ့”
အမေသည် သက်ပြင်းချကာ သူ့သားငယ် ဖိုးတိုးကို ကြည့်သည်။ ဖိုးတိုးစကားတွေကို လမ်းမက ကြားမည်လောဟု အမေစိုးရိမ်သည်။ သို့ရာတွင် အမေ မတားဖြစ်။ မတားရက်။
“သွား သွား ငါ့သား ဆာလာရောပေါ့၊ မီးဖိုထဲ သွားစားချည်”
ဖိုးတိုးက ခေတ္တမျှရပ်ကာ လက်မောင်းများကို ကွေးချည်ဆန့်ချည်ပြုရင်း-
“ဒီလက်မောင်းတွေ သန်လာအောင် လုပ်ရမယ် အမေရ။ နောက်တခါကျရင် အနားရောက်အောင် ဝမ်းလျားထိုး ကပ်သွားရမယ်။ မိမေပြောတဲ့ နေရာကိုလည်း သေသေချာချာ မေးထားရဦးမယ်”
ထမင်းစားပြီးနောက် ဖိုးတိုးက ထလာကာ-
“အမေ ကျွန်တော် အပြင်ခဏ သွားချည်ဦးမယ်။ သန်းခေါင်ကျော်မှ ပြန်ရောက်ချင်လည်း ရောက်မယ်။ သိပ်စိတ်ပူမနေနဲ့”
အမေသည် သူ့သားကို တိတ်ဆိတ်စွာ ကြည့်သည်။ ဘာမျှ မပြောမိ။ ပြောချိန်လည်း မရလိုက်။ ဖိုးတိုးက အပြင်သို့ ထွက်သွားပြီ။ စင်စစ်ဖိုးတိုးသည် အမေ့ထံ ခွင့်တောင်းနေခြင်းမဟုတ်။ အသိပေးရုံမျှသာ ဖြစ်သည်။ ပြောက်ကျားတပ်သို့ ဝင်လိုလျှင် မည်သည့်အခါမျှ တားဆီးပိတ်ပင်မည် မဟုတ်ဟူ၍လည်း ဖိုးတိုး ယုံကြည်သည်။ အမေသည် ခုတင်ပေါ်တွင် လူးလိုက် လှမ့်လိုက်ဖြင့် အချိန်ကုန်ရသည်။ အိပ်၍မရ။ မျက်လုံးတွေက ကြောင်နေသည်။ တနေကုန် အနားမနေရ။ ရွာရိုးအနှံ့သွားကာ ရှိသည့်ဆန်ကလေးတွေ၊ ကန်ဇွန်းဥကလေးတွေကို ရွက်ရသည်။ ညကျမှသာ စဉ်းစားချိန်ရသည်။ ထောင်ပေါင်းများစွာသော အတွေးတွေ ချာချာ လည်နေသည်။ အတွေးဝင်္ကပါထဲက ထွက်၍မရ။ လင်းအားကြီးလောက်တွင်မူ အတွေးဝင်္ကပါမှ ထွက်ရာလမ်းကိုတွေ့ပြီ။ ထိုလမ်းသည် တောက်ပပြောင်လက်နေသည်။ ထိုလမ်းသည် သူ့ခင်ပွန်းသည် လျှောက်ခဲ့၍ ယခု သူ့သားများ လျှောက်နေသော လမ်းဖြစ်သည်။ မားမားရပ်နေသော သူတို့ အရိပ်များကို အမေမြင်ယောင်မိသည်။ သူတို့အသံများသည် အမေ့နားထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။
ဝမ်းသာကြည်နူးသဖြင့် အမေ့မျက်လုံးမှ မျက်ရည်တွေ စီးကျလာသည်။
သူ့စိတ်မျက်စိထဲတွင် သူတို့လျှောက်သောလမ်းကို လျှောက်နေသည်။ ညတွင် သူတို့ ပြန်လာမည့်အချိန်ကို အမေစောင့်နေတတ်သည်။ သစ်ရွက်ခြောက် ရှပ်တိုက်ပြေးလွှားသံ၊ သစ်ကိုင်းခြောက် မြည်သံကိုကြားလျှင် အမေသည် တံခါးဝဆီသို့ အလိုလိုရောက်ပြီးသား ဖြစ်နေသည်။
တညတွင်မူ ဖိုးတိုးသည် ခါတိုင်းထက်နောက်ကျ၍ အိမ်သို့ ပြန်လာသည်။ ဖိုးတိုးက ခုတင်စွန်းတွင် ဝင်ထိုင်သည်။ အမေက သူ့ဘေးတွင် ဝင်ထိုင်ကာ ဖိုးတိုးပြောမည့် စကားကို စောင့်နားထောင်သည်။ ဖိုးတိုးခါတိုင်းလို မသွက်။ နှုတ်လေးနေသည်။ ဤသည်ကို အမေက ချက်ချင်း ရိပ်မိသည်။
“သား ဘာဖြစ်လာသလဲဟင်။ ဒီနေ့ ဘာထူးသလဲ”
ဖိုးတိုးက သက်ပြင်းကြီးတချက်ကိုချပြီး၊ အမေ၏ လက်နှစ်ဖက်ကို ဆုပ်ထားလိုက်သည်။
“ဒီနေ့ အမေ့ကို သတင်းနှစ်ခု ပြောစရာရှိတယ်။ တခုက သတင်းကောင်း။ တခုက တသင်းဆိုး”
အမေက ဖိုးတိုး၏ ပခုံးကို ဖမ်းကိုင်လိုက်သည်။
“ရန်သူကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တဲ့အတွက် ကျွန်တော့ကို ပြည်သူ့တော်လှန်ရေး လူငယ်အဖွဲ့က အဖွဲ့ဝင်ခွင့် ပြုလိုက်ပြီ”
“ဟုတ်လား။ နောက်သတင်း တခုကကော”
ဖိုးတိုးက အမေ၏ လက်ကို ဖျစ်ညှစ်လိုက်ပြီးနောက်၊ အမေ့ဘက်သို့ လှည့်ကြည့်သည်။ အမေ၏ ဝိညာဉ်ကို ထိုးဖောက်ကြည့်နေသလော မပြောတတ်။
“အမေ မငိုနဲ့နော်”
မိုးတိုးက ပြတ်သားသည့် အသံဖြင့် ပြောသည်။
“ဘာလဲ။ ဖိုးမင်းအကြောင်းလား။ ဘာဖြစ်လို့လဲ ဟင်“
“တိုက်ပွဲတခုမှာ အစ်ကို့ကို ရန်သူလေယာဉ်က လိုက်ပစ်တယ်။ အစ်ကိုက လေယာဉ်ပျံကို ပြန်ပြီး ပစ်ချလို့ လေယာဉ်မီးလောင်ပြီး ပျက်ကျသွားတယ်။ အစ်ကိုလည်း ကျသွားတယ်”
“ဘုရား ဘုရား”
အမေက အသံထွက်မငိုမိရန် နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။
“မငိုပါနဲ့အမေ။ အစ်ကို့အတွက် ကျွန်တော် လက်စားချေပါ့မယ်။ အခု မငိုပါနဲ့ဦး။ အမေငိုချင်တယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည် နှစ်ခြမ်း တပြည်တည်း ပြန်ပေါင်းမိတဲ့ အခါကျမှ ငိုပါ။ ဒီကောင်တွေကို ကျွန်တော်တို့ လက်စားချေရဦးမယ်။ ခု မငိုပါနဲ့ဦး”
အမေက သူ့သားကြီး ဖိုးမင်းအတွက် မျက်ရည် မကျဘဲ မနေနိုင်။ ဖိုးတိုးကမူ တိုင်းပြည်နှစ်ခြမ်း ပြန်ပေါင်းမိသည့် အခါကျမှ ငိုပါဟုပြောသည်။ မှန်သည်။ ဖိုးတိုးဆန္ဒကို အမေ နားလည်သည်။ ဖိုးတိုးစကားတွင် ဘာမှ နားမလည်စရာ မရှိ။
အမေ မျက်ရည်များကို သုတ်သည်။
အမေမငိုတော့။ မျက်ရည်များက အလိုလို ခမ်းခြောက်သွားခြင်းလည်း ဖြစ်နိုင်သည်။
ထိုနေ့ကစ၍ ဖိုးတိုးလည်း ကျောင်းမတက်တော့။
“ကျွန်တော်တို့ ပြည်သူတွေကို၊ စော်ကားနေတာတွေကို ကျွန်တော် မခံနိုင်ဘး အမေ။ မခံနိုင်လို့ တနေ့မှာ ကျွန်တော့်ကိုယ် ကျွန်တော် ချုပ်တည်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအချိကျရင် သူတို့ ကျွန်တော့်ကို ထောင်ထဲ ဆွဲသွင်းကြလိမ့်မယ်။ တိုင်းပြည်နှစ်ခြမ်း ပြန်ပေါင်းမိကာမှ ကျွန်တော် ပညာ ဆက်သင်တော့မယ်”
ဖိုးတိုးပြောသည့် စကားသည် မှန်သည်။ ဤသည်ကို အမေ ကောင်းကောင်းသိသည်။ သို့ရာတွင် ကျောင်းမတက်ဘဲ အိမ်တွင် ဘာမျှ မလုပ်ဘဲ ထိုင်နေ၍ မဖြစ်။ ဤသို့ဆိုလျှင် အန္တရာယ်ကြီးသည်။ စစ်သားများက သူတို့ရွာသို့ နေ့တိုင်း လာလေ့ရှိသည်။ သူ့သားငယ် ဖိုးတိုးကို စစ်တပ်ထဲ ဆွဲမသွင်းအောင် သူ ကာကွယ်နိုင်မည် မဟုတ်။ ထို့ကြောင့် အမေ နေ့ရောညရော ဖိုးတိုးပြဿနာကို စဉ်းစားသည်။ နောက်ဆုံးတွင် အကြံတခုကို ရသည်။
“ကျောင်းမတက်ချင်ဘူးဆိုရင်လည်း ဒီမှာနေလို့တော့ မဖြစ်ဘူး၊ အန္တရာယ်များမယ်။ ပြောက်ကျားတွေဆီ သွားနေပါလား”
အမေက ပြောသည်။
ဖိုးတိုးက ခေါင်းခါသည်။
“ကျွန်တော့ ရဲဘော်တွေကို လှမ်းမေးပြီးပြီ အမေ။ သူတို့က သဘောမတူဘူး။ ကျွန်တော်ဒီမှာရှိတာက ပိုပြီး အသုံးဝင်တယ်တဲ့။ ကျွန်တော်မရှိရင် ဒီရွာမှာ ရဲဘော်တွေအတွက် အလုပ်လုပ်ပေးတဲ့လူ ဘယ်မှာ ရှိတော့မလဲ”
ဖိုးတိုးစကားက ယုတ္တိရှိသည်။ ထို့ကြောင့် အမေ ဘာမျှ ပြန်မပြောနိုင်တော့။ သူတို့သားအမိသည် ဤအကြောင်းကို နောက်ထပ်မပြောမိကြတော့။ ဖိုးတိုးသည် သူလုပ်ရမည် အလုပ်ကို သိသည်။ သို့ရာတွင် အမေက သူ့သားကို စိတ်မချ။ အမေသည် သူ့သားအတွက် ဗုဒ္ဓမြတ်ဘုရားထံတွင် ဆုတောင်းသည်။
အမေ့ကို သံယောဇဉ်ရှိသည့် ရွာကလူများကလည်း အိပ်မပျော်ကြ။ သူတို့ သေနင်္ဂဗျူဟာ ရွာထိပ်တဖက်တချက်တွင် ရှိသည့် ကင်းစခန်းနှစ်ခုသည် သူတို့ကို လှောင်ပိတ်ထားသကဲ့သို့ ရှိနေသည်။ ရွာသူရွာသားများသည် သူတို့ကိုယ်သူတို့ ကိုယ်ခန္ဓာကြံ့ခိုင်အောင် လေ့ကျင့်ကြသည်။ ညအချိန် စစ်တပ်များ ထွက်သွားသည့်အခါ၌ ပြောက်ကျားများသည် ရွာထဲသို့ ဝင်လာကြကာ တရားဟောကြသည်။ အစည်းအဝေးများ ကျင်းပကြသည်။ သစ္စာဖောက်များကို လိုက်ရှာကြသည်။ စစ်သားများက ပြောက်ကျားများ နေရာများသို့ သွားချောင်းကြပြီး ပြောက်ကျားများက စစ်သားများ ဆုတ်သွားသည့် သေနင်္ဂဗျူဟာ ရွာများထဲသို့ ဝင်လာကြသည်။ လမ်းများ၊ ခြံများထဲတွင် အမြောက်ဆန်၊ ကျည်ဆန်တွေ ပြန့်ကျဲလျက် ရှိသည်။ ရန်သူ၏ အမြောက်သံများနှင့် ပြောက်ကျားများ၏ သေနတ်သံများသည် ရောထွေးနေသည်။
တနေ့တွင် တပ်ခွဲတခွဲသည် ရွာသို့ ခေတ္တဝင်လာပြီးနောက် မွန်းတည့်လောက်တွင် ထွက်သွားကြသည်။ ခါတိုင်းဆိုလျှင် ညနေစောင်းမှ ထွက်သားလေ့ရှိသည်။ သူတို့ထွက်သွားပြီ မကြာမီ ရွာလယ်ခေါင် လမ်းမပေါ်တွင် မုန့်သည် မိန်းမတယောက် ပေါ်လာသည်။ ယင်းမှာ ပြည့်တန်ဆာတဦးဖြစ်၍ ပုလိပ်သတင်းပေး တယောက်ဟု နာမည်ကြီးသူ ဖြစ်သည်။
ဖိုးတိုးသည် ထိုမိန်းမကို နောက်ယောင်ခံ လိုက်လာခဲ့သည်။ အနီးရောက်သည်တွင်မှ ရှေ့မှ ဆီးပိတ်၍ ရပ်လိုက်ပြီးနောက် လက်ထဲက လက်ပစ်ဗုံးကို ပြလိုက်သည်။
“ဒီမှာ ထွက်ပြေးမယ်တော့ စိတ်မကူးနဲ့။ ခင်ဗျား မုန်ဗန်းချပြီး ကျုပ်နဲ့လိုက်ခဲ့”
မိန်းမ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ အသံကလည်း တုန်နေသည်။
“ဘယ်လိုက်ရမှာလဲ”
ဖိုးတိုးက တောစပ်သို့ လက်ညှိုးထိုးပြကာ သူ့နောက်က လိုက်လာခဲ့သည်။ သူ့ရင်သည် တဒိတ်ဒိတ်ခုန်နေသည်။ ပြောက်ကျားများက ထိုမိန်းမကို လိုချင်နေသည်မှာကြာပြီ။ ဖိုးတိုးက ယခု ထိန်းမိန်းမကို အမှတ်မထင် သွားတွေ့ရာက သူ့ဘာသာဆုံးဖြတ်ကာ ခေါ်လာခဲ့ခြင်းဖြစ်သည်။ စစ်သားများ အစောကြီး ထွက်သွားပြီး ထိုမိန်းမ ချက်ချင်းပေါက်လာသည့် အကြောင်းရင်းကို ဖိုးတိုးမတွေးမိ။
တောစပ်သို့ အရောက်တွင် ထိုမိန်းမ ခြေလှမ်းတုံ့သွားသည်။ ဖိုးတိုးကလည်း သတိထားသူဖြစ်သည်။ ထို့ကြောင့် ဖိုးတိုးက လက်ပစ်ဗုံး အပ်ကို ဆွဲဖြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်သည်။
“နင် ငါ့ကို ကိစ္စ ဖမ်းလာတာလဲ ဟင်။ ငါက ဘာလုပ်လို့လဲ”
မိန်းမက ခပ်ကျယ်ကျယ် ပြောလိုက်သည်။ ထိုစဉ် သူ့နောက်ချုံထဲက အော်သံတသံကို ကြားလိုက်ရသည်။
“ဟိတ်၊ လက်မြှောက်”
စက်သေနတ်သံ တဒက်ဒက်ထွက်လာသည်။ ခြောက်ထောက်ကို ထိမှသဖြင့် ဖိုးတိုးလဲသွားသည်။ လက်ထဲကမူ လက်ပစ်ဗုံးကို ဆုပ်မြဲ ဆုပ်ထားသည်။ ဖိုးတိုးသေပြီဟု ယူဆကာ စစ်သားများက အနားသို့ကပ်လာကြသည်။ လက်ပစ်ဗုံးသည် ဝန်းခနဲ ပေါက်ကွဲကာ စစ်သားငါးယောက် လဲကျသွားသည်။ အချို့က ဖိုးတိုးကိုပစ်၍ ဝိုင်းဖမ်းကြသည်။ ထိုနောက် စိုစွတ်နေသော အခန်းကျဉ်းကလေးထဲသို့ ထည့်ထားလိုက်ကြသည်။ သူ့လက်တဖက်နှင့် ခြေထောက်တဖက် သွင်သွင် ကျိုးသွားပြီး။ ဝင်လုဆဲ နေရောင်သည် တံခါးကြားမှ တိုးဝင်လာသည်။ သွေးဖြင့် စွန်းပေနေသည့် သူ့ရှပ်အင်္ကျီသည် နောင်ရောင်ကြောင့် ရဲရဲနီလျက် ရှိသည်။
ဖိုးတိုးသည် ဗီယက်နမ် သူရဲကောင်း ငုယင်ဗန်ထရွိုင်းဝတ်သည့် အဖြူရောင်ဝတ်စုံကို သွား၍ မြင်ယောင်မိသည်။ ငုယင်ဗန်ထရွိုင်းသည် အဖြူရောင်ဝတ်စုံကို ဝတ်ကာ သေနတ်သမားတို့၏ ရှေ့တွင် ရဲရဲရင့်ရင့်ရပ်၍ အသေခံသွားခဲ့သည်။ သူ့အဖြူရောင်သည် အနီရောင်စွန်းခဲ့ရသည်။ နိုင်ငံတော်အလံလို နီရဲလာခဲ့သည်။
ဖိုးတိုးသည် ဤသို့တွေးရင်း သူ့ကို ညှင်းပန်းလျက်ရှိသူ၏ မေးခွန်းများကိုလည်း မဖြေ။ သူတို့ကိုလည်း မကြည့်။
“ဟေ့ ခွေးမသား၊ ဘာဖြစ်လို့ မဖြေတာလဲ”
ဖိုးတိုးက စိတ်တိုလာကာ အော်လိုက်သည်။
“ကျုပ် အဖေနဲ့ ကျုပ်အစ်ကို အကြောင်းကို စဉ်းစားနေတာဗျ။ ခင်ဗျားတို့ အလုပ်မဟုတ်ဘူး”
“မင်းကိုယ်မင်း ပျော်ပွဲစားထွက်လာတယ်များ အောက်မေ့နေသလား”
သူ့ကို ညှင်းပန်းသူတဦးက မေးသည်။
ရိုက်နှက်အကျိုးမထူးသည်ကို တွေ့ရသည်၌ အနုနည်းကို သုံးလာကြပြန်သည်။ ဆေးရုံသို့ပို့၍ ကောင်းကောင်းထားမည်ဖြစ်ကြောင်း၊ ပြောက်ကျားများ၏ လှုပ်ရှားမှုများကို သတင်းပေးလျှင် ကျောင်းပြန်ထားမည် ဖြစ်ကြောင်းဖြင့် ပြောကြသည်။
ဖိုးတိုးက တဟားဟားရယ်လိုက်သည်။
“ကျုပ်ကို ဆွယ်မနေနဲ့။ ကျုပ်ကလေး မဟုတ်ဘူး”
ဤတွင် သူ့ကို ရိုက်ကြပြန်သည်။ သို့ရာတွင် ဖိုးတိုးထံမှ လိုချင်သည့် အဖြေမရ။ ခဏကြာတော့ ဖိုးတိုးသည် သတိမေ့မြောသွားပြန်သည်။
လင်းအားကြီးတွင် သူထံသို့ ခရိုင်ရဲအရာရှိကြီး ဂိုက်ဆိုက်အပြည့်အဖြင့် ရောက်လာသည်။ သူက ကုလားထိုင်တွင် ဝင်ထိုင်ပြီးနောက် ဖိုးတိုးကို စိုက်ကြည့်နေသည်။ ဖိုးတိုးက သတိရစပြုလာပြီ ဖြစ်သော်လည်း ကြမ်းပြင်တွင် စန့်စန့်ကြီး လဲနေသည်။
်ခရိုင်ရဲအရာရှိက ချောင်းဟန့်ကာ-
“ခွေးသား ဗီယက်ကောင်း၊ ပြန်ရောက်လာပြန်ပြီ ဟုတ်လား။ အေး မင်းက တို့ကို အပြတ်မရှင်းနိုင်ရင် တို့က မင်းကို အပြတ်ရှင်းရမှာပေါ့ကွာ၊ ဟုတ်။ ဒီတခါ မင်းအမေကြီးလာပြီး တောင်းပန်လို့လည်း အပိုပဲ”
“ကျုပ်က ခင်ဗျားတို့ ဘာလို့ တောင်းပန်ရမှာလဲ”
ဖိုးတိုးက ပြန်ပြောသည်။
“ပြော၊ ဒီကောင်တွေ ဘယ်မလဲ”
“ကျုပ်က ခင်းဗျားလို သစ္စာဖောက်မဟုတ်ဘူး”
“အံမယ်၊ တယ်လာတဲ့ ကောင်ပါလား။ ဟေ့ ကြိမ်တချောင်း ပေးစမ်းဟေ့”
သူက ဖိုးတိုးလက်မောင်းက အနာထဲသို့ တုတ်ဖျားကို ထိုးကာ လှည့်၍ လှည့်၍ မွှေသည်။
“ဘယ်မလဲ ပြော”
ရဲအရာရှိက မောဟိုက်သံဖြင့် ပြောသည်။ သူ့မျက်လုံးများက နီရဲနေသည်။ ဖိုးတိုးက အံကိကြိတ်ထားသည်။ ထိုနောက် ချက်ခြင်း တဟားဟားဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ့ရယ်သံကြီးက ထူးဆန်းသည့် ရယ်သံကြီး ဖြစ်သည်။ သူ့ကို နှိပ်စက်ညှင်းပန်းနေသူများအား အံ့သြထိတ်လန့်သွားစေသည့် လူလွန်မသား၏ ရယ်သံကြီးဖြစ်သည်။
သူ့ရယ်သံရပ်သွားတော့မှ ခရိုင်ရဲအရာရှိက ထိုင်ရာမှထသည်။
ဖိုးတိုးခန္ဓာကိုယ်တွင် အသက်မရှိတော့။

မှိန်ဖျော့ဖျော့ မီးရောင်အောင်၌ အမေသည် သူထိုင်နေကျ နေရာကလေးမှာပင် ထိုင်လျက်ရှိသည်။ အပြင်ဘက် ညအမှောင်ထဲ၌ လေသည် တရွှီရွှီအော်၍ တိုက်နေသည်။ ခေါင်းမိုးက သွပ်ပြားချင်း ရိုက်သံသည် တဖျန်းဖျန်းမြည်လျက် ရှိသည်။ အဝေးရှိ ကင်းစခန်းနှစ်ခုမှ စက်သေနတ်သံများသည် တဒက်ဒက် မြည်နေကြသည်။ ရန်သူက ကြောက်ကြောက်နှင့် ပစ်နေခြင်း ဖြစ်သည်။
ဖိုးတိုးသေပြီးနောက်၌ ပြောက်ကျားများက မကြာခဏ ဝင်တိုက်ကြသည်။ “သေနင်္ဂဗျူဟာရွာ” အများအပြားကို ကယ်တင်ခဲ့ကြသည်။
ခိုင်းတိုင်းကဲ့သို့ပင် အမေသည် အတွေးထဲတွင် ချာချာလည်လျက်ရှိသည်။ သို့ရာတွင် အတွေးဝင်္ကပါ၏ နောက်ဆုံး၌ တောက်ပသည့် လမ်းတလမ်းကိုတော့ တွေ့မြဲဖြစ်သည်။ ထိုလမ်းသည် သူ့လင်နှင့် သူ့သားနှစ်ယောက် လျှောက်ခဲ့သော လမ်းဖြစ်သည်။ သူတို့ကို တွေး၍ အမေကြည်နူးရသည်။ သို့ရာတွင် သူတို့ ပြန်မလာတော့ပြီဟု တွေးမိပြန်သောအခါ သူ့အသည်းနှလုံးများသည် ဖျစ်ညှစ်ထားသကဲ့သို့ နာကျင်ခြင်း ဖြစ်ရပြန်သည်။ သို့စဉ်းစားမိသည့် အခါတွင် အမေသည် ရင်ထဲတွင် နာကျင်ရသည်။ မငိုမိအောင် နှုတ်ခမ်းများကို ကိုက်ထားမိသည်။
ထိုစဉ် တံခါးသည် ကျွိခနဲမြည်၍ ပွင့်လာကာ အထဲသို့ ဝင်လာသော သမီးထွေး မိမေကို တွေ့ရသည်။
အမေသည် သမီးထွေး မိမေကို မေ့လျော့နေသည့်အတွက် စိတ်မကောင်း ဖြစ်သွားသည်။ မိမေသည် အသက် ၁၁ နှစ်မျှ ရှိသေးသည်။ ထို့ကြောင့် မိမေကို သူမေ့နေခြင်း ဖြစ်သည်။
မိမေက အမေ့နီးတွင် လာထိုင်သည်။ ထိုနောက် အမေ့အနားက အိပ်ရာပေါ်တွင် လက်ပစ်ဗုံးတလုံးကို တင်ထားလိုက်သည်။
မိမေက အမေ့ကို ဖက်ထားလိုက်ရာက-
“မငိုပါနဲ့ အမေ။ မိမေတို့ တိုင်းပြည်နှစ်ခြမ်း ပြန်ပေါင်းမိတော့မှာ ငိုပါ။ ခု မငိုပါနဲ့ဦး”
မိမေအသံသည် သူ့အစ်ကို ဖိုးတိုး၏ အသံကဲ့သို့ ခိုင်မာသည်။ ပြတ်သားသည်။ အမေက မိမေခေါင်းကို ပွေ့ပိုက်ထားလိုက်မိသည်။
“သမီး ဆံပင်က တိုတိုကလေး ရှိသေးတယ်။ တကယ်ကတော့ ကလေးပဲ ရှိသေးတယ်” ဟု အမေက စိတ်ထဲက ရွတ်မိသည်။
အမေသည် မွေးသည့်နေ့တုန်းက မိမေကို စေ့စေ့စပ်စပ် ကြည့်သလို ယခုလည်း သူ့သမီးကို စေ့စေ့စပ်စပ် ကြည့်သည်။ တကယ်၌ အမေ့အဖို့ ယနေ့တွင် သမီးကလေးတယောက် ထပ်၍ မွေးပြန်ပြီ။
အမေ အငိုရပ်သည်ကို မြင်သည့်အခါ၌ မိမေသည် လက်ပစ်ဗုံးကို သေးသွယ်ပျော့ပြောင်းသော လက်ကလေးများဖြင့် ကိုင်လိုက်ရင်း-
“သိမ်းထားရမယ်။ ပြောက်ကျားရဲဘော်တွေဆီကလည်း နောက်ထပ် နောင်းရအုံးမယ်။ အစ်ကို့အတွက်ရော၊ လက်စားချေရဦးမယ်။ ရဲဘော်တွေ အတွက်ရော လက်စားချေရမယ်
အမေသည် မိမေကို ဖက်၍ သူ့လက်ထဲက လက်ပစ်ဗုံးကို ယူလိုက်သည်။ လက်ပစ်ဗုံးကို ကိုင်ဖူးခြင်းမှာ အမေ့တသက်တွင် ဤအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။ လက်ပစ်ဗုံးကို ကိုင်ထားရင်း သူ့လက်ဖဝါးတွင် သွေးလုံးသည် တဒိတ်ဒိတ် လာတိုးနေသည်။
အမေက သက်ပြင်းချလိုက်သည်။
“ငါ့သမီးလေးနဲ့ ငါ့သားတွေ ရှိသေးတယ်”
အဝေးမှ လက်ပစ်ဗုံးများ ပေါက်ကွဲသံသည် ည၏ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။



(Nam Ha’s Tan Te Ba And Her Children)

မြသန်းတင့် ဘာသာပြန်ဆိုသည်။

No comments: