ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှိက်

       အတန်းပိုင် ဆရာမက ကျောင်းသားများထံ ငွေကြေး ကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသား များအား ရိုက်နှက်မှုကို ပြုလုပ်နေသည့် အတွက် ကျောင်းသားမိဘများ မကျေမနပ် ဖြစ်နေကြသည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F) မှ အတန်းပိုင်း ဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေး မထည့်နိုင်သည့် ကျောင်းသားများကို ရိုက်နှက်ခြင်း ဖြစ်ကြောင်း ကျောင်းသား မိဘတဦးက ပြောသည်။

“ကျောင်းမှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ ကလေး တယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက အတင်းကောက်ခံပြီး ပိုက်ဆံ မပေးနိုင်တဲ့ ကလေးတွေ အားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

            ကျောင်းသားများ ထံမှ ကျောင်းသား စုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမ တစ်ယောက် ပင်စင်ယူသွားသည့် အတွက် ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီး ကောက်ခံနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ပိုက်ဆံ ကောက်တာက သဒ္ဒါကြေး အနေနဲ့ မကောက်ခံဘဲ အတင်း ဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက် ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက အရမ်း များလွန်းတဲ့အပြင် ဘာကြေးကို ဘယ်လို ပေးနေရမှန်း မသိအောင် ခဏခဏ ပေးနေရတယ်” ဟု ကျောင်းသား မိဘတဦးက ဆက်ပြောသည်။

          ကျောင်းသား မိဘများ အနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် စစ်ဆေးမှုသာရှိပြီး အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။
“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီး ဖြစ်မှာ ဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်က လာစစ်တာဘဲရှိတယ် အရေးယူတာ တခါမှ မတွေ့ဘူးသေးဘူး” ဟု ပြောသည်။

         မြန်မာနိုင်ငံ၏ ပညာရေး စနစ်တွင် အကျင့်ပျက် ခြစားမှု များစွာရှိပြီး ပညာရေးကို ငွေဖြင့် ပေးဝယ်နေရကာ ငွေကြေး မတတ်နိုင်သည့် အတွက် ကျောင်းထွက်ရသည့် ကျောင်းသားပေါင်း များစွာရှိကြောင်း ကျောင်းသား မိဘတဦးက ပြောသည်။

ရိုးမ ၃ မှ ကူးယူဖော်ပြပါသည်။

No comments: