ဝီကီလိခ်ဆိုတာ မိတ်ဆွေပါ

အခုတလော ကမ္ဘာ့နိုင်ငံ အတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီး တစ်ခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ ဖြစ်ရပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန် အစိုးရရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို '၀ီကီလိခ်' ဆိုတဲ့ အွန်လိုင်းမီဒီယာ တစ်ခုက ဖွင့်ချ ဖော်ထုတ်နေတဲ့ ကိစ္စဖြစ်တယ်။


ရမ်းတုတ်တွေလည်းပါလိမ့်မယ်
အခုလောလောဆယ် ဖော်ထုတ်ထားတာ တွေထဲမှာ နိုင်ငံခြား တိုင်းပြည်တချို့မှာ ရှိတဲ့ အမေရိကန် သံရုံးတွေက သူတို့နိုင်ငံ အစိုးရဆီကို လျှို့ဝှက်ပေးပို့တဲ့ စာတွေဖြစ်တယ်။ သံရုံးတွေက သူတို့ရောက်ရှိနေတဲ့ နိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက် တင်ပြထားတာမျိုးတွေ ဖြစ်တဲ့အတွက် နိုင်ငံတိုင်း လိုလိုက သူတို့အကြောင်း ဘာတွေများ ရေးထားမလဲ ဆိုတာကို နေ့စဉ် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ အဖြစ်မှန်ကို တင်ပြထားတာတွေ ပါရှိသလို အမေရိကန် သံအရာရှိတွေ ထင်ကြေးနဲ့ ရမ်းတုတ်ထားတာတွေလည်း ပါနေပါလိမ့်မယ်။

အနာပေါ်တုတ်ကျဖြစ်
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကမ္ဘာတစ်လုံးကိုတော့ လှုပ်ခတ်သွားစေခဲ့တယ်။ တချို့က လူမသိအောင် ခိုးကြောင်ခိုးဝှက် လုပ်ထားတာတွေကို လူသိရှင်ကြားဖြစ်အောင် ဖော်ထုတ်လိုက်လို့ အနာပေါ်တုတ်ကျ ဖြစ်သွားကြတယ်။ တချို့ကတော့ မမှန်မကန် လုပ်ကြံစွပ်စွဲ ပုတ်ခတ်ထားတာခံရလို့ သက်ဆိုင်သူ အမေရိကန် သံအရာရှိတွေကို စိတ်ဆိုးကြတယ်။ အမေရိကန် အစိုးရလည်း ခုတလော တော်တော် ကသိကအောက် ဖြစ်နေရတယ်။ ၀ီကီလိခ်ကို ဆက်ပြီးဖော် ထုတ်တာမလုပ်ဖို့ ဖိအားအမျိုးမျိုး ပေးကြတယ်။ နည်းပညာ စွမ်းသုံးပြီး ပိတ်ပစ်ဖို့လည်း ကြိုးစားကြတယ်။ ဒါပေမဲ့ ၀ီကီလိခ် တည်ထောင်သူတွေကလည်း ကွန်ပျူတာ ပညာရပ်မှာ ထူးချွန်တဲ့ ပညာရှင်တွေ ဖြစ်တဲ့အတွက် တားဆီး ပိတ်ပင်လို့ မရနိုင်ခဲ့ဘူး။

အောက်တန်းကျတဲ့နည်း
အဲဒီတော့ နိုင်ငံရေး၊ စီးပွားရေး လောကမှာ လုပ်နေကျအတိုင်း ပုဂ္ဂိုလ်ရေး သိက္ခာကျအောင် Character Assassination လို့ခေါ်တဲ့ ညစ်ပတ်အောက်တန်းကျတဲ့ နည်းကိုသုံးပြီး ၀ီကီလိခ်အဖွဲ့ကို ဦးဆောင်ဦးရွက် ပြုနေသူကို လိင်မှုကိစ္စနဲ့ တန်ပြန်စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်ခဲ့တယ်။ နိုင်ငံတကာ ပုလိပ်အဖွဲ့ (အင်တာပို) ကိုတောင် သုံးပြီး နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခဲ့တယ်။
စွပ်စွဲခံရသူ ပုဂ္ဂိုလ်က အင်္ဂလန်နိုင်ငံမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံတော့လည်း အာမခံမပေးဘဲ ထားတယ်။ လူကိုဖမ်းထားပြီး ခြိမ်းခြောက် အကျပ်ကိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ၀ီကီလိခ် အဖွဲ့ကတော့ သူတို့လုပ်ရပ်ကို ရပ်မပစ်ဘဲ ဆက်လုပ် သွားမယ်လို့ လူသိရှင်ကြား ထုတ်ဖော် ကြေညာထားတယ်။

မှန်၊ မမှန်သာအဓိက
ဝီကီလိခ် တည်ထောင်သူဟာ ဘယ်လိုလူစားမျိုး ဖြစ်တယ်ဆိုတာက သိပ်ပြီး အဓိကမကျပါဘူး။ သူတို့ ဖော်ထုတ်ချက်တွေ ဘယ်လောက်အထိ မှန်ကန်မှု ရှိသလဲဆိုတဲ့ အချက်ကသာ အခရာကျပါတယ်။ အခုထိ ဒီဖော်ထုတ်ချက်တွေဟာ လုံးဝမမှန်ကန်ပါဘူးလို့ အမေရိကန်အစိုးရက တရားဝင် ငြင်းဆိုတာမရှိပါဘူး။ ဒီဖော်ထုတ်ချက်တွေဟာ နိုင်ငံတကာ ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တယ်။
    နိုင်ငံ အချင်းချင်းအကြားမှာ တင်းမာမှုတွေ ဖြစ်စေနိုင်တယ်။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုကို ထိခိုက်စေနိုင်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ပဲ ကန့်ကွက်ရှုတ်ချ နေကြတယ်။ ၀ီကီလိခ် ဆက်လက် မတည်ရှိနိုင်အောင် နည်းလမ်းမျိုးစုံ သုံးပြီး လုပ်ဆောင်ကြမှာလည်း သေချာတယ်။

သဘောထားလာမေးကြ
ဝီကီလိခ်ရဲ့ ဖော်ထုတ် ဖွင့်ချချက်တွေကို သတင်းစာတချို့နဲ့ အသံလွှင့်ဌာန တချို့က တစ်ဆင့်ပြန်ပြီး တင်ပြကြတယ်။ သတင်းသမားဆိုတာ သတင်းတွေ ဖော်ထုတ်တာ မှန်သမျှ သဘောကျရမှာပဲ မဟုတ်ဘူးလား။
ပြည်သူလူထု သိသင့်သိထိုက်တဲ့ အရာမှန်သမျှ ရှာဖွေဖော်ထုတ် ရေးသားရမှာ သတင်းသမားရဲ့ အခြေခံအကျဆုံး တာဝန်ဖြစ်လေတော့ သတင်းဖော်ထုတ် ပြောကြားမှု မှန်သမျှ ၀မ်းသာအားရ ကြိုဆိုရမှာဖြစ်တယ်။

သိခွင့်မေးခွင့်ရှိ
ဒီမိုကရေစီ ခေတ်မှာ ပြည်သူလူထုကလည်း သူတို့ ရွေးကောက် တင်မြှောက်ပြီး သူတို့ရဲ့ အခွန်အတုတ်တွေထဲက လစာရိက္ခာကို ရယူနေကြတဲ့ အစိုးရတွေ ဘာလုပ်နေကြသလဲ ဆိုတာ သိချင်ကြမှာပဲ။ သိခွင့်၊ မေးမြန်းခွင့် လည်းရှိတယ်။ သတင်းသမားတွေက ပြည်သူလူထု သိချင်တာတွေကို သိအောင် လုပ်ပေးရတဲ့ တာဝန်ကို ယူထားသူများဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ သတင်းသမားတိုင်း လွတ်လပ်စွာ မေးခွင့်၊ ရေးခွင့်ပြုကြရတယ်။ နိုင်ငံတိုင်းရဲ့ အခြေခံ ဥပဒေတွေမှာ ထည့်သွင်း ပြဋ္ဌာန်း ပေးထားကြရတယ်။

တိုင်းပြည်ကိုလိမ်ညာခဲ့ကြ
နာမည်ကျော် ၀ါးတားဂိတ်တို့၊ အီရန်ဂိတ်တို့ ဆိုတာတွေဟာ သမ္မတတွေ ကိုယ်တိုင်က တိုင်းပြည်ကို လိမ်ညာပြီး အာဏာအလွဲသုံးစား လုပ်ခဲ့ကြတဲ့ ကိစ္စတွေဖြစ်တယ်။ သတင်းစာတွေက မရမက ရှာဖွေဖော်ထုတ်လို့ နောက်ဆုံးမှာ ဘူးပေါ်သလို ပေါ်ပြီး ၀ါးတားဂိတ် ကာယကံရှင် သမ္မတနစ်ဆင်ရော၊ အီရန်ဂိတ် ဖန်တီးသူ သမ္မတရေဂန်ရော၊ ရာထူးက ဖြုတ်ချခံရမယ့် အရေးက သီသီလေး လွတ်သွားခဲ့ကြရတာ ဖြစ်တယ်။ ငါးဆယ်ခုနှစ်များနဲ့ ခြောက်ဆယ်ခုနစ်များ အတွင်းက ဆိုရင် စီအိုင်အေတို့ ကေဂျီဘီတို့လို ထောက်လှမ်းရေး အဖွဲ့အစည်းကြီးများဟာ လွှတ်တော်က မသိအောင် တိုင်းပြည်က မသိအောင် ထင်ရာစိုင်းပြီး လုပ်ချင်တာတွေ လုပ်ခဲ့ကြတာပဲ။ လူသတ်ခွင့်လိုင်စင် ရထားတဲ့ အဖွဲ့တွေလို့တောင် ပြောကြရတယ်။

လူသတ်လိုင်စင်ရအဖွဲ့
သမ္မတ ကနေဒီလက်ထက်က နာမည်ကျော် ၀က်ပင်လယ်ကွေ့ (Bay of Pigs) ဆိုတဲ့ ကျူးဘားနိုင်ငံကို ကျူးကျော် တိုက်ခိုက်မှုဆိုရင် လွှတ်တော်က လုံးလုံးမသိဘဲ စီအိုင်အေက စီစဉ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကျူးကျော်တပ်တွေ အကုန်လုံး ချေမှုန်းခံရပြီးမှ လူတွေက သိခဲ့ကြရတယ်။ အဲဒီနောက်လည်း ကက်စထရိုကို သတ်ဖို့ စီအိုင်အေက အကြိမ်ကြိမ် ကြိုးစားကြံစည်ခဲ့တယ်။ သမ္မတကနေဒီ ကိုယ်တိုင် လုပ်ကြံခံလိုက်ရတော့လည်း အစစ်အမှန် အဖြစ်မှန်ကို ဘယ်သူမှ မသိခဲ့ရဘူး။ ၀ါရင်းကော်မရှင် ဆိုတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အများအပြားကိုလည်း နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့အထိ ကနေဒီ လုပ်ကြံမှုရဲ့ တရားခံ အစစ် ဘယ်သူလဲ ဆိုတာကို ကမ္ဘာက မသိနိုင်ခဲ့ကြပါဘူး။

ထောပနာပြု
အင်တာနက် ခေတ်ထဲမှာတောင် ပါးစပ်က ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှု ဆိုတဲ့စကားတွေ အမြှုပ်တစီစီ ထွက်အောင် ပြောနေပေမယ့်   . . .  ရိုးရိုးသာမန် တိုင်းသူပြည်သားများ အတွက်တော့ ၀ီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ 'လူထုသတင်းသမား' (Citizen Journalist) လို့ ပြောရင်လည်း ရတယ်လို့ပဲ ထောပနာ ပြုလိုက်ပါတယ်။

လူထုဦးစိန်ဝင်း
Eleven Media Group

No comments: