တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိနေရာအချို့တွင် လုပ်ထုံးလုပ်နည်းနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံမှုအတွက် ယင်းကဲ့သို့ လုပ်ဆောင်သော ပါတီနှင့် လုပ်ဆောင်သူများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေးကြောင်း သတင်းရရှိပါသည်။
“ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီပဲ ကြိုတင်မဲကောက်ခံတာတွေကို လုပ်ခဲ့တဲ့ ပါတီနဲ့ တာဝန်ရှိတဲ့သူတွေကို ဒီနေ့ကော်မရှင်က ခေါ်ပြီး သတိပေးတယ်လို့သိရတယ်။ အဲ့ဒီလိုထပ်မလုပ်ဖို့ သတိပေးပြီး နောင်ဆိုရင် ဥပဒေအရ အရေးယူခံရမယ်လို့ ပြောတယ်လို့ သိရတယ်။” ဟု မြိတ်မြို့မှ ဒေသခံတစ်ဦးက နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
“ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈၊ ၂၉ လောက်ကစပြီး ဒီဘက်မှာ ကြိုတင်မဲကောက်တာတွေလုပ်တယ်။ အဲ့လိုလုပ်တဲ့နေရာမှာ ကြိုတင်မဲပေးသူတွေကို ဘယ်ပါတီ၊ ဘယ်တံဆိပ်ကိုပဲ ထည့်ပါဆိုပြီး လုပ်ခိုင်းတာတွေရှိတယ်။ လုပ်ထုံးလုပ်နည်းနဲ့လဲ မညီဘူး၊ မလျှော်သြဇာသုံးပြီး သူတို့ထည့်စေချင်တာကို ထည့်ခိုင်းတဲ့ ကြိုတင်မဲကောက်တာတွေနဲ့ပါတ်သက်ပြီး ပြိုင်ဖက် တ.စ.ညပါတီ ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့လဲ သိရပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ "အခုလိုမျိုး လုပ်ဆောင်တာကို ကြိုဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အားလုံးပူးပေါင်းလုပ်ဆောင်သင့်ပါတယ်။ မီဒီယာတွေ၊ ပြည်သူတွေ၊ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကလည်း စောင့်ကြည့်ထောက်ပြပေးသင့်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလဲ မှန်မမှန် စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးသင့်ပါတယ်"ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် လာမည့်ရွေးကောက်ပွဲအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ပါတီသာ အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒေသခံများထံမှ ထပ်မံသိရှိရသော သတင်းများအရ မြိတ်မြို့ဧ။် ငါးလေလံဈေးတွင် ကြိုတင်မဲကောက်ခံခြင်းအား ရပ်ဆိုင်းရန်ညွှန်ကြားထားကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဆင့်ဆင့်သို့ သက်ဆိုင်ရာမှ ကြိုတင်မဲနှင့်ပါတ်သက်၍ ညွှန်ကြားထားသည်ဟု သိရသည်။ အဆိုပါညွှန်ကြားမှုတွင် အမှန်တစ်ကယ် နာမကျန်းသူ၊ ခရီးသွားသူ စသည့် ကြိုတင်မဲပေးရမည့်သူများကိုသာ ဥပဒေပါအတိုင်း ကြိုတင်မဲကောက်ခံရန်၊ အစုလိုက်အပြုံလိုက် ကြိုတင်မဲကောက်ခံခြင်းကို လက်မခံရန် သတိပေးညွှန်ကြားထားကြောင်း သိရှိရပါသည်။
Eleven Media Group
No comments:
Post a Comment